ကျမ်းစာဖတ်ရှုရန်။ ။ ရှင်လုကာခရစ်ဝင် ၁၉း၁-၁၀
တနေ့မှာ လူတွေပြောပြောနေတဲ့မေရှိယဆိုတဲ့ ယေရှုဟာ ယေရိခေါလို့ခေါ်တွင်တဲ့မြို့ကိုခရီးပြုကာ လူတွေနဲ့တွေ့ဆုံခဲ့ ပါတယ်။ သူဟာ ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့ပါသလဲ။ အဲ့ဒီမြို့ရဲ့ မြို့မျက်နှာဖုံးလူတချို့နဲ့လား၊ ဖါရိရှဲ ကျမ်းတတ်ပုဂ္ဂိုလ် တွေနဲ့လား။ ထိုသူတွေ တယောက်မှ မဟုတ်ခဲ့ပါ။
သူအဲ့ဒီ မြို့ကိုသွားရတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူတွေအမြင်မှာ အပြစ်ကြီးလှပါပြီဆိုတဲ့သူတွေ၊ လူတွေအဖက်မလုပ်ချင်တဲ့သူတွေ၊ လူတွေရဲ့တံတွေးခွက်ထဲ မျောနေတဲ့ ခေါင်းမဖော်အောင်ဖြစ်နေတဲ့သူတွေ၊ မျှော်လင့်ချက်ပျောက်နေတဲ့သူတွေ၊ ဘဝကိုအရှုံးပေးပြီးရေစုန်မျောနေတဲ့သူတွေ အိုပြောရရင် လောကမှာ အပြစ်တကာအကြီးဆုံးကျူးလွန်ထားတဲ့ အပြစ်သားတွေကို သူတွေ့ဖို့ လာခဲ့တာပဲဖြစ်ပါတယ်။
ဒီလိုနဲ့ မြို့ကိုရောက်တဲ့အခါ သူဘယ်သူတွေနဲ့ စတွေ့ခဲ့လဲဆိုတော့…… လူအုပ်ကြီးတွေရဲ့တဖက်တချက်မှာ သိသိသာ သာသစ်ပင်ပေါ်မှာခပ်သေးသေးပုပုနဲ့လူတယောက်သစ်ပင်ပေါ်မှာထိုင်ပြီးသခင်အလာကိုမျှော်လင့်တကြီးနဲ့ စောင့်မျှော် နေတာကို သခင်ယရှုဟာ သတိထားမိသွားတယ်။ ဒါနဲ့ အဲ့ဒီလူရဲ့ နာမည်က ဇက္ကဲ လို့လူအများကခေါ်ကြတယ်။ ဇက္ကဲဆို တဲ့သူဟာအခွန်ခံတယောက်လည်းဖြစ်တယ်။ ထိုအချိန်အခါက အထူးသဖြင့်အဲ့ဒီမြို့မှာ အခွန်ခံဆို လူတွေက တော်တော်ရွံမုန်းပြီး အဆက်အဆံမလုပ်ချင်ကြဘူး တနည်းအားဖြင့် မိတ်ဆွေသူငယ်ချင်းမဖွဲ့ချင်ကြဘူး။ ဒါပေမဲ့ သခင်ကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ကို ဇက္ကဲရှိနေတဲ့ သစ်ပင်ပေါ်မော့ကြည့်ပြီး နာမည်နဲ့တကွခေါ်ပြီး ဇက္ကဲ ဆင်းလာခဲ့ ယနေ့ သင်အိမ်မှာတည်းမည်ဟုပြောလိုက်ပါသည်။ တနည်းအားဖြင့် လူတွေအဖက်မလုပ်ချင်တဲ့ မိတ်မဖွဲ့ချင်တဲ့ ဇက္ကဲကို အဖက်လုပ်ရုံမက မိတ်ဆွေဖွဲ့ချင်သည်ဟု ပြောလိုက်တာပဲဖြစ်ပါတယ်။
တဖက်မှာ လူအုပ်ကြီးကအံ့အားသင့်သွားသည် ထိုအထဲမှအထူးသဖြင့်လူတွေအမြင်မှာသတ်မှတ်ထားတဲ့ ဂုဏ်အသ ရေရှိလူအသိုင်းအဝိုင်းကလူတွေ၊ ကိုယ်ကိုယ်ကိုကောင်းလှပြီလို့ထင်တဲ့သူတွေက သခင်ယေရှုကို သရော်ကာအကြီး အကျယ်လှောင်ရယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သခင်ကတော့ ထိုသူတွေဘယ်လိုထင်ထင်၊ ဘယ်လိုပြောပြော မျက်ကွယ် ပြုကာ သူရဲ့အဓိကရည်ရွယ်ချက်ရှိသည်အတိုင်း အပြစ်သားတွေကိုမိတ်ဆွေဖွဲ့ဖို့၊ သူရဲ့မဟာမေတ္တာပြကာ အပြစ်နွံထဲ မှကယ်လွှတ်ဖို့ကိုသာ အဓိကထားလုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။
တဖက်မှာလူအုပ်ကြီးထင်မြင်ယူဆသည်အတိုင်းပင် သခင်ယေရှုဟာ အပြစ်သားတွေကိုမိတ်ဆွေဖွဲ့ဖို့ ရောက်လာတာ ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သခင်ဟာ အပြစ်သားတွေကို အလွန်ချစ်လို့ပဲဖြစ်ပါတယ်။ ဟုတ်ပါတယ် ယေရှုခရစ်တော်ဟာ အပြစ်သားလူသားအားလုံးကို ချစ်လွန်းလို့ကောင်းကင်ပလ္လင်ကိုစွန့်ကာ ဤလောကိုဆင်းကြွ လာခဲ့တာပဲဖြစ်ပါတယ်။
ဒီနေ့ သင်ဟာ ဇက္ကဲလို အကြောင်းအမျိုးမျိုးကြောင့် လူ့အသိုင်းအဝိုင်းမှာ အပယ်ခံအဖြစ်၊ အပြစ်ကြီးသူအဖြစ်ခံစား နေရပါက လုံးဝ စိတ်ဓါတ်မကျပါနဲ့။ ဤလောကမှာ သင်နဲ့ကျွန်ုပ်ရဲ့ ဖြစ်ခြင်းအလုံးစုံကို နားလည်ခွင့်လွှတ်ပေးနိုင်သော အကောင်းဆုံးမိတ်ဆွေဟာ ယေရှုခရစ်တော်တပါးသာ ရှိပါတယ်။
အပြစ်သားလူသားများ၏ မိတ်ဆွေယေရှု……
ရှင်လုကာခရစ်ဝင် ၁၉း၁၀
“လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။”တိမောသေသြဝါဒစာပထမစောင် ၁း၁၅
“ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည်အကြီးဆုံး ဖြစ်၏။”
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ A Word နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။
