Skip to content

သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် ခရစ်ယာန်တို့၏ ပင်မယုံကြည်ချက်ကြီးများထဲမှ တခုဖြစ်ပေသည်။ ခရစ်ယာန်တယောက်အနေဖြင့် ဤယုံကြည်မှုကို ရှင်းလင်းပြတ်သားစွာ သိရှိပြီး ယုံကြည်ထားရပေမည်။ သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုသည် မည်မျှအရေးကြီးပါသနည်းဟု မေးပါက သင်သည် သုံးပါးတဆူ ထာဝရဘုရားအား မယုံကြည်ငြင်းပယ်ပါက မိမိကိုယ်ကို “ခရစ်ယာန်” အဖြစ် သမုတ်၍ပင် မရနိုင်လောက်အောင် အရေးကြီးပါသည်။ အကြောင်းမှာ ထိုအယူဝါဒသည် မည်သည့် ဘာသာတရားတွင်၌မျှ မရှိဘဲ ခရစ်ယာန်ဘာသာတရားတခုထဲ၌သာ ရှိပြီး ထိုအယူဝါဒကို သခင်ယေရှုခရစ်တော် ကိုယ်တော်တိုင် သွန်သင်ပေးခဲ့ခြင်းဖြစ်ပြီး တမန်တော်ကြီးများမှစ၍ ကနဦးခရစ်ယာန်အသင်းတော် ဖခင်ကြီးများကိုယ်တိုင် လက်ဆင့်ကမ်း ယုံကြည်ခံယူခဲ့ကြသောကြောင့် ဖြစ်ပါသည်။ ထိုမျှလောက် အရေးကြီးသည့် ခရစ်ယာန်အယူဝါဒနှင့်ပတ်သက်၍ ယနေ့ခေတ် အသင်းတော်များ၌ မိမိတို့ အသင်းသားများအား ဟောပြောသွန်သင်ခြင်းများ အားနည်းလာသည်ကို တွေ့ရသည်မှာ လွန်စွာစိတ်မကောင်းဖွယ်ဖြစ်ပါသည်။ အချို့က ဤအယူဝါဒသည် အခြေခံမျှဖြစ်သည့်အတွက် ခရစ်ယာန်တိုင်း နားလည်သဘောပေါက်လိမ့်မည်ဟု ထင်မှတ်မှားနေကြသည်။ အမှန်မှာ မသိရှိနားမလည်ကြပေ။ အထူးသဖြင့် လူငယ်များဖြစ်ကြသည်။ ထို့ကြောင့် အယူလွဲအဖွဲ့အစည်းများက ဖြားယောင်းသွေးဆောင်သည့်အခါ အလွယ်တကူ လမ်းလွဲသွားတတ်ကြသည်ကို တွေ့နေရသည်မှာလည်း စိတ်မချမ်းမြေ့စရာပင်။ ထို့အပြင် ခရစ်ယာန်အသင်းတော်သမိုင်းကို လေ့လာပါက သုံးပါးတဆူ ထာဝရဘုရား ယုံကြည်မှုကို ငြင်းပယ်ထားသည့်တိုင် မိမိတို့ကိုယ်ကို ခရစ်ယာန်အဖြစ် မမှန်မကန်ဟောပြောသွန်သင်သူတိုင်းကို ခေတ်အဆက်ဆက်၌ အယူလွဲများ သို့မဟုတ် အယူလွဲအဖွဲ့အစည်းအဖြစ်  ပြတ်ပြတ်သားသား သတ်မှတ်ထားခဲ့ကြပေသည်။ ထို့ကြောင့် သင်သည် ကွဲပြားခြားနားသည့် မည်သည့်ခရစ်ယာန်အသင်းတော်ဂိုဏ်းကပင်ဖြစ်စေ သုံးပါးတဆူထာဝဘုရားအား ယုံကြည်ခြင်းနှင့် သခင်ယေရှုခရစ်တော်၏ ဘုရားဇာတိတော် ၁၀၀ % ရှိခြင်းနှင့် လူဇာတိ ၁၀၀ % ရှိခြင်းကို တူညီစွာလက်ခံထားရပေမည်။ ထို ပင်မယုံကြည်ချက် ၂ ချက်ကို ငြင်းပယ်ရုံမျှဖြင့် ခရစ်ယာန်အသင်းတော်အဖြစ် ရှုမြင်စရာမလိုတော့ဘဲ အယူလွဲဝါဒအဖြစ် သတ်မှတ်နိုင်ပေသည်။ သုံးပါးတဆူ ထာဝရဘုရား ယုံကြည်ကိုးကွယ်မှု ဆိုင်ရာ ဓမ္မပညာကို လေ့လာဆည်းပူးထားခြင်းဖြင့် မိမိထံသို့ လာရောက်တရားဟောနေသူသည် သမ္မာတရားကို ဟောနေသလား၊ လှည့်ဖြားပြောဆိုနေသလားကို မှန်ကန်စွာပိုင်းခြားနားလည်နိုင်ပေလိမ့်မည်။

“သန့်ရှင်းသော သုံးပါးတဆူ ထာဝရဘုရား” နှင့် ပတ်သက်၍ လေ့လာသွားမည့် အကြောင်းအရာများမှာ အောက်ပါတိုင်း ဖြစ်ပါသည်။

() ဘုရားတဆူတည်း ကိုးကွယ်သောဝါဒ

() ကျမ်းစာလာ သက်သေများ

() ကနဦးအသင်းတော်ရှိ အငြင်းပွားမှုများ

() အနှစ်သာရ (ဖြစ်ခြင်း) တခု / ပုဂ္ဂိုလ် သုံးပါး

() သြဝါဒအပေါ် ကန့်ကွက်မှုများ

တို့ ဖြစ်ကြပါသည်။ ယခု အပိုင်း (၁) တွင် “ဘုရားတဆူတည်း ကိုးကွယ်သောဝါဒ” အကြောင်းကို ဦးစွာလေ့လာကြပေမည်။

(၁) ဘုရားတဆူတည်း ကိုးကွယ်သောဝါဒ


သုံးပါးတဆူ” ဟူသောအယူအဆ (သို့) ယုံကြည်ချက်သည် “သမ္မာတရား၏ မှတ်ကျောက်တခု”အဖြစ် သော်လည်းကောင်း၊ စစ်မှန်သော ခရစ်ယာန်အယူဝါဒအတွက် “အခြားအရာများနှင့် ညှိနှိုင်းရန် မဖြစ်နိုင်သော အချက်” အဖြစ်သော်လည်းကောင်း ပေါ်ထွက်ခဲ့ပြီးဖြစ်ပါသည်။ သို့သော်လည်း ၎င်းယုံကြည်ချက်သည် အသင်းတော်သမိုင်း တလျောက် အငြင်းပွားမှု၏ အရင်းမြစ်လည်း ဖြစ်နေသေး၏။ ယနေ့တိုင်အောင်လည်း ထိုအရာနှင့်ပတ်သက်၍ များစွာသော ရှုပ်ထွေးမှုများကျန်ရှိနေပါသေးသည်။ များစွာသော လူတို့က ၎င်းအယူအဆအား စိုးရိမ်စဖွယ်နည်းလမ်း များစွာဖြင့် နားလည်မှုလွဲနေကြဆဲပင်ဖြစ်ပါသည်။

အချို့သောသူများက “သုံးပါးတဆူ” အယူဝါဒ၏ အဓိပ္ပာယ်အရ ခရစ်ယာန်တို့သည် ဘုရားသုံးဆူ အား ယုံကြည်သည်ဟု ထင်ကြသည်။ ၎င်းမှာ “ဘုရားသုံးဆူအား ယုံကြည်ကိုးကွယ်သောဝါဒ” ဖြစ်ကာ အသင်းတော်အနေဖြင့် မိမိသမိုင်းကြောင်း တလျောက် ပြတ်ပြတ်သားသားငြင်းပယ်ခဲ့သော အယူဝါဒတခုလည်း ဖြစ်သည်။ အချို့မှာမူ “သုံးပါးတဆူ”အယူဝါဒ အား အသင်းတော်၏ ဝိရောဓိဖြစ်သောအပိုင်းအဖြစ် ရှုမြင်ကြသည်။

ဥပမာအားဖြင့်ဆိုရသော် သုံးပါးတဆူဘုရား အယူဝါဒသည် ဒဿနိကဗေဒရှုထောင့်အရ သိသာထင်ရှားသောဝိရောဓိ (“တစ်” သည် “သုံး” ဖြစ်သည် ဆိုသည့် ဝိရောဓိ) အဖြစ် ရှုမြင်လောက်ဖွယ်ရှိပေသည်။ သို့ရာတွင် ထိုရှုမြင်ချက်မှာမှန် သည်ဟူ၍ မဆိုနိုင်ချေ။ “တစ်” သည် “သုံး” ဖြစ်သည် ဆိုသည့် အယူအဆသည် “ဝိရောဓိမဟုတ်သော နိယာမတရား” (the Law of Non contradiction) အားဆန့်ကျင်သော်လည်း သုံးပါးတဆူအယူအဆမှာမူကား ထိုနိယာမတရား နှင့် ဆန့်ကျင်မှုမရှိပါ။

အဘယ့်ကြောင့်နည်း?

ဝိရောဓိမဟုတ်သော နိယာမတရား” (the Law of Non contradiction) ၏ဖော်ပြချက်မှာ  “A” သည် “A” နှင့် “A မဟုတ်သောအရာ” အဖြစ် တချိန်တည်းတွင် တူညီသောဆက်နွယ်မှုထဲ၌ မဖြစ်နိုင်ပါ ဆိုသော အချက်ပင်ဖြစ်ပါသည်။ ၎င်းသည် ကျွန်ုပ်တို့သုံးပါးတဆူဘုရားကို ယုံကြည်သောခရစ်ယာန်များ၏ ယုံကြည်ဝန်ခံချက် လုံး၀ (လုံးဝ) မဟုတ်ပါ။ သုံးပါးတဆူဘုရား” အယူအဆအဖြစ် ကျွန်ုပ်တို့ ခရစ်ယာန်များ၏ ယုံကြည်ဝန်ခံချက်မှာ ဘုရားသခင်သည် “ကိုယ်တော်၏ အဖြစ်တော်အနှစ်သာရ” အားဖြင့် တဆူတည်း (တခုတည်း)ဟု ခံယူကာ ထိုအဖြစ်တော် အနှစ်သာရတခုတည်းကို တူညီစွာယူဆောင်ထားသော “ပုဂ္ဂိုလ်တော်” သုံးပါးအဖြစ် ခံယူခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍ ထာဝရဘုရားသည် A ဆိုသည့်အရာတွင် “တစ်” ဖြစ်ကာ B ဆိုသည့် အရာတွင် “သုံး” ဖြစ်ကြောင်း ထင်ရှား သိသာပေသည်။ (ဝိရောဓိမဖြစ်ပါ)
အကယ်၍ ကျွန်ုပ်တို့က ထာဝရဘုရားသည် “အဖြစ်တော်အနှစ်သာရ တခုတည်း ဖြစ်သည်” ထို့ထက်မက ကိုယ်တော်သည် “အဖြစ်တော် အနှစ်သာရ သုံးခုလည်း ဖြစ်သည်” ဟု ဆိုခဲ့ပါလျှင် ထိုသို့ဆိုခြင်းသည် သေချာပေါက် “ဝိရောဓိ” ပင်ဖြစ်ပေလိမ့်မည်။ အခြားတနည်းမှာ အကယ်၍ ကျွန်ုပ်တို့က ထာဝရဘုရားသည် “ပုဂ္ဂိုလ်အရ တပါးတည်းသာ ဖြစ်သည်” ထို့ထက်မက ကိုယ်တော်သည် “ပုဂ္ဂိုလ်အရ သုံးပါး ဖြစ်သေးသည်” ဟု ဆိုခဲ့ပါလျှင် ထိုသို့ဆိုခြင်းသည်လည်း သေချာပေါက် “ဝိရောဓိ” ပင်ဖြစ်ပါသည်။ သုံးပါးတဆူတည်းဟူသော အယူအဆသည် အမှန်တကယ် လွန်စွာမှနားလည်ရန်ခက်ခဲသော၊ ကျွန်ုပ်တို့လူသားများ နားလည်သဘောပေါက်နိုင်စွမ်း၏အလွန် တွင်ရှိသည်ကို နှိမ့်ချစွာဝန်ခံထားသော်ငြား အသင်းတော်သမိုင်းတလျောက် ယုံကြည်လက်ခံခဲ့သော “ဖြစ်ခြင်းတခု ပုဂ္ဂိုလ် သုံးပါး” အယူအဆသည် ဝိရောဓိတခု မဟုတ်သည်မှာတော့ အသေအချာပင်ဖြစ်ပါသည်။

