Skip to content
ThyLogos

ကျွနု်ပ်တို့သည် အခြားသူများ၏ ယုံကြည်ကိုးကွယ်မှု၊ ဘာသာတရားများနှင့် ယဥ်ကျေးမှုဓလေ့ထုံးတမ်းစဥ်လာများအားတိုက်ခိုက်ပုပ်ခတ်ခြင်းမျိုးအား ရှောင်ရှား၍ ချစ်ခြင်းမေတ္တာပါသော နူးညံ့သိမ်မွေ့ခြင်း သဘော၊ အခြားသူများအား ရိုသေလေးမြတ်ခြင်းသဘောများဖြင့် ယုတ္တိဗေဒများ၊ ဒဿနိကဗေဒများ၊ တတ်သိနားလည်သော ဆရာကြီးများ၏ သိပ္ပံပညာဆိုင်ရာ ရှာဖွေတွေ့ရှိချက်များ၊ ခရစ်တော်သာသနာဂုဏ်တော်ကို ညှိုးနွမ်းစေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်သော အယူအဆပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်းအမျိုးမျိုး၊ လှောင်ပြောင်စော်ကားခြင်းအမျိုးမျိုးအား ခရစ်ယာန်ကျိုးကြောင်းပြကာ ခုခံတုံ့ပြန်ခြင်းများ၊ ကိုယ်ကျင့်သီလ၊ အကျင့်သိက္ခာဆိုင်ရာ တန်ဖိုးများအားဖြင့် ယုံကြည်လောက်ဖွယ်သော သက်သေအထောက်အထား၊ ခိုင်လုံသောအကြောင်းပြချက်များပေးကာ သခင်ယေရှု ခရစ်တော်ဘုရား၏ ဧဝံဂေလိတရားတော်အား လူတိုင်းကြားသိနိုင်စေရန်နှင့် ယုံကြည်လက်ခံလာနိုင်စေရန်၊ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ အကျိုးအမြတ်မယူ၊ ကိုယ်ကျိုးမဖက်ဘဲ သက်သေခံဝေငှသွားကြမည်ဖြစ်ပါသည်။

book

ထာဝရဘုရား၏ သမ္မာကျမ်းစာသည် (၁၀၀ %) ရာနှုန်းပြည့်မှန်ကန်ပြီး အမှားအယွင်းလုံးဝမရှိသော ဘုရားသခင်၏ တစ်ခုတည်းသော နှုတ်ကပတ်တော်ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။

paper-stack

ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတည်းဟူသော ထာဝရဘုရား၏ သမ္မာကျမ်းစာသည် ဓမ္မဟောင်းကျမ်း (၃၉) ကျမ်းနှင့် ဓမ္မသစ်ကျမ်း (၂၇) ကျမ်း၊ စုစုပေါင်း (၆၆) ကျမ်းပါဝင်သော သမ္မာကျမ်းစာအုပ်ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။

balance

ကျွနု်ပ်တို့၏ တွေးတောဆင်ခြင်ခြင်းများ၊ ပြောဆိုဆက်ဆံခြင်းများနှင့် ပြုမူကျင့်ကြံခြင်းများသည် သမ္မာတရားနှင့် ညီသည်၊ မညီသည်ကို တိုင်းတာရာ၌လည်းကောင်း၊ ခရစ်ယာန်ဩဝါဒပိုင်းဆိုင်ရာများနှင့်ပတ်သက်ပြီး အမျိုးမျိုးသောငြင်းခုန်မှုများဖြစ်ပေါ်လာပါက မည်သူ မှန်ကြောင်း၊ မှားကြောင်း ပိုင်းခြားရာ၌လည်းကောင်း ထာဝရဘုရား၏ သမ္မာကျမ်းစာသည်သာ အမြင့်ဆုံးသော စံနှုန်းဖြစ်ကြောင်းနှင့် တရားအဆုံးအဖြတ်ပေးမည့် နောက်ဆုံးသောအခွင့်အာဏာတည်ရာဖြစ်ကြောင်း ကျွနု်ပ်တို့ယုံကြည်ကြသည်။

နှုတ်ကပတ်တော်

ကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ကျမ်းစာပါအကြောင်းအရာများအားလုံးသည် သမိုင်းကြောင်းအရသော်လည်းကောင်း၊ သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်များအရသော်လည်းကောင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ လူ့ကျင့်ဝတ်များအရသော်လည်းကောင်း၊ ဝိညာဥ်ရေးရာအရသော်လည်းကောင်း အမှားအယွင်းလုံးဝမရှိဘဲ ရာနှုန်းပြည့်တိကျမှန်ကန်ကြောင်းနှင့် ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ထို့ကြောင့် သမ္မာကျမ်းစာပါ သုံးပါးတစ်ဆူထာဝရဘုရားသခင်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း၊ ဘုရားသခင်အား လူသားမျိုးနွယ်စုများ ပုန်ကန်ခြင်း၊ သခင်ယေရှုခရစ်တော်အားဖြင့် လူသားတို့အား ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ခြင်း စသည့် အရာအားလုံးအား ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ယနေ့ကျွနု်ပ်တို့လက်ဝယ်တွင်ရှိသော ဆရာယုဒဿန် ဘာသာပြန်ဆိုထားသော မြန်မာသမ္မာကျမ်းစာအုပ်သည် သမ္မာကျမ်းစာ၏မူရင်းဘာသာစကားများဖြစ်ကြသော ဟေဗြဲဘာသာ(Hebrew)၊ အာရမိဘာသာ(Aramaic)နှင့် ဂရိဘာသာ(Greek) များမှတိုက်ရိုက်ပြန်ဆိုထားသောကြောင့် မူရင်းအဓိပ္ပါယ်မှ သွေဖီမသွားဘဲ မှန်ကန်တိကျမှုရှိသော  မြန်မာဘာသာပြန်ကျမ်းအဖြစ် ကျွနု်ပ်တို့ လက်ခံယုံကြည်ကြသည်။ ထိုကဲ့သို့သော မြန်မာဘာသာစကားဖြင့် မြန်မာသမ္မာကျမ်းစာအုပ် ဖြစ်ပေါ်လာစေသော အဓိကပဲ့ကိုင်ရှင်မှာလည်း သန့်ရှင်းသောဝိဉာဥ်တော်ဘုရား သာဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။

ဖန်ဆင်းခြင်း

ရူပဗေဒဆိုင်ရာ စကြဝဠာကြီးနှင့် သဘာဝတရားကြီးသည် မျက်မြင်မရသော ဘုရားသခင်၏ မျက်မြင်ထင်ရှားတွေ့မြင်နိုင်သော ထာဝရဘုရား၏ ဖန်ဆင်းခြင်းလက်ရာတော်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ မိုဃ်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍၊ မိုဃ်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကိုပြသသောကြောင့် ထိုဖန်ဆင်းခြင်းလက်ရာတော်များအားဖြင့် ဘုရားသခင်၏ ပုဂ္ဂိုလ်တော်ဖြစ်ခြင်း၊ ဘုရားသခင်၏ သဘောသဘာဝတော်၊ ဘုရားသခင်၏ ဖန်ဆင်းခြင်းရည်ရွယ်ချက်များ၊ ဘုရားသခင်၏ အုပ်စိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်တော်၊ ဘုရားသခင်၏ ပညာတော်နှင့် ဘုရားသခင်တည်ရှိခြင်းအား ယုံကြည်စိတ်ချနိုင်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ကျွနု်ပ်တို့ နေ့စဥ်ကြုံတေွ့နေရသော ရူပဗေဒဆိုင်ရာများ၊ ဇီဝဗေဒဆိုင်ရာများ၊ ဓာတုဗေဒဆိုင်ရာများနှင့် လူမှုရေးရာဆိုင်ရာ ကဏ္ဍများအားြဖင့် ဘုရားသခင်၏ဖန်ဆင်းခြင်းလက်ရာတော်များကို သိရှိခံစားနိုင်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ထို့ကြောင့် ဘုရားသခင်ရဲ့ နှုတ်တော်ထွက်စကားတော်များ(သမ္မာကျမ်းစာ)နှင့် ဘုရားသခင် ဖန်ဆင်းထားတော်မူသောကမ္ဘာတည်းဟူသော (သဘာဝတရားကြီး) သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်ဖြစ်မနေဘဲ သဟဇာတဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူကြောင်း၊ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။

ဘုရားသခင်

ထာဝရတည်ရှိတော်မူ၍ နံဝိညာဥ်ဖြစ်တော်မူသော၊ အလွန်သန့်ရှင်းမြင့်မြတ်သော၊ တရားမှျတသော၊ ဖြောင့်မတ်မှန်ကန်သော၊ အလွန်ကောင်းမြတ်သော၊ အနန္တမေတ္တာတော်၊ အနန္တကျေးဇူးတော်၊ အနန္တပညာတော်၊ အနန္တတန်ခိုးတော်နှင့် ပြီးပြည့်စုံတော်မူသော၊ ပုဂ္ဂိုလ်တော် ဖြစ်တော်မူသော၊ စင်္ကြာဝဠာကြီးကို ဖန်ဆင်းတော်မူ၍ ကြည့်ရှုေစာင့်ရှောက်တော်မူသော တစ်ဆူတည်းသော ထာဝရဘုရားသခင်ကို ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ထိုတစ်ဆူတည်းသောဘုရားသခင်သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းေသာဝိညာဥ်ေတာ် တည်းဟူသော သုံးပါးတစ်ဆူထာဝရဘုရားဖြစ်ကြောင်း ကျွနု်ပ်တို့ယုံကြည်ကြသည်။ သမ္မာကျမ်းစာလာသည်အတိုင်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်တော်သည် ပုဂ္ဂိုလ်တော်အရ မတူညီသော သီးခြားပုဂ္ဂိုလ်သုံးပါးဖြစ်ပြီး လုပ်ဆောင်သည့် အခန်းကဏ္ဍများမှာလည်း မတူညီကြသော်လည်း ထာဝရအဖြစ်တော်အရ တစ်ဆူတည်းသောဘုရားသခင်ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်တော်သည် တန်းခိုးတော်၊ အဖြစ်တော်၊ ဘုန်းတော်၊ အခွင့်အာဏာတော် အသီးသီးတို့တွင် ထပ်တူညီကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ အချိန်၊ နေရာ၊ ဒြပ်တို့ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသခင်သည် အချိန်၊ နေရာ၊ ဒြပ်တို့၏ ပြင်ပ၌ တည်ရှိတော်မူသော်လည်း သားတော်သခင်ယေရှုခရစ်တော် အားဖြင့် ဤကမ္ဘာလောကကြီးသို့ ကြွလာတော်မူခဲ့သောအရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်ကြသည်။ သမ္မာကျမ်းစာလာသည်အတိုင်း ယေဟောဝါ(ယာဝေ) တည်းဟူသော ဘုရားသခင်၏နာမတော်သည် ခမည်းတော်ဘုရားသခင်တစ်ပါးတည်း၏ နာမတော်မဟုတ်ဘဲ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဥ်တော် သုံးပါးတစ်ဆူထာဝရဘုရားသခင်၏ နာမတော်သာဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ သမ္မာကျမ်းစာလာသည်အတိုင်း “ယေရှု” တည်းဟူသော ထိုသခင်၏ နာမတော်မှတပါး ကျွနု်ပ်တို့ကို ကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိကြောင်း ကျွနု်ပ်တို့ ယံုကြည်ကြသည်။

သခင်ယေရှုခရစ်တော်

သခင်ယေရှုခရစ်တော်သည် စစ်မှန်သောဘုရားသခင်စင်စစ် ဖြစ်ကြောင်းနှင့် လောက၌ သက်တော်ထင်ရှားရှိစဥ်အခါ လူသားစင်စစ်(လူ့ဇာတိခံယူတော်မူသော ဘုရားသခင်၏တစ်ပါးတည်းသော သားေတာ်)ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှုခရစ်တော် သက်တော်စဥ်နှင့် အမှုတော်မြတ်လုပ်ငန်းများ၌ အံ့သြဖွယ်အဖြစ်အပျက်များစွာနှင့် ပြည့်နှက်လျက်ရှိကြောင်း ကွျနု်ပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှုဘုရား၏ ထာဝရတည်ရှိတော်မူခြင်း၊ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူခြင်း၊ အပျိုကညာ မယ်တော်မာရိအားဖြင့် လူ့ဇာတိခံယူတော်မူခြင်း၊ ကိုယ်တော်ပြုတော်မူခဲ့သော ခပ်သိမ်းသော အံ့သြဖွယ်နိမိတ်လက္ခဏာတော်များ၊ သခင်ဘုရား၏ အပြစ်ကင်းစင်သော အသက်တာ၊ လူသားအားလုံး၏ အပြစ်များအတွက် အဖိုးအခအနေဖြင့် ကားတိုင်ထက်တွင် သက်စွန့်အသေခံတော်မူခြင်း၊ သင်္ဂြိုလ်ခံတော်မူခြင်း၊ (၃) ရက်မြောက်သောနေ့တွင် သေခြင်းမှ ဝိဉာဏခန္ဓာဖြင့် ရှင်ပြန်ထမြောက်တော်မူခြင်း၊ ရှင်ပြန်ထမြောက်ပြီးနောက် ရက်ပေါင်း (၄၀) ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏ နုိင်ငံတော်နှင့်စပ်ဆုိင်သောအရာတို့ကို မိန့်မြွက်တော်မူလျက် တမန်တော်များ၏ ရှေ့တွင် ကောင်းကင်သို့တက်ကြွတော်မူခဲ့ခြင်း၊ ယခုအချိန်တွင်လည်း ဘုရားသခင်၏ ပလ္လင်တော်လက်ယာတော်ဘက်၌ ထိုင်နေတော်မူ၍ ကိုယ်တော်အား ယုံကြည်သောသူ တစုံတယောက်သည် ဒုစရိုက်ကိုပြုမိလျှင်၊ ဖြောင့်မတ်တော်မူသောအရှင်ယေရှုခရစ်တည်းဟူသော ကျွနု်ပ်တို့အမှုဆောင်သခင်သည် ခမည်းတော်ဘုရားသခင်ထံ၌ ရှိတော်မူကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှုခရစ်တော်သည် ခမည်းတော်ဘုရားသခင်အောက် နိမ့်ကျသော ဘုရားငယ်လေးတစ်ပါး မဟုတ်ဘဲ ခမည်းတော်ဘုရားသခင်နှင့် တန်းခိုးတော်၊ အဖြစ်တော်၊ ဘုန်းတော်၊ အခွင့်အာဏာတော် အသီးသီးတို့တွင် ထပ်တူညီကြောင်း၊ တစ်လုံးတစ်ဝတည်းဖြစ်တော်မူသော ဘုရားသခင်စင်စစ်ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။

