Skip to content

သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် ခရစ်ယာန်တို့၏ ပင်မယုံကြည်ချက်ကြီးများထဲမှ တခုဖြစ်ပေသည်။ ခရစ်ယာန်တယောက်အနေဖြင့် ဤယုံကြည်မှုကို ရှင်းလင်းပြတ်သားစွာ သိရှိပြီး ယုံကြည်ထားရပေမည်။ သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် မည်မျှအရေးကြီးပါသနည်းဟု မေးပါက သင်သည် သုံးပါးတဆူ ထာဝရဘုရားအား မယုံကြည်ငြင်းပယ်ပါက မိမိကိုယ်ကို “ခရစ်ယာန်” အဖြစ် သမုတ်၍ပင် မရနိုင်လောက်အောင် အရေးကြီးပါသည်။ အကြောင်းမှာ ထိုအယူဝါဒသည် မည်သည့် ဘာသာတရားတွင်၌မျှ မရှိဘဲ ခရစ်ယာန်ဘာသာတရားတခုထဲ၌သာ ရှိပြီး ထိုအယူဝါဒကို သခင်ယေရှုခရစ်တော် ကိုယ်တော်တိုင် သွန်သင်ပေးခဲ့ခြင်းဖြစ်ပြီး တမန်တော်ကြီးများမှစ၍ ကနဦးခရစ်ယာန်အသင်းတော် ဖခင်ကြီးများကိုယ်တိုင် လက်ဆင့်ကမ်း ယုံကြည်ခံယူခဲ့ကြသောကြောင့် ဖြစ်ပါသည်။ သုံးပါးတဆူ ထာဝရဘုရား ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ ဓမ္မပညာကို လေ့လာဆည်းပူးထားခြင်းဖြင့် မိမိထံသို့ လာရောက်တရားဟောနေသူသည် သမ္မာတရားကို ဟောနေသလား၊ လှည့်ဖြားပြောဆိုနေသလားကို မှန်ကန်စွာပိုင်းခြားနားလည်နိုင်ပေလိမ့်မည်။

သန့်ရှင်းသော သုံးပါးတဆူ ထာဝရဘုရား” နှင့် ပတ်သက်၍ လေ့လာသွားမည့် အကြောင်းအရာများမှာ အောက်ပါတိုင်း ဖြစ်ပါသည်။

() ဘုရားတဆူတည်း ကိုးကွယ်သောဝါဒ

() ကျမ်းစာလာ သက်သေများ

() ကနဦးအသင်းတော်ရှိ အငြင်းပွားမှုများ

() အနှစ်သာရ (ဖြစ်ခြင်း) တခု / ပုဂ္ဂိုလ် သုံးပါး

() သြဝါဒအပေါ် ကန့်ကွက်မှုများ

တို့ ဖြစ်ကြပါသည်။ အပိုင်း() တွင် “ဘုရားတဆူတည်း ကိုးကွယ်သောဝါဒ” အကြောင်းကို လေ့လာခဲ့ကြပြီးဖြစ်ပါသည်။ မဖတ်ရသေးပါက အပိုင်း () ကို ဦးစွာဖတ်ရှုလေ့လာပါ။ ဆောင်းပါးသည် တခုနှင့်တခု အဆက်စပ်ရှိနေပြီး အရေးကြီးသည့်အကြောင်းအရာများပါဝင်သည့်အတွက် အစဉ်လိုက်သာ ဖတ်ရှုစေလိုပါသည်။ ယခု အပိုင်း () တွင် သုံးပါးတဆူ ထာဝရဘုရားယုံကြည်ကိုးကွယ်မှု နှင့် ပတ်သက်၍ “ကျမ်းစာလာ သက်သေများ” ကို ဆက်လက်လေ့လာကြပါမည်။

ကျမ်းစာလာ သက်သေ

ရှေးခေတ် ဂရိအတွေးအခေါ်ပညာရှင်များ ဖြေရှင်းရန်ကြိုးစားခဲ့သည့် အဓိက ပြဿနာများထဲမှ တခုမှာ “တခု ဖြစ်ခြင်း နှင့် အများဖြစ်ခြင်း ပြဿနာ” ဖြစ်ပါသည်။ အစောပိုင်း ဂရိအတွေးအခေါ်တို့သည် ၄င်းပြဿနာအပေါ် တွင်များစွာ နစ်မြှုပ်ခဲ့ပေသည်။ ထိုသူတို့၏ အတွေ့အကြုံ အစိတ်အပိုင်းတခုမျှသာ ဖြစ်သည့် အမျိုးစုံလင် များပြား လှသော အရာများအား မည်သို့နားလည်နိုင်မည်အကြောင်း အတွေးအခေါ်ပညာရှင်များက စူးစမ်းခဲ့ကြပါသည်။

“အကျွန်ုပ်တို့သည် အခြေခံအားဖြင့် ယုတိတန်သော စကြ၀ဠာတခုထဲ၌ နေကြသလော? သို့တည်းမဟုတ် အခြေခံအားဖြင့် ပရမ်းပတာြဖစ်နေသော စကြ၀ဠာတခုထဲ၌ နေကြပါသလော?” ဥပမာအားဖြင့် ဆိုရသော်၊ သိပံပညာ၏ ယူဆချက်အရ အကျွန်ုပ်တို့လူသားများ “အသိပညာ” ကိုရရှိပိုင်ဆိုင်နိုင်ခြင်းသည်ပင် အရာခပ်သိမ်းသည် “ပရမ်းပတာ” မဟုတ်ဘဲ အစီအစဥ်အဆက်အစပ်တခုခု ရှိရမည်ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်ုပ်တို့၏ သိပ္ပံဆိုင်ရာစူးစမ်းလေ့လာမှုလုပ်ငန်းမှ “Chaos – ပရမ်းပတာဖြစ်ခြင်း” ဆိုသည့်စကားလုံး ထက် “Carl Sagan” ခေါ်ဆိုခဲ့သောစကားလုံး “Cosmos – စကြ၀ဠာ” ဆိုသည့်စကားလုံးအား ညွှန်းဆိုခြင်းဖြစ် ပါသည်။ ၄င်းအချက်မှာစကြ၀ဠာ၌ကျွန်ုပ်တို့တွေ့ကြုံရသမျှသော ထွေပြား၊ ကွဲပြားခြင်းများအားလုံး (All Diversity)အား “တခုတည်းဖြစ်ခြင်း” (Unity) သဘောြဖင့် ထိန်းချုပ်ထားသောအရာ တစုံတခုရှိရမည်ဟု ဆိုလိုခြင်းပင် ဖြစ်ပါသည်။ အချက်ကျကျပြောရမည်ဆိုလျှင် “Universe” ဆိုသည့် စကားလုံးသည်ပင်လျှင် “တခုတည်းဖြစ်ခြင်း” (Unity) ဆိုသည့်အယူအဆ နှင့် “ထွေပြား၊ကွဲပြားခြင်း” (Diversity) ဆိုသည့် အယူအဆတို့ ပေါင်းစည်းထားခြင်းဖြစ်ပါသည်။ ထိုအယူအဆ နှစ်ခုပေါင်းစည်းခြင်း၏အနှစ်သာရသည် လွန်စွာမှကြီးမားသော၊ ကွဲပြားခြင်းများရှိသော်လည်းတခုတည်းဖြစ်ခြင်းသဘောကို ဆောင်ထားသော “နေရာ” တခုအားဖော်ပြနေပါသည်။

ဂရိအတွေးခေါ်ပညာရှင်များက ယုတ္တိတန်သောနည်းလမ်းဖြင့် အဆိုပါ “ထွေပြား၊ ကွဲပြားခြင်း” သဘော (Diversity) နှင့် “တခုတည်းဖြစ်ခြင်း” သဘော (Unity) တို့၏အရင်းမူလအား ရှာဖွေခဲ့ကြသည်။ သို့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ဟု ယူဆနိုင်ပါသည်။ သို့ရာတွင် ခရစ်ယာန် ယုံကြည်ချက်၌ အားလုံးသော ကွဲပြားခြင်းသဘော များ (Ultimate Diversity) ၏ အဆုံးတိုင်ပေါင်းစည်းမှု (Ultimate Unity)အား “သုံးပါးတဆူထာ၀ရဘုရား” ကိုယ်တော်တိုင်တွင် တွေ့နိုင်ပြီး ထိုထက်ပို၍ထင်ရှားသည့်အချက်မှာ “သုံးပါးတဆူ ထာ၀ရဘုရား” ၏အဖြစ်တော်ထဲ၌ ကွဲပြားခြင်းသဘော (Diversity)နှင့် တခုတည်းဖြစ်ခြင်းသဘော (Unity) တို့ နှစ်မျိုးစလုံး၏ မူလဇစ်မြစ်အား ကျွန်ုပ်တို့တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့သည် တဆူတည်းသော ကိုယ်တော်၏ “အဖြစ်တော်” အား သုံးပါးတည်းသော “ပုဂ္ဂိုလ်” တို့တွင်တွေ့နိုင်ပါသည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူပါ၏။ အာမင်။

ဂရိ တို့နှင့် ခြားနားစွာ ကျွန်ုပ်တို့တွင် ထာ၀ရဘုရား၏ သမ္မာကျမ်းစာအပေါ်ထားရှိသည့် ကျွန်ုပ်တို့၏ ယုံကြည်မှုများ အတွက် အခွင့်အာဏာတခုရှိပါသည်။ ဤအခန်းတွင် ဓမ္မဟောင်းကျမ်းမှ အစပြု၍ ဓမ္မသစ်ကျမ်း အဆုံးအထိ ဖွင့်ပြခဲ့သောပုံစံအတိုင်းလိုက်၍ “သုံးပါးတဆူ”ကိုးကွယ်မှုအယူအဆ အပေါ် သမ္မာတရားနှင့်ကိုက်ညီ သော သွန်သင်ချက်များအား ခြုံငုံလေ့လာမည်ဖြစ်ပါသည်။

ဓမ္မဟောင်းကျမ်းရှိ ပြန့်ကျဲနေသော အရိပ်အမြွက်များ

ဓမ္မဟောင်းကျမ်းတွင် “သုံးပါတဆူ” ၏ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်အား ကျွန်ုပ်တို့မတွေ့နိုင်သော်လည်း ထာ၀ရဘုရား၏ “ပုဂ္ဂိုလ် သုံးပါး” သဘောသဘာ၀နှင့်ပတ်သက်၍ အရိပ်အမြွက်များအား ဟိုတစ ဒီတစ တွေ့နိုင်ပါ သည်။ ထိုအရိပ်အမြွက်များထဲမှ တခုမှာ အများပုံစံဖြင့်ဖော်ပြထားသော ထာ၀ရဘုရား၏ နာမတော် “အီလိုဟင်းမ်”(Elohim) အား အခန်း(၁) တွင် ကျွန်ုပ်တို့တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။ ၀ေဖန်သူများက ထိုအမည်ကို အသုံးပြုခြင်းသည် ဘုရားအများ၀ါဒ (Polytheism) ၏ အလွန်သိသာထင်ရှားသော ပုံစံ ၊ ညွှန်ပြချက်တခုအဖြစ် ရှုမြင်ကြသည်။ သို့သော်လည်း အချို့မှာ ထိုအများကိန်းပုံစံအမည်ကိုတွေ့သော်လည်း ၄င်းအမည်၏အနောက်တွင် ကပ်လျက် အသုံးပြုသော ကြိယာမှာ အနည်းကိန်းပုံစံ ကြိသာြဖစ်သဖြင့် ၄င်းနာမတော်သည် ထာ၀ရဘုရား၏ တခုထက်ပို သော (ဇာတ်ကောင်) စရိုက်အားလျှို့၀ှက်စွာ ရည်ညွှန်းထားသည်ဟု မြင်ကြပါသည်။
သို့သော်လည်း ထိုနာမ “အီလိုဟင်းမ်”(Elohim) သည် “သုံးပါတဆူ” (Trinity) အယူအဆအား သေချာပေါက် ရည်ညွှန်း သည်ဟူ၍လည်း မဆိုနိုင်ပါချေ။ ၄င်းမှာ အစားထိုးသုံးစွဲသော အများကိန်းပုံစံ “Editorial Plural”(တနည်း) စာရေးသူ၊ စကားပြောသူမှ အများကိုယ်စား ပြောဆိုဆက်သွယ်ရာတွင် အသုံးပြုသော “ကျွန်ုပ်တို့” “Editorial We”ဟူသည့် စာပေပုံစံတမျိုးအား အသုံပြုထားခြင်းလည်း ဖြစ်နိုင်ပါသည်။ ထိုသို့သော “အသုံး” သည် လူတယောက်က မိမိ ကိုယ်တိုင်အတွက်သာ ပြောခြင်းဖြစ်သော်လည်း ရာထူးဂုဏ်ထူးကြီးမြင့်သော ဘုရင်၊ ပုပ်ရဟန်းမင်း နှင့် အခြား သော ရာထူးကြီးသူများက “ကျွန်ုပ်တို့ ကြေညာသည်” “ကျွန်ုပ်တို့ တားမြစ်သည်” အစရှိသည့် နိဒါန်းပျိုး အစချီ ပြောဆိုသည့်စကားများတွင် အသုံးပြုပါသည်။ ပို၍တိကျစွာ ပြောရမည်ဆိုလျှင် စကားလုံး အဓိပ္ပာယ်အား(ပြင်းပြ)လေးနက်စေသော အများကိန်း (The Plural of Intensity) ဟုခေါ်သော ဟေဗြဲ စာပေအသုံးတခု ရှိပါသည်။ ထိုသို့သော စကားအသုံးအား ထာ၀ရဘုရား၏ နာမတော် “အီလိုဟင်းမ်”(Elohim) တွင် အသုံးပြုထားခြင်းမှာ ၄င်းသည် ဘုရားသခင်ဖြစ်ခြင်း နှင့် သြဇာအာဏာ ထည်၀ါမှုများအားလုံး ပါရှိနေသည်ဆိုသော ထာ၀ရဘုရား၏ ၀ိသေသလက္ခဏာ နက်နဲမှုအား သာ၍အလေးထား အာရုံစိုက်စေနိုင်ရန် ဖြစ်ပါသည်။ ထို့ကြောင့် “အီလိုဟင်းမ်”(Elohim) ဆိုသည့် နာမတော်သည် “သုံးပါတဆူ” (Trinity) အယူအဆနှင့်သဟဇာတဖြစ်ပြီး ထိုအယူအဆ လမ်းကြောင်းပေါ်သို့ပင် အရိပ်အမြွက်ပြညွှန်ကောင်း ပြညွှန်နေပါလိမ့်မည်။ သို့ရာတွင် အကျွန်ုပ်တို့သိထားရမည်မှာ ထိုအမည်နာမကိုယ်၌ သက်သက်အားဖြင့် ထာ၀ရဘုရားသည်သုံးပါးတဆူဘုရား ဖြစ်သည်ဟု ကျွန်ုပ်တို့ ယတိပြတ် ကောက်ချက်ချရန် မလိုအပ်ပါချေ။
ဓမ္မဟောင်းကျမ်းစာထဲ၌ သုံးပါးတဆူအကြောင်း ဖော်ပြထားသော အခြားသိသာထင်ရှားသည့် အရိပ် အမြွက်များရှိပါသည်။ ကမ္ဘာဦးကျမ်း ၁ : ၂ ရှိ ဖန်ဆင်းခြင်း အပိုင်းတွင် ဘုရားသခင်၏၀ိညာဥ်တော် ဆိုသည့် ဖော်ပြချက်အား ကျွန်ုပ်တို့တွေ့ခဲ့ပြီး ဖြစ်ပါသည်။ တစုံတခုမျှမရှိခြင်း ဆိုသည့်အဓိပ္ပာယ် မှ တစုံတခုရှိလာစေရန် လုပ်ဆောင်ခြင်း၌ “ထာ၀ရဘုရား၏ ၀ိညာဥ်တော်” သည် ဓမ္မသစ်ကျမ်းတွင်ရေးသားဖော်ပြခဲ့သော ဘုရားသခင်ဖြစ်ခြင်း ၀ိသေသလက္ခဏာရှိသော အခြားသော “ပုဂ္ဂိုလ်” တပါး နှင့်တွေ့ဆုံခဲ့ပါသည်။

ကျမ်းညွှန်း ( ကမ္ဘာဦးကျမ်း ၁ : ၂ – ၃)
၂၊ “မြေကြီးသည် အဆင်းသဏ္ဍာန်မရှိ၊ လွတ်လပ်လဟာြဖစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ … ”
(၁) ဘုရားသခင်၏၀ိညာဥ်တော် သည် (ဘုရားသခင်ဖြစ်ခြင်း၊ သြဇာအာဏာ ထည်၀ါမှုများအားလုံး နှင့် ထာ၀ရဘုရား၏ ၀ိသေသလက္ခဏာ ပိုင်ဆိုင်သော ပုဂ္ဂိုလ် တပါး) ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏။

၃၊ “ဘုရားသခင်ကလည်း အလင်းဖြစ်စေဟု အမိန့်တော်ရှိ၍ အလင်းဖြစ်လေ၏။”
(၂) ဘုရားသခင်၏ နှုတ်ကပတ်တော် (နှုတ်တော်ထွက်စကားတော်) (ဘုရားသခင်ဖြစ်ခြင်း၊ သြဇာအာဏာ ထည်၀ါမှုများအားလုံး နှင့် ထာ၀ရဘုရား၏ ၀ိသေသလက္ခဏာ ပိုင်ဆိုင်သော ပုဂ္ဂိုလ် တပါး)
ဓမ္မသစ်ကျမ်းညွှန်း (ရှင်ယောဟန် ၁ : ၁ – ၃) “အစဦး၌ နှုတ်ကပတ် တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့် အတူရှိ၏။ နှုတ်ကပတ်တော်သည် ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်းတော်မူ၏။”

ဤသည်မှာ အစောပိုင်းကျမ်းစာများထဲရှိ ထာ၀ရဘုရား၏ တပါးထက်ပိုသော ပုဂ္ဂိုလ်ဖြစ်ခြင်း ၀ိသေသလက္ခဏာကိုပြသော အရိပ်အမြွက်ပင် ဖြစ်ပါသည်။
ဓမ္မဟောင်းကျမ်းစာတွင် ပါရှိပြီး ၄င်းအား ဓမ္မသစ်ကျမ်းတွင် မကြာခဏ ရည်ညွှန်းဖော်ပြလေ့ရှိသည့် အခြားသောအရိပ်အမြွက်ဖော်ပြထားသည့် ကျမ်းပိုဒ်မှာ ဆာလံကျမ်း အခန်းကြီး ၁၁၀ ဖြစ်ပါသည်။ ထိုဆာလံ၏ အစပြုဖော်ပြချက်မှာ အလွန်ပင်ထူးဆန်းပေသည်။ ဆာလံဆရာ ပြောသည်မှာ “ထာ၀ရဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချထားမှီ တိုင်အောင်၊ ငါ့လက်ျာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူ၏။” (အခန်းငယ် ၁) ထူးခြားစွာပင် ကျွန်ုပ်တို့ ထာ၀ရဘုရား၏ ပုဂ္ဂိုလ်တော်နာမဖြစ်သည့် “ယာဝေ” (Yahweh) အား ဓမ္မဟောင်းကျမ်းစာ၌ မြင်တွေ့သည့်အခါ ကိုယ်တော်၏ ကြီးကျယ်ခမ်းနားခြင်း၊ တန်ခိုးတော်နှင့်ပြည့်စုံခြင်း ကို ဖော်ပြသည့် “အဒိုနိုင်း” (Adonai) ဆိုသည့် စကားလုံးနှင့် ပူးတွဲ မြင်ရပါသည်။ ကျမ်းစာတချက်တွင် (ဆာလံကျမ်း အခန်းကြီး ၈) ၌ “အိုအကျွန်ုပ်တို့၏ ဘုရားရှင် ထာ၀ရဘုရား၊ နာမတော်သည် မြေကြီးတပြင်လုံး၌ အလွန်ကြီးမြတ် တော်မူ၏။” ဟေဗြဲဘာသာ၌ “အိုအကျွန်ုပ်တို့၏ ဘုရားရှင် ထာ၀ရဘုရား” အား “O Yahweh, our Adonai” ဟူ၍ ဖတ်ပါသည်။ သို့ဖြစ်၍ “ယာဝေ” (Yahweh) ဟူသော စကားလုံး နှင့် “အဒိုနိုင်း” (Adonai) ဟူသောစကားလုံးတို့ကြား၌ ရှင်းလင်းသော ဆက်နွယ်မှု ရှိပါသည်။ သို့ရာတွင် ဆာလံ ၁၁၀ တွင်မူ ထာ၀ရဘုရားသည် ဒါ၀ိဒ်၏ သခင်ဘုရားနှင့် စကားပြောဆို နေခြင်းဖြစ်ပါသည်။ “ထာ၀ရဘုရားက [Yahweh]၊ ငါ၏ သခင် [Adonai]အား မိန့်တော်မူ၏။” “ငါ့လက်ျာဘက်၌ ထိုင်နေလော့” ဟူ၍ ပါရှိပါသည်။ ဓမ္မဟောင်းကျမ်းစာပါ ဤအချက်အား ဓမ္မသစ်ကျမ်းစာကယူ၍ သခင်ယေရှုသည် တချိန်တည်း၌ ပင် ဒါ၀ိဒ်၏ သား ဖြစ်ခြင်းနှင့် ဒါ၀ိဒ်၏ သခင်ဘုရားဖြစ်တော်မူခြင်းကို ညွှန်းဆိုခဲ့ပါသည်။ ထိုဆာလံ သည် အခြားများစွာသော ထာ၀ရဘုရား၏အဖြစ်တော် ပုံစံများအားလုံးအား ရည်ညွှန်းသည့် အခြားသောအရိပ် အမြွက်ကိုလည်း ဖော်ပြခဲ့ပါသေးသည်။ ၄င်းမှာ အခန်းငယ် (၄) တွင် “ထာ၀ရဘုရားက သင်သည် မေလခိဇေဒက် နည်းတူ ထာ၀ရယဇ်ပရောဟိတ် ဖြစ်သည်” ကျိန်ဆိုတော်မူခဲ့ခြင်းဖြစ်ပါသည်။

ဓမ္မသစ်ကျမ်းစာတွင် ယူဆခဲ့သော တဆူတည်းဘုရားကိုးကွယ်ယုံကြည်မှု

ကျွန်ုပ်တို့ ဓမ္မသစ်ကျမ်းစာအား လေ့လာသည့်အခါ ဓမ္မဟောင်းကျမ်းတွင် ခိုင်မြဲစွာ တည်ဆောက်ထားသော တဆူတည်းဘုရားကိုးကွယ်ယုံကြည်မှု (Monotheism) သည် ဓမ္မသစ်ကျမ်းတွင် ယူဆထားရုံ သက်သက် မျှသာမဟုတ်ဘဲ ထပ်တလဲလဲ ဖော်ပြလျက်ရှိပါသည်။ ဥပမာ အချို့အား ဖော်ပြထားပါသည်။

တမန်တော်၀တ္ထု အခန်းကြီး ၁၇ တွင် အေသင်၏ ရှေးဟောင်းဂရိမြို့၊အာရေတောင်ရှိ အတွေးအခေါ်ပညာရှင်များ ထံ ပြောကြားခဲ့သော တမန်တော်ရှင်ပေါလု၏ လိပ်မူချက်အား မှတ်တမ်းတင်ထားပါသည်။
ဖော်ပြချက်မှာ “ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်းအာသင်လူတို့၊ သင်တို့သည် ခပ်သိမ်းသော အရာတို့၌ နတ်ဘုရားတို့ကိုအလွန်ရိုသေတတ်ကြသည်ကို ငါြမင်ပါ၏။ လမ်း၌သွား၍ သင်တို့၏ ဘုရားများကို ကြည့်ရှုသည်တွင် ၊ ငါတို့မသိသော ဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သော ယဇ်ပလ္လင်တခုကို တွေ့ပါ၏။ (အခန်းငယ် ၂၂ – ၂၃) တမန်တော်ရှင်ပေါလု အေသင်သို့ လာသောအခါ ထိုမြို့သည် ရုပ်တုကိုးကွယ်ခြင်း နှင့်ပြည့်လျက်ရှိကြောင်း တွေ့ခဲ့ပါသည်။ များပြားလှသော ဘုရားကျောင်းများ အစီအရီကျော်ဖြတ်ခဲ့ရာ နေရာတိုင်းတွင် ဘာသာရေးဆိုင်ရာ ပွဲများ တွေ့ခဲ့ပါသည်။ ထိုအခါ ရှင်ပေါလု သတိထားမိခဲ့သည့် အချက်တခုမှာ ဂရိလူတို့သည် ရှိသမျှ များစွာသောနတ်ဘုရားများအားကိုးကွယ်ရုံမျှမက သူတို့မသိသော နတ်ဘုရားတပါးပါးအား ကိုးကွယ်ရန် ကျန်ခဲ့မည်စိုးသောကြောင့် “ငါတို့ မသိသော ဘုရားသခင်အဘို့” ဟု အက္ခရာတင်၍ ယဇ်ပလ္လင်တခု တည်ဆောက်ထားသည်ကို တွေ့ခဲ့ရပါသည်။ ထိုအရာများအားလုံးကို ရှင်ပေါလု တွေ့သည့်အခါ စိတ်ပူပန်ခြင်းသို့ ရောက်ခဲ့ကြောင်း ကျမ်းစာက ဖော်ပြထားပါသည် (တနည်းဆိုသော်) တမန်တော်ရှင်ပေါလု သည် များပြားလှသော မှားယွင်းသည့် ကိုးကွယ်မှုများကြောင့် စိတ်ပူပန်ခဲ့ခြင်းဖြစ်ပါသည်။
၁၉၆၀ ပြည့်နှစ်များအတွင်း ၄င်း၏ဘွဲ့လွန်လုပ်ဆောင်မှုများအတွင်း ဆရာကြီး R.C Sproul တွေ့ကြုံခဲ့သော သိသာ ထင်ရှားသည့်ကိစ္စရပ်များထဲမှ တခုမှာ ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော ရှေးကျသည့်လူမျိုးစုများ၏ ကိုးကွယ်ယုံကြည်မှု ဆိုင်ရာအမြင်များအား လေ့လာစစ်ဆေးနေခဲ့သော လူမှုဗေဒပညာရှင်များ နှင့် ဘာသာရေးစူးစမ်းလေ့လာသော မနုဿဗေဒ ပညာရှင်များ၏ လုပ်ဆောင်မှုများမှ ထွက်ပေါ်လာခဲ့သော သက်သေပင်ဖြစ်ပါသည်။ ထိုပညာရှင်တို့သည် ၄င်းသက်သေအား ထိုရှေးယဥ်ကျေးမှုများ၌ Animism [ရုပ်၀တ္ထုပစ္စည်းများ၊ သစ်ပင်များတွင်လည်း အသက်၀ိညာဥ်ရှိသည်ဟု ယုံကြည်သောအယူအဆ] ပေါ်လွင်ပျံ့နှံ့ထွန်းကားခဲ့ စဥ်အတွင်း ရှာဖွေခဲ့ကြခြင်းဖြစ်ပါသည်။ ထိုလူများသည် တောင်တဖက်ရှိ နတ်ဘုရားတပါးပါး အကြောင်း၊ (သို့) သူတို့ ဆီမှနေ၍ အဝေးတနေရာသို့ ဖယ်ရှောင်သွားသော နတ်ဘုရား တပါးပါးအကြောင်းအား ပြောခဲ့ကြခြင်းဖြစ်ပါသည်။ တနည်းဆိုရသော်၊ သူတို့၏နေ့စဥ် ကိုးကွယ်မှုဆိုင်ရာ ကျင့်၀တ်လုပ်ဆောင်ချက် များတွင် ပါ၀င်ခြင်းမရှိသော မြင့်မြတ်သော နတ်ဘုရားတပါး ရှိသည်ဟူသော အယူအဆတခု ရှိသည်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ ထိုနတ်ဘုရား အယူအဆမှာ ဂရိလူတို့ပြောသော “ငါတို့မသိသောဘုရားသခင်” (တနည်း) သူတို့နှင့်အဆက်အသွယ် မရှိသော်လည်း တည်ရှိနေသော ဘုရားသခင် ဆိုသည့် အယူအဆနှင့် အတူတူပင်ဖြစ်ပါသည်။
ဤယူဆချက်သည် ရောမသြ၀ါဒစာ အခန်းကြီး ၁ : ၁၈-၂၀ တွင် ဖော်ပြထားသော တမန်တော်ရှင်ပေါလု၏ ကြွေးကြော်ချက်ဖြစ်သည့် “သမ္မာတရားကို အဓမ္မဖြင့် ဆီးတားနှိပ်စက်သော သူတို့ ပြုတတ်သော ဘုရားမဲ့နေခြင်းအမှု၊ တရားကိုလွန်ကျူးခြင်းအမှု အမျိုးမျိုးတို့တဘက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက်ရှိ၏။ အဘယ့်ကြောင့်နည်း ဟူမူကား၊ သိအပ် သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင်ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့အားပြတော်မူပြီ။ အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူသော အရာများကိုထောက်ရှုသဖြင့် ထာ၀ရတန်ခိုးတော်နှင့် ထာ၀ရအဖြစ်တော်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှ စ၍ ထင်ရှားလျက်ရှိကြ၏။ ထို့ကြောင့်သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ။” ဆိုလိုသည်မှာ လူသားတိုင်းသည် အမြင့်ဆုံးသောဘုရား၏ တည်ရှိခြင်းအား သိရှိကြသော်လည်း လူသား၏အပြစ်နဲ့ပြည့်စုံသော ၀ိသေသနကြောင့် ထို “အသိ” အားဖိနှိပ်ဟန့်တား မြှုပ်နှံကာ ၄င်းအစား သက်မဲ့ရုပ်တုများကို ရွေးချယ်စေခဲ့ပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့ လူသားအားလုံးသည် သန့်ရှင်းသော ဘုရား၏ရှေ့တော်တွင် အပြစ်သင့်သောသူများ ဖြစ်ကြပါသည်။
တမန်တော်ရှင်ပေါလုက ဂရိလူတို့၏ “ငါတို့မသိသော ဘုရားသခင်” ဆိုသည့် ယဇ်ပလ္လင်ကိုရွေးချယ် ပြညွှန်၍ ပြောခဲ့သည်မှာ
“လမ်း၌သွား၍ သင်တို့၏ဘုရားများကို ကြည့်ရှူသည်တွင်၊ ငါတို့မသိသော ဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့သည် မသိဘဲလျက်ကိုးကွယ်သော ဘုရားသခင်၏အကြောင်းကို ငါဟောပြော၏။ လောကဓာတ်မှစ၍ လောကဓာတ်၌ရှိသမျှသောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည်၊ ကောင်းကင်နှင့် မြေကြီးကိုအစိုးရတော်မူသော အရှင်ဖြစ်၍၊ တစုံတခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့်ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။ ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ကို တသွေးတည်းနှင့် ဖန်ဆင်း တော်မူ၍၊ သူတို့အားခွဲဝေစီမံသောအချိန် ကာလကို၄င်း၊ သူတို့၏နေရာအပိုင်းအခြားကို ၄င်း မှတ်သားတော်မူ၏။ အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကိုရှာစမ်းသဖြင့်တွေ့ကောင်းတွေ့ကြ လိမ့်မည်အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။ ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိ ကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသတည်း။ ထိုသို့ ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက် နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကျေက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။ ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှု မထားဘူးသော်လည်း၊ ယခုမှာကိုယ်အပြစ်ကိုမြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။” (တမန်တော်၀တ္ထု အခန်းကြီး ၁၇၊ အငယ် ၂၃-၃၁)
ဤနေရာတွင် တမန်တော်ကြီးရှင်ပေါလုသည် ခိုင်မာရှေးကျသော ဂျူးလူမျိုးတို့၏ တဆူတည်းဘုရားကိုးကွယ်သော၀ါဒ၏ အခြေခံအုတ်မြစ် မူ၀ါဒအား အခိုင်အမာပြောဆိုလိုက်ခြင်းဖြစ် ပါသည်။ ခပ်သိမ်းသော အရာတို့ဖြစ်တည်ခြင်း၏ အရင်းမူလ ဖြစ်တော်မူသော၊ ခပ်သိမ်းသောအရာတို့အား ဖန်ဆင်းတော်မူသော တဆူတည်းသောထာ၀ရဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီး၍ မင်္ဂလာရှိတော်မူပါ၏။

သုံးပါးတလုံးတ၀တည်းဖြစ်သောဘုရား၏ အရိပ်နိမိတ်များ

ကောရိန္သုသြ၀ါဒစာ ပထမစာစောင် အခန်းကြီး ၈ ၊ အခန်းငယ် ၄ – ၆ တွင် တမန်တော် ရှင်ပေါလုက ထာ၀ရဘုရားသခင် တဆူတည်းရှိကြောင်းအား ထပ်မံ၍ အခိုင်အမာပြောဆိုခဲ့ပါသည်။ သို့သော် ၄င်းနှင့်အတူ အသစ်သော အရိပ်လက္ခဏာ ဖော်ပြချက် အားလည်း ယူဆောင်လာခဲ့ပါသည်။ ကောရိန္သု အသင်းတော်အတွင်း ဖြစ်ပေါ်လျက်ရှိသော သင်းအုပ်ဆရာပြဿနာ နှင့် ရုပ်တုရှေ့တွင်ပူဇော်သော အစားအစာ စားသောက်ခြင်းပြဿနာများအား ဆွေးနွေးကြစဥ်အခါ ရှင်ပေါလု ပြောသည်မှာ
“ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်အရာမှာ၊ ငါတို့ရှိသမျှသည် ပိုင်းခြားတတ်သော ဥာဏ်ရှိသည်ကို ငါတို့သိကြ၏။ ဥာဏ်သည် ထောင်လွှားစေတတ်၏။ မေတ္တာမူကား တည်ဆောက်တတ်၏။ အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်းမသိသေး။ ဘုရားသခင်ကို ချစ်သောသူမည်သည်ကား၊ ဘုရားသခင် သိစေတော်မူသောသူ ဖြစ်၏။ ရုပ်တုရှေ့၌ပူဇော်သော ယဇ်ကောင်ကို စားခြင်းအရာမှာ၊ ရုပ်တုသည် ဤလောက၌အချည်းနှီးသက်သက်ဖြစ်သည်ကို၄င်း၊ တဆူတည်းသောဘုရားသခင်မှတပါး အဘယ် ဘုရားသခင်မျှမရှိသည်ကို၄င်း၊ ငါတို့သိကြ၏။ ဘုရားများ၊အရှင်များ၊ဟု ဆိုသည်အတိုင်း ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ဘုရားဟူ၍ ခေါ်၀ေါ်သမုတ်သော သူအများရှိသော်လည်း၊ အကြင်ဘုရား သခင်အထဲက ခပ်သိမ်းသောအရာဖြစ်၍၊ အကြင်ဘုရားသခင်အဘို့အလို့ငှာ ငါတို့သည် ဖြစ်ကြ၏။ ထိုခမည်းတော်ဘုရားသခင် တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။ အကြင်သခင်အားဖြင့် ငါတို့မှစ၍ ခပ်သိမ်းသောအရာဖြစ်ကြ၏။ ထိုသခင်ယေရှုခရစ် တပါးတည်းသာ ငါတို့၌ ရှိတော်မူ၏။” (ကောရိန္သုသြ၀ါဒစာ ပထမစာစောင် အခန်းကြီး ၈၊ အခန်းငယ် ၁ – ၆)
ဤနေရာ၌ အသစ်သော ဖော်ပြချက်တခုမှာ တမန်တော်ကြီးရှင်ပေါလုက ယေရှုခရစ်တော်၏ ဘုရားသခင်ဖြစ်တော်မူခြင်းအား ခိုင်မာသော အကြောင်းတရားအဖြစ်မှတ်ယူစေခြင်းပင်ဖြစ်ပါသည်။ ရှင်ပေါလုက ခမည်းတော်ဘုရားနှင့် သားတော်ဘုရားအကြား ခွဲခြားသိမြင်စေပြီး၊

ရှင်းလင်းစွာပင် တမန်တော်ရှင်ပေါလုက ခမည်းတော် ဘုရားသခင်နှင့် သားတော်သခင်ယေရှုဘုရား အား ထာ၀ရဘုရားဖြစ်တော်မူခြင်းအရ တန်းတူအဖြစ် သတ်မှတ်ယူဆနေခြင်းပင်ဖြစ်ပါသည်။
ထို့အပြင် ဓမ္မသစ်ကျမ်း၌ ခရစ်တော်နှင့် သန့်ရှင်းသော၀ိညာဥ်တော် တို့၏ ဘုရားဖြစ်ခြင်းအပေါ် ခိုင်မာသော အကြောင်းတရားအဖြစ်မှတ်ယူစေသည့် ဖော်ပြချက်များစွာ ရှိပါသည်။ ထိုဖော်ပြ ချက်များမှာ ကျွန်ုပ်တို့ယခု ကိုးကားဖော်ပြထားသည့်အရာထက်ပင် ပိုများနေပါသေးသည်။ ထိုသွန်သင်ချက်များသည် ဓမ္မသစ်ကျမ်းစာတွင်ပါရှိပြီး ရှင်းလင်းလွယ်ကူစွာ ဖော်ပြထားခြင်းဖြစ်ကြောင်း အဆိုပါဖော်ပြချက်များအနက်မှ အနည်းငယ်အားထပ်မံကိုးကားဖော်ပြလိုပါသည်။

တမန်တော်ရှင်ယောဟန် ခရစ်၀င်ကျမ်းတွင် “ငါသည်” “I AM” နှင့်အစပြုသော ဖော်ပြချက်များစွာကို သခင်ယေရှုဘုရားမိန့်မူခဲ့ပါသည်။

“ငါသည် အသက်မုန့်ဖြစ်၏” (ရှင်ယောဟန် ခရစ်၀င် ၆ – ၄၈).
“ငါသည် သိုး၀င်သော တံခါး၀ ဖြစ်၏” (ရှင်ယောဟန်ခရစ်၀င် ၁၀ – ၇)
“ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်း ဖြစ်၏။” (ရှင်ယောဟန်ခရစ်၀င် ၁၄ – ၆)

ဤဖော်ပြချက်များ တခုစီတွင် “ငါသည်” ဆိုသောစကားလုံးအတွက် ဂရိဓမ္မသစ်ကျမ်းစာ စကားစုမှာ “ego eimi” ဖြစ်သည်။ ထိုစကားလုံးသည် အဓိကဘုရားသခင်၏ နာမတော် ဟေဗြဲဘာသာမှ ဘာသာပြန်ထားသော “ယာဝေ”(Yahweh) ဆိုသည့် စကားလုံးလည်း ဖြစ်ပေသည်။ ထိုသို့ဆိုသော် သခင်ယေရှုသည် မိမိကိုယ်မိမိ ထာဝရဘုရားနှင့် တန်းတူ အဖြစ်သတ်မှတ်ပြောဆိုနေခြင်းပင် ဖြစ်ပါသည်။
ရှင်ယောဟန်ခရစ်၀င် အခန်းကြီး ၈ တွင်လည်း “ငါသည်” ဟု အစပြုသော ဖော်ပြချက်ရှိပါသည်။ အာဗြံဟံသည် အစ္စရေးလူမျိုးတို့၏ ကြီးမြတ်သော ခေါင်းဆောင်တဦး ဖြစ်ခဲ့ပါသည်။ သခင်ယေရှု လူ့ဇာတိခံယူစဥ်ကာလတွင်လည်း အာဗြံဟံအား အစ္စရေးလူမျိုးတို့က ယုံကြည်ခြင်း၏ ဖခင်အဖြစ်လေးနက်စွာ ရိုသေခဲ့သည်။ ရှင်ယောဟန် ခရစ်၀င် အခန်းကြီး ၈ အငယ် ၅၆ တွင် သခင်ယေရှုက ဂျူးလူမျိုးများအား သူတို့၏ အဘ အာဗြံဟံသည် ကိုယ်တော်ကြွလာတော်မူမည့် အချိန်ကာလကို မြော်မြင်ခြင်းငှါ အလွန်အလိုရှိသည်ဟု မိန့်တော်မူခဲ့သည်။ ထိုအခါ ဂျူးခေါင်းဆောင် တို့က သခင်ယေရှုအား မည်ကဲသို့ အာဗြံဟံအားမြင်နိုင်ပါမည်နည်းဟု မေးသည့်အခါတွင် သခင်ယေရှုက “အာဗြံဟံ မဖြစ်မှီ ငါဖြစ်၏” ဟုမိန့်မူခဲ့ပါသည်။ ထိုသို့ ပြန်ဖြေသည့် မိန့်တော်မူချက်တွင် “အာဗြံဟံ မရှိမှီ ငါရှိခဲ့သည်” ဟု မပြောခဲ့ပါ။ “ငါဖြစ်၏” ဟူ၍သာ မိန့်တော်မူခဲ့ပါသည်။ ထိုသို့မိန့်ကြားတော်မူခြင်းသည်ပင်လျင် ကိုယ်တော်ယေရှု၏ ထာ၀ရအဖြစ်တော် နှင့် ဘုရားသခင်ဖြစ်ခြင်းအား ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။ သခင်ဘုရား မိန့်မူခဲ့သော ထိုစကားတော်အား လက်ရှိ ကျွန်ုပ်တို့ ခေတ်ရှိ အချို့လူများသတိမမူမိသော်ငြားလည်း၊ သခင်ယေရှု ခေတ်ကာလရှိလူများမှာ လျင်မြန်စွာပင် နားလည် သဘောပေါက်ခဲ့ကြသည်။ ထိုသူတို့၏ အမြင်တွင်လူ သာမန်မျှသာဖြစ်သော သူက သူ့ကိုယ်သူ ဘုရားသခင်နှင့် တန်းတူထား၍ ကြွေးကြော်သည်ဟုမှတ်ယူကာ သခင်ယေရှုအား လွန်စွာမှ ဒေါသထွက် ကြခြင်းဖြစ်ပါသည်။
ရှင်ယောဟန်ခရစ်၀င်ကျမ်းတွင် သခင်ယေရှု ရှင်ပြန်ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား ကိုယ်ထင်ပြခြင်း အကြောင်း ဆန်းကြယ်သော ပြန်လည်ပြောဆိုမှုများအား မှတ်တမ်းတင်ထားခဲ့ပါသည်။ တမန်တော်ရှင်သောမ မရှိချိန်၌ အခြားသောတမန်တော်များက သခင်ဘုရားအား တွေ့မြင်ခဲ့ကြပါသည်။ ထိုအကြောင်းကို ရှင်သောမ ကြားသောအခါ “လက်တော်၌ သံရိုက်ရာ ချက်ကိုမမြင်၊ သံရိုက်ရာချက်ကို လက်ညှိုးနှင့်မတို့မစမ်း၊ နံဖေးတော်ကိုလည်း လက်နှင့်မစမ်းမသပ်ရလျှင် အကျွန်ုပ်မယုံ” ဟု ပြောခဲ့ပါသည်။ ထို သံသယများစွာဖြင့် ရှိနေချိန်တွင် သခင်ယေရှုဘုရား ထင်ရှားတော်မူကာ သောမအား သူ၏လက်တော်နှင့် နံဘေးတော်ကို ပြတော်မူခဲ့ပါသည်။ ရှင်သောမ တကယ်ပင် သခင်ဘုရား၏ ဒဏ်ချက်တော်များအား စမ်းသပ်ခဲ့ခြင်းရှိမရှိ တမန်တော်ရှင်ယောဟန် ခရစ်၀င်ကျမ်းတွင် မှတ်တမ်းတင်မထားခဲ့သော်လည်း ရှင်သောမ သည် သခင်ဘုရားအား ဒူးထောက်ပြတ်၀ပ်၍ “အကျွန်ုပ်၏ အရှင်၊ အကျွန်ုပ်၏ ဘုရားသခင် ပါတကား” ဟု မြွက်ဆို၍ ကိုးကွယ်ခဲ့ပါသည်။ ထိုအရာသည် အလွန်ပင်ထူခြားလှပါသည်။ တမန်တော်၀တ္ထုတွင် ဖော်ပြထားသည့်တချက်မှာ အလွန်ပင်အံ့သြဖွယ်ကောင်းသော အနာရောဂါပျောက်ကင်းခြင်းကို ခံစားရသဖြင့် လူများသည် ရှင်ပေါလုနှင့် ဗာနဗတို့ကို ကိုးကွယ်ရန် လုပ်ဆောင်ခဲ့ကြရာ ချက်ချင်းပင် ထိုလူများအား တားမြစ်ခဲ့ကြပါသည်။ (တမန်တော် ၁၄ ၊ ၁၁-၁၅) အခြားသောကျမ်းချက်များတွင်လည်း ကောင်းကင်တမန် များ ထင်ရှားခြင်းအား လူများက တွေ့သည့်အခါ ကိုးကွယ်ရန်ပြုမှုခြင်းများအားလုံးအား ကောင်းကင်တမန်များက တားမြစ်ခဲ့ကြပါသည်။ သူတို့သည် ဖန်ဆင်းခံ များသာဖြစ်၍ သူတို့အား ကိုးကွယ်ခြင်း မပြုရန်တားမြစ်ခဲ့ကြပါသည်။ သို့သော်လည်း သခင်ယေရှုကမူ ကိုယ်တော်အား တမန်တော်ရှင်သောမ ကိုးကွယ်ခြင်းကို တားမြစ်တော်မမူဘဲ လက်ခံခဲ့ပါသည်။ ထိုအချင်းအရာသည် ရှင်သောမ ၀န်ခံခဲ့သော “အကျွန်ုပ်၏ အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်” သည် မှန်ကန်ဟုတ်မှန်ကြောင်း ခိုင်မာသည့် သက်သေပင်ဖြစ်ပါသည်။

သုံးပါတဆူ အား ရှင်းလင်းစွာ အတည်ပြုခြင်း

သခင်ယေရှု၏ ဘုရားသခင်ဖြစ်ခြင်းအား ဓမ္မသစ်ကျမ်းစာထဲ၌ အရှင်းအလင်းဆုံးသော ရည်ညွှန်းချက်သည် ရှင်ယောဟန်ခရစ်၀င်ကျမ်းအဖွင့်တွင် အစပြုဖော်ပြထားပါသည်။ ထိုဖော်ပြချက်မှာ

“အစဦး၌ နှုတ်ကပတ်တော်ရှိ၏။ [ထိုအရာသည်, အကြံအစည်တော်(တနည်း) အတွေး] Logos. ဖြစ်၏။
“In the beginning was the Word [that is; the Logos],

နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။
“And the Word was with God, and the Word was God”

ထိုပထမဆုံး ၀ါကျ၌ပင် ကျွန်ုပ်တို့သည် သုံပါးတဆူဖြစ်တော်မူခြင်း၏ နက်နဲမှုအားမြင့်တွေ့နိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နှုတ်ကပတ်တော် (ဘုရားသခင်၏ စကားတော်)သည် အစအဦး ကပင် ဘုရားသခင်နှင့်အတူရှိကြောင်းဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အင်္ဂလိပ်စကားစု ဖြစ်သော “With” “နှင့်အတူ” ဟူသောစကားလုံအား ဂရိဘာသာစကားဖြင့် ဘာသာပြန်ဆိုနိုင်သော ကွဲပြားသောအသုံးများ စွာရှိပါသည်။ ရှင်ယောဟန် ၁ ၊ ၁ တွင် ဖော်ပြသုံးနှုန်းထားသော “နှင့်အတူ” ဆိုသည့်စကားသည် သာမန်အတူရှိခြင်းဆိုသည့် အဓိပ္ပာယ်ထက် များစွာပိုလေးနက်သော အနီးကပ်ဆုံးသော ရင်းနှီးကျွမ်း ၀င်မှု၊ မျက်နှာချင်းဆိုင် ထိတွေ့လုနီးပါး ဟူသည့် အဓိပ္ပာယ်အား ရည်ညွှန်းနေခြင်းဖြစ်ပါသည်။ သို့သော်လည်း ရှင်ယောဟန်က “နှုတ်ကပတ်တော်” နှင့် “ဘုရားသခင်” အကြား ကွဲပြားခြားနားခြင်း တခုအား ပြုလုပ်ထားခဲ့ပါသည်။ “ဘုရားသခင်နှင့် နှုတ်ကပတ်တော်”သည် အတူတူရှိသည်။ သို့ရာတွင် သူတို့သည် မတူကြပါ။
ထို့နောက် ရှင်ယောဟန်က “နှုတ်ကပတ်တော်” သည် “ဘုရားသခင်”နှင့် အတူရှိရုံမျှသာ မဟုတ်ဘဲ ထိုနှုတ်ကပတ်တော်ကိုယ်တိုင်သည်ပင်လျှင် “ဘုရားသခင်” ဖြစ်တော်မူသည်အား ဆက်လက် ဖော်ပြခဲ့ပါသည်။ ထို့ကြောင့် နားလည်သိရှိမှုတခုအရ “နှုတ်ကပတ်တော်” သည် “ဘုရားသခင်” နှင့် ကွဲပြားခြားနားရပြီး အခြားနားလည်သိရှိမှုတခုအရ “နှုတ်ကပတ်တော်”သည် “ဘုရားသခင်”နှင့် တန်းတူဖြစ်ရမည် ဖြစ်ပါသည်။
တမန်တော်ကြီးရှင်ယောဟန်က ထပ်၍ပြောသည်မှာ “ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သော အရာတစုံတခုမျှမရှိ။ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။” (ရှင်ယောဟန် ခရစ်၀င် ၁ ၊ ၂ – ၄) ထိုနေရာတွင် ကျွန်ုပ်တို့သည် ထာ၀ရဖြစ်ခြင်း၊ ဖန်ဆင်းခြင်းတန်ခိုး နှင့် ကိုယ်ပိုင်ဖြစ်တည်ခြင်း စသည့်အချက်များအားလုံးအား “နှုတ်ကပတ်တော်” ဖြစ်သော သခင်ယေရှုဘုရား၏ ကိုယ်ပိုင်အရည် အချင်းအဖြစ်တွေ့မြင်ရပါသည်။
ဓမ္မသစ်ကျမ်းသည်လည်း သန့်ရှင်းသော ၀ိညာဥ်တော် သည် ဘုရားဖြစ်ကြောင်းအား ဖော်ပြထားပါသည်။ ထိုအကြောင်းအရာအား ကျွန်ုပ်တို့ သခင်ယေရှုဘုရား ဗတ္တိဇံခံယူသည့်အခါတွင် တွေ့နိုင်ပါသည်။ ရှင်မဿဲခရစ်၀င် ၂၈၊ ၁၉ တွင် ခရစ်တော်၏မိန့်မူချက်အားဖြင့်၊ ယုံကြည်လက်ခံသောသူတိုင်းအား ခမည်းတော်၊ သားတော် ၊ သန့်ရှင်းသော၀ိညာဥ်တော် ဘုရားသခင်၏ နာမတော် ဖြင့် ဗတ္တိဇံပေးရန် ဖြစ်ပါသည်။ အလားတူပင် တမန်တော်ရှင်ပေါလုက ကောရိန္သုမြို့သားများထံ ဒုတိယအကြိမ် ရေးသားသည့် အဆုံးသတ်ကောင်းကြီးပေးသည့် စကားတွင် “သခင်ယေရှုခရစ်၏ ကျေးဇူးတော်၄င်း၊ ဘုရားသခင်၏မေတ္တာတော်၄င်း၊ သန့်ရှင်းသော၀ိညာဥ်တော်၏ မိဿဟာယတော်၄င်း၊ သင်တို့အပေါင်း၌ရှိစေသတည်း။” ဟုဖော်ပြထားပါသည်။ တမန်တော်များက ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ၀ိညာဥ်တော် အတူတကွပူးပေါင်း၍ ကိုယ်တော်တိုင်အဖို့အလို့ငှာ လူများအားရွေးနှုတ်တော်မူ သောကျေးဇူးတော်အားလည်း ဖော်ပြထားရှိပါသည်။
(၂ သက် ၂ ၊ ၁၃-၁၄) , ( ၁ ပေ ၁ ၊ ၂)

ထိုကျမ်းပိုဒ်များနှင့် ဓမ္မဟောင်းကျမ်းရှိအခြားသော ကျမ်းစာများတွင် ခမည်းတော်၊ သားတော် နှင့် သန့်ရှင်းသော၀ိညာဥ်တော်တို့၏ဘုရားသခင်ဖြစ်ခြင်းအား အတိအလင်း အကြွင်းမဲ့ ဖော်ပြထားပါသည်။ အထက်ပါအချက်များနှင့် ဘုရားသခင်တဆူတည်းရှိကြောင်း သမ္မာကျမ်းစာတော်မြတ်၏ ရှင်းလင်းသော သွန်သင်ချက်အား အတူတကွ ဆင်ခြင်လေ့လာသည့်အခါ နိဂုံးချုပ်အနေဖြင့် “ပုဂ္ဂိုလ် သုံးပါး တဆူ” တည်းဟူသော ထာ၀ရဘုရားဖြစ်သည့် သုံးပါးတဆူထာ၀ရဘုရား အယူအဆသည့် အကြွင်းမဲ့မှန်ကန်သော ယုံကြည်ချက်ပင် ဖြစ်ပါသည်။