Skip to content

“ဤ အ ရပ်၌ မ ရှိ၊ ထ မြောက် တော် မူ ပြီ”။ Happy Easter to you all!

ဒီနေ့ဟာ ကျွန်တော်တို့ ခရစ်ယာန်ယုံကြည်သူတွေအတွက် အင်မတန် အရေးကြီးပြီး မင်္ဂလာရှိတဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ရာနေ့ (Resurrection Sunday) ဖြစ်ပါတယ်။ ဟုတ်ကဲ့ … သခင်ယေရှု တကယ်ပဲ သေခြင်းကနေ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဒီလိုနေ့မျိုးရောက်တိုင်း ယုံကြည်သူတွေ ဝမ်းမြောက်ဝမ်းသာ ဆင်နွှဲလေ့ရှိကြပေမယ့် မယုံကြည်သူတွေ သံသယဝါဒီတွေဘက်ကတော့ “မင်းတို့ရဲ့ ယေရှုက တကယ်ပဲ သေခြင်းကနေ ထမြောက်ခဲ့တာ ဟုတ်လို့လား” ဆိုတဲ့ မေးခွန်းကို အမြဲမေးလေ့ရှိကြပါတယ်။ ဒါလည်း မေးသင့်မေးထိုက်တဲ့မေးခွန်းပါ။ တကယ်သိချင်လို့ မေးတာရှိသလို မယုံလို့၊ လှောင်ချင်လို့ ငေါ့မေးတာလည်း ရှိပါတယ်။ ဘယ်အကြောင်းကြောင့်ပဲ မေးမေး၊ လူ့သမိုင်းတလျှောက်လုံးမှာ သခင်ကြိုတင်မိန့်မှာခဲ့တဲ့အတိုင်း ကိုယ်တော် သေခြင်းကနေရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံကို မျက်မြင်သက်သေတွေရှေ့မှာ တက်ကြွသွားတဲ့ သခင်ယေရှုရဲ့ သမိုင်းဝင်ဖြစ်စဉ်ဟာ သဘာဝလွန်ထူးခြားဖြစ်ရပ် ဖြစ်နေတာပဲကိုး။ ဒီမေးခွန်းအတွက် စာရေးသူဖတ်ရှုလေ့လာခဲ့ဖူးတဲ့ Dr. Frank Turek နဲ့ Norman Geisler တို့ ရေးထားတဲ့ “I Don’t Have Enough Faith to Be an Atheist” စာအုပ်ရဲ့ “Did Jesus Really Rise from the Dead?” ဆိုတဲ့ အခန်းထဲက အချက်အလက်တွေကို အခြေခံပြီး သမိုင်းပညာရှင်တွေရဲ့ အမြင်တွေကို စာဖတ်သူတွေ လေ့လာဆန်းစစ်သုံးသပ်နိုင်ရန် တင်ပြလိုက်ပါတယ်။

ပထမအချက်အနေနဲ့ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက်ပြီး သမိုင်းပညာရှင်တွေ ဘာပြောကြပါသလဲ။ ရှင်ပြန်ထမြောက်ခြင်းနဲ့ ပတ်သက်ပြီး Gary Habermas ဆိုတဲ့ ဓမ္မသစ်ကျမ်းပညာရှင်က ၁၉၇၅ ကနေ ၂၀၀၃ အတွင်းမှာ ထွက်ခဲ့တဲ့ သုတေသနစာတမ်းပေါင်း ၁,၄၀၀ ကျော်ကို လေ့လာခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ကျမ်းစာကို အပြင်းအထန် ဝေဖန်တဲ့ လစ်ဘရယ်ပညာရှင်တွေကအစ ရိုးရာအစဉ်အလာကိုထိန်းသိမ်းတဲ့ ခရစ်ယာန်ပညာရှင်တွေအဆုံး အားလုံးက အောက်ပါအချက် (၁၂) ချက်ကို သမိုင်းဝင်အမှန်တရားတွေအဖြစ် တညီတညွတ်တည်း လက်ခံထားကြပါသတဲ့။