သန့်ရှင်းသော ဝိညာဥ်တော်

သန့်ရှင်းသော ဝိညာဥ်တော်သည် ဘုရားသခင်၏ အသိဉာဏ်မဲ့စွမ်းအားတော် သက်သက်မျှသာ မဟုတ်ဘဲ ကိုယ်တော်တိုင် အသိဉာဏ်နှင့်ပြည့်စုံတော်မူသော ပုဂ္ဂိုလ်တော်ဖြစ်ပြီး စစ်မှန်သော ဘုရားသခင်စင်စစ် ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ သန့်ရှင်းသော ဝိညာဥ်တော်သည် သခင်ယေရှုခရစ်တော်၏ ဘုန်းတော်ကို ထင်ရှားေစသူဖြစ်ကြောင်း၊ ခမည်းတော်နှင့်စပ်ဆိုင်သမှျ၊ သခင်ယေရှုခရစ်တော်နှင့်စပ်ဆုိင်သမှျတို့ကို ယူ၍ ကျွန်ုပ်တို့အား ဖော်ပြပေးသူဖြစ်ကြောင်း၊ သမ္မာတရားနှင့် ပြည့်စုံတော်မူသော သန့်ရှင်းသောဝိညာဥ်တော်သည် သမ္မာတရားကို ကျွနု်ပ်တို့အား အကြွင်းမဲ့သွန်သင်ပေးသူဖြစ်ကြောင်း၊ အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြပေးသူဖြစ်ကြောင်း၊ နောင်လာလတ္တံသောအရာတို့ကိုလည်း ကျွနု်ပ်တို့အား ဖော်ပြပေးမည့်သူဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ သန့်ရှင်းသော ဝိညာဥ်တော်သည် သခင်ယေရှုဘုရားအား ယုံကြည်သောသူတို့၏အထဲ၌ အသက်ရှင်ပေး၍ ဘုရားဝတ်၌ မွေ့လျော်သောအသက်တာ၊ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော အသက်တာဖြစ်စေရန် ခွန်အားပေးတော်မူသော ဘုရားသခင်ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ သန့်ရှင်းသော ဝိညာဥ်တော်သည် ခမည်းတော်ဘုရားသခင်နှင့် သခင်ယေရှုဘုရားသခင်အောက် နိမ့်ကျသော ဘုရားငယ်လေးတစ်ပါး မဟုတ်ဘဲ ခမည်းတော်ဘုရားသခင်၊ သခင်ယေရှုခရစ်တော်နှင့် တန်းခိုးတော်၊ အဖြစ်တော်၊ ဘုန်းတော်၊ အခွင့်အာဏာတော် အသီးသီးတို့တွင် ထပ်တူညီကြောင်း၊ တစ်လုံးတစ်ဝတည်းဖြစ်တော်မူသော ဘုရားသခင်စင်စစ်ဖြစ်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။

လူသားမျိုးနွယ်

လူသားမျိုးနွယ်အား အကျိုးသင့်၊ အကြောင်းသင့် စဥ်းစားချင့်ချိန်နိုင်စွမ်းရှိသော၊ ကိုယ့်ကျင့်သိက္ခာ၊ လူ့ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများကို နားလည်နိုင်စွမ်းရှိသော၊ သေွးသားတော်စပ်ခြင်းဆိုင်ရာများနှင့် ဝိညာဥ်ရေးရာဆိုင်ရာစွမ်းရည်များရှိသော၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာများနှင့် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိသော၊ ဤကမ္ဘာပေါ်ရှိ အခြားသော မည်သည့် သက်ရှိသတ္တဝါများနှင့် မတူ တမူထူးခြားေသာ၊ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်းခံရသော ထာဝရဘုရား၏ ဖန်ဆင်းခြင်းသရဖူအဖြစ် ကျွနု်ပ်တို့ ယုံကြည်ကြသည်။ လူသားမျိုးနွယ်တစ်ခုလုံးသည် ကမ္ဘာဦး လူသားနှစ်ဦးဖြစ်သော အာဒံနှင့် ဧဝမှ ဆင်းသက်လာကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ကျွနု်ပ်တို့၏ ကမ္ဘာဦး လူယောက်ျားနှင့် လူမိန်းမသည် ဘုရားသခင်ပေးထားသော လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို မှားယွင်းစွာ အသုံးချပြီး စကားတော်အား နားမထောင်ဘဲ ဘုရားသခင်အား ဖီဆန်ခဲ့သောကြောင့် ထိုသူနှစ်ဦးတို့မှဆင်းသက်လာသော ကျွန်တော်တို့ လူသားမျိုးနွယ်တစ်ရပ်လုံးသည် ဘုရားသခင်နှင့် ကွဲကွာခဲ့ကြသည်။  ဖန်ဆင်းခံလူသားတို့တွင် ဘုရားသခင်၏ သဏ္ဍာန်တော် လုံးလုံးကွယ်ပျောက်သွားခဲ့ပြီး လူသားမျိုးနွယ်တစ်ရပ်လုံး၏ အသွေးအသားထဲတွင် မွေးရာပါဗီဇအပြစ် ဝင်လာခဲ့သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိ၍ သေခြင်းသို့ ရောက်ရကြကြောင်းကို ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ဤသို့ဖြင့် လူသားတို့သည် သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်၏ ပညတ်တော်များကို စောင့်ရှောက်နိုင်ခြင်းမရှိတော့ဘဲ အပြစ်နှင့်ကင်းသော သန့်ရှင်းသည့်ဘုရားသခင်အား စိတ်တော်နှင့် မတွေ့စေနိုင်တော့ပါ။ လူသားမျိုးနွယ်တစ်ရပ်လုံးသည် မိမိတုိ့၏ အပြစ်မှ ကိုယ်ကိုယ်ကို မကယ်တင်နိုင်တော့ဘဲ ဘုရားသခင်၏ ကယ်မသနားတော်မူခြင်းကျေးဇူးကို အထူးလိုအပ်နေကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။ ထုိကဲ့သို့ မျှော်လင့်ခြင်းမဲ့နေသော လူသားမျိုးနွယ်တစ်ရပ်လုံးအနေဖြင့် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော် ယေရှုခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်သခင်အဖြစ် ယုံကြည်လက်ခံခြင်းအားဖြင့်သာ အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းခံရနိုင်ကြောင်း ကျွနု်ပ်တို့ ယုံကြည်ကြသည်။

ကယ်တင်ခြင်း

သမ္မာကျမ်းစာတစ်ခုလုံးသည် ကိုယ်တော်တိုင်ချစ်ခြင်းမေတ္တာဖြစ်တော်မူသော ထာဝရဘုရားသခင်က လူသားမျိုးနွယ် တစ်ခုလုံးအတွက်  ပြုတော်မူသော ကယ်တင်တော်မူခြင်းအား ဖော်ပြနေကြောင်း ကျွန်ုပ်တို့ယုံကြည်ကြသည်။ ကယ်တင်ခြင်းသည် ကုသိုလ်ကောင်းမှု များများပြုနိုင်ခြင်း၏ ရလဒ်၊ ပြိုင်ပွဲတစ်ခု၏ ရလဒ်၊ ကြိုးစားအားထုတ်မှု၏ ရလဒ်တစ်ခု မဟုတ်ပါ။ သို့ဖြစ်၍ ထိုသို့သော နည်းလမ်းဖြင့် ရယူရန် မဖြစ်နိုင်ပါ။ သို့သော်လည်း လူမတတ်နိုင်သည့် အရာမှာ ဘုရားသခင်ကို ကိုးစားခြင်းအားဖြင့် ရရှိနိုင်ပါသည်။ အဘယ်သို့နည်းဟူမူကား၊ ကျွန်ုပ်တို့သည် သခင် ယေရှုကိုနှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ သခင်ယေရှုခရစ်တော်ကို မိမိအသက်တာ၏ ကယ်တင်ပိုင်ရှင် ဘုရားသခင် အဖြစ် ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ကယ်တင်တော်မူခြင်းသို့ ရောက်ပြီးသူများသည် ကောင်းသောအကျင့်အမျိုးမျိုးတို့၌ ကျင်လည်ရမည်အကြောင်း သခင်ယေရှုခရစ်၌ ဘုရားသခင်သည် ပြုပြင်ဖန်ဆင်းတော်မူရာဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။

ဖြောင့်မတ်ရာ၌ တည်စေခြင်း

“ဘုရားသခင်ရွေးကောက်တော်မူသော သူတို့ကို အဘယ်သူသည် အပြစ်တင်မည်နည်း။ ဖြောင့်မတ်ရာ ၌တည်စေသောသူကား ဘုရားသခင်ပေတည်း။” ဖြောင့်မတ်ရာ၌တည်စေသည် ဆိုသည်မှာ ကျွန်ုပ်တို့လူသားများ အခမဲ့ရရှိသော ကယ်တင်ခြင်းဆုကျေးဇူး ရလဒ်ကို ဖြစ်စေသော “တရားသဖြင့် ခွင့်လွတ်ခြင်း” ကို ဆိုလိုပါသည်။ ကျွန်ုပ်တို့  အပြစ်သားများကို ဘုရားသခင်က သနားခြင်းကရုဏာတော် တစ်ခုတည်းဖြင့် အပြစ်လွှတ်ပေးလိုက်ခြင်း မဟုတ်ပါ။ ကျွန်ုပ်တို့၏ အပြစ်များကို တရားမျှတစွာ ဒဏ်ပေးပြီး အပြစ်၏အဖိုးအခအားလုံး ဆပ်ပေးပြီး မှ တရားမျှတစွာ လွှတ်ပေးခြင်း ဖြစ်ပါသည်။ တစ်ပါးတည်းသော သားတော် သခင်ယေရှုခရစ်‌ေတာ်၏ ကိုယ်ခန္ဓာပေါ်တွင် ကျွန်ုပ်တို့၏ အပြစ်အားလုံးကို စီရင်တော်မူခဲ့ပါသည်။ သခင်ယေရှုဘုရား ထမြောက်တော်မူသောအခါ အပြစ်နှင့် မဆိုင်ဘဲ ထမြောက်တော်မူခဲ့သည်။ ထိုသေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းသည်ပင် ယုံကြည်သူများရရှိသော ဖြောင့်မတ်ခြင်းလက်ဆောင်၏ သက်သေပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။

သခင်ယေရှု၏ ရှင်ပြန်ထမြောက်တော်မူခြင်း

သခင်ယေရှုခရစ်တော်သည် ကားတိုင်ထက်တွင် လူသားအားလုံး၏အပြစ်အတွက် ကိုယ်စား အသေခံ၊ အသွေးသွန်းတော်မူ၍ (၃) ရက်မြောက်သောနေ့၌ ကိုယ်ခန္ဓာတော်အားဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီး အပြစ်တရားကို အောင်နိုင်ခဲ့ကြောင်း ကျွန်ပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းသည် စိတ်ကူးယဉ်ဒဏ္ဍာရီ မဟုတ်ဘဲ လူသားတို့သမိုင်းတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အံ့ချီးဖွယ် တုနှိုင်းမဲ့ သမိုင်းဝင် အဖြစ်အပျက်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သခင်ယေရှုခရစ်တော်၏ သေခြင်းမှရှင်ပြန်ထမြောက် တော်မူခြင်း၏ သမိုင်းသက်သေအထောက်အထားများမှာ ခရစ်တော်၏ ဂူသင်္ချိုင်း၌ အလောင်းတော် မရှိခြင်း၊ ရှင်ပြန်ထမြောက်ပြီးနောက် တမန်တော်ကြီးများအား ကိုယ်ထင်ပြခြင်း၊ တမန်တော်များနှင့်အတူ စားသောက်ခြင်း၊ သံသယဝင်သော တမန်တော် “ရှင်သောမ” အား နံဘေးတော်ရှိ ဒဏ်ချက်တော်များအား လက်ညှိုးဖြင့် ထိတွေ့စမ်းသပ်စေခြင်း၊ ဘုရားသခင်၏ အသင်းတော်ကို ညှဉ်းဆဲသော “ရှောလု” ကိုပင် သခင်ယေရှုမှ ကိုယ်ထင်ပြခြင်း၊ ထို့နောက် ရှောလု၏အသက်တာ ပြောင်းလဲကာ သခင်ယေရှု၏ တမန်တော် ဖြစ်လာခြင်း၊ ရှင်ပြန်ထမြောက်သော သခင်ယေရှုအား တပည့်တော်ပေါင်း (၅၀၀) မက တစ်ပြိုင်နက် မြင်တွေ့ရခြင်း၊ နောက်ဆုံး ညှင်းပန်းနှိပ်စက်မှုအမျိုးမျိုးကြားမှပင် ခရစ်ယာန်အသင်းတော်များ ပေါ်ပေါက်လာခြင်းတို့သည် ရှင်ပြန်ထမြောက်ခြင်း၏ ခိုင်လုံသော သမိုင်းသက်သေများဖြစ်ကြကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ “ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်တော်မမူခဲ့လျှင်၊ ကျွန်ုပ်တို့ ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။- ထိုမျှမက၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏အမှုမှာ မမှန်သော သက်သေခံဖြစ်ကြ၏။ ခရစ်တော်သည် ထမြောက်တော်မမူလျှင်၊ ကျွန်ုပ်တို့သည် ယုံကြည်သော်လည်း အကျိုးမရှိ၊ ဒုစရိုက်အပြစ်အောက်၌ ရှိကြသေး၏။- ထိုမှတစ်ပါး၊ ခရစ်တော်ကို ယုံကြည်၍ အိပ်ပျော်သောသူတို့သည် ဆုံးရှုံးခြင်းသို့ရောက်ကြပြီ။- ကျွန်ုပ်တို့သည် ခရစ်တော်ကို အမှီပြု၍ ယခုဘဝ၌သာ မျှော်လင့်စရာရှိလျှင်၊ အခြားသော သူအပေါင်းတို့ထက် သာ၍ ဆင်းရဲသောသူ ဖြစ်ကြ၏။”

အသင်းတော်

“အသင်းတော်” ဆိုသည်မှာ ဘုရားသခင်၏ခေါ်တော်မူခြင်းကို ယုံကြည်ခြင်းအားဖြင့် တုန့်ပြန်လက်ခံပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သခင်ခရစ်တော်ကိုရရှိထားပြီး ရေ၌ ဗတ္တိဇံ(နှစ်ခြင်း)မင်္ဂလာကို ခံယူထားသော လူအစုအဝေးဖြစ်ပါသည်။ အသင်းတော်ဆိုသည်မှာ ဘုရားသခင်၏လူများဖြစ်ပြီး၊ သခင်ဘုရားအား ကိုးကွယ်အစေခံဖို့ရန် ခေါ်တော်မူခြင်းခံရသောသူများဖြစ်သည်။ အသင်းတော်၏ဦးခေါင်းမှာ သခင်ယေရှုခရစ်တော်ဖြစ်ပြီး ယုံကြည်သူများသည် အသင်းတော်၏ အင်္ဂါချင်းများဖြစ်ကြကာ ခမည်းတော်၏ချစ်ခြင်းကိုခံရ၍ ဝိညာဉ်တော်၏ဘိသိက်ကို ခံရသူများလည်းဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ထို့အပြင် ဒေသန္တရဆိုင်ရာ အသင်းတော် (The Visible, Local and Physical Church) သည် သခင်ခရစ်တော်ကို ရရှိထားသော ယုံကြည်သူများအချင်းချင်း တည်ဆောက်ခြင်းအလို့ငှါ၎င်း၊ ကူညီမစခြင်းအလို့ငှါ၎င်း၊ အထူးသဖြင့် ခရစ်တော်သခင် “ယေရှု” ၏နာမတော်၌ တညီတညွတ်တည်း စည်းဝေးကိုးကွယ် လုပ်ဆောင်ခြင်းအလို့ငှါ အလွန်အရေးကြီးကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ အသင်းတော်၏ အဓိကတာဝန်မှာ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ ခရစ်တော်၏ ဧဝံဂေလိသတင်းစကားကို နှုတ်ကပတ်တော်အားဖြင့်သော်လည်းကောင်း၊ မဟာစေစားချက်ကြီးကို လုပ်ဆောင်သော ခရစ်တော်၏နောက်လိုက်သောတပည့်တော်စုများ၏ အသက်တာများအားဖြင့်သော်လည်းကောင်း ရဲရဲဝံ့ဝံ့ ဟောကြားရမည်ဖြစ်ကြောင်း၊ ကိုယ်တော်၏ သိုးစုများဖြစ်သော သင်းဝင်ယုံကြည်သူများအားလည်း ကြည့်ရှုစောင့်ရှောက်၊ ထိန်းသိမ်းကာကွယ်ပေးရမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။

သခင်ယေရှု၏ မဟာစေစားချက်

ကျွန်ုပ်တို့၏သခင် ယေရှုခရစ်က “ကောင်း​ကင်​ဘုံ၌​လည်း​ကောင်း၊ မြေ​ကြီး​ပေါ်၌​လည်း​ကောင်း၊ စီ​ရင်​ပိုင်​သော အ​ခွင့်​တန်​ခိုး​ရှိ​သ​မျှ​တို့​ကို ငါ​ခံ​ရ​ပြီ။- သင်​တို့​သွား၍ လူ​မျိုး​တ​ကာ​တို့​ကို ငါ့​တ​ပည့် ဖြစ်​စေ​လျက်၊ ခ​မည်း​တော်၊ သား​တော်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ပေး​ကြ​လော့။- ငါ​သည် သင်​တို့​အား ပေး​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ​လော့။ ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​” ဟု ကတိတော်နှင့်တကွ မဟာစေစားချက်ကြီးအား ပေးအပ်ခဲ့သည့်အတွက် ထိုစေစားချက်ကြီးအား သင်းဝင်ယုံကြည်သူတိုင်းသည် မဆုတ်မနစ် ကြိုးစားအားထုတ်၊ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ “သခင်ယေရှုခရစ်တော်” တစ်ပါးတည်းသာလျှင် ကယ်တင်ခြင်းသို့ရောက်ရာ တစ်ခုတည်းသော “လမ်းခရီး” ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။

နောင်လာလတ္တံသော အရာများ

“ငါတို့သည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်ကြ၏။” ယုံကြည်သူတို့၏ နောက်ဆုံး မျှော်လင့်ခြင်းသည်  သေခြင်းမဟုတ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သခင်ဘုရားသည်  ကိုယ်တော်၏ အသင်းတော်အား ပြန်လည်သိမ်းဆည်းမည့်အချိန်ကို ကျွန်ုပ်တို့ မျှော်လင့်ကြပါသည်။ ကျွန်ုပ်တို့၏ ဝိညာဉ်သည် ပြောင်းလဲပြီး ဖြစ်သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ စိတ် သည် ပြောင်းလဲနေဆဲဖြစ်သည်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ပြောင်းလဲလိမ့်မည်ကိုလည်းကောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ကျွန်ုပ်တို့၏ ကယ်တင်ပိုင်ရှင် သခင်ယေရှုခရစ်သည် ဤကမ္ဘာမြေပြင်သို့ ဘုန်းတော်နှင့်တကွ ဒုတိယအကြိမ် ပြန်လည်ကြွဆင်းလာဦးမည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ကိုယ်တော်ရှင် ယေရှုသခင်ကို မိမိ အသက်တာ၏ ကယ်တင်ပိုင်ရှင် ဘုရားသခင်အဖြစ် လက်ခံ ယုံကြည်ကိုးကွယ်သူတိုင်းသည် သေလွန်သော် ကောင်းကင်နိုင်ငံတော်၌ ကိုယ်တော်နှင့်အတူ ထာဝရနေထိုင်ရလိမ့်မည်ကိုလည်းကောင်း၊ ကိုယ်တော်ရှင် ယေရှုသခင်အား ငြင်းဆန်သူတိုင်းသည် သေလွန်သော် မိမိ ပြုမိခဲ့သမျှအပြစ်နှင့်အလျောက်  ထာဝရငရဲ၌ ပြစ်ဒဏ်ခံရလိမ့်မည်ကိုလည်ကောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။

သိပ္ပံပညာ

“ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံးတိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်”။ သိပ္ပံပညာသည် သုံးပါးတစ်ဆူ ထာဝရဘုရားသခင် ဖန်ဆင်းထားသော စကြဝဠာကြီးနှင့် သဘာဝတရားကြီး မည်သို့ မည်ပုံ ဖြစ်တည်လာပုံ၊ မည်သို့ မည်ပုံ လည်ပတ်နေပုံ စသည်တို့ကို နားလည်လာအောင် သိပ္ပံနည်းလမ်းစဉ်များ (Scientific Method) အား အသုံးပြု၍ စနစ်တကျ ဆည်းပူးလေ့လာသော ပညာရပ်တစ်ခုဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ ‌သိပ္ပံပညာသည် အစဉ်မပြတ်တိုးတက်ပြောင်းလဲနေတတ်သည့် သဘောရှိသည့်(In Progress) အတွက် သိပ္ပံပညာအား အန္တိမအမှန်တရား(Ultimate Truth) ကိုရှာဖွေရာ၌ တိုင်းတာသည့် အကြွင်းမဲ့ “စံ”(Absolute Standard) တစ်ခုအနေဖြင့် အသုံးပြု၍ မရကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ အကြောင်းမှာ သိပ္ပံပညာတွင် ယခုလက်ရှိ အများလက်ခံထားသည့် အယူအဆထက် ပိုကောင်းသောအယူအဆ တွေ့ရှိချက်အသစ်များ ပေါ်လာလျှင်လည်း အယူအဆဟောင်းကိုပယ်ပစ်ပြီး အယူအဆသစ်အား ချက်ချင်းလက်ခံရန် ဝန်မလေးသောကြောင့်ပင်ဖြစ်ပါသည်။ သို့ရာတွင် သိပ္ပံပညာသည် ကျွန်ုပ်တို့ မှားယွင်းစွာနားလည်ထားခဲ့သော ရှေးရိုးစွဲအယူအဆဟောင်းများနှင့် အယူသီးမှုများကို သန့်စင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ သိပ္ပံပညာသည် မကောင်းသော အတတ်ပညာရပ် မဟုတ်ပေ။ သိပ္ပံပညာသည်ပင်လျှင် ဖန်ဆင်းရှင်ထာဝရဘုရားသခင်ထံတော်မှ ရရှိခြင်းဖြစ်၍ သိပ္ပံပညာသည် တပ်အပ်သော၊ သိအပ်သော အတတ်ပညာကောင်းဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ “သင်၌​အပ်​ထား​သော အ​ရာ​ကို စောင့်​ရှောက်​လော့။ တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး စ​ကား​ပြော​ခြင်း​ကို​လည်း​ကောင်း၊ သိ​ပ္ပံ​အ​တတ်​ ဟူ၍ အ​လွဲ​ခေါ်​ဝေါ်​သော သိ​ပ္ပံ​အ​တတ် ဆီး​တား​နှောင့်​ယှက်​ခြင်း​ကို​လည်း​ကောင်း ရှောင်​လော့။- ထို​သိ​ပ္ပံ​အ​တတ်​ကို လူ​အ​ချို့​တို့​သည် ဝန်​ခံ​ပြု​စု​သော​အား​ဖြင့်၊ ယုံ​ကြည်​ခြင်း​တ​ရား​လမ်း​မှ လွဲ​ကြ​ပြီ။ သင်၌​ကျေး​ဇူး​တော် ရှိ​စေ​သ​တည်း။” ဟူ၍ တမန်တော်ကြီးရှင်ပေါလုက တိမောသေအား သတိပေးထားသည့်အတွက် သိ​ပ္ပံ​အ​တတ်​ ဟူ၍ အ​လွဲ​ခေါ်​ဝေါ်​သော  သိပ္ပံယောင်ပညာများ(Pseudoscience) အား ကျွန်ုပ်တို့ ငြင်းပယ်ကြပါသည်။