Skip to content

ဘုရားသခင်

မဟာပေါက်ကွဲမှုသီအိုရီနှင့် စင်္ကြာဝဠာ


မဟာပေါက်ကွဲမှုသီအိုရီ(The Big Bang Theory)အား သရုပ်ဖော်ထားပုံ

ယခုလက်ရှိသိပ္ပံပညာရှင်အများ လက်ခံထားကြတဲ့ မဟာပေါက်ကွဲမှု သီအိုရီ (Big Bang Theory) သာအမှန်ဆိုရင် အချိန်-ဟင်းလင်းပြင်(Space-Time) စင်္ကြာဝဠာကြီးတစ်ခုလုံးဟာ အလွန်ပူပြင်းပြီး၊ အင်မတန် သိပ်သည်းသော အထူးမှတ်(Singularity)မှ မဟာပေါက်ကွဲမှုအားဖြင့် မွေးဖွားလာခဲ့ပါတယ်။ မဟာပေါက်ကွဲမှု၏ အစောဆုံးကာလတွင် သိပ်သည်းသောစွမ်းအင်၊ အင်မတန်ပူပြင်းသော အပူချိန်ရှိကာ လျင်မြန်စွာ ဆက်တိုက်အေးမြလာခဲ့သည်။ ၁၀−၃၇ စက္ကန့်ခန့်တွင် ဖောင်းပွမှု စတင်ခဲ့သည်။ နှိုင်းရသီအိုရီဖြင့် အသုံးပြုကာ အချိန်ကိုနောက်ပြန်သွားပါက အင်မတန်သိပ်သည်းကာ ပူပြင်းသော စင်္ကြာဝဠာအားတွေ့ရှိရပေမည်။ ထိုအထူးမှတ်ကိုပင် မဟာပေါက်ကွဲမှုဟု ခေါ်ဝေါ်ကြသည်။ ယင်းအား စင်္ကြာဝဠာ၏ မွေးဖွားမှုဟုပင် သတ်မှတ်နိုင်ပါတယ်။ အထူးမှတ် သည် နှိုင်းရသီအိုရီအား ချိုးဖောက်ကာ ရူပဗေဒနိယာမအားလုံးကိုလည်း ချိုးပစ်လိုက်သည်။ ဒါကြောင့် ထိုအထူးမှတ်(Singularity) အရောက်မှာ ကျွန်တော်တို့လက်ရှိနားလည်ထားတဲ့ ရူပဗေဒနိယာမများဟာ ပြိုလဲကုန်ပါတယ်။ အလုပ်မဖြစ်တော့ပါဘူး။ ဒါကြောင့် အထူးမှတ်အတွင်းကအခြေအနေများနဲ့ ထိုမတိုင်ခင်ကအဖြစ်အပျက်များကို သိရှိနားလည်နိုင်ခြင်းငှါ ကျွန်တော်တို့ မစွမ်းဆောင်နိုင်သေးပါ။ စနစ်တကျစူးစမ်းလေ့လာထားတဲ့ သိပ္ပံအထောက်အထားများကလည်း ခုထိတော့ မဟာပေါက်ကွဲမှုသီအိုရီဟာ မှန်ကန်ကြောင်း သက်သေခံနေပါတယ်။ ကျိုးကြောင်းပြနိယာမ (The Law of Causality) အရ တစ်စုံတစ်ခုဖြစ်တည်လာတယ်ဆိုရင် ဖြစ်တည်လာခြင်းဆိုတဲ့ အကျိုးတရား(Effect)ကိုဖြစ်စေတဲ့ အကြောင်းတရား(Cause)တစ်စုံတစ်ခုတော့ရှိကို ရှိရပါမယ်။ သီအိုရီဆိုင်ရာရူပဗေဒပညာရှင် ဆရာကြီး အဲလ်ဘတ်အိုင်းစတိုင်း (Albert Einstein) က ဒြပ်ဆွဲအားဆိုင်ရာ ဂျီဩမေတြီသီအိုရီတစ်ခုဖြစ်တဲ့ ယေဘုယျနှိုင်းရသီအိုရီကို ၁၉၁၅ ခုနှစ်တွင် ဖော်ထုတ်ခဲ့ပါတယ်။ ခေတ်ပေါ်ရူပဗေဒတွင် လက်ရှိအသုံးပြုနေသော ဒြပ်ဆွဲအားဆိုင်ရာ ရှင်းလင်းဖေါ်ပြချက်လည်း ဖြစ်ပါတယ်။ ယေဘုယျနှိုင်းရသီအိုရီသည် အထူးနှိုင်းရသီအိုရီနှင့် နယူတန်၏ စင်္ကြာဝဠာဆိုင်ရာဒြပ်ဆွဲအားနိယာမ တို့ကို ယေဘုယျကျမျှတအောင် ပြုလုပ်ပေးခြင်းအားဖြင့် အာကာသနှင့်အချိန်(Space and Time)ကို သို့မဟုတ် အာကာသအချိန်/ဟင်းလင်းပြင်အချိန်(Spacetime)ကို ဂျီဩမေတြီဂုဏ်သတ္တိအဖြစ် ပေါင်းစည်း၍ ရှင်းလင်းဖော်ပြပေးသည်။ အာကာသအချိန်၏ ကွေးညွတ်မှု(Curvature of Spacetime)သည် ပါဝင်တည်ရှိနေသည့် အားလုံးသော ဒြပ်(Matter)နှင့် ရောင်စဉ်(Radiation)တို့၏ စွမ်းအင်(Energy)နှင့် အဟုန်(Momentum)တို့ဖြင့် တိုက်ရိုက် ဆက်စပ်သည်။ ဆက်စပ်မှုကို အိုင်းစတိုင်းစက်ကွင်းညီမျှခြင်း(Einstein Field Equations) ဖြင့် ဖော်ပြသည်။

Spacetime ကို အချို့က မြန်မာလို အာကာသအချိန် သို့မဟုတ် အချိန်နေရာ သို့မဟုတ် အချိန်ဟင်းလင်းပြင် စသဖြင့်အမျိုးမျိုး ခေါ်ကြပါတယ်။ အဓိကက Spacetime ရဲ့ သဘောတရားကို သဘောပေါက်မယ်ဆိုရင် အဆင်ပြင်သလိုခေါ်လို့ရမယ်ထင်ပါတယ်။ ဆရာကြီးအိုင်းစတိုင်းရဲ့ အဆိုပါသီအိုရီအရ အာကာသလဟာပြင်(Empty Space)ကြီးမှာ စိတ်ဝင်စားဖွယ်ရာဂုဏ်သတ္တိတွေရှိလို့နေပါတယ်။ အာကာသလဟာပြင်ကိုယ်၌က ပြန့်ကားနိုင်ခြင်း၊ ကျုံ့နိုင်ခြင်း၊ ကွေးညွတ်နိုင်ခြင်း ဂုဏ်သတ္တိတွေရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စင်္ကြာဝဠာကြီးကို မွေးဖွားပေးတဲ့ မဟာပေါက်ကွဲမှုဖြစ်စဥ်ကြီးက နဂိုကတည်းကကြိုရှိနှင့်နေပြီးသော အာကာသဟင်းလင်းပြင်(Preexisting Space)ထဲမှာ ဖြစ်ပေါ်ခဲ့တာမဟုတ်ဘဲ မဟာပေါက်ကွဲမှုအားဖြင့် အာကာသဆိုတာ ဖြစ်တည်လာခဲ့တာဖြစ်ပြီး အာကာသဟင်းလင်းပြင်ကိုယ်၌က သူကိုယ်တိုင်ကလည်းယနေ့ထက်တိုင်ဆက်လက်ပြန့်ကားနေကာ ဓာတ်ငွေ့များ၊ အမှုန်အမွှားများနှင့် မှောင်မိုက်သော ဒြပ်ဝတ္ထုများလည်းရောနှော ပါဝင်နေသော ဂလက်ဆီများကို သူနှင့်အတူ သယ်ဆောင်လို့နေပါတယ်။ အထက်ပါအချက်အလက်များဟာ သိပ္ပံနည်းကျစနစ်တကျစူးစမ်းလေ့လာ သုတေသနပြုမှုများမှ ရရှိထားတဲ့ခိုင်လုံတဲ့ သက်သေအထောက်အထားများပဲဖြစ်ပါတယ်။

၁။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော ဖန်ဆင်းရှင်ဖြစ်တော်မူပါတယ်။


အချိန်တစ်ခုအရောက်မှာဖြစ်တည်လာခဲ့သော ခပ်သိမ်းသောအကျိုးတရားတိုင်းအတွက် ဖြစ်ပေါ်စေသောအကြောင်းတရားများရှိရမည်

ထာဝရဘုရားသခင်သည် အခြားသော ဒဏ္ဍာရီလာ နတ်ဘုရားများကဲ့သို့ အတိတ်တစ်ချိန်တုန်းကမှ ဖြစ်တည်လာခဲ့သောပုဂ္ဂိုလ်တော်မဟုတ်ဘဲ ထာဝရ ဆိုသည့်ဝေါဟာရအရ ကိုယ်တော်သည် နိစ္စထာဝရအမြဲတည်ရှိနေတော်မူသောအရှင်ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်တော်ဖြစ်တည်လာခဲ့တဲ့အချိန်ဆိုတာမရှိတဲ့အတွက် ကိုယ်တော့်ကို ဖြစ်ပေါ်စေသော အကြောင်းတရားဆိုတာမရှိပါ။ မလိုအပ်ပါ။ ကျိုးကြောင်းပြနိယာမအရ အချိန်တစ်ခုအရောက်မှာ ဖြစ်တည်လာတဲ့မည်သည့်အကျိုးများအတွက်မဆို အကြောင်းတရားများဆိုတာလိုအပ်ပြီး အမြဲတမ်းတည်ရှိနေသော အရာတစ်ခုအတွက် အကြောင်းတရားဆိုတာ မလိုအပ်သလို ရှိလည်းမရှိနိုင်ပါ။ ထာဝရဘုရားသခင်သည် သူကိုယ်၌အတွက်အကြောင်းတရားမလိုသော ခပ်သိမ်းသောအကျိုးတရားများကိုဖြစ်ပေါ်စေသော ပထမဦးဆုံးသောအကြောင်းတရားကြီး(The Uncaused First Cause/ The Unmoved Mover) ဖြစ်ပါတယ်။

ဒါကြောင့် စင်္ကြာဝဠာကြီးကို စတင်ဖြစ်ပေါ်စေသည့် အကြောင်းတရားကြီး သည် အောက်ပါဂုဏ်အင်္ဂါလက္ခဏာများရှိရပါမည်။

– ထိုအကြောင်းတရားသည် သူကိုယ်၌က နေရာ သို့မဟုတ် အာကာသဟင်းလင်းပြင် မဖြစ်ရပါ။ ဘာလို့လဲဆိုတော့ သူသည် အာကာသဟင်းလင်းပြင်ကို စတင်ဖြစ်ပေါ်စေရမည့်အရာဖြစ်နေလို့ပါ။

– ထိုအကြောင်းတရားသည် သူကိုယ်၌က အချိန် မဖြစ်ရပါ။ ဘာလို့လဲဆိုတော့ သူသည် အချိန် ကို စတင်ဖြစ်ပေါ်စေမည့်အရာဖြစ်တဲ့အတွက်ကြောင့်ပါ။

– ထိုအကြောင်းတရားသည် သူကိုယ်၌က ဒြပ် မဖြစ်ရပါ။ ဘာလို့လဲဆိုတော့ သူသည် ဒြပ် ကို စတင်ဖြစ်ပေါ်စေရမည့်အရာဖြစ်နေလို့ပါ။

– ထိုအကြောင်းတရားသည် အစွမ်းထက်ရပါမယ်။ စွမ်းအားရှိရပါမယ်။ ဘာလို့လဲဆိုတော့ သူသည် ဘာဆိုဘာမှမရှိသေးတဲ့အခြေအနေကနေ တစ်စုံတစ်ခုရှိလာအောင် ဖန်တီးနိုင်လို့ပါ။

– ထိုအကြောင်းတရားသည် အသိဉာဏ် ရှိရပါမယ်။ ဘာလို့လဲဆိုတော့ စင်္ကြာဝဠာကြီးက စည်းစနစ်နဲ့လည်ပတ်နေတာဖြစ်ပြီး အလွန်ဒီဇိုင်းကျနသည် မဟုတ်ပါလား။

– ထိုအကြောင်းတရားသည် ပုဂ္ဂိုလ် ဖြစ်ရပါမယ်။ ဘာလို့လဲဆိုတော့ ဘာမှမရှိတဲ့အနေအထားကနေ တစ်စုံတစ်ခုဖြစ်ပေါ်လာစေအောင်၊ စည်းလွတ်ဝါးလွတ် ပရမ်းပတာဖြစ်နေတဲ့အခြေအနေကနေ စည်းစနစ်တစ်ခုကို ဖြစ်တည်လာအောင် ရွေးချယ်မှု(Choice) လုပ်နိုင်တဲ့အတွက်ကြောင့်ပါ။

(ပုဂ္ဂိုလ်မဟုတ်တဲ့ သာမန် “အား” တစ်ခုမှာ အသိဉာဏ်ဆိုတာလည်းမရှိပါ။ အသိဉာဏ်မရှိတဲ့ အားသည် ရွေးချယ်မှုဆိုတာကိုလည်း လုပ်နိုင်မည်မဟုတ်ပါ။)

“ဟာ…ဘာတွေပြောနေတာလဲ။ စင်္ကြာဝဠာကြီးက သူ့ဘာသာသူဖြစ်လာတာပါကွာ။ သဘာဝတရား က ဖန်တီးလိုက်တာပါကွာ။”
သိပ္ပံတွေ့ရှိချက်များအရ မဟာပေါက်ကွဲမှုဖြစ်စဥ်မတိုင်ခင် ဘာ သဘာဝမှ မရှိခဲ့ပါဘူး။ သဘာဝတရားဆိုတာလည်းမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သဘာဝတရားကိုယ်၌က မဟာပေါက်ကွဲမှုဖြစ်တဲ့အချိန်ကျမှ မွေးဖွားလာတာပါ။ ဒါဆိုရင် စင်္ကြာဝဠာကြီးကို စတင်ဖြစ်ပေါ်စေသည့် အကြောင်းတရားသည် သဘာဝ ထက်ပိုရပါမယ်။ ဒါနဲ့ပတ်သတ်ပြီး ကျွန်တော်တို့ မကြာမကြာသုံးနှုန်းလေ့ရှိတဲ့ ဝေါဟာရတစ်ခုကတော့ သဘာဝလွန်(Supernatural) ဆိုတာပဲဖြစ်ပါတယ်။

သမ္မာကျမ်းစာရဲ့ ပထမဦးဆုံးကျမ်းမှာ စင်္ကြာဝဠာကြီးကိုစတင်ဖြစ်ပေါ်စေခဲ့တဲ့ အကြောင်းတရားကြီးတစ်ခုကိုစတင်မိတ်ဆက်ထားတာတွေ့ရပါတယ်။

အစအဦးဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။”(ကမ္ဘာဦးကျမ်း ၁း၁)
ဒါလေးများ ဘာထူးဆန်းလို့လဲ။ ကျမ်းစာက ဒီလိုပြောတာနဲ့ မျက်စိပိတ်စွတ်ယုံတော့တာပဲလား မေးချင်မေးပါလိမ့်မယ်။

ဒီကျမ်းပိုဒ်လေးက ရိုးရှင်းသလောက် အဓိပ္ပါယ်လေးနက်ပါတယ်။ ကျမ်းပိုဒ်လေးကို သေချာလေ့လာကြည့်ရင်…

အစအဦး၌ ဆိုတာက အချိန်ပါ။

ကောင်းကင်(Heavens)ဆိုတာက နေရာ သို့မဟုတ် ဟင်းလင်းပြင်(Space) ပါ။

မြေကြီး ဆိုတာက ဒြပ်ပါ။

– ဘုရားသခင်ဆိုတာက အသိဉာဏ်တော်နှင့်ပြည့်စုံပြီး ဘာမှမရှိတဲ့အခြေအနေကနေ တစ်စုံတစ်ရာဖြစ်တည်လာအောင် ဖန်ဆင်းလိုတဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်သော ပုဂ္ဂိုလ်တော်ပါ။

ဒါကြောင့် ကမ္ဘာဦးကျမ်း ၁း၁ က ဘုရားသခင်သည် အချိန်၊ အာကာသဟင်းလင်းပြင်နှင့် ဒြပ်တို့ကို တစ်ပြိုင်နက်တည်း ဖန်ဆင်းတော်မူတယ်လို့ ပြောနေတာဖြစ်ပါတယ်။ အချိန်ကို ဖန်ဆင်းတဲ့ ဘုရားသခင်က အချိန်ဆိုတာ မဖြစ်ပေါ်ခင် အချိန်ထဲမှာ မရှိပါ။ အချိန်ရဲ့ ကန့်သတ်ခြင်းကိုလည်း မခံရပါ။ အချိန်ဆိုတာတောင် အကြောင်းတရားဖြစ်တဲ့ ဘုရားသခင် အားဖြင့်ဖြစ်လာတဲ့အတွက်ကြောင့်ပါ။ အချိန်ဆိုတာမရှိခဲ့တဲ့အတွက် ဘုရားသခင်ဟာ ဘယ်တုန်းကတည်ရှိနေခဲ့တာလဲတို့၊ ဘုရားသခင်ရဲ့စတင်ဖြစ်ပေါ်လာပုံတို့ဆိုတာ မရှိပါဘူး။ ဒါကြောင့် ဘုရားသခင်ကို သမ္မာကျမ်းစာထဲတွင် ထာဝရဘုရား (The Everlasting God) လို့ ဘာလို့သုံးနှုန်းထားတာလည်း ဆိုတာကို အနည်းငယ်နားလည်နိုင်ပါတယ်။ ထိုဘုရားသခင်သည် ထာဝရဘုရား တည်းဟူသော ဂုဏ်တော်နှင့် အကိုက်ညီဆုံးဖြစ်ပါတယ်။

ဒါ့အပြင် နေရာ သို့မဟုတ် အာကာသဟင်းလင်းပြင်ကို ဖန်ဆင်းတဲ့ ဘုရားသခင်က Space မဖြစ်ပေါ်ခင်မှာ Space အထဲမှာ အဘယ်ကဲ့သို့ရှိနိုင်ပါမည်နည်း။ Space ဆိုတာတောင် အကြောင်းတရားဖြစ်တဲ့ ဘုရားသခင် အားဖြင့်ဖြစ်လာရတာ မဟုတ်ပါလား။ ဒါကြောင့် ဆာလံဆရာက “အမြင့်ဆုံးသောဘုရား ၏ကွယ်ကာရာဌာနတော်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏ အရိပ်ကို ခိုရလိမ့်မည်။ ထာဝရဘုရားသည် ငါခိုလှုံရာ၊ ငါ၏ရဲတိုက်၊ ငါကိုးစားသော ဘုရားသခင်ဖြစ်တော်မူသည်ဟု ငါပြော ဆို၏။”လို့ ဆာလံကျမ်း ၉၁း၁ မှာ စပ်ဆိုခဲ့ပါတယ်။ ကျွန်တော်တို့ အာကာသဟင်းလင်းပြင်(Space) ကြီးရဲ့ အလွန်မှာတည်ရှိတော်မူသော ဘုရားသခင်ကို နားလည်လွယ်အောင် အမြင့်ဆုံးသောဘုရား(He who dwells in the secret place of the Most High)လို့ ညွှန်းဆိုမှသာ အသင့်တော်ဆုံးဖြစ်ပေလိမ့်မည်။ ဒီနေ့သိပ္ပံပညာတိုးတက်နေတဲ့ခေတ်ကြီးမှာတောင် စင်္ကြာဝဠာကြီးဘယ်လောက်ကျယ်ဝန်းသလဲဆိုတာ ဘယ်သိပ္ပံပညာရှင်မှ မသိပါဘူး။

နောက်တစ်ချက်ကတော့ ဒြပ်ကို ဖန်ဆင်းတဲ့ ဘုရားသခင်က ဒြပ်မဟုတ်သော ဒြပ်မဲ့ ဖြစ်ရပါမယ်။ ဒြပ် ဆိုတာတောင် အကြောင်းတရားဖြစ်တဲ့ ဘုရားသခင် အားဖြင့်ဖြစ်လာရတာ မဟုတ်ပါလား။ ဒါကြောင့် ရှင်ဟောဟန်ခရစ်ဝင်ကျမ်း ၄း၂၄ မှာ

“ဘုရားသခင်သည် နံဝိညာဉ်(Spirit) ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နံဝိညာဉ်နှင့် ၎င်း၊ သစ္စာနှင့်၎င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။” လို့ဖော်ပြထားကတည်းက ဘုရားသခင်ဟာ ဒြပ်မဲ့(Immaterial) ပုဂ္ဂိုလ်တော်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဘုရားသခင်ဖြစ်တော်မူသော ထာဝရဘုရားသခင်၊ အမြင့်ဆုံးသောဘုရားသခင်၊ နံဝိညာဥ်ဘုရားသခင်ဆိုတဲ့ ဂုဏ်တော်တွေဟာ စာရေးသူအထက်က ဖော်ပြခဲ့ပြီးသလိုပဲ ကျွန်တော်တို့ စင်္ကြာဝဠာကြီးကိုဖြစ်ပေါ်စေသောအကြောင်းတရားရဲ့ ဂုဏ်အင်လက္ခဏာတွေနဲ့အတူတူဖြစ်နေတာကို အံ့သြဖွယ်တွေ့ရပါတယ်။ ထိုဘုရားသခင်တစ်ပါးတည်းသာ စင်္ကြာဝဠာကြီးရဲ့ ဖန်ဆင်းရှင် ဖြစ်တော်မူတယ်ဆိုတာကို တွေ့ရပါတယ်။ ဒါ့ပြင် သဘာဝတရားကိုလည်း ဖန်ဆင်းတော်မူသောဘုရားသခင် ဖြစ်တော်မူသည့်အတွက် သဘာဝလွန်ပုဂ္ဂိုလ်တော်(Supernatural Being)လည်း ဖြစ်ပါတယ်။

သမ္မာကျမ်းစာထဲတွင် ဘုရားသခင်က အောက်ပါအတိုင်းမိတ်ဆက်ထားပါတယ်။

“ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည်၊ ငါ့ကို သိမှတ်ယုံကြည်၍၊ ငါသည် မှန်ပြီဟု နားလည်မည်အကြောင်း၊ ငါ၏သက်သေ၊ ငါရွေးကောက်သော ကျွန်ဖြစ်ကြ၏။ ငါ့ရှေ့မှာ ဖန်ဆင်းရာထဲက အဘယ်ဘုရားသခင်မျှမဖြစ်၊ ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှ မရှိရာ။ ငါတပါးသည် ထာဝရဘုရားဖြစ်၍၊ ငါမှတပါး ကယ်တင်သောသခင်မရှိ။ ငါသည် ဗျာဒိတ်ထားနှင့်သည်အတိုင်း ကယ်တင်ပြီ။ ငါဘော်ပြနှင့်ပြီ။ သင်တို့တွင် အခြားတပါးသော ဘုရားသည် ဘော်ပြနှင့်သည်မဟုတ်။ ငါသည် ဘုရားသခင်မှန်ပြီဟု သင်တို့သည် ငါ၏ သက်သေဖြစ်ကြ၏။ နေ့ရက်ကာလမဖြစ်မှီ ငါသည် ဘုရားဖြစ်၏။ “
(ဟေရှာယအနာဂတ္တိကျမ်း ၄၃း၁၀-၁၃)

“ဣသရေလအမျိုး၏ ရှင်ဘုရင် ထာဝရဘုရား၊ ဣသရေလအမျိုးကို ရွေးနှုတ်သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်မရှိ။” (ဟေရှာယအနာဂတ္တိကျမ်း ၄၄း၆)

“မြေကြီးစွန်းသား အပေါင်းတို့၊ ငါ့ကို မျှော်ကြည့်၍၊ ကယ်တင်ခြင်းကျေးဇူးကို ခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။ ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်၊ လူတိုင်း မိမိနှုတ်နှင့် သစ္စာခံရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ငါကျိန်ဆိုသော တရားစကားသည် ငါ့နှုတ်မှ ထွက်သည်ဖြစ်၍၊ မပြည့်စုံဘဲ မနေရ။ ထာဝရဘုရားအားဖြင့်သာ ဖြောင့်မတ်ခြင်းနှင့် အစွမ်းသတ္တိကို ရပါသည်ဟု လူတိုင်းလျှောက်ရမည်။ ကိုယ်တော်ကို မနာလိုသော သူအပေါင်းတို့သည် အထံတော်သို့ လာ၍၊ ရှက်ကြောက်ခြင်းသို့ ရောက်ရကြလိမ့် မည်။ ” (ဟေရှာယအနာဂတ္တိကျမ်း ၄၅း၂၂-၂၄)

“ရွှေကို အိတ်ထဲက များစွာ ထုတ်လျက်၊ ငွေကိုလည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းတိန်သမားကို ငှါး၍ ဘုရားကို လုပ်စေပြီးမှ၊ ပြပ်ဝပ်ကိုးကွယ်ကြသည်တကား။ ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း၍ ဆောင်သွားသဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ် နေ၏။ သူ၏နေရာမှ သူမရွေ့နိုင်။ သူ့ကို အော်ဟစ်သော်လည်း၊ သူသည် မထူး။ ဒုက္ခဆင်းရဲထဲက မကယ်မနှုတ်နိုင်။

အိုဖောက်ပြန်သောသူတို့၊ ဤအမှုကို အောက်မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။ ရှေးကာလ၌ ဖြစ်ဘူးသော အမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။ အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသော အမှုအရာတို့ကို၎င်း ဘော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည်” (ဟေရှာယအနာဂတ္တိကျမ်း ၄၆း၆-၁၀)

“ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။” (ဟေရှာယအနာဂတ္တိကျမ်း ၇း၁၄)

“အကြောင်းမူကား၊ ငါတို့အဘို့ သူငယ်ကို ဘွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ် ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။ “(ဟေရှာယအနာဂတ္တိကျမ်း ၉း၆)

“ငါသည် အာလဖဖြစ်၏။ ဩမေဃလည်း ဖြစ်၏ ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။”(ဗျာဒိတ်ကျမ်း ၁း၈)

“တောင်များကို မဘော်၊ မြေကြီးနှင့် လောက ဓာတ်ကို ဖန်ဆင်းတော်မမူမှီ၊ ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍၊ နောက်ကမ္ဘာ အဆက်ဆက်တိုင် အောင် ဘုရားသခင်ဖြစ်တော်မူ၏။” (ဆာလံကျမ်း ၉၀း၂)

ဒီကျမ်းချက်များအားဖြင့် ဘုရားသခင်သည် ကျွန်တော်တို့ရဲ့ အချိန်၊ နေရာ အပြင်ဖက်မှာ ထာဝရတည်ရှိနေတော်မူပြီး ဤစင်္ကြာဝဠာကြီးကိုဖန်ဆင်းတော်မူတဲ့ ဖန်ဆင်းရှင်ဖြစ်ကြောင်း သိရှိရပါတယ်။ ဒါကြောင့် ထာဝရဘုရားသခင်နဲ့တူတဲ့ ဘုရားမရှိသည့်အတွက် ထွက်မြောက်ရာကျမ်း ၂၀း၃-၅ မှာ “ငါမှတပါးအခြားသောဘုရားကို မကိုးကွယ်နှင့်။ အထက်မိုဃ်းကောင်းကင်၌၎င်း၊ အောက်အရပ်မြေကြီးပေါ်၌၎င်း၊ မြေကြီးအောက်ရေထဲ၌၎င်း ရှိသောအရာနှင့်ပုံသဏ္ဌာန်တူအောင်၊ ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ဦးမချ ဝတ်မပြုနှင့် … …” လို့ ပညတ်ထားတာဖြစ်ပါတယ်။

ဤမျှလောက် ကြီးမြတ်တော်မူတဲ့ လူဥာဏ်နှင့် မမှီနိုင်တဲ့ ဘုရားသခင်ကို အကုန်အစင်နားလည်သိရှိနိုင်ရန် ကျွန်တော်တို့ စွမ်းနိုင်မည်မဟုတ်ပါ။ ဒါကြောင့် ဘုရားသခင်က သမ္မာကျမ်းစာထဲတွင် ကျွန်တော်တို့လူသားတွေ ဘုရားသခင်အားသိရှိနိုင်ရန် သူ့ရဲ့ဂုဏ်တော်များအားဖြင့် ဘုရားသခင်ဆိုတာ မည်ကဲ့သို့သော ပုဂ္ဂိုလ်တော်ဖြစ်ကြောင်း၊ ဘုရားသခင်ဆိုတာ ဘယ်လိုပုံစံမျိုးလဲ စသဖြင့် ဘုရားသခင်၏ သဘောသဘာဝများကို ဖော်ပြထားပါတယ်။

၂။ ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်တော်မူသည်။

ဘုရားသခင်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်တယ်။ ဘုရားသခင်အလိုတော်ရှိသည့်အတိုင်း ဘာမဆိုလုပ်နိုင်တယ်။ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟာ အကန့်အသတ်မဲ့ဖြစ်တယ်။ အရေးကြီးတဲ့တစ်ချက်က ဘုရားသခင်အလိုတော်ရှိသည့်အတိုင်း ဘာမဆိုလုပ်နိုင်တယ်လို့ဆိုရာမှာ ဘုရားသခင်ရဲ့ သဘောသဘာဝ(God’s Nature) ကို ဆန့်ကျင်ပြီးတော့ မလုပ်ဆောင်နိုင်ပါဘူး(ဟေဗြဲဩဝါဒစာ ၆း၁၈)။ ဥပမာ၊ ဘုရားသခင်သည် မကောင်းမှုဒုစရိုက်ကို မပြုနိုင်ပါ။ အချို့က ဘုရားသခင်က အရာခပ်သိမ်းကို တတ်စွမ်းနိုင်တဲ့ အနန္တတန်ခိုးရှင်ဆိုရင် သူကိုယ်တိုင် မ’မ’နိုင်တဲ့ ကျောက်တုံးကို ဖန်ဆင်းနိုင်သလားဆိုပြီး မေးတတ်ကြပါတယ်။ ဒါကို အနန္တတန်ခိုးရှင် ဝိရောဓိ (Ominpotence Paradox) လို့ခေါ်ပါတယ်။ အဆိုပါ မေးခွန်းမျိုးက ယုတ္တိဗေဒအရ မဖြစ်နိုင်ဘူးလို့ ဒဿနပညာရှင်များက ဆိုပါတယ်။ ထိုကဲ့သို့သော မေးခွန်းမျိုးက ဘုရားသခင်သည် “လုံးဝန်းသောစတုရန်း” သို့မဟုတ် “အိမ်ထောင်သည်လူပျိုကြီး” ကို ဖန်ဆင်းနိုင်သလားလို့ မေးနေတာနဲ့အတူတူပင်ဖြစ်ပြီး အမှန်တကယ်တွင်မူ  အနိုင်လိုချင်လို့ မေးတဲ့ အဓိပ္ပါယ်မရှိသောမေးခွန်းသက်သက်သာဖြစ်ပါတယ်။ “စတုရန်း” ဟူသော ဝေါဟာရသည် ထောင့်(၄)ထောင့်ရှိသောအရာကိုသာ ခေါ်ဆိုတာဖြစ်ပြီး “စတုရန်း“သည် မည်သည့်အခါမျှ “လုံးဝန်းသောသဏ္ဍာန်” ရှိလာမည်မဟုတ်ပေ။ ထို့အတူ “အိမ်ထောင်သည်“ဟူသော ဝေါဟာရသည်လည်း “လူပျိုမဟုတ်သောသူ” ကိုသာ ခေါ်ဆိုသောစကားလုံးဖြစ်ပြီး မည်သည့်အခါမျှ “အိမ်ထောင်သည်လူပျိုကြီး” ဆိုတာရှိလာမည် မဟုတ်ပေ။ တဖန် … ဘုရားသခင်အလိုတော်ရှိသည့်အတိုင်း ဘာမဆိုလုပ်နိုင်တယ်လို့ဆိုရာမှာ ဘုရားသခင်ရဲ့ သဘောသဘာဝ(God’s Nature) ကို ဆန့်ကျင်ပြီးတော့ မလုပ်ဆောင်နိုင်ပါဘူး(ဟေဗြဲဩဝါဒစာ ၆း၁၈)။ လူ့အနေနဲ့ မဖြစ်နိုင်၊ မတတ်နိုင်ဘူးလို့ ထင်ရတဲ့အရာတွေကိုတော့ ဘုရားသခင်သည် တတ်စွမ်းနိုင်သည်၊ ကူညီဖေးမပေးနိုင်သည်မှန်သော်လည်း ဘုရားသခင်၏ သဘောသဘာဝကို ဆန့်ကျင်သည့်အရာများကိုတော့ ဘုရားသခင် မလုပ်ဆောင်ပါ။ “ယေရှုကလည်း၊ ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏ဟု ပတ်လည်သို့ကြည့်ရှု၍ တပည့်တော်တို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် ထိုစကားကိုကြားလျှင်၊ မိန်မောတွေဝေခြင်းရှိကြ၏။ တဖန်ယေရှုက၊ ငါသားတို့၊ မိမိဥစ္စာကိုမှီခိုသောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့အလွန်ဝင်ခဲလှ၏။ ကုလားအုပ်သည် အပ်နဖားကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု မိန့်တော်မူ၏။ ထိုသူတို့သည် သာ၍မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ ရောက်နိုင်မည်နည်းဟု အချင်းချင်းပြောဆိုကြ၏။ ယေရှုကလည်း၊ သူတို့ကိုကြည့်ရှု၍၊ ဤအမှုကို လူမတတ်နိုင်သော်လည်း၊ ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။” (ရှင်မာကုခရစ်ဝင် ၁၀း၂၃-၂၇)

ကျမ်းညွှန်း။ ။ ကမ္ဘာဦးကျမ်း ၁၈း၁၄၊ ဆာလံကျမ်း ၂၄း၈၊ ဆာလံကျမ်း ၃၃း၆၊ ယောဘဝတ္ထု ၁၁း၇-၁၁၊ ယေရမိအနာဂတ္တိကျမ်း ၃၂း၁၇၊ ရှင်လုကာ ၁း၃၇၊ ၂ ကော ၆း၁၈၊ ဧဖက်ဩဝါဒစာ ၃း၂၀၊ ဗျာဒိတ်ကျမ်း ၁း၈။

၃။ ဘုရားသခင်သည် သဗ္ဗညုတဘုရားသခင် ဖြစ်တော်မူသည်။

ဘုရားသခင်သည် အလုံးစုံတို့ကို သိကျွမ်းတော်မူတယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးကို တစ်ပြိုင်တည်း မြင်တော်မူတယ်။ ကျွန်တော်တို့ စင်္ကြာဝဠာကြီးမှာတည်ရှိနေပြီးသားအရာတွေကော၊ မတည်ရှိသေးတဲ့အရာတွေကော အရာခပ်သိမ်းရဲ့ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အားလုံးကို သိတော်မူတယ်။ ဘုရားသခင်သည် ငိုက်မြည်းခြင်း၊ ကျိန်းစက်တော်မူခြင်းရှိတော်မမူ။ ဘုရားသခင်ဟာ ကျွန်တော်တို့၌ ဖြစ်ပျက်နေသော နေ့ဒဓူဝဖြစ်စဥ်တိုင်းရဲ့ အသေးအဖွဲလေးတွေက အစ သိကျွမ်းတော်မူတယ်။ ကျွန်တော်တို့စိတ်နှလုံးတွေက ဘာတွေကြံစည်နေသလဲ၊ ဘာတွေစဥ်းစားနေသလဲကအစ သိတော်မူတယ်။ ကျွန်တော်တို့ရဲ့ ဆံပင်တွေကအစ ဘုရားသခင်က ရေတွက်ထားတော်မူတယ်လို့ ဖော်ပြထားသလို စင်္ကြာဝဠာထဲက ကြယ်တစ်လုံးချင်းစီတိုင်းကိုလည်း အမည်နာမနှင့်တကွ သိတော်မူတယ်လို့ သမ္မာကျမ်းစာက ဖော်ပြထားပါတယ်။ ဘုရားသခင်၏ရှေ့တော်မှောက်၌ မည်သည့်အရာကိုမှ ထိမ်ဝှက်မထားနိုင်ပါ။

ကျမ်းညွှန်း။ ။ ဆာလံကျမ်း ၁၃၉း၁၂-၁၈၊ ဆာလံကျမ်း ၁၄၇း၄၊ ဟေရှာယအနာဂတ္တိကျမ်း ၄၆း၉-၁၀၊ ရှင်မဿဲခရစ်ဝင်ကျမ်း ၁၀း၃၀။

၄။ ဘုရားသခင်သည် နေရာတိုင်းမှာတစ်ချိန်တည်းရှိနေနိုင်တော်မူသောဘုရားသခင် ဖြစ်တော်မူတယ်။

ဘုရားသခင်ရဲ့ အချိန်တိုင်း၊ နေရာတိုင်းမှာရှိနေတော်မူခြင်းကို နားလည်နိုင်ဖို့ရန် အဓိကသိထားရမှာက ဘုရားသခင်ဟာ ကျွန်တော်တို့လို ရုပ်ခန္ဓာနဲ့တည်ရှိနေခြင်းမျိုးမဟုတ်ပါ။ ဘုရားသခင်သည် နံဝိညာဥ်ဖြစ်တော်မူ၏။ ကျွန်တော်တို့ဟာ ရုပ်ခန္ဓာနဲ့ နေရာတိုင်းမှာ တစ်ချိန်တည်းတည်ရှိနေနိုင်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်သည့်အတွက် ဘုရားသခင်ဟာ နေရာတိုင်းမှာတစ်ချိန်တည်းရှိနေခြင်းကို နားလည်နိုင်ဖို့ရန် ခက်ခဲကောင်းခက်ခဲနေနိုင်ပါတယ်။ ကျွန်တော်တို့သည် ဘုရားသခင်၏ သဘောသဘာဝကို အကုန်အစင်နားလည်နိုင်ရန် မစွမ်းနိုင်ပါ။ အကယ်လို့ ဘုရားသခင်ကို လူတွေအကုန်အစင်နားလည်နိုင်မည်ဆိုလျှင် ဘုရား ဟု မခေါ်ထိုက်ပါ။ ကိုးကွယ်စရာလည်း လိုတော့မည် မဟုတ်ပါ။ ဘုရားသခင်ကို ကျွန်တော်တို့လူသားတွေအကုန်အစင်နားလည်နိုင်ရန် မစွမ်းဆောင်နိုင်လို့ ဘုရားသခင်ဆိုတာ မရှိဘူးလို့ ကြွေးကြော်နေမယ်ဆိုရင် မိုက်မဲရာကျပါတယ်။ ဘုရားသခင်ဟာ နေရာတိုင်းမှာ တစ်ချိန်တည်းရှိနေနိုင်တော်မူတဲ့အတွက် ကျွန်တော်တို့ အထီးကျန်နေတဲ့အချိန်၊ နာကျင်ခံစားနေရချိန်၊ ဝမ်းနည်းပူဆွေးနေရချိန်မျိုးမှာ ကျွန်တော်တို့နဲ့အတူရှိပြီး ကျွန်တော်တို့ကို နှစ်သိမ့်ပေးလျက် ဘဝကို ရှေ့ဆက်လျှောလှမ်းနိုင်ရန် ခွန်အားကို ပေးစွမ်းနိုင်သော အသက်ရှင်တော်မူသောဘုရားသခင်ဖြစ်ပါတယ်။

ကျမ်းညွှန်း။ ။ ဆာလံကျမ်း ၁၃၉း၇-၁၀၊ ဆာလံကျမ်း ၁၄၅း၁၈၊ ရှင်မဿဲခရစ်ဝင်ကျမ်း ၂၈း၂၀၊ ရှင်ဟောဟန်ခရစ်ဝင်ကျမ်း ၄း၂၊ ရှင်ဟောဟန်ခရစ်ဝင်ကျမ်း ၁၀း၂၇-၂၈။

၅။ ဘုရားသခင်သည် အနန္တပညာနှင့်ပြည့်စုံတော်မူသောဘုရားသခင် ဖြစ်တော်မူတယ်။

အခုပြောနေတဲ့ ပညာ ဆိုတာ Wisdom ကို ပြောတာပါ။ Wisdom ဆိုတဲ့ ပညာဟာ အသိဉာဏ်(Intelligence)တို့၊ ဗဟုသုတ(Knowledge)တို့ထက် ပိုပါတယ်။ အမှန်တကယ်ပညာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုသည်မှာ အချက်အလက်များအားလုံးကို ကောင်းကောင်းသဘောပေါက်နားလည်ပြီး အကောင်းမွန်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူ၊ မိမိမှာရှိသော အစွမ်းအစ၊ အရည်အချင်း၊ ကျွမ်းကျင်တတ်မြောက်မှုတို့ကို မိမိ၏စိတ်၊ ဝိညာဥ်တို့နှင့်ပေါင်းစပ်ပြီး အသုံးချတတ်သူ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကမ္ဘာပေါ်မှာ ပညာအရှိဆုံးသူဆိုတာတောင် ဘုရားသခင်၏ ပညာနှင့်ပြည့်စုံတော်မူခြင်းကို မည်သည့်အခါမှ မမှီနိုင်ပါ။ ဘုရားသခင်သည် အနန္တပညာတော်နှင့် ပြည့်စုံတော်မူတယ်။ ဘုရားသခင်သည် မပြောင်းလဲနိုင်သော ပညာတော်နှင့် ပြည့်စုံတော်မူတယ်။ ဘုရားသခင်သည် လုံးဝဥသုံ ပြီးပြည့်စုံတော်မူသော ပညာတော်နှင့် ပြည့်စုံတော်မူတယ်။ ပညာတော်သည် ပြီးပြည့်စုံသော အဆုံးကို ဖန်ဆင်းနိုင်တော်မူသောစွမ်းရည်တော်၊ ထိုအဆုံးကို အပြီးပြည့်စုံဆုံးသောနည်းလမ်းတော်နှင့် ဖြစ်မြောက်စေတော်မူနိုင်တော်မူသောစွမ်းရည်တော်ဖြစ်သည်။ ပညာတော်သည် အစအဦး၌ကပင် အဆုံးကို မြင်တော်မူစွမ်းသည်။ ဒေသနာကျမ်း ၈း၁၆- ၁၇ မှာ “လူအချို့တို့သည် တနေ့နှင့်တညဉ့်လုံး မအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှါ၎င်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှါ၎င်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။ ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။“လို့ ပြောထားပါတယ်။ ကျွန်တော်တို့ကို ဘုရားသခင်က ငါဖန်ဆင်းထားတဲ့အရာတွေကို လိုက်မစစ်ပါနဲ့ လို့ မတားမြစ်ထားပါ။ မပိတ်ပင်ထားပါ။ ပညတ်မထားပါ။ ကျွန်တော်တို့ ဘယ်လောက်စစ်စစ် မကုန်နိုင်ဘူးလို့ သတိပေးထားတာသာ ဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့လူသားတွေကို လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ တွေးခေါ်ပိုင်ခွင့်(Free Will) ပေးထားပြီးသားပါ။ ဘုရားသခင်ရဲ့ ပညာတော်ကို ကျွန်တော်တို့ လေ့လာဆန်းစစ်တာဟာ ကောင်းပါတယ်။ ဒါဟာ သိပ္ပံပညာပါပဲ။ ကျွန်တော်တို့ ဘုရားသခင်၏ ပညာတော်ရဲ့ နက်နဲမှု၊ ရှုပ်ထွေးမှုကို သိလာကြတဲ့အခါ ကျွန်တော်တို့ သိတာ၊ တတ်တာဟာ တကယ်ကို ဘာမှမဟုတ်သေးပါလားဆိုတာ ပိုသိလာရတယ်။ ကျွန်တော်တို့ သိပ်ကိုကြီးမားကျယ်ပြောလှတဲ့ စင်္ကြာဝဠာကြီးကိုပဲ လေ့လာမလား။ အထူးမှတ်ဖြစ်တဲ့ Singularity ကိုရောက်သွားရင် ကျွန်တော်တို့ ယခုနားလည်ထားတဲ့ ရူပဗေဒတွေအကုန်ပြိုလဲသွားတယ်။ ဒါမှမဟုတ် သိပ်ကို သေးငယ်လွန်းတဲ့ အက်တမ်အောက်အမှုန်များကိုပဲ လေ့လာမလား။ အက်တမ်ထက်သေးငယ်တဲ့အမှုန်များကို လေ့လာတဲ့အခါ ရှေးရိုးရူပဗေဒ(Classical Physics) နဲ့မရတော့ပဲ ကွမ်တမ်ရူပဗေဒ(Quantum Physics)ကို အသုံးပြုပြီးလေ့လာနေရတယ်မဟုတ်ပါလား။ ကျွန်တော်တို့လူသားတွေ ပညာပိုတတ်လာလေလေ ကျွန်တော်တို့ ဘာမှမသိသေးဘူးဆိုတာ ပိုသိလာလေလေသာ ဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ပညာတော်က သိပ်ကို ရှုပ်ထွေးလွန်းလှပါတယ်။ “ပညာလမ်းတို့သည် သာယာသောလမ်း၊ ပညာ လမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏။ ပညာကို ကိုင်ဆွဲသောသူသည် အသက်ပင် (Tree of Life)ကို ရပြီ။ လက်မလွှတ်သော သူသည် မင်္ဂလာရှိ၏။ ထာဝရဘုရားသည် ပညာတော် အားဖြင့် မြေကြီးကိုတည်၍၊ ဥာဏ်တော် အားဖြင့် မိုဃ်းကောင်းကင် ကို ပြင်ဆင်တော်မူပြီ။ သိပ္ပံအတတ်တော် အားဖြင့် နက်နဲသောအရပ် အက်ကွဲ၍၊ မိုဃ်းတိမ်မှလည်း နှင်းရည်ကျတတ်၏။”(သုတ္တံကျမ်း ၃း၁၇-၂၀)

ကျမ်းညွှန်း။ ။ သုတ္တံကျမ်း ၃း၁၉၊ ယောဘဝတ္ထု ၁၂း၁၃၊ ရောမဩဝါဒစာ ၁၁း၃၃၊ ရောမဩဝါဒစာ ၁၆း၂၇၊ ဟေရှာယအနာဂတ္တိကျမ်း ၅၅း၉၊ ဆာလံကျမ်း ၁၄၇း၅။

၆။ ဘုရားသခင်သည် ကတိတော်၊ သစ္စာတော်နှင့်ပြည့်စုံတော်မူသောဘုရားသခင် ဖြစ်တော်မူတယ်။

“သင်၏ဘုရားသခင် ထာဝရဘုရားသည်မှန်သောဘုရား၊ သစ္စာစောင့်သောဘုရား၊ ကိုယ်တော်ကိုချစ်၍ ပညတ်တော်တို့ကိုစောင့်ရှောက်သော သူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်းတိုင်အောင် ပဋိညာဉ်စကားတည်၍ ကရုဏာကိုပြသောဘုရား၊ ” ဖြစ်ပါတယ်။ (တရားဟောရာကျမ်း ၇း၈)

“ငါတို့သည်မယုံကြည်သော်လည်း၊ ထိုသခင်သည် သစ္စာတည်သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင်။” ၂ တိမောသေ ၂း၁၃။ ကျွန်တော်တို့ ဘုရားသခင်ကို မယုံကြည်လို့ ဘုရားသခင်ရဲ့အဖြစ်တော်က ဘာမှဖြစ်မသွားပါ။ ဘုရားသခင်ရဲ့ ဂုဏ်တော်များဟာ တစ်ခုနဲ့တစ်ခု သီးခြားစီ ဖြစ်တည်နေတာမျိုးမဟုတ်ပါ။ တစ်ခုနဲ့တစ်ခု ဆက်စပ်နေကြပါတယ်။ ဒီလိုပါ…ဘုရားသခင်ရဲ့ကတိတော်၊ သစ္စာတော်တည်ခြင်းဟာ ကိုယ်တော်ရဲ့ “ပြောင်းလဲခြင်းရှိတော်မမူ”ဆိုတဲ့ ဂုဏ်တော်နဲ့ ဆက်စပ်နေပါတယ်။ ဘုရားသခင်ရဲ့ နေရာတိုင်းမှာ ရှိနေနိုင်ခြင်း၊ အရာခပ်သိမ်းကို သိမြင်တော်မူခြင်း၊ စတဲ့ဂုဏ်တော်များဟာ ဘုရားသခင်ရဲ့ အနန္တတန်ခိုးရှင်ဖြစ်တော်မူခြင်းဆိုတာနဲ့လည်း ဆက်စပ်နေပြန်ပါတယ်။ ဘုရားသခင်က သစ္စာတော်ရှင်ဖြစ်တဲ့အတ္ွက် သူမိန့်တော်မူပြီးသား စကားတစ်ခုကို သူပြန်ပြင်ဆင်တာမျိုးမရှိပါ။ ပေးမယ်လို့ ပြောထားတဲ့အရာကို မပေးဘဲ မနေသလို မပြောထားဘဲနဲ့လည်း သူမလုပ်ဆောင်ပါ။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏။ ”(ရှင်ယောဟန် ၃း၁၆) ဟာ ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာ၊ ကရုဏာတော်ကို ထင်ဟပ်နေသော ဘုရားကတိတော်ပဲဖြစ်ပါတယ်။ “ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏။”(ရောမဩဝါဒစာ ၈း၂၈) ဟုတ်ပါတယ်…ကျွန်တော်တို့ တစ်ခါတစ်လေ စိုးရွံစရာ၊ စိတ်ပျက်စရာတွေနဲ့ ဘဝအသက်တာမှာ ကြုံဆုံရတဲ့အခါ ဘုရားသခင် ကျွန်တော်တို့အနားမှာ မရှိတော့ဘူးလား၊ ဘုရားသခင် ကျွန်တော်တို့ကို စွန့်ပစ်သွားပြီလား။ ဒါမှမဟုတ် ဘုရားသခင်ဆိုတာ ရှိကောရှိရဲ့လား။ စသဖြင့် မေးခွန်းများမေးတတ်ကြပါတယ်။ ဘုရားသခင်ရဲ့ အစီအစဥ်တော်တွေက ဘယ်လောက်သစ္စာတရားနဲ့ ပြည့်ဝနေလဲဆိုတာ နားလည်နိုင်ရန်၊ မြင်နိုင်ရန် ခက်ခဲကောင်း ခက်ခဲနေပါလိမ့်မယ်။ ကျွန်တော်တို့ ဘဝအသက်တာမှာ ဝမ်းနည်းပူဆွေးရတဲ့အခါ၊ စိတ်ပျက်အားငယ်ရတဲ့အခါ ကတိသစ္စာတည်တော်မူသော ဘုရားသခင်က ကျွန်တော်တို့အနီးအပါး၌ ရှိ၍ ကျွန်တော်တို့ကို အားပေးနှစ်သိမ့်ကာ ခွန်အားနှင့် ပတ်ရစ်ပေးနိုင်ပါတယ်။

ကျမ်းညွှန်း။ ။ ၁ ကော ၁၃း၁၂၊ ဖိလိပ္ပိ ၄း၆-၇၊ ၂ ပေ ၃း၁-၁၈

၇။ ဘုရားသခင်သည် ကောင်းမြတ်တော်မူသော ဘုရားသခင်ဖြစ်တော်မူတယ်။

“ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ ကိုယ်တော် ကို ခိုလှုံသောသူသည် မင်္ဂလာရှိ၏။”(ဆာလံကျမ်း ၃၄း၈)

ဘုရားသခင်ရဲ့ အခြားသောဂုဏ်တော်တွေလိုပဲ ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဟာ ဘုရားသခင်၏မပြောင်းမလဲနိုင်သောထာဝရအဖြစ်တော်နှင့် ဘုရားသခင်၏အနန္တအဖြစ်တော်ထဲအထဲတွင်ရှိနေပါတယ်။ ဒါကြောင့် ဘုရားသခင်သည် အလွန်ကောင်းမြတ်တော်မူသည်။ ဘယ်တော့မှမပြောင်းမလဲ ထာဝရကောင်းမြတ်တော်မူပါတယ်။ ကိုယ်တော်ရဲ့ ကောင်းမြတ်ခြင်းသည် အနန္တဖြစ်သည်။ ခရစ်တော်ကို ယုံကြည်သူခရစ်ယာန်များသည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ဘဝအသက်တာမှာ ဘုရားရဲ့ ကောင်းကြီးမင်္ဂလာကိုခံစားနေရချိန်၊ မိမိတို့အောင်မြင်ကျော်ကြားနေချိန်၊ အလုပ်အကိုင်၊ လူမှုရေး၊ စီးပွားရေး အဆင်ပြေနေကြချိန်၊ ဘဝလမ်းခရီးချောမွတ်နေချိန်များတွင် သိသိသာသာ ဘုရားကို ချီးမွမ်းတတ်ကြပြီး ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းအတွက် ပေါ့ပေါ့ပါးပါးကျေးဇူးတော်ချီးမွမ်းနိုင်ကြပေမယ့်လည်း ဘဝခရီးလမ်းထောင့်တစ်နေရာမှာ ခြေချော်လက်ချော်ဖြစ်ပြီ၊ ဘဝက လုံးဝအောက်ထိုးကျပြီ၊ ကြမ်းတမ်းပြီ၊ ဝမ်းနည်းပူဆွေးမှုတွေကြုံဆုံရပြီဆိုရင် ဘယ်တော့မှ မပြောင်းမလဲနိုင်တဲ့ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းကို မေးခွန်းထုတ်လာတတ်ကြပါတယ်။ ဒါသဘာဝကျပါတယ်။ ကျွန်တော်တို့က လူသားတွေပဲကိုး။ ဘုရားသခင်လည်း ကျွန်တော်တို့ခံစားချက်ကို ကောင်းကောင်းသိတာပေါ့။ ဘာလို့ စိတ်ပျက်ဝမ်းနည်းခြင်းတွေ၊ မကောင်းမှုတွေ ဒီလောကကြီးမှာဖြစ်နေရတာလဲဆိုတာကို ဘုရားသခင်က ကမ္ဘာဦးကျမ်းမှာကတည်းက ပြောထားပြီးပြီလေနော်။ ဆာလံဆရာက အဲ့လိုမျိုးအခြေအနေ၊ အခက်အခဲ၊ ကျဆုံးမှုတွေကြုံလာတဲ့အခါမျိုးမှာ “ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြ”လို့ ပြောနေတာဖြစ်ပါတယ်။ ဆာလံဆရာက ဘုရားသခင်ကောင်းမြတ်တော်မူတယ်ဆိုတာကို ယုံကြည်လိုက်ပါလို့ပဲ ပြောနေတာမျိုးမဟုတ်ဘဲ ကိုယ်တိုင် ဘုရားရဲ့ကောင်းမြတ်ခြင်းကို မြည်းစမ်းကြည့်ပါ၊ တွေ့ကြုံခံစားကြည့်ပါ၊ ပြီးလျှင် သိမှတ်ပါလို့ ပြောနေတာဖြစ်ပါတယ်။ “ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသော သူတို့နှင့် နှလုံးကြေကွဲသောသူတို့ကို နီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင် တော်မူ၏။ ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခ ဆင်းရဲကို ခံရသော်လည်း၊ ထာဝရဘုရားသည် ခပ်သိမ်း သောဒုက္ခဆင်းရဲ ထဲက ကယ်လွှတ်တော်မူ၏။”(ဆာလံကျမ်း ၃၄း၁၈-၁၉) ဒါကြောင့် အပိုဒ်ငယ် ၁၉ အားဖြင့် ဆာလံဆရာကိုယ်တိုင်က ဒုက္ခဆင်းရဲခံရစဥ်အချိန်၌ပင် ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကို ခံစားရကြောင်းပြောထားတာပဲဖြစ်ပါတယ်။

ကျမ်းညွှန်း။ ။ ဆာလံကျမ်း ၃၄း၉၊ ၁၈-၁၉၊ ၂၂။ ရောမဩဝါဒစာ ၈း၂၈။

၈။ ဘုရားသခင်သည် တရားမျှတတော်မူသောအရှင် ဖြစ်တော်မူသည်။

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသော်လည်း ကိုယ်တော်သည် တရားမျှတသော အရှင်လည်းဖြစ်ကြောင်းကိုတော့ မမေ့ထားအပ်ပေ။ လူအများစုသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်းသာ တစ်ဖွဖွပြောတတ်ကြပြီး ဘုရားသခင်သည် မတရားမှုအတွက် စီရင်တတ်သောဘုရား၊ မျက်နှာမလိုက်သော ဘုရားဖြစ်ကြောင်းကိုတော့ လျစ်လျူရှုတတ်ကြပါတယ်။ “ဘုရားသခင်သည် မူလအမြစ်ဖြစ်၍၊ အမှုတော်သည် စုံလင်ပေ၏။ စီရင်တော်မူသမျှတို့သည် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်တော်မူ၏။” (တရားဟောရာကျမ်း ၃၂း၄) ဘုရားသခင်သည် အမြဲတမ်း မှန်ကန်သောအရာများနဲ့ ကောင်းမြတ်သောအရာများကိုသာ လူသားတို့အတွက် လုပ်ဆောင်တော်မူပါတယ်။ လက်ခံချင်သည်ဖြစ်စေ၊ မခံချင်သည်ဖြစ်စေ မကောင်းမှုအတွက်တရားစီရင်ခြင်းနှင့် ဘယ်တော့မှနောင်တမရတတ်သော အပြစ်သားများအား ငရဲသို့ပို့ခြင်း စတဲ့ စီရင်တော်မူသမျှတို့သည်ပင်လျှင် တရားနှင့် ညီလျက်၊ သစ္စာစောင့်သောဘုရား၊ အပြစ်ကင်းလွတ်၍ ဟုတ်မှန်ဖြောင့်မတ်သောဘုရားဖြစ်ကြောင်း ထင်ရှားစေပါတယ်။ အချို့က ဘုရားသခင်က ရက်စက်လိုက်တာလို့ ပြစ်တင်စော်ကားတတ်ကြသေးသည်။ ဆရာတော် R.C.Sproul ကဘာပြောသလဲဆိုရင် “လူအပေါင်းတို့သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ရှိကြောင်းထင်ရှားနေပြီလို့ ယူဆပါစို့…ဘုရားသခင်က သူ့သားတော်ယေရှုခရစ်အားဖြင့် သူ့ရဲ့ချစ်ခြင်းမေတ္တာကို ပေးထားပြီးပြီ…သားတော်ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ အပြစ်စီရင်ခြင်းကို မခံရ။ ဒါကို အချို့က ယုံကြည်ကြတယ်။ အချို့က မယုံကြည်ကြဘူး။ ယုံကြည်တဲ့သူက ဘုရားသခင်ရဲ့ကရုဏာတော်ကို ခံစားရတယ်။ ဒါဆို ကျန်တဲ့သူတွေက ဘာရလဲ။ ကျန်တဲ့သူတွေက ဘုရားသခင်ရဲ့စီရင်ခြင်းကိုပဲ ခံစားလိုက်ရတာပေါ့။ ဘုရားမေတ္တာကို လက်မခံငြင်းဆန်တဲ့အတွက် ဘုရားသခင်က တရားမျှတတဲ့အရှင်ဖြစ်သောကြောင့်သာ သူတို့အပြစ်အလျောက် အပြစ်စီရင်ရပါတော့တယ်။ ဘုရားသခင်က ချစ်ခြင်းမေတ္တာရှင်လည်းဖြစ်သလို တရားမျှတသောအရှင်လည်းဖြစ်တယ်။ ဘယ်သူ့ကိုမှ မမျှမတမလုပ်ဘူး။ “

ကျမ်းညွှန်း။ ။ ဒေသနာကျမ်း ၃း၁၇၊ ဟေဗြဲဩဝါဒစာ ၁၀း၃၀၊ သုတ္တံကျမ်း ၂၈း၅၊ ဆာလံကျမ်း ၃၇း၂၇-၂၉၊ ရောမဩဝါဒစာ ၁၂း၁၉၊ ဟေရှာယ ၃၀း၁၈-၁၉၊ ဟေရှာယ ၁း၁၇၊ ဆာလံကျမ်း ၁၀၆း၃၊ ဆာလံကျမ်း ၃၃း၅။