ဦးစွာပထမ ကျွန်ုပ်တို့ “သုံးပါးတဆူ” (Trinity) ဆိုသည့်အရာအား မဆွေးနွေးမီ “တခုတည်းဖြစ်ခြင်း” (Unity) ဆိုသည့် အရာ၏ အကြောင်းကို ပြောရပေလိမ့်မည်။ ထိုသို့ပြောရခြင်း အကြောင်းမှာ “သုံးပါးတဆူ” (Trinity) ဆိုသည့် စကားသည် “သုံးခု” ၏ “တခုတည်းဖြစ်ခြင်း” (Tri-Unity) အဖြစ်အဓိပ္ပာယ်ရှိနေသောကြောင့် ဖြစ်ပါသည်။ “တခုတည်းဖြစ်ခြင်း (Unity)”ဆိုသည့် အယူအဆ၏နောက်ကွယ်တွင် “ဘုရားတဆူတည်း ကိုးကွယ်သောဝါဒ” (Monotheism) အား သမ္မာကျမ်းစာလာ အတည်ပြုချက်အဖြစ် တွေ့ရှိနိုင်ပါသည်။ ရှေ့ဆက်စကားလုံး “Mono” သည် “တစ် (သို့) တခုတည်း” ဆိုသည့်အဓိပ္ပာယ်ရှိကာ ရင်းမြစ်စကားလုံး “Theism” သည် “ထာဝရဘုရား (သို့) ထာဝရဘုရားနှင့် ဆိုင်သော” ဆိုသည့်အဓိပ္ပာယ်ရှိပါသည်။ သို့ဖြစ်၍ “ဘုရားတဆူတည်း ကိုးကွယ်သောဝါဒ” (Monotheism) ဆိုသည့်စကားသည် ထာဝရဘုရားတဆူတည်းရှိသည် ဆိုသည့်အယူအဆကို ဖော်ပြနေခြင်းဖြစ်သည်။

ဘာသာအယူဝါဒများ (ဆင့်ကဲ) ပြောင်းလဲခြင်း (The Evolution of Religions)


သမ္မာကျမ်းစာတခုလုံးသည် ထပ်တူညီစွာ “ဘုရားတဆူတည်း ကိုးကွယ်သောဝါဒ” ဖြစ်၏၊ မဖြစ်၏ ဆိုသည့် အချက်သည် ၁၉ ရာစုအတွင်း ဒဿနိကဗေဒနယ်ပယ်နှင့် ကိုးကွယ်ယုံကြည်မှု ဘာသာအယူဝါဒများအကြားတွင် မေးခွန်းတခုအဖြစ်ပေါ်ထွက်လာခဲ့ပါသည်။ ဖရိုင်းရစ်ချ် ဟီဂယ်
(Friedrich Hegel) သည် ၁၉ရာစု၏ သြဇာကြီးမားသော ဒဿနိကဗေဒပညာရှင်များထဲမှ တဦးဖြစ်ပါသည်။ သူသည် သမိုင်းကြောင်းတလျောက် လွန်စွာမှပြောင်မြောက်သော ခက်ခဲရှုတ်ထွေးသော အတွေးအခေါ်တရပ်အား တည်ဆောက်ပြုစုခဲ့ပါသည်။ ၎င်း၏အဓိက အချက်မှာ ဆင့်ကဲပြောင်းလဲခြင်း (သို့) သမိုင်းကြောင်းတလျောက် အသစ်တိုးတက်ဖြစ်ပေါ်မှု ပင်ဖြစ်သည်။ ၁၉ ရာစုအတွင် အတွေး အခေါ်ပညာရှင်များသည် ဆင့်ကဲပြောင်းလဲခြင်းအယူအဆ၏ လွှမ်းမိုးမှုကိုခံခဲ့ရကြပြီး ထိုသို့လွှမ်းမိုးခံရခြင်း အယူအဆသည် ဇီဝဗေဒ (သက်ရှိများအားလေ့လာခြင်း)၏ ရှုထောင့်အတွင်း၌သာ မဟုတ်ခဲ့ချေ။ “ဆင့်ကဲပြောင်းလဲခြင်း” (Evolution) ဆိုသည့်စကားသည် ထိုအချိန်က ပညာရေးနယ်ပယ်နှင့် သိပ္ပံဆိုင်ရာ အသိုင်းအဝိုင်းကြား လူသုံးများသည့် ပညာရပ်ဆိုင်ရာ ဝေါဟာရတခု ဖြစ်လာခဲ့ပြီး ထိုစကားလုံးအား သက်ရှိများဆင့်ကဲ ပြောင်းလဲခြင်းအတွက်သာမက နိုင်ငံရေးတက္ကသိုလ်များတွင်ပါ ဆွဲယူသုံးစွဲခဲ့ကြပါသည်။ ဥပမာအားဖြင့်ဆိုရသော် ယေဘုယျအားဖြင့် ခေါ်ဆိုကြသော “လူမှုအဖွဲ့အစည်းအတွင်းရှိ ဒါဝင်အယူဝါဒ” (Social Darwinism) ဆိုသည်မှာ လူ့သမိုင်းအား “ယဉ်ကျေးသော လူ့အဖွဲ့အစည်းအဖြစ်သို့ တိုးတက်ပြောင်းလဲနေခြင်း” ဖြစ်စဉ်အဖြစ် နားလည်ကြသည်။

ဟီဂယ်၏ နောက်လိုက်များ (တပည့်များ)သည် ၎င်းဆင့်ကဲပြောင်းလဲခြင်းအယူအဆအား ဘာသာရေးကိုးကွယ် ယုံကြည်မှု အယူအဆများတိုးတက်ပြောင်းလဲမှုဆိုသည့် အချက်အဖြစ်အသုံးချခဲ့ပါသည်။ ထိုသူတို့သည် ဤသို့သော ယူဆချက်ဖြင့် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ဘာသာရေးကိုးကွယ်ယုံကြည်မှု” အပါအဝင် ဖန်ဆင်းခြင်း၏ နယ်ပယ်တခုလုံးသည် ကျွန်ုပ်တို့ ဇီဝဗေဒနှင့် သက်ဆိုင်သော နယ်ပယ်တွင်တွေ့ရသည့် ဆင့်ကဲပြောင်းလဲခြင်း အယူအဆပုံစံကို လိုက်နာကြပြီး ၎င်းပုံစံမှာ ရိုးရှင်းသာ ပုံစံမှ ရှုတ်ထွေးသောပုံစံသို့ ဆင့်ကဲပြောင်းလဲခြင်းဖြစ်သည်ဟူသောအချက်ဖြစ်ပါသည်။ ဘာသာယုံကြည်ကိုးကွယ်မှုဆိုင်ရာရှုထောင့်တွင်မူ ဖွံ့ဖြိုးတိုးတက်ပြီးသော ဘာသာရေးကိုးကွယ်မှုအယူအဆ အားလုံး သည် ရိုးရှင်းသောပုံစံဖြစ်သည့် လူသားအပြင်အခြားသော ရုပ်ဝတ္ထုပစ္စည်းများ၊ သစ်ပင်များတွင်လည်း “အသက်ဝိညာဉ်” ရှိသည်ကို ယုံကြည်သောအယူအဆ (Animism) မှ ဆင့်ကဲပြောင်းလဲလာခဲ့ခြင်းဖြစ်သည်ဟူသော အချက်ပင်ဖြစ်သည်။ Animism ဆိုသည့်စကားလုံးသည် ပုံမှန်အားဖြင့် သက်မဲ့ဟု ကျွန်ုပ်တို့ နားလည်လက်ခံထားသော ကျောက်တုံးများ၊ သစ်ပင်များ၊ ရုပ်ထုချိပ်ဆွဲသည့်တိုင်များ နှင့် ရုပ်ထုများ စသည်တို့တွင် အသက်ရှင်နေသော စိတ်များ၊ ဝိညာဉ်များ၊ နှင့် ပုဂ္ဂိုလ်ဖြစ်ခြင်းစရိုက်များ ရှိကြောင်းအဓိပ္ပာယ်ရပါသည်။

ရှေးကျသော ဘာသာရေး ယုံကြည်ကိုးကွယ်မှုများသည် Animistic ဝါဒဖြစ်ခဲ့သည်ဆိုသော အယူအဆအား ယနေ့အချိန်ကာလအထိ ရှင်သန်ကျန်ရှိနေသေးသော ရှေးကျသည့် ယဉ်ကျေးမှုများကို စစ်ဆေးလေ့လာမှုပြုခဲ့သော ပညာရှင်များမှ အတည်ပြုခဲ့ပုံရပါသည်။ ဝေးလံခေါင်သီသော ကမ္ဘာအရပ်ရပ်ရှိနေရာများသို့သွား၍ ထိုနေရာများရှိ ရှေးဟောင်းယဉ်ကျေးမှု တို့၏ ကိုးကွယ်ယုံကြည်မှုအား လေ့လာခဲ့သော ပညာရှင်များသည် ထိုယဉ်ကျေးမှုများတွင် အားကောင်းသော (Animism) ဝါဒ၏ အရိပ်လက္ခဏာများ တွေ့ရှိခဲ့ပါသည်။ သို့ဖြစ်၍ ဘာသာတရားအားလုံးသည် (Animism) မှအစပြုခဲ့၍ ထိုမှတဆင့် ဆက်လက်၍ ဆင့်ကဲပြောင်းလဲနေကြသည် ဆိုသော ယူဆချက်အားလက်ခံခဲ့ပါသည်။ အချိုု့ပညာရှင်များက သမ္မာကျမ်းစာ ဓမ္မဟောင်း ကျမ်းရှိ အရှေ့ပိုင်းစာမျက်နှာများတွင် (Animism) သဘောတရားအား တွေ့နိုင်သည်ဟုဆိုကြသည်။ ထိုသူများသည် ပုဂ္ဂိုလ် ကဲ့သို့ ဝိသေသလက္ခဏာရှိသည်ဟု ယူဆရသည့် မြွေတကောင်၏ သွေးဆောင်ခြင်းကြောင့် အာဒံနှင့်ဧဝတို့ကျဆုံးခဲ့ရခြင်းအား ရည်ညွှန်းကိုးကားပြောဆိုကြသည် (ကမ္ဘာဦး ၃)။ ထိုမြွေသည် ဆင်ခြင်တွေးခေါ်နိုင်စွမ်းရှိခြင်း၊ စကားပြောခြင်း၊ ၎င်း၏ဆန္ဒအလျောက် လွတ်လပ်စွာဆုံးဖြတ်လုပ်ဆောင်ခြင်း စသည်တို့ကို ပုဂ္ဂိုလ်တဦးနှင့်မခြား လုပ်ဆောင်ခဲ့ပေသည်။

အချို့သောသမ္မာကျမ်းစာ ဝေဖန်သူများက “သူ၏မြည်းစကားပြောခြင်းကို တွေ့ကြုံခဲ့ရသော ဗာလံ” ၏အဖြစ်အပျက်ကို ရည်ညွှန်းဖော်ပြကြသည်။ ထိုအချက်သည် သမ္မာကျမ်းစာ ရေးသားသူများက ကမ္ဘာဦး အခန်းကြီး ၃ တွင်ဖော်ပြခဲ့သော မြွေတွင် ဝိညာဉ်ရှိသကဲ့သို့ ဗာလံ၏မြည်း တွင်လည်း ဝိညာဉ် ရှိသည်ဆိုသော အချက်ကို ယုံကြည်ကြသည်ဟု ဆိုပါသည်။ ထို့အပြင် ကမ္ဘာဦးကျမ်း ၁၈ တွင် အာဗြံအား ထာဝရဘုရားမှ မံရေသပိတ်တောနားတွင် တွေ့သည့်အဖြစ်အပျက်အားလည်း အာဗြံသည် သစ်ပင်ရှိ ဘုရားများနှင့်ဆက်သွယ် စကားပြောဆိုသည်ဟု ဖော်ပြချက် များလည်းရှိပါသည်။ သို့သော်လည်း သမ္မာကျမ်းစာတွင် အာဗြံသည် (Animism) ဝါဒတခုခုအားကျင့်သုံးပြီး ဘုရားများနှင့် ဆက်သွယ်ခဲ့သည်ဟု သမ္မာကျမ်းစာရှိ မည်သည့်စကားလုံးအဓိပ္ပာယ်၌မျှ ဖော်ပြထားခြင်းမရှိပေ။

ဘာသာရေးအား ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကဲ့သို့ ခံယူထားသောသူများ၏ ပြောဆိုမှုအရ (Animism) ဝါဒမှ နောက်တဆင့်သို့ ပြောင်းလဲခြင်းသည် “နတ်ဘုရား အများအား ကိုးကွယ်သောအယူဝါဒ” (Polytheism) ပင်ဖြစ်ပါသည်။ Polytheism သည် ရှေးကျသော ဂရိနှင့် ရောမ ခေတ်တွင်ယုံကြည်လက်ခံခဲ့သော ဝါဒဖြစ်သည်။ ဂရိ တို့၏ ကိုးကွယ်ယုံကြည်မှု၊ ရောမ တို့၏ ကိုးကွယ်ယုံကြည်မှု နှင့် အခြားများစွာသောကိုးကွယ်ယုံကြည်မှုများတွင် “စစ်ပွဲနတ်ဘုရား” ၊ “အလှနတ်ဘုရား” ၊ “ဉာဏ်ပညာနတ်ဘုရား” ၊ “ဖွံ့ဖြိုးခြင်းနတ်ဘုရား”၊ အစရှိသည့် လူသားများ၏ အပြုအမူတိုင်း၊ လုပ်ဆောင်မှုတိုင်းနှင့် သက်ဆိုင်သော နတ်ဘုရားတပါး (သို့) နတ်ဘုရားမ တပါး ရှိပါသည်။ ကျွနု်ပ်တို့အနေဖြင့် ထိုရှေးကျသော ဒဏ္ဍာရီများကို လေ့လာခြင်းအားဖြင့် ထိုအယူအဆများအား ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါသည်။ အလွယ်တကူ ဖော်ပြရမည်ဆိုလျှင် လူသားဘဝ၏ ကွဲပြားသောလုပ်ဆောင်မှုများအား ကူညီအစေခံရန် များစွာသော နတ်ဘုရားများ တည်ရှိနေသည်ဟု လူများကယုံကြည်ခဲ့ကြပါသည်။

နတ်ဘုရား အများအား ကိုးကွယ်သောအယူဝါဒ” (Polytheism) ပြီးနောက်ဆင့်ကဲတိုးတက်လာသည့် ကိုးကွယ် ယုံကြည်မှုနောက်တခုမှာ “Henotheism” ဖြစ်ပါသည်။ ၎င်းဝါဒသည် “နတ်ဘုရား အများအား ကိုးကွယ်သောအယူဝါဒ” (Polytheism) နှင့် “ဘုရားတဆူတည်း ကိုးကွယ်သောဝါဒ (Monotheism)” တို့ နှစ်မျိုးအကြား ရောနှောထားသော၊ ဝါဒတခုမှနောက်တခုသို့ပြောင်းလဲနေသော လမ်းကြောင်းအဆင့်တွင်ရှိသည့် ဝါဒဖြစ်သည်။ “Henotheism” သည် နတ်ဘုရား တပါးပါးအား ယုံကြည်သောဝါဒ ဖြစ်ပြီး (၎င်းစကားလုံးရှိ ရှေ့ဆက်စကားလုံး “Hen” သည် “တစ်” ဟု အဓိပ္ပာယ်ရသော ဂရိစကားလုံးမှ ဆင်းသက်လာပြီး “Mono” ဆိုသည့်စကားလုံးနှင့် မတူညီပေ။) သို့ရာတွင် ၎င်းအယူအဆမှာ လူမျိုးတမျိုး၊ တိုင်းပြည်တပြည်အတွက် နတ်ဘုရားတပါးစီ ရှိကြပြီး ထိုနတ်ဘုရားတပါးစီက သီးသန့်သတ်မှတ်ချက် နယ်နိမိတ်အတွင်းတွင် အုပ်စိုးသည်ဟူ၍ ဖြစ်သည်။ ဥပမာအားဖြင့်ဆိုရသော် (Henotheism) ယုံကြည်ချက်အရ Yahweh ဟုခေါ်ဆိုသော ဂျူးလူမျိုးတို့၏ နတ်ဘုရားတပါး၊ Dagon ဟုခေါ်သော ပါလက်စတိုင်းလူမျိုးတို့၏ နတ်ဘုရားတပါး၊ Baal ဟုခေါ်သော ခါနန်လူမျိုးတို့၏ နတ်ဘုရား စသဖြင့်အသီးသီး ရှိသည်ဟု လက်ခံထားကြသည်။ ၎င်းအယူအဆသည် လည်း အခြေခံအားဖြင့် ဘုရားတဆူတည်း ရှိသည်ကို အမှန်အဖြစ်လက်ခံထားခြင်း မဟုတ်ပေ။

Henotheistic အယူဝါဒကိုင်စွဲသူများသည် အခြားသောတိုင်းပြည်များတွင်လည်း ဆိုင်ရာဆိုင်ရာနတ်ဘုရားများ အသီးသီးရှိကြသည်ဟု လက်ခံကြပြီး စစ်ပွဲများသည်လည်း တိုင်းပြည်တခုနှင့်တခုကြားတွင် လည်းကောင်း၊ လူတစုနှင့် အခြားတစုတို့၏ နတ်ဘုရားများအကြားသော်လည်းကောင်း မကြာခဏဖြစ်ပွားလေ့ရှိကြပါသည်။ အချို့သော ပညာရှင်များက ထိုသဘောတရားအား သမ္မာကျမ်းစာ၏ ဓမ္မဟောင်းကျမ်းတွင် ရှာဖွေတွေ့ရှိသည်ဟု ဆိုရာတွင် ဣသရေလလူမျိုးတို့၏ ထာဝရဘုရားက Dagon, Baal နှင့် အခြားသော ရုပ်တုနတ်ဘုရားများနှင့် ရင်ဆိုင် ယှဉ်ပြိုင်ခဲ့သည်များကို သဘောထားကွဲလွဲစွာ ရေးမှတ်ထားသော မှတ်တမ်းများအား အခြေပြုဖော်ပြခဲ့ခြင်း ဖြစ်ပေလိမ့် မည်။ သို့သော်လည်း ထိုဖော်ပြချက်များက ဣသရေလလူမျိုးတို့ကိုးကွယ်ယုံကြည်သောအယူဝါဒသည် (Henotheism) ဖြစ်သည်ဟု ရည်ညွှန်းဖော်ပြခြင်း မဟုတ်ပါ။

သမ္မာကျမ်းစာ။      ။ တဆူတည်းသောဘုရားကိုးကွယ်မှု၌ အစပြုခြင်း

ထိုဆင့်ကဲပြောင်းလဲခြင်းဘောင်အား အခြေပြုယူဆလျက်၊ ၁၉ ရာစု ဝေဖန်ရေးသမားများက သမ္မာကျမ်းစာသည် အပြောင်းအလဲမရှိစွာ တဆူတည်းသောဘုရားကိုးကွယ်ခြင်း ဝါဒဖြစ်သည်ဟု စောဒက တက်ခဲ့ကြသည်။ အစ္စရေး၌ မည်သည့်အချိန်မှစ၍ တဆူတည်းသောဘုရားကိုးကွယ်မှု (Monotheism) စတင်ခဲ့သည်နှင့် ပတ်သက်၍လည်း စကားစစ်ထိုးပွဲများ၊ ဆွေးနွေးငြင်းခုံမှုများ ဆက်လက်ရှိနေခဲ့ပါသည်။ ရှေးရိုးစွဲပိုဆန်သော ဝေဖန်ရေးသမားများကမူ အစ္စရေး၌ တဆူတည်းသောဘုရားကိုးကွယ်မှု (Monotheism) အား အာဗြဟံအချိန်ကာလ ကတည်းကပင် ကျင့်သုံးခဲ့သော အရိပ်အမြွက်များရှိခဲ့သည်ဟု ဆိုကြသည်။ အခြားသောသူများက (Monotheism) သည် မောရှေခေတ်မတိုင်ခင်အထိ စတင်ခဲ့ခြင်းမရှိကြောင်း ဆိုကြသည်။ အချို့ကမူ မောရှေအား တဆူတည်းသောဘုရားကိုးကွယ်သူ အဖြစ်လက်မခံကြဘဲ၊ ခရစ်တော်မပေါ်မီ ၈ ရာစု ဝန်းကျင် ဟေရှာယ ကဲ့သို့ ပရောဖက်များ လက်ထက်အထိ (Monotheism) စတင်ခဲ့ခြင်းမရှိဟု ဆိုကြသည်။ အနည်းစုမှာ ပို၍ပင်သံသယကြီးစွာ ပြောကြသည်မှာ (Monotheism) သည် ဣသရေလလူမျိုးများ ဘေဘီလုံသို့မရောက်မီ ၊ ၎င်းဂျူးလူမျိုးတို့ အတည်တကျ ကိုးကွယ်မှု ပုံစံမဖွံ့ဖြိုးသေးခင်အထိ စတင်ခဲ့ခြင်းမရှိဟု ဆိုပါသည်။ သို့ဖြစ်၍ အများလက်ခံကြသော ပညာရှင်များက သမ္မာကျမ်းစာထဲရှိ ထာဝရဘုရားတဆူတည်းဖြစ်ခြင်း အယူအဆအား လွန်ခဲ့သောရာစုနှစ်အတော်များများကြာ ခုခံကာကွယ်ခဲ့ရကြပါသည်။

အများလက်ခံထားကြသည့် ဆွေးနွေးငြင်းခုံမှုများကမူ “တဆူတည်းသောဘုရား ကိုးကွယ်ခြင်း” သည် သမ္မာကျမ်းစာသမိုင်းကြောင်း၏ အစဦးဆုံးအပိုင်း၌ပင် ဖော်ပြခဲ့ပြီးဖြစ်ကြောင်းအား ကိုင်စွဲဖော်ပြထားပါသည်။ ထိုအရာကို “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏” ဆိုသည့် ပထမဦးဆုံးသော သမ္မာကျမ်းချက်အား ကျွန်ုပ်တို့ဖတ်ရှုခြင်းအားဖြင့် သိနိုင်ပါသည်။ ဖန်ဆင်းခြင်းဇာတ်ကြောင်း တခုလုံးသည် သမ္မာကျမ်းစာပထမဦးဆုံးကျမ်း (ကမ္ဘာဦးကျမ်း)၏ ပထမစာမျက်နှာတွင် မိတ်ဆက်ဖော်ပြခဲ့သော “ထာဝရဘုရား” သည် မိမိ၏ အုပ်စိုးခြင်းအာဏာစက်မှာ ဓမ္မဟောင်းကာလ ဣသရေလတိုင်းပြည် ရေမြေသဘာ၀ နယ်နိမိတ်အပိုင်းအခြားတခု အားဖြင့်ကန့်သတ်ထားခြင်း မဟုတ်ဘဲ အလုံးစုံသော ဖန်ဆင်းခြင်းအပေါ်တွင် သက်ရောက်တည်ရှိကြောင်း အတည်ပြုလျက်ရှိပါသည်။ ကောင်းကင်နှင့်မြေကြီးကို အကြွင်းမဲ့အုပ်စိုးသော ဖန်ဆင်းရှင်သည် ထိုအရာတို့အား ကိုယ်တော်၏ နှုတ်တော်ထွက်စကားတော်အားဖြင့် စေစား တည်နေစေတော်မူ၏၊ ထိုသခင်သည် ထာဝရမင်္ဂလာရှိပါ၏၊ အာမင်။

ဝေဖန်ရေးသမားများ မကြာခဏထောက်ပြကြသည့် အချက်မှာ သမ္မာကျမ်းစာ၏ အစောပိုင်းကျမ်းများတွင် ထာဝရဘုရား၏ အမည်နာမတော် နှစ်ခုအကြား ထင်မြင်ချက်များအမြဲပြောင်းလဲနေခြင်း (ချီတုံချတုံဖြစ်နေခြင်း) ဆိုသည့် အချက်ဖြစ်ပါသည်။ ထာဝရဘုရား၏ နာမတော်အား တဖက်တွင် “ယေဟောဝါ” (Jehovah) ဟူ၍လည်းကောင်း “ယာဝေ” (Yahweh) ဟူ၍ လည်းကောင်းရည်ညွှန်းဖော်ပြ၍ အခြားတဖက်တွင်မူ ကိုယ်တော်အား “အီလိုဟင်းမ်” (Elohim) ဟူ၍လည်း ရည်ညွှန်းခေါ်ဆို ကြပါသည်။ ထိုနာမတော် “အီလိုဟင်းမ်” (Elohim) ဆိုသည့်စကား၏ နောက်ဆက် စကားလုံး “him” သည် ဟေဗြဲစာပေအရ အများကိန်းနှင့်ဆုံးသော “နာမ်” ဖြစ်နေသည့်အတွက် ၎င်း “Elohim” ဆိုသည့်စကားလုံးအား “ဘုရားများ” ဟူ၍ ဘာသာ ပြန်ကောင်းပြန်ခဲ့နိုင်ပေလိမ့်မည်။ သို့ရာတွင် “အီလိုဟင်းမ်” (Elohim) ဆိုသည့်စကားသည် အများကိန်းအား ဖော်ဆောင်သော အဆုံးသတ်ပါရှိသော်လည်း ထိုစာလုံး (နာမ်)သည် အမြဲပင် အနည်းကိန်း ကြိယာပုံစံနှင့်သာ တွဲလျက် ဖော်ပြသည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ ၎င်းသည် “ဘုရားများ” ဟူသည့်အဓိပ္ပာယ်ဖြင့် ဘာသာပြန်ရန် မဆီလျော်ကြောင်းအား ကျမ်းရေးသားသူမှ အသိပေးနေခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာဦးကျမ်း အစပိုင်းတွင်ပင် ကျွန်ုပ်တို့အား သန့်ရှင်းသော ကျမ်းစာအားဖြင့် ဖော်ပြခဲ့သော၊ အရာခပ်သိမ်းအား အုပ်စိုးပိုင်သတော်မူသော ဖန်ဆင်းရှင်ထာဝရဘုရားသည် တဆူတည်း ဖြစ်ကြောင်း အတည်ပြုပေးနေပါသည်။ ထို့ကြောင့် “အီလိုဟင်းမ်” (Elohim) စကားလုံးတွင် “ဘုရားအများယုံကြည်သောဝါဒ” (Polytheism) ၏အရိပ်အမြွက်များပါရှိနေသဖွယ် ပြောဆိုနေခြင်းမှာ မှားယွင်းစွာ ကောက်ချက်ချခြင်းသို့ ဦးတည်နေပါသည်။

ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀ တွင်ဖော်ပြသော ပညတ်တရားကိုပေးသော အဖြစ်အပျက်တွင် သိနတောင်၌ ပထမဆုံး ပေးခဲ့သည့် “ငါမှတပါး အခြားသောဘုရားကို မကိုးကွယ်နှင့်” ဆိုသော ပညတ်ချက်သည် “တဆူတည်းသောဘုရားကိုးကွယ်မှုဝါဒ” (Monotheism) အား ခိုင်မာစွာဖော်ပြနေပေသည်။ အချို့သောသူများက ထိုပညတ်ချက်သည် “နတ်ဘုရား တပါးပါးအား ယုံကြည်သောဝါဒ” (Henotheism) အတွက် သက်သေများပင် ဖြစ်သည်ဟု ပြောကြသည်။ ထိုသို့ပြောဆိုခြင်း အကြောင်းမှာ ပညတ်ချက်ထဲ၌ ဘုရားသခင်က သူ၏လူများအား အခြားသောဘုရားများအား မကိုးကွယ်ရန်ပြောနေခြင်းမှာ အခြားသောဘုရားများလည်းရှိသည်ဆိုသည့် သဘော သက်ရောက်ပြီး ထိုလူများ၏ဘဝတွင် မိမိကိုသာလျှင် ကိုးကွယ်ရမည်ဟု ပြောခြင်းသည် လူမျိုးတမျိုးမျိုး နေထိုင်ရာနေရာ တနေရာရှိ လူအစုအတွက် အုပ်စိုးသောနတ်ဘုရား တပါးပါးအားကိုးကွယ်သော ဝါဒ (Henotheism) အယူအဆ ရှိသည်ဟု ကောက်ချက်ဆွဲလိုက်ခြင်းကြောင့်ပင် ဖြစ်ပေသည်။ သို့ရာတွင် ဟေဗြဲဘာသာစကား၏ ဖော်ပြခြင်း မှာမူ “ငါမှတပါး” (ငါ့အရှေ့တွင်) Before Me ဟု မိန့်တော်မူခြင်းသည် ကိုယ်တော်၏မျက်မှောက်တော်၊ နေရာတိုင်းတွင် ရှိသော ဘုရားသခင်၏မျက်မှောက်တော်အား ဆိုလိုခြင်းဖြစ်သည့်အတွက် မည်သူမဆို မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ၊ ထိုသူသည် ထာဝရဘုရားမှလွဲ၍ အခြားသောအရာ၌ ကိုးကွယ်သည်ဆိုပါက ထိုပညတ်နှင့်ငြိစွန်းသည်ဟု သတ်မှတ်ခြင်းဖြစ်ပါသည်။ ထိုပညတ်အား တဆူတည်းဖြစ်တော်မူသော ထာဝရဘုရားသခင်မိန့်တော်မူ၏။

ကမ္ဘာဦးကျမ်း နောက်ပိုင်းတွင် “တဆူတည်းသောဘုရားကိုးကွယ်မှုဝါဒ” (Monotheism) အားသိသာထင်ရှားစွာဖော်ပြသော ဖော်ပြချက်များကို တွေ့ရပါသည်။ ၎င်းကို ရှေးခေတ် ဣသရေလလူမျိုးတို့ သူတို့၏ တဆူတည်းသော ဘုရားအား ယုံကြည်ဝန်ခံချက်ဖြစ်သည့် “Shema” တွင်တွေ့ရှိနိုင်ပါသည်။ “အို ဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏” (တရားဟောရာကျမ်း ၆ း ၄)။ ပရောဖက်ကျမ်းများတွင် အခြားသောကိုးကွယ်ယုံကြည်မှုများရှိ မှားယွင်းသောနတ်ဘုရားများအာ အစဉ်တစိုက် စာဖြင့် ဖြစ်စေ၊ နှုတ်ဖြင့် ဖြစ်စေ ဝေဖန်တိုက်ခိုက်လာခဲ့ကြောင်း ကျွန်ုပ်တို့ တွေ့နိုင်ပါသည်။ ထိုသို့တိုက်ခိုက်ရခြင်းမှာ ထိုနတ်ဘုရားများသည် ထာဝရဘုရားနှင့်နှိုင်းယှဉ်နိုင်သော၊ တန်ခိုးရှိသော ယှဉ်ပြိုင်ဖက်အနေဖြင့် သတ်မှတ်သောကြောင့် မဟုတ်ဘဲ ၎င်းတို့သည် အသုံးမကျသော အသက်မဲ့ရုပ်တုများသာ ဖြစ်သောကြောင့်ဖြစ်ပါသည်။ အသိဉာဏ်ရှိသည့် အရာ တခု (သို့) ပုဂ္ဂိုလ်တပါးပါးက သက်မဲ့သစ်သားတုံးထဲသို့ ဝင်ရောက်နေထိုင်နိုင်သည့်အလားယုံကြည်၍ လူလက် ဖြင့်ထုလုပ် ထားသောအရာများ၊ ရုပ်တုများ၊ သစ်ပင်များအား ကိုးကွယ်သောလူများကို အသက်ရှင်သောထာဝရဘုရား၏ ပရောဖက်များက ထူးထူးခြားခြား သရော်ထားခြင်းပင်ဖြစ်ပါသည်။ ထိုပရောဖက်များက သက်မဲ့အရာဝတ္ထုများတွင် ဝိညာဉ် ရှိသည်ဟူသောဝါဒ (Animism) နှင့် နတ်ဘုရားအများအား ကိုးကွယ်ယုံကြည်သောဝါဒ (Polytheism) တို့အား လှောင်ပြောင်သရော်ခဲ့ကြပါသည်။

ရှေးခေတ်ကာလရှိ ဤကဲ့သို့ ရှားပါးခိုင်မာသည့် အဆိုတင်ပြချက်များကြောင့် ထို “တဆူတည်းသော ဘုရား ကိုးကွယ်မှုဝါဒ” (Monotheism) အတွက်အတည်ပြုချက်များသည် အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းသော ဓမ္မဟောင်း ယုံကြည်ချက်၏အတိုင်းအတာပင်ဖြစ်သည်။ ရှေးကျသော ဂရိနှင့် ရောမခေတ် ယဉ်ကျေးမှုများမှ ကျွန်ုပ်တို့ရရှိထားသော သမိုင်းအထောက်အထား အများစုမှာ “တဆူတည်းသော ဘုရား ကိုးကွယ်မှုဝါဒ” (Monotheism) အားလက်မခံကြပေ။ အချို့က အီဂျစ်လူမျိုးများသည် ပထမဦးဆုံးသော “တဆူတည်းသော ဘုရား ကိုးကွယ်မှုဝါဒ” (Monotheism) လက်ခံ သူများဖြစ်ကြသည်ဟုဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် နေနတ်ဘုရား “Ra” အား ကိုးကွယ်သောကြောင့်ဖြစ်သည်။ သို့ရာတွင် သမ္မာကျမ်းစာ ဓမ္မဟောင်းကျမ်းယုံကြည်ချက်မှ ပေါက်ဖွားလာသော “တဆူတည်းသော ဘုရား ကိုးကွယ်မှုဝါဒ” (Monotheism) သည်သာလျှင် (Monotheism) စစ်စစ် ဖြစ်ပေသည်။ ထိုအယူအဆမှာ ဓမ္မဟောင်းကျမ်း ၏ အစပိုင်းကတည်းကပင် ဣသရေလတို့၏ ကိုးကွယ်ယုံကြည်ခြင်း၌ တဆူတည်းသောဘုရား ဟူသော ဝါဒ ခိုင်မြဲစွာ တည်ဆောက်ဖြစ်တည်လာခဲ့ခြင်းပင်ဖြစ်ပါသည်။

ဘုရားသခင်သည် “တစ်” ဖြစ်လျှင် ကိုယ်တော်သည် အဘယ်သို့ “သုံး” ဖြစ်နိုင်ပါမည်နည်း


ထိုကဲ့သို့လွန်စွာမှ ရှင်းလင်းသည့် “တဆူတည်းသော ဘုရား ကိုးကွယ်မှုဝါဒ”
(Monotheism) သွန်သင်ချက်ကြောင့် သုံးပါးတဆူ သြဝါဒ (The Doctrine of Trinity) မှာ နားလည်လက်ခံရန် အလွန်ပင်ခက်ခဲလှပေသည်။ ဓမ္မသစ်သို့ ရောက်လာသည့်အခါ အသင်းတော်သည် “တဆူတည်းသော ဘုရား ကိုးကွယ်မှုဝါဒ” (Monotheism) အား အပြည့်အ၀ အတည်ပြုပေးခြင်းကို ကျွန်ုပ်တို့တွေ့ရ သကဲ့သို့ “ခမည်းတော်သည် ထာဝရဘုရား” ဖြစ်တော်မူသည်၊ “သားတော်သည် ထာဝရဘုရား” ဖြစ်တော်မူသည်၊ “သန့်ရှင်းသောဝိညာဉ်တော်သည် ထာဝရဘုရား” ဖြစ်တော်မူသည် ဟူသော ကြေညာချက်ကိုလည်း ရှင်းလင်းစွာတွေ့ရ ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့နားလည်ရမည်မှာ ဘုရားဂုဏ်တော်ထဲ၌ ခြားနားခြင်းများသည် ထာဝရဘုရား၏ အဖြစ်တော် အနှစ်သာရကို အပိုင်းပိုင်းခွဲထုတ်လိုက်ခြင်း သဘောအား ရည်ညွှန်းနေခြင်းလုံး၀ မဟုတ်ပါ။

ထိုသို့ဆိုလျှင် ဓမ္မသစ်ကျမ်းစာတွင် အတည်ပြုထားသော ထာဝရဘုရား၏ ပုဂ္ဂိုလ်သုံးပါး ဖြစ်ခြင်းအယူအဆသည် ဓမ္မဟောင်း ကျမ်း၏ “တဆူတည်းသော ဘုရား ကိုးကွယ်မှုဝါဒ” (Monotheism) အယူအဆ နှင့် ဝိရောဓိ ဖြစ်နေပါသလား? စိန့်သြဂက်စတင်းက ဤသို့ဖော်ပြဖူးပါသည်။ ဓမ္မသစ်ကျမ်းစာသည် ဓမ္မဟောင်းကျမ်းစာထဲတွင် ပုန်းကွယ်နေခြင်းဖြစ်ပြီး ဓမ္မဟောင်းကျမ်းသည် ဓမ္မသစ်ကျမ်းထဲတွင် ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်တို့၏ ယုံကြည်ချက်တွင် သုံးပါးတဆူ သြဝါဒ (The Doctrine of Trinity) သည် မည်မျှလောက်အရေးကြီးကြောင်း နားလည်ဖို့ရန် ကျွန်ုပ်တို့အနေဖြင့် အသင်းတော်က သမ္မာကျမ်းစာကို အခြေခံ၍ ဘုရားသခင်၏သဘောသဘာဝကို တဖြည်းဖြည်းခြင်း နားလည်လာ ခြင်းအား ရှုမြင်တတ်ဖို့ လိုအပ်ပါသည်။ ကျမ်းစာများအား လေ့လာသည့်အခါ “အဆင့်ဆင့်ဖွင့်ပြခြင်း” ဟူသော စကားကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ထိုအယူအဆမှာ အချိန်ကာလအားလိုက်၍ ထာဝရဘုရားက ကိုယ်တော်၏ ရွေးနှုတ်ခြင်း အကြံအစည်တော်အား ပို၍ပို၍ ဖွင့်ပြပေးခြင်း ပင်ဖြစ်ပါသည်။ ထာဝရဘုရားက ဖွင့်ပြခြင်းအားဖြင့် မိမိကိုယ်ကိုယ် ဖော်ထုတ်ပြခြင်း ဖြစ်ပါသည်။ ထိုသို့ အဆင့်ဆင့်ဖွင့်ပြခြင်းသည် ဓမ္မဟောင်းကာလတွင် ဖွင့်ပြခဲ့သောအရာက ဓမ္မသစ်တွင် ဖွင့်ပြခဲ့သောအရာနှင့် ဆန့်ကျင်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထို့အပြင် “အဆင့်ဆင့်ဖွင့်ပြခြင်း” သည် အရှေ့ပိုင်းဦးစွာ ဖွင့်ပြခဲ့သောအရာအား နောက်ဆုံးပြန်လည် ဖွင့်ပြခဲ့သောအရာအားဖြင့် ပြန်လည်ပြင်ဆင်သည့် သဘောဖြင့် (အမှားပြင်သည့်သဘော) မဟုတ်ပါ။ အစကတည်းက ဖော်ပြခဲ့သောအရာအပေါ်တွင်သာ အခြေခံ၍ ပို၍ ပြည့်စုံရှင်းလင်း သော ဖွင့်ပြခြင်းအားဖြင့် သိစေခြင်းသာ ဖြစ်ပါသည်။

သို့ဖြစ်၍ အစောပိုင်းကျမ်းစာများတွင် ကျွန်ုပ်တို့သည် ထာဝရဘုရား၏ ပုဂ္ဂိုလ်သုံးပါးဖြစ်ခြင်း သဘာဝအား သင်ပြခြင်းများ မတွေ့ခဲ့ရပါ။ အနည်းငယ်သော အရိပ်အမြွက်များသာ ရှိခဲ့သော်လည်း၊ ဓမ္မဟောင်းကျမ်းစာတွင် ပုဂ္ဂိုလ် သုံးပါးနှင့် ဆိုင်သော ဝိသေသလက္ခဏာများ အကြောင်းအချက်အလက်အပြည့်အစုံဖြင့် မသိရှိခဲ့ရပါ။ ထိုအချက်အလက် များအား နောက်ပိုင်းမှ သိရှိလာရခြင်းဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ထာဝရဘုရား၏ ရွေးနှုတ်ခြင်း အကြံအစည် တော် တခုလုံးအားအရင်းအမြစ်လိုက်၍ သမ္မာကျမ်းစာက ထိုအရာများအကြောင်း အမှန်တကယ် မည်သည်ကို ပြောပြနေခြင်းအားဖော်ထုတ်ရန်ဖြစ်ပါသည်။