၁။ သခင်ယေရှုက ရောမခေတ် လက်ဝါးကပ်တိုင်မှာ အသတ်ခံခဲ့ရတယ်။

၂။ သခင့်ကို သီးသန့်ဂူသင်္ချိုင်းတော်မှာ သင်္ဂြိုဟ်ခဲ့တယ်။

၃။ တပည့်တော်တွေဟာ မျှော်လင့်ချက်မဲ့ပြီး အကြီးအကျယ် စိတ်ဓာတ်ကျနေခဲ့ကြတယ်။

၄။ သိပ်မကြာခင်မှာပဲ အဲ့ဒီဂူက လွတ်နေတာကို တွေ့ခဲ့ရတယ်။

၅။ တပည့်တော်တွေက ရှင်ပြန်ထမြောက်လာတဲ့ သခင်ယေရှုကို တကယ်ပဲ ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ ယုံကြည်တဲ့ အတွေ့အကြုံတွေ ရခဲ့တယ်။

၆။ အဲ့ဒီအတွေ့အကြုံတွေကြောင့် သူတို့အသက်တာတွေ လုံးဝပြောင်းလဲသွားပြီး သူတို့ယုံကြည်ချက်အတွက် အသေခံဖို့တောင် ဝန်မလေးခဲ့ကြတော့ဘူး။

၇။ သခင်ယေရှုခရစ်တော် ရှင်ပြန်ထမြောက်ခြင်းသတင်းက အသင်းတော်သမိုင်း ဟိုးအစပိုင်းကတည်းက ချက်ချင်း ပျံ့နှံ့ခဲ့တယ်။

၈။ သခင်ယေရှု ကားစင်တင်သတ်ခံရတဲ့ ယေရုရှလင်မြို့မှာတင် ဒီသတင်းကို စတင် ဟောပြောခဲ့ကြတယ်။

၉။ သတင်းကောင်း (ဧဝံဂေလိ) ရဲ့ အဓိကအချက်က သခင်ယေရှုရဲ့ အသေခံတော်မူခြင်းနဲ့ ရှင်ပြန်ထမြောက်တော်မူခြင်းပဲ ဖြစ်တယ်။

၁၀။ တမန်တော်ကြီးတွေက တနင်္ဂနွေနေ့ (Sunday) ကို အဓိက ဝတ်ပြုကိုးကွယ်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။

၁၁။ အရင်က သံသယဝင်ခဲ့တဲ့ သခင်ယေရှုရဲ့ညီတော် ရှင်ယာကုပ်တောင်မှ သခင်ယေရှု ကိုယ်ထင်ပြတာကို မြင်ပြီး ခရစ်တော်ကို ကိုးကွယ်သူဖြစ်လာခဲ့တယ်။

၁၂။ ခရစ်ယာန်တွေကို နှိပ်စက်တဲ့ တာရှုမြို့သားရှောလု (တမန်တော်မြတ် ရှင်ပေါလု) လည်း သခင်ယေရှု ကိုယ်ထင်ပြတာကို မျက်မြင်ကြုံခဲ့ရပြီး ခရစ်တော်ကို ကိုးကွယ်သူဖြစ်လာခဲ့တယ်။

ဒီအချက်တွေကို ကြည့်ရင် ဓမ္မသစ်ကျမ်းဟာ ဒဏ္ဍာရီပုံပြင်ယုံတမ်းစကားတွေ မဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။ အဖြစ်အပျက်တွေဖြစ်ပြီး မကြာခင်မှာပဲ မျက်မြင်သက်သေတွေ ကိုယ်တိုင် ကျမ်းစာမှတ်တမ်းတွေ ရေးသားပြုစုခဲ့ကြတယ်။ ပြင်ပသမိုင်းမှတ်တမ်းတွေကလည်း ခရစ်တော်ဟာ အမှန်တကယ်ပင် ကားစင်တင်သတ်ခံခဲ့ရကြောင်း အတည်ပြုပေးထားပါတယ်။ ပြီးတော့ လိမ်လည်ထားတာလည်း မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ တမန်တော်ခေါင်းဆောင်ဖြစ်တဲ့ ရှင်ပေတရုက သခင်ယေရှုကို “သူ့ကို ကျွန်တော် မသိပါဘူး”လို့ လူရှေ့သူရှေ့ ၃ ကြိမ်တောင်ငြင်းပယ်ခဲ့တာတွေ၊ သူတို့ ဘုရားလိုကိုးကွယ်တဲ့ ရဗ္ဗိဆရာဟာ အရှက်တကွဲ ကားစင်တင်သတ်ခံရတာတွေစသဖြင့် သူတို့အရှက်ကွဲစရာ အဖြစ်အပျက်တွေကိုပါ ဖုံးကွယ်မထားဘဲ ရိုးရိုးသားသား ရေးထားသလို ကိုယ်တိုင် ဖန်တီးထားတဲ့ လိမ်ဆင်တစ်ခုအတွက် ဘယ်သူမှ ကိုယ့်အသားနာခံပြီး အသားလွတ် အသေမခံကြပါဘူးလေ။ နောက်တစ်ခုက ချဲ့ကားရေးထားတာလည်း မဟုတ်ပြန်ဘူး။ ဘာလို့လဲဆိုတော့ သမိုင်းကြောင်းအရ တိကျမှန်ကန်တဲ့ အချက်အလက်ပေါင်း ၁၄၀ ကျော်တောင် ပါဝင်နေလို့ပဲ။

ဒါဆို သံသယဝါဒီသမားတွေက ဘယ်လို မယုံကြတာပါလဲ? သခင်ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ခြင်းကို မယုံကြည်သူတွေ၊ သံသယဝင်သူတွေအတွက် နောက်ဆုံးထွက်ပေါက်ကတော့ “ဒါက တကယ်တော့ တပည့်တော်တွေ လှည့်စားခံရတာပါ၊ ဒါမှမဟုတ်လည်း စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်ကြတာပါ” လို့ ပြောဖို့ပဲ ကျန်တော့တယ်။ သူတို့ပြောတဲ့ သီအိုရီတွေက တကယ်ပဲ ယုတ္တိတန်ရဲ့လားဆိုတာ ကျွန်တော်တို့ စမ်းစစ်ကြည့်ရအောင်။ ခရစ်ယာန်တိုင်း သိထားသင့်ပါတယ်။

သံသယဝါဒီသမားတွေနဲ့ တခြားသော မယုံကြည်သူတွေ လုပ်ကြံဖန်တီးထားတဲ့ဇာတ်လမ်းမျိုးစုံသီအိုရီ (Conspiracy Theories) တွေထဲက ပထမသီအိုရီကတော့ စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်ကြတာပါ” ဆိုတဲ့ Hallucination Theory ပဲဖြစ်ပါတယ်။ တကယ်တော့ လူတစ်ယောက်တည်း စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်တာမျိုး ဖြစ်နိုင်ပေမယ့် လူပေါင်း ၅၀၀ ကျော်က မတူညီတဲ့ အချိန်၊ မတူညီတဲ့ နေရာတွေမှာ အတူတူ တပြိုင်နက်တည်း စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်ဖို့ဆိုတာ ဆေးပညာအရ လုံးဝ မဖြစ်နိုင်ပါဘူး။ ပြီးတော့ စိတ်ဂယောင်ချောက်ချားဖြစ်ပြီး ထင်ယောင်ထင်မှားဖြစ်တာဆိုရင် ဂူသင်္ချိုင်းတော်မှာထဲမှာ အလောင်းတော်က ရှိနေရမှာပေါ့။ အလွယ်ကူဆုံးနည်းက သခင်ဘုရားရဲ့ အလောင်းတော်ကို ရန်သူတွေက ထုတ်ပြလိုက်ရင် ခရစ်ယာန်ဘာသာဆိုတာ ချက်ချင်း ပျောက်ကွယ်သွားမှာပဲလေ။ ဒါပေမယ့် သူတို့မှာ ပြစရာ အလောင်းတော်လည်း မရှိခဲ့ပါဘူး။

နောက်သီအိုရီတခုကတော့ “ဂူသင်္ချိုင်းတော် မှားပြီး ဝင်သွားမိတာပါ” ဆိုတဲ့ Wrong Tomb Theory ဖြစ်ပါတယ်။ သခင်ဘုရားရဲ့ တပည့်တော်မ အမျိုးသမီးတွေနဲ့ တပည့်တော်ကြီးတွေဟာ တကယ်တော့ ဂူမှားပြီး ဝင်မိသွားတာလို့ ဆိုကြပြန်တယ်။ ဒါဆိုရင်လည်း ရောမအာဏာပိုင်တွေနဲ့  သခင်ယေရှုကို မုန်းတဲ့ ယုဒဘာသာရေးခေါင်းဆောင်တွေက အမှန်တကယ် မြှုပ်ထားတဲ့ဂူကို ပြလိုက်လို့ ရတာပဲ။ လွယ်မှလွယ်! ဒါပေမယ့် မပြနိုင်ခဲ့ဘူးလေ။ ပြီးတော့ ဂူမှားတာနဲ့ ရှင်ပြန်ထမြောက်တဲ့ သခင်ယေရှုကို လူပေါင်းများစွာ မြင်တွေ့ရတာနဲ့လည်း ဘာမှ မဆိုင်ပါဘူး။

နောက်ထပ်သီအိုရီကတော့ “သတိလစ်မေ့မြောသွားတာပါ” ဆိုတဲ့ Swoon Theory ဖြစ်ပါတယ်။ ဒီသီအိုရီမှာတော့ သခင်ယေရှု တကယ် သက်တော်မချုပ်ဘဲ မေ့မြောသွားတာပါလို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။ ရောမစစ်သားတွေက လူသတ်ရာမှာ အင်မတန် ကျွမ်းကျင်ပါတယ်။ ကားတိုင်တော်ပေါ်ကနေ အလောင်းတော်ကို ဖြုတ်မချခင်မှာ သေချာအောင်တောင် နံဘေးတော်ကို လှံနဲ့ပါ ထိုးစစ်ခဲ့ကြသေးတာ။ သွေးနဲ့ရေနဲ့ ရောပြီးထွက်လာလို့ သက်တော်ချုပ်သွားပြီဆိုတာသေချာတဲ့အတွက် ခြေသလုံးအရိုးတော်တွေကိုတောင် မချိုးပစ်ခဲ့ကြပါဘူး။ တကယ်လို့ သခင်ဘုရား သက်တော်မချုပ်ဘဲ ဂူသင်္ချိုင်းတော်ထဲရောက်သွားတယ် ထားဦး၊ သွေးထွက်လွန်ပြီး တကိုယ်လုံး ရစရာမရှိတဲ့ လူနာတစ်ယောက်က တန်နဲ့ချီလေးတဲ့ ကျောက်တုံးကြီးကိုတွန်း၊ အပြင်က လက်နက်ကိုင် အစောင့်တွေကိုကျော်ပြီး ဘယ်လို ထွက်လာမလဲ။ စဉ်းစဉ်းစားစားလည်း လုပ်ပါဦး။ ထွက်လာရင်တောင် တပည့်တော်တွေက သနားဖို့ပဲ ရှိမယ်၊ အသေခံရဲတဲ့အထိ ရဲရင့်လာပြီး သခင်ယေရှုကို ဘုရားသခင်အဖြစ် ကိုးကွယ်ကြမှာ မဟုတ်ပါဘူးဗျာ။

နောက်ထပ်သီအိုရီကတော့ “အလောင်း ခိုးသွားတာပါ” ဆိုတဲ့ Stolen Body Theory ဖြစ်ပါတယ်။ ဒီ conspiracy Theory ကိုတော့ တော်တော်များများသိကြပါတယ်။ သူတို့စွပ်စွဲသလို တပည့်တော်ကြီးတွေက အလောင်းတော်ကို ခိုးပြီး လိမ်တယ်ထားဦး၊ ကိုယ်တိုင် ဖန်တီးထားတဲ့ လိမ်ဆင်ကြီးအတွက် ဘယ်သူက အသေခံမှာလဲ။ အဲ့လိုလိမ်လိုက်လို့ရော သူတို့က ရာထူး၊ ဂုဏ်ဒြပ်၊​ စည်းစိမ်ရစရာရှိလို့လား။ မရှိပါဘူး၊ အသက်ထွက်ဖို့ပဲရှိပါတယ်။ လက်နက်ကိုင် ရောမစစ်သားတွေကိုတောင် ကြောက်ရွံ့နေတဲ့ သာမန်အရပ်သား တပည့်တော်ကြီးတွေက well trained အစောင့်စစ်သားတွေကို ဘယ်လို ကျော်ဖြတ်မလဲ။ ရောမစစ်တပ်၊ ရောမစစ်သားဆိုတာဗျာ … အင်ပါယာတောင် တည်ထောင်နိုင်တဲ့ စစ်တပ်ကြီးလေ။ တကယ်တော့ ဒီကောလဟာလ လိမ်ဆင်ကြီးက ပထမရာစုနှစ်၊ တမန်တော်ကြီးတွေ သက်ရှိထင်ရှားရှိနေစဉ်ကတည်းက ပျံ့နှံနေခဲ့ပြီဖြစ်တဲ့ ဓာတ်ပြားဟောင်းကြီးပါ၊ ဒါကို တမန်တော်မြတ် ရှင်မဿဲက သူ့ရဲ့ရှင်မဿဲခရစ်ဝင် ၂၈:၁၁-၁၅ ထဲမှာတောင် ဒီလိုမှတ်တမ်းတင်ထားခဲ့ပါသေးတယ် “ထို မိန်း မ တို့ သည် သွား ကြ စဉ် အ ခါ လူ စောင့် အ ချို့ တို့ သည် မြို့ ထဲ သို့ ဝင်၍ ဖြစ် လေ သ မျှ သော အ ခြင်း အ ရာ တို့ ကို ယဇ် ပု ရော ဟိတ် အ ကြီး တို့ အား ပြန် ကြား ကြ၏။- ယဇ် ပု ရော ဟိတ် အ ကြီး တို့ နှင့် လူ အ ကြီး အ ကဲ တို့ သည် စု ဝေး၍ တိုင် ပင် ပြီး မှ စစ် သူ ရဲ တို့ အား ငွေ အ များ ကို ပေး၍၊- ည အ ခါ ငါ တို့ အိပ် ပျော် စဉ် တွင် ထို သူ၏ တ ပည့် တို့ သည် လာ၍ အ လောင်း ကို ခိုး သွား ကြ သည် ဟု သင် တို့ ပြော ကြ လော့။- ထို အ ကြောင်း ကို မြို့ ဝန် မင်း ကြား ပြန် လျှင်၊ ငါ တို့ သည် သူ့ ကို ဖျောင်း ဖျ၍ သင် တို့၌ အ မှု မ ရှိ စေ ခြင်း ငှာ ငါ ပြု မည် ဟု၊- သွန် သင် သည် နှင့် အ ညီ စစ် သူ ရဲ တို့ သည် ငွေ ကို ယူ၍ ပြု ကြ၏။ ထို စ ကား ကို ယ ခု တိုင် အောင် ယု ဒ လူ တို့ သည် အ နှံ့ အ ပြား ပြော ဆို ကြ၏”

စိတ်ဝင်စားစရာကောင်းတာက ရှေးဟောင်းသုတေသန တွေ့ရှိချက်တစ်ခုဖြစ်တဲ့ နာဇရက်မြို့က ကျောက်စာအရ၊ အဲ့ဒီခေတ်က ဂျူးတွေဟာ “တပည့်တော်တွေ အလောင်းခိုးသွားတယ်” ဆိုပြီး သတင်းလွှင့်ခဲ့တာ သေချာတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ရပါပြီ။ ဒါက ဘာကို သက်သေပြနေလဲဆိုတော့ “ဂူက တကယ်ပဲ လွတ်နေတယ်” ဆိုတာကို သူတို့ကိုယ်တိုင် သွယ်ဝိုက်ပြီး ဝန်ခံလိုက်တာပါပဲ။ နောက်ပြီး တမန်တော်မြတ် ရှင်မဿဲရဲ့ ကျမ်းမှတ်တမ်းနဲ့ ကျမ်းစာပြင်ပသက်သေအထောက်အထားဖြစ်တဲ့ နာဇရက်မြို့က ကျောက်စာမှတ်တမ်းက လုံးဝကွက်တိဖြစ်နေတာကိုလည်း တွေ့ခဲ့ရတာမို့ ဒီ “အလောင်း ခိုးသွားတာပါ” ဆိုတဲ့ Stolen Body Theory ