Skip to content

သိပ္ပံပညာ

ချစ်သောမိတ်ဆွေ… “သိပ္ပံ” သို့မဟုတ် “သိပ္ပံပညာ” လို့ ပြောလိုက်တာနဲ့ သင့်အတွေးထဲ ပထမဆုံး ဘာတွေရောက်လာပါသလဲ။ ဓာတ်ခွဲခန်းထဲက ဓာတုစမ်းသပ်ပြွန်တွေလား ဒါမှမဟုတ် ကုတ်အင်္ကျီအဖြူဝတ်ထားတဲ့ လက်တွေ့စမ်းသပ်ခန်းထဲက ပညာရှင်တွေလား။ ဆရာကြီး ဂျိုဟန်နပ်စ် ကပ်ပလာ(Johannes Kepler)လား၊ ဆရာကြီး အိုင်းဇက်နျူတန်(Isaac Newton)လား၊ ဒါမှမဟုတ် ဆရာကြီး အဲလ်ဘတ် အိုင်းစတိုင်း(Albert Einstein) လား။ စက်ရုပ်တွေလား ဒါမှမဟုတ် ဉာဏ်ရည်တုနည်းပညာတွေလား။ နာဆာ(NASA) က လွှတ်တင်ထားတဲ့ အာကာသယဉ်ပျံတွေလား ဒါမှမဟုတ် အင်္ဂါဂြိုလ်(Mars) ပေါ်က စူးစမ်းလေ့လာယာဉ်လေး Curiosity Rover လေးလား။ စာကြည့်တိုက်ထဲက သိပ္ပံဖတ်စာအုပ်အထူကြီးတွေလား။ သင် ဘာတွေးမိပါသလဲ။

အထက်ပါအရာများက သိပ္ပံပညာနယ်ပယ်အသီးသီးနင့် ဆက်စပ်နေသည်မှန်သော်ငြားလည်း “သိပ္ပံပညာ” တစ်ခုလုံးကိုတော့ မခြုံငုံမိပါဘူး။ ဘာလို့လဲဆိုတော့ သိပ္ပံပညာက အရမ်းကို ကျယ်ပြန့်ပြီးတော့ လေ့လာဆည်းပူးလို့လည်း မကုန်နိုင်လို့ပါ။ ကျွန်တော်တို့ ကြီးကြီးကျယ်ကျယ်ကြီးတွေ မစဉ်းစားခင်၊ မပြောသေးခင် ကျွန်တော်တို့ ဒီနေ့ခေတ်မှာ ပါးစပ်ဖျားက အလွယ်တကူ ပြောပြောနေတဲ့ “သိပ္ပံ”ဆိုတဲ့ တကယ့်အဓိပ္ပါယ်ဆိုလိုရင်းကိုကော သိပါရဲ့လားဆိုတာ ကိုယ့်ကိုကိုယ် အရင်မေးမြန်းစမ်းစစ်ကြည့်ဖို့လိုပါတယ်။ ဟုတ်ပါပြီ…သိပ္ပံပညာဆိုတာ ဘာပါလဲခင်ဗျာ။ ကိုယ့်ကိုကိုယ် မေးကြည့်ပါ။ စဉ်းစားကြည့်ပါ။ ပြီးလျှင် ကိုယ့်ကိုကိုယ် ပြန်ဖြေကြည့်ပါ။

သိပ္ပံ ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရ Science(ဆိုင်းရန့်စ်)ဟာ လက်တင်(Latin)ဘာသာစကား Scientia(ဆိုင်းရန့်ရှား) မှ ဆင်းသက်လာတဲ့ ဝေါဟာရ တစ်ခုဖြစ်ပြီး မြန်မာလို “ဗဟုသုတ” လို့ အဓိပ္ပါယ်ရပါတယ်။ ဒီထက်ပိုပြီး နည်းနည်းလောက် ထပ်လေ့လာကြရအောင်။ ဘာလို့ ထပ်လေ့လာဖို့ ဖိတ်ခေါ်ရတာလဲ ဆိုတော့ သိပ္ပံ ဆိုတဲ့ အဓိပ္ပါယ်ကိုတောင် သေချာမသိဘဲ ဟိုဟာကတော့ သိပ္ပံနည်းကျတယ်၊ ဟိုဟာကတော့ မကျဘူး မဖြစ်ရလေအောင်၊ မလိုအပ်ဘဲ ပညာမဲ့စွာငြင်းခုန်မနေရအောင်၊ သိပ္ပံအစွန်းရောက် မဖြစ်ရလေအောင် အတွက်ဖြစ်ပါတယ်။ အစွန်းရောက်တယ် ဆိုတာကလည်း တစ်စုံတစ်ခုကို သေသေချာချာ မလေ့လာခြင်း၊ မသိနားမလည်ခြင်းကနေပဲ အစပြုတာ မဟုတ်ပါလား။

ဗြိတိသျှ အောက်စဖို့ဒ် အဘိဓာန်မှာတော့ “သိပ္ပံ” ဆိုတာကို ဒီလို အဓိပ္ပါယ် ဖွင့်ဆိုထားပါတယ်။

“စူးစမ်းလေ့လာမှုနှင့် လက်တွေ့ဆန်းစစ်ခြင်းမှတဆင့် ရုပ်ပိုင်းဆိုင်ရာနှင့် သဘာဝလောကကြီး၏ ဖွဲ့စည်းပုံများ၊ ပြုမူလုပ်ဆောင်မှုများကို စနစ်တကျလေ့လာမှုများဖြင့် လွှမ်းခြုံထားသော အသိပညာဆိုင်ရာနှင့် လက်တွေ့လုပ်ဆောင်မှု”

ဟူ၍ဖြစ်ပါတယ်။

အမေရိကန်တို့ ရဲ့ အားအထားရဆုံး online အဘိဓာန်ဖြစ်တဲ့ Merriam Webster မှာတော့ “သိပ္ပံ” ဆိုတာကို ဒီလို အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။

“အသိဉာဏ်ကင်းမဲ့ခြင်း (ဝါ) သဘောထားကွဲလွဲခြင်းမှ ခွဲခြားသိမြင်သော အသိပညာ”

ဟူ၍ဖြစ်ပါတယ်။

Australian Academy of Science website မှာတော့ “သိပ္ပံ” ကို “ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပြီးသားအရာတွေကနေ သိရှိလာရတဲ့ အသိပညာဗဟုသုတ လည်းဖြစ်သလို စူးစမ်းလေ့လာခြင်း၊ စူးစမ်းလေ့လာထားတဲ့အရာကိုအခြေတည်ပြီး အဆိုပြုချက်များ(Hypotheses) ဖော်ထုတ်တည်ဆောက်ခြင်း၊ ထိုအဆိုပြုချက်များကို သိပ္ပံနည်းစဉ်များသုံးပြီး လက်တွေ့စမ်းသပ်စစ်ဆေးခြင်းများအားဖြင့် အသိပညာဗဟုသုတ အသစ် များစုဆောင်းရယူခြင်း လုပ်ငန်းစဉ်လို့ ယူဆနိုင်ပါတယ်” လို့ပြောထားပါတယ်။ ဒါကလည်း တကယ်တော့ အထက်ပါ အဘီဓာန်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကိုပဲ ပြန်လည်မှီးငြမ်းထားတယ်လို့ ထင်ပါတယ်။

“သိပ္ပံနည်းစဉ်(Scientific method)မှာ နည်းလမ်းများနဲ့ ရလဒ်အဖြေများကို တုပပြီး ပြန်လည်ထပ်ခါထပ်ခါပြုလုပ်(Reproducible) လို့ရခြင်းဟာ ကျွန်တော် အကြိုက်ဆုံးခြေလှမ်းပဲဖြစ်ပါတယ်။ ပုံနှိပ်ဖတ်စာအုပ်တွေထဲမှာရေးထားတဲ့ လက်တွေ့စမ်းသပ်ချက်တွေကို အပြင်မှာ ပြန်လည်ပြုလုပ်လို့ရခြင်းဟာ သိပ္ပံပညာရဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ်။ပြန်လည်ပြုလုပ်လို့ မရနိုင်ရင်…ဒါဟာ သိပ္ပံ မဟုတ်ပါဘူး၊ သိပ္ပံနည်းကျတယ်လို့ မဆိုနိုင်ပါဘူး” လို့ JoVe ရဲ့ အမှုဆောင်အရာရှိချုပ်လည်းဖြစ်သူ၊ ဟားဗက်ဒ် ဆေးကျောင်း(Harvard Medical School) မှ ပါရဂူဘွဲ့လွန်သုတေသီတစ်ဦးဖြစ်တဲ့ Moshe Pritsker မှ သိပ္ပံနဲ့ ပတ်သတ်ပြီး အခုလိုပြောသွားပါတယ်။ ထိုကဲ့သို့ သိပ္ပံဆိုင်ရာ လေ့လာမှုပြုလုပ်သည့် ပညာရပ်ကို မြန်မာဘာသာစကားအားဖြင့် သိပ္ပံပညာ လို့ခေါ်ပါတယ်။ ဟုတ်ကဲ့…ဒီလောက်ဆိုရင် သိပ္ပံနဲ့ သိပ္ပံပညာ ရဲ့ မူရင်း အဓိပ္ပါယ်ဖွင့်ဆိုချက်ကို စာဖတ်သူတို့ တော်တော်လေးသဘောပေါက် နားလည်လောက်ပြီလို့ ထင်ပါတယ်။

သိပ္ပံပညာရပ်တွင် လက်တွေ့ သက်သေပြနိုင်မှသာ မှန်ကန်သည်ဟု ယူဆထားကြပါတယ်။ ယခုလက်ရှိ အယူအဆထက် ပိုကောင်းသောအယူအဆ တွေ့ရှိချက်များ ပေါ်လာလျှင်လည်း မူလအယူအဆဟောင်းအား ပယ်ဖျက်ကာ အယူအဆသစ်အား ချက်ချင်းလက်ခံရန် ဝန်မလေးပေ။ ဒီတစ်ချက်က သိပ္ပံပညာရဲ့ အလွန်ချစ်စရာကောင်းတဲ့အချက်တစ်ချက်ပဲဖြစ်ပါတယ်။ တစ်ခုတော့ သတိချပ်စေလိုပါတယ်။ သင်ဟာ သိပ္ပံပညာကို အမှား၊ အမှန်ကို တိုင်းတာတဲ့ “စံ” တစ်ခုအနေနဲ့ အသုံးပြု၍မရပါ။ အကြောင်းမှာ သိပ္ပံပညာတွင် ယခုလက်ရှိအများလက်ခံထားတဲ့ အယူအဆထက် ပိုကောင်းသောအယူအဆ တွေ့ရှိချက်အသစ်များ ပေါ်လာလျှင်လည်း အယူအဆဟောင်းကိုပယ်ပစ်ပြီး အယူအဆသစ်အား ချက်ချင်းလက်ခံရန် ဝန်မလေးသောကြောင့်ပင်ဖြစ်ပါတယ်။ အမြဲပြောင်းလဲနေတဲ့အရာကို အမှား၊ အမှန် ခွဲခြားတဲ့နေရာမှာ စံတစ်ခုအနေနဲ့ အသုံးပြုရန် မသင့်တော်ပါ။ သို့ရာတွင် အမှား၊ အမှန်ကို ဝေဖန်ပိုင်းခြားတဲ့ တန်ဆာပလာ တစ်ခုအနေနဲ့ဆိုရင်တော့ အရမ်းပဲ အသုံးဝင်ပါတယ်။ သိပ္ပံပညာသည် အထက်က ဖော်ပြပေးခဲ့ပြီးသည့်အတိုင်း ဤစကြဝဠာကြီးထဲက ရုပ်ပိုင်းဆိုင်ရာနဲ့ သဘာဝတရားကြီးကိုသာ လေ့လာနိုင်တဲ့ ပညာဖြစ်တဲ့အတွက်၊ သဘာဝတရားကြီးဟာ ဘယ်လိုတွေလည်ပတ်နေသလဲ၊ ကျွန်တော်တို့သဘာဝတရားကြီးနဲ့ ဘယ်လိုသဟဇာတဖြစ်အောင်နေနိုင်သလဲဆိုတာကိုသိအောင် ကူညီပေးနိုင်တယ်မှန်သော်လည်း တစ်ဖက်မှာ သိပ္ပံပညာက သင့်အားအဖြေမပေးနိုင်သေးတဲ့ မေးခွန်းတွေလည်းကျန်ရှိနေပါသေးတယ်။ အဲ့ဒါတွေထဲက အချို့ကတော့

ကျွန်တော်တို့ ဘယ်ကနေလာတာလဲ။

ကျွန်တော်တို့ သေသွားရင် ဘာဖြစ်မလဲ။

ကျွန်တော်တို့ ဒီလောကကြီးမှာ အသက်ရှင်နေရတဲ့ရည်ရွယ်ချက်က ဘာလဲ။

ကျွန်တော်တို့ကို ဘယ်အရာက အိပ်မက်မက်စေတာလဲ။

သြတ္တပ္ပစိတ်/လိပ်ပြာ(Conscience) ဆိုတာ ဘာလဲ။

မဟာပေါက်ကွဲမှု(Big Bang) မတိုင်ခင်က အဖြစ်အပျက်တွေက ဘာတွေလဲ..စသဖြင့်
ဖြစ်ပါတယ်။

လူသားနှင့် သိပ္ပံ

ကျွန်တော်တို့ မွေးကတည်းကစပြီး ပတ်ဝန်းကျင်မှာ ဖြစ်ပျက်လျက် ရှိသောဒြဗ်တို့ရဲ့ အလယ်၌ နေခဲ့ရတဲ့အတွက် အာရုံခံစားတတ်သည့်အရွယ်မှာ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်ကို အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့ တည်းဟူသော အာရုံငါးပါးနှင့် တဖြည်းဖြည်းခံစားတတ်လာကြပါတယ်။ ကမ္ဘာဦးကတည်းက လူသားတွေဟာ ကမ္ဘာ လောက ကြီးအတွင်း ဖြစ်ပျက်နေသမျှသော အကြောင်းအရာ တို့ကို အာရုံငါးပါးနှင့် ခံစားတတ်လာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ သူတို့၏ပတ်ဝန်းကျင်ရှိ အရာဝတ္ထုဒြဗ်တို့၏ ဂုဏ်သတ္တိတို့ကို နားလည်သိရှိလာခဲ့ကြပါတယ်။ သစ်ပင်တစ်ပင်က အသီးသီးနေတာတွေ့ ကိုက်စားကြည့်မယ်။ ချိုတဲ့အသီးကချို၊ ချဉ်တဲ့အသီးကချဉ် စသဖြင့် အရသာမျိုးစုံ သိလာမယ် အရသာခံတတ်လာခဲကြတယ်။ သောတအာရုံအားဖြင့်ခြင်္သေ့ဟောက်သံ၊ ကျားဟိန်းသံ စသည်တို့ကိုလည်း သိလာခဲ့ကြမယ်။ အဲ့လိုနဲ့ လူသားတွေဟာ ထိုအာရုံငါးပါးနှင့်ခံစားမိသည့်အချက်တို့ကို စုပေါင်း၍ သူ့၌ အသိဉာဏ် ကိုရရှိလာပါတော့တယ်။ ဘောလုံးငယ်တစ်လုံးကို စားပွဲအစွန်းတဘက်သို့ လှိမ့်လိုက်ပါက စားပွဲစွန်းလွန်သည့်တစ်ခဏ၌ ဘောလုံးသည် ဆက်လက်၍လိမ့်မသွားဘဲအောက်သို့ကျသွားသည်ကိုတွေ့ရမည်။ ထိုအခြင်းအရာမှာ အမှန်ဖြစ်တတ်သောအခြင်းအရာမျိုး ဖြစ်၍ ထိုအခြင်းအရာမျိုးကို သိရှိလာသူဟာ သူရဲ့အသိတရားကို တဖြည်းဖြည်းနဲ့ စွဲမြဲယုံကြည်လာမယ်။ လှိမ့်လိုက်သောဘောလုံးငယ်လေးကို စားပွဲအစွန်းတစ်ဖက်မှာ ပျောက်ကွယ်သွားသောအခါတွင် ထိုသူသည်ဘောလုံးကို အိမ်ခေါင်မိုးဆီသို့ မော့ကြည့်ရှာဖွေမနေဘဲကြမ်းပြင်သို့သာ ငုံ့ကြည့်ရှာဖွေမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူရဲ့အသိတရား ကို ယုံကြည်စွဲမြဲလျက်ရှိသောကြောင့်ဖြစ်ပါတယ်။

ထိုနောက် မှို့စကလေးတစ်စသည် အောက်သို့မကျပဲ လေထဲ၌စီးလိုက်ပါသွားသည်ကို တွေ့ကြရသောအခါမှာလည်း ဘာကြောင့်အဲ့လိုဖြစ်ရတာလဲဆိုပြီး စုံစမ်းလိုစိတ်ပေါ်လာကြမယ်။ ထိုအခြင်းအရာကို လေ့လာကြည့်ကြတဲ့အခါ လေထက်ပေါ့သောအရာဝတ္ထုတွေဟာ လေထဲ၌ပျံဝဲခြင်း၊ သို့မဟုတ် ပျံတက်ခြင်းတို့ကို ပြုလုပ်နိုင်သည်ကို သိရှိလာကြတယ်။ ထိုအခါ မူလက အရာဝတ္ထုတို့၏ အောက်သို့ကျ တတ်သောသဘောကိုနားလည်းထားသူတွင် အသိတစ်ခုတိုးလာလေတော့သည်။ ထို အသိသစ် မှာ ထိုသူအဖို့သိပ္ပံပညာတစ်ရပ်ဖြစ်လေသည်။ ဒီသိပ္ပံပညာရပ်ကိုကျတော့ ရူပဗေဒ(Physics) သိပ္ပံပညာဖြစ်ပါတယ်။ ထို့နောက် လူတို့အားများစွာ အသုံးဝင်စေသော တိရစ္ဆာန်နှင့် သစ်ပင်တို့ကို သတိပြုမိလာ ကြ၍ ထိုအကြောင်းအရာတို့ကို လေ့လာကြသောအခါ ဇီဝဗေဒ(Biology)ဆိုင်ရာ သိပ္ပံပညာ စတင်ပေါ်ပေါက်လာပါတော့တယ်။ ဇီဝဗေဒကို တိရစ္ဆာန်တို့နှင့်ဆိုင်သော ပါဏဗေဒ(Zoology)နှင့် သစ်ပင်တို့နှင့်ဆိုင်သော ရုက္ခဗေဒ(Botany)ဟူ၍ နှစ်ပိုင်းခွဲခြားထားသည်။ ပါဏဗေဒအောက်တွင် တစ်ဖန် ငှက်များနှင့်သာဆိုင်သော ငှက်အမျိုးမျိုးအကြောင်းပညာဟူ၍ သီးခြားတစ်ဘာသာ ခွဲထားရပြန်လေသည်။

အရာဝတ္ထုနှင့်သက်ဆိုင်သော နိယာမများကိုလေ့လာရှာဖွေရာမှ တဖြည်းဖြည်းနှင့် သိပ္ပံပညာနယ်ပယ်သည် ကျယ်ဝန်းသည်ထက် ကျယ်ဝန်းလာခြင်းသာဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ သိပ္ပံပညာ ဘယ်လောက်ထိ နက်နဲ့ကျယ်ဝန်းလားသလဲဆိုရင် ဘယ်သူတစ်ဦးတယောက်မျှ သိပ္ပံပညာအားလုံးကုန်အောင် နှံ့စပ်စွာတတ်ကျွမ်း နားလည်နိုင်မည်မဟုတ်ပေ။ ဘာလို့လဲဆိုတော့ သိပ္ပံပညာတွင် ပညာရပ်အမျိုးမျိုးပါဝင်၍ ပညာရပ်တစ်ခုစီသည်ပင်ကျယ်ဝန်းလှသဖြင့်သီးခြားလေ့လာသင် ကြားရန် လိုအပ်သောကြောင့်ဖြစ်ပေသည်။ သိပ္ပံပညာတွင် ဇီဝဗေဒ၊ ရူပဗေဒ၊ ဓါတုဗေဒ၊စသည့် ပညာရပ်များမှာ သီးခြားအကြောင်းအရာများဖြစ်သည့် ပညာရပ်များဖြစ်၍ သင်္ချာနှင့် ယုတ္တိဗေဒ(Logic)တို့မှာ အကြောင်းအရာ အမျိုးမျိုးနှင့် သက်ဆိုင်သည့် ပညာရပ်များဖြစ်ပါတယ်။ ထိုပညာရပ်နှစ်မျိုးအား အခြားပညာရပ်များနှင့်လည်း ဆက်သွယ်ပေးနိုင်ပါတယ်။ အသုံးချမှုသင်္ချာပညာမှာ ရူပဗေဒနှင့် သင်္ချာတို့ကိုဆက်သွယ်ပေးထားသောပညာရပ် ဖြစ်၏။ ထို့အပြင် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒစသည့် သိပ္ပံပညာရပ်အားလုံးတို့သည်လည်း တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက်ရှိကြပြန်သည်။ အထက်ပါပညာရပ်များအပြင် ဘူမိဗေဒ(Geology)၊ မနုဿဗေဒ(Archeology)စသည့် သိပ္ပံပညာရပ်များလည်း ရှိသေးရာ ထိုပညာရပ်အားလုံးကို ကုန်စင်အောင်ဖေါ်ပြရလျှင်အလွန်ရှည်လျားပေမည်။ စက်မှုလက်မှုများတိုးတက်လာသောအခါ သိပ္ပံပညာ၏နိယာမများကို စက်မှုလက်မှုတို့တွင်ယှဉ်တွဲ အသုံးချခြင်းဖြင့် အသုံးချသိပ္ပံပညာဟူ၍ပညာသစ်တစ်ရပ် ပေါက်ဖွားလာပြန်လေသည်။ အသုံးချသိပ္ပံပညာတွင် အင်ဂျင်နီယာပညာ၊ ဆေးပညာ၊ စိုက်ပျိုးရေးပညာ၊ စသည်တို့ပါဝင်ပါတယ်။

သိပ္ပံပညာ အခြေခံကိုင်းခွဲများ

သိပ္ပံပညာအခွဲများကို အုပ်စုအနေနဲ့ ပြန်ပြောရရင်

  • သဘာဝသိပ္ပံပညာ (Natural Science) – ဇီဝဗေဒသိပ္ပံ(သက်ရှိများကို လေ့လာခြင်း)နှင့် ရူပဗေဒသိပ္ပံ (အာကာသ သိပ္ပံ၊ ဓာတုဗေဒ၊ ရူပဗေဒ)
  • လူမှုသိပ္ပံပညာ (Social Science) – လူနှင့် လူမှုအသိုင်းဝန်း၏ ပြုမူမှုများကို လေ့လာခြင်း
  • မူရင်းသိပ္ပံပညာ (Formal Science) – လက်တွေ့ သိပ္ပံပညာကဲ့သို့ ကျိုးကြောင်းညီညွတ်မှု(Logic)ကို အခြေခံပြီး စနစ်ကြသော လေ့လာမှုများမှ ရရှိလာသော အသိပညာ ဖြစ်သည်မှာ တူညီကြသည်။ ကွာခြားချက်မှာ ဖြစ်ရပ်ကို သုံးသပ်ရာတွင် လက်တွေ့ ဖြစ်ရပ်ကို မသုံးပဲ မူလအဆိုပြုချက် ကိုသာသုံးသည်။
  • အသုံးချ သိပ္ပံပညာ (Applied Science) – သိပ္ပံပညာ၏နိယာမများနဲ့ လက်ရှိသိရှိပြီးသား သိပ္ပံအသိ များကို သုံးကာ လူသားဆို့ လိုအပ်ချက်အတွက် အသုံးပြုသော သိပ္ပံပညာ

ဟူ၍ ဖြစ်ပါတယ်။

သဘာဝသိပ္ပံပညာနဲ့ လူမှုသိပ္ပံပညာတို့ဟာ လက်တွေ့သိပ္ပံပညာ(Experimental/Operational Science)ဖြစ်သောကြောင့် လေ့လာတွေ့ရှိချက်များအပေါ်မှ စမ်းသပ်ခံနိုင်သော အသိပညာတွင် အခြေခံပါတယ်။ ဘူမိဗေဒ၊ ကျောက်ဖြစ်ရုပ်ကြွင်းပညာ၊ စကြဝဠာဗေဒတို့လိုမျိုး သိပ္ပံပညာတွေကျတော့ ယခုပစ္စုပ္ပန်မှာရှိတဲ့ အချက်အလက်၊ အထောက်အထားတွေကို ကြည့်ပြီး အတိတ်ကာလက ဖြစ်ရပ်များကို လေ့လာသုံးသပ်ကြရတဲ့ ပညာရပ်များသည့်အားလျော်စွာ တိုက်ရိုက်လက်တွေ့စမ်းသပ်လို့မရ သည့်အတွက် ထိုပညာရပ်များကို သမိုင်းကြောင်းဆိုင်ရာသိပ္ပံပညာ(Historical Science) လို့ခေါ်ပါတယ်။

 

သိပ္ပံပညာနှင့် သမ္မာကျမ်းစာအမြင်

ဘုရားမဲ့ဝါဒီ(သံသယဝါဒီ)သမားများသည် ထာဝရဘုရား၏ သမ္မာကျမ်းစာက ကျွန်တော်တို့လူသားတွေ သိပ္ပံပညာကို လေ့လာဆည်းပူးခြင်းမှ တားမြစ်ပိတ်ပင်ရန်ဆုံးမသွန်သင်ထားသည်၊ တိုက်တွန်းထားသည်ဟု အထင်လွဲမှားတတ်ကြပါတယ်။ ဒါ့အပြင် သိပ္ပံပညာအားဖြင့် အသစ်သစ်သောရှာဖွေတွေ့ရှိမှုများက သမ္မာကျမ်းစာထဲမှ အချို့သောအကြောင်းအရာများသည် မှားနေကြောင်းသက်သေထူနေတယ်၊ ဘုရားသခင်ဆိုတာလည်း မရှိဘူးလို့ ပေါ်ပေါ်ထင်ထင် ကြွေးကျော်လာကြပါတယ်။ သိပ္ပံပညာနဲ့ ခရစ်ယာန်ယုံကြည်ကိုးကွယ်မှု(ဘာသာတရား)က ရန်သူတွေအလား၊ ဘယ်တော့မှမဆုံနိုင်တော့မယ့် မျဥ်းပြိုင်နှစ်ခုအလား ထိုသူများ လွဲမှားစွာရှုမြင်တတ်ကြပါတယ်။ ဒီလိုအထင်လွဲမှားရခြင်းမှာလည်း အတိတ်တစ်ချိန်က ရောမကတ်သိုလစ်အသင်းတော်တန်းခိုးအာဏာထွန်းတောက်နေစဥ်ကာလ၌ အသင်းတော်နှင့် လူအများလက်ခံယုံကြည်ထားကြတဲ့ အယူအဆဟောင်းကို ဆန့်ကျင်သလိုဖြစ်တဲ့အယူအဆသစ်များ လူသိရှင်ကြားတင်ပြလာတဲ့သိပ္ပံဖခင်ကြီးများ(အထူးသဖြင့် ဆရာကြီး ဂယ်လီလီယို)အား အင်အားသုံးနှိပ်ကွပ်မှုတွေကြောင့်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ထိုသူများသာမက အချို့သောခရစ်ယာန်များကိုယ်၌ကလည်း သိပ္ပံပညာကို မတတ်ကောင်းသောအတတ်သဖွယ် လွဲမှားစွာရှုမြင်တတ်သည်မှာ တကယ်စိတ်မကောင်းစရာပါ။ သမ္မာကျမ်းစာသည် သိပ္ပံပညာနဲ့ပတ်သတ်ပြီးအများကြီးပြောထားပါတယ်။ သိပ္ပံပညာဟာ ကောင်းတဲ့အတတ်ပညာလို့ ဖော်ပြထားပြီး တစ်ခါတစ်လေ သိပ္ပံပညာကို လွဲမှားစွာအသုံးမချမိဖို့ကိုလည်း သတိပေးထားပါသေးတယ်။

“ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ်ခမ်းသည် သိပ္ပံ အတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာ ကိုမှတ်ကျုံး၍၊ ငါပေးသောဥာဏ်သို့ သင့်နားကို လှည့်လော့။” (သုတ္တံကျမ်း ၅း၁-၂)

“ငါ့ဥာဏ်ပညာသည် သမ္မာသတိနှင့်ပေါင်း၍၊ လိမ္မာသော သိပ္ပံ အတတ်များကို ဘော်တတ်၏။” (သုတ္တံကျမ်း ၈း၁၂)

“ပညာရှိသော သူကိုဆုံးမလျှင်၊ သူသည် သာ၍ ပညာရှိလိမ့်မည်။ ဖြောင့်မတ်သောသူကို သွန်သင်လျှင်၊ သူသည် သိပ္ပံ အတတ်တိုးပွါးလိမ့်မည်။” (သုတ္တံကျမ်း ၉း၉)

“ဉာဏ်ပညာနှင့်တကွ သိပ္ပံ အတတ်အမျိုးမျိုးတို့ကိုငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။” (ထွက်မြောက်ရာကျမ်း ၃၁း၅)

“ဥာဏ်တိမ်သော သူသည်မိုက်ခြင်းကို အမွေခံ တတ်၏။ ပညာသတိရှိသောသူမူကား၊ သိပ္ပံ သရဖူကိုဆောင်းတတ်၏။” (သုတ္တံကျမ်း ၁၄း၁၈)

သိပ္ပံ အတတ်နှင့်ပြည့်စုံသော သူသည် စကား မများတတ်။ ဥာဏ်ကောင်းသောသူသည်လည်း၊ ဧသော စိတ်ရှိတတ်၏။” (သုတ္တံကျမ်း ၁၇-၂၇)

အထက်ပါကျမ်းချက်များအားဖြင့် ဘုရားသခင်သည် သိပ္ပံပညာလေ့လာခြင်းအား တားဆီးပိတ်ပင်ထားခြင်းမရှိကြောင်းထင်ရှားသည့်အပြင် ဉာဏ်ပညာနှင့်တကွ သိပ္ပံ အတတ်အမျိုးမျိုးပင်လျှင် ဘုရားသခင်ပေးထားတာဖြစ်ကြောင်း ပြောထားပါသေးတယ်။ သတိချပ်စေလိုပါတယ်။ သိပ္ပံပညာသည် ရှိနှင့်နေပြီးသားအရာများကို နားလည်သဘောပေါက်အောင် လေ့လာနေတဲ့ပညာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဘုရားသခင်ဖန်ဆင်းပြီးသားအရာတွေကို နားလည်သဘောပေါက်အောင် မနည်းကြိုးစားလေ့လာနေရတာဖြစ်ပါတယ်။ ဘုရားသခင်ကို သိပ္ပံပညာကို အားကိုးပြီး အံတုစရာအကြောင်းမရှိပါ။

ဘုရားသခင်က သူ့ရဲ့ချစ်ခြင်းမေတ္တာ၊ ဘုန်းအာနုဘော်တော်တို့ကို လူသားများသိရှိခံစားနိုင်စေရန် စာအုပ် (၂)အုပ်ပေးထားပါတယ်။ တစ်အုပ်က နှုတ်ကပတ်တော်သမ္မာကျမ်းစာအုပ် (The Book of Scripture) ဖြစ်ပြီး နောက်တစ်အုပ်ကတော့ သဘာဝတရားစာအုပ်ကြီး(The Book of Nature) ပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာအုပ်ကို ဖတ်ရှုလေ့လာဆင်ခြင်ခြင်းအားဖြင့် ဖန်ဆင်းရှင်ဘုရားသခင်ရှိကြောင်းသိရပြီး သူသည် အရာခပ်သိမ်း (စကြဝဠာ)ကို ဖန်ဆင်းတဲ့အရှင်ဖြစ်ပြီး သူဖန်ဆင်းတဲ့အရာများကို ထိန်းသိမ်းစောင့်ရှောက်တဲ့အရှင်ဖြစ်ကြောင်း၊ အလုံးစုံကို အတူတကွထိန်းချုပ်ထားတဲ့အရှင်ဖြစ်ကြောင်း၊ ထိုထဲမှာမှ စကြဝဠာတစ်ခုလုံးကို လူသားတွေအတွက်ဖန်ဆင်းပေးထားတာဖြစ်ကြောင်း၊ လူသားတစ်ယောက်ရဲ့ အသက်ဝိညာဥ်သည် စကြဝဠာတစ်ခုလုံးထက် သာ၍အဖိုးတန်ကြောင်း၊ လူသားတွေကို အချစ်ဆုံးဖြစ်ကြောင်း ဖော်ပြထားပါတယ်။ လူသားတွေလွန်ကျူးတဲ့အပြစ်တွေကို ခွင့်လွှတ်ကယ်တင်တဲ့အရှင်ဖြစ်ကြောင်း၊ ဘုရားသခင်ရဲ့သားတော်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံတဲ့သူတိုင်းကို ထာဝရအသက်ပေးမည်ဟု ကတိတော်ထားတော်မူသောဘုရားသခင်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

“ထာဝရဘုရားသည် ကောင်းမြတ်တော်မူသည် အကြောင်းကို မြည်းစမ်း၍သိမှတ်ကြလော့။ …”(ဆာလံကျမ်း ၃၄း၈)

ဘုရားသခင်ရဲ့ The Book of Scripture ထဲကအရာတွေကို ကျွန်တော်တို့ သက်ဝင်ယုံကြည်နိုင်အောင် ဘုရားသခင်က The Book of Nature ကို ပေးထားတာဖြစ်ပါတယ်။ သိပ္ပံပညာအားဖြင့် သဘာဝတရားကြီးကို လေ့လာကြသည့်အခါ အသစ်သစ်တွေ့ရှိသော သိပ္ပံတွေ့ရှိချက်များ(Scientific Discoveries)အားဖြင့် ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းလက်ရာတော်များရဲ့ နက်နဲဆန်းပြားမှုများကို တဖြည်းဖြည်းသိလာခဲ့ကြပါတယ်။ ဘုရားသခင်က တရားမျှတသောအရှင်ဖြစ်တဲ့အတွက် သူ့ကို အတင်းအဓမ္မမျက်စိမှိတ်စွတ်ယုံခိုင်းတာမျိုးမလုပ်ပါ။ “မြည်းစမ်း၍သိမှတ်ကြပါ”တဲ့။ ဘုရားသခင်က လူလက်နဲ့ ထုလုပ်ထားတဲ့ဘုရားမဟုတ်တဲ့အတွက်၊ လူတွေရဲ့ စိတ်ကူးထဲက ပုံဖော်ထားတဲ့ဘုရားမဟုတ်တဲ့အတွက် အစစ်ဆေးခံနိုင်တဲ့ဘုရားဖြစ်ပါတယ်။ ယုံနိုင်လောက်တဲ့ သက်သေအထောက်အထားတွေလည်းပေးထားပြီးပါပြီ။ ထိုသက်သေများကို ပိုမိုတွေ့ရှိလာအောင်၊ ပိုမိုသိရှိလာအောင် သိပ္ပံပညာက ကျွန်တော်တို့အား အကူအညီပေးပါတယ်။

“သမ္မာတရားကိုအဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်း အမှုအမျိုးမျိုးတို့ တဘက်၌ဘုရားသခင်၏ အမျက်တော်သည်ကောင်းကင်မှ ထင်ရှားလျက်ရှိ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အား ပြတော်မူပြီ။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကို ထောက်ရှုသဖြင့်၊ ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထိုကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။ အကြောင်းမူကား၊ ထိုသူတို့သည် ဘုရားသခင်ကို သိလျက်ပင်၊ ဘုရားသခင်ကိုချီးမွမ်းသင့်သည် အတိုင်း မချီးမွမ်းကျေးဇူးတော်ကိုလည်း မသိမမှတ်၊ အချည်းနှီး တွေးဆခြင်း၊ သတိမရှိသောစိတ်နှလုံးကို မိုက်မဲခြင်းသို့ ရောက်ကြ၏။ ပညာရှိယောင်ဆောင်လျက်နှင့် လူမိုက်အရာ၌ တည်ကြသည်ဖြစ်၍၊ မဖေါက်ပြန်မပျက်စီးနိုင်သော ဘုရားသခင်၏ ဂုဏ်တော်ကိုပယ်လျက်၊ ဖေါက်ပြန်ပျက်စီးတတ်သော လူ၏ ရုပ်တု၊ သားငှက်အစရှိသော တွားတတ်သော တိရစ္ဆာန်၏ရုပ်တုကို ဘုရားသခင်အရာ၌ ချီးမြှောက် ကြ၏။” (ရောမဩဝါဒစာ ၁း၁၈-၂၃)

ဘုရားသခင်ကို ယုံကြည်ခြင်းက သိပ္ပံပညာလေ့လာဆည်းပူးရာတွင် အဟန့်အတား၊ အတားအဆီးတစ်ဖွယ် မဖြစ်ပါ။ ဘုရားသခင်တည်ရှိကြောင်း သဘာဝတရားကြီးကို စူးစမ်းလေ့လာစစ်ဆေးခြင်းအားဖြင့် ပိုပြီးသိနိုင်သလို ထိုယုံကြည်ခြင်းကပင် ကျွန်တော်တို့ကို သိပ္ပံပညာအား ဆည်းပူးလိုစိတ်၊ အရာအရာကို စူးစမ်းသိလိုစိတ်ကို မြှင့်တင်ပေးနေပါတယ်။ ၁၆ ရာစု အလွန်လောက်က အစပြုလို့ သိပ္ပံပညာတိုးတက်ထွန်းကားလာအောင် စွန့်ဦးလုပ်ဆောင်ခဲ့သူများမှာ ဖန်ဆင်းရှင်ထာဝရဘုရားနှင့် သူ၏ သမ္မာကျမ်းစာကို ယုံကြည်သော ခရစ်ယာန်အသိုက်အဝန်းများထဲမှ ထွက်ပေါ်လာသည်ကိုတော့ မည်သူမျှငြင်းနိုင်မည် မဟုတ်ပေ။ ဆရာကြီး နီကိုးလပ်စ် ကော့ပါးနီးကပ်စ်(Nicolaus Copernicus)၊ ဆရာကြီး ဂျိုဟန်နပ်စ် ကပ်ပလာ(Johannes Kepler)၊ ဆရာကြီး ဂယ်လ်လီလီယို(Galileo Galilei) စသည့် သိပ္ပံဖခင်ကြီးများအားလုံးဟာ ဖန်ဆင်းရှင်ဘုရားသခင်အားယုံကြည်ကိုးကွယ်သော ခရစ်ယာန်များဖြစ်ကြပါတယ်။

“ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံးတိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။” (ဒေသနာကျမ်း ၃း၁၁)

“The more we know, the more mystery there is!”

“မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသ၏။ တနေ့ကိုတနေ့မြွက်ဆို၍၊ တညဉ့်ကို တညဉ့် သွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ နှုတ်ထွက်သံကို မကြားရသော်လည်း၊ သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင် ရောက် လေ၏။” (ဆာလံကျမ်း ၁၉း၁-၄)

တစ်ဖက်မှာလည်း သိပ္ပံပညာကို အမှီပြုလွန်းပြီး ဘုရားသခင်မရှိဘူးဟု ကြွေးကြော်နေသူများကိုလည်း ဆာလံကျမ်း ၁၄း၁-၂ တွင်

“ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆွေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော အမှုကို ပြုတတ်ကြ၏။ ကောင်းသောအမှုကို ပြုသော သူတယောက်မျှမရှိ”

ဟု သတိပေးထားပါတယ်။

“ပရောဖက်ဥာဏ်ကို ငါရ၍၊ နက်နဲသော အရာရှိ သမျှတို့နှင့် သိပ္ပံအတတ်အမျိုးမျိုးကို တတ်သော်၎င်း၊ တောင်များကိုရွှေ့နိုင်သော ယုံကြည်ခြင်းအမျိုးမျိုးနှင့် ပြည့်စုံသော်၎င်း၊ မေတ္တာမရှိလျှင် အချည်းနှီးသက်သက် ဖြစ်၏။ ” (၁ ကော ၁၃း၂)

ကိုးကားထားသောစာပေအရင်းအမြစ်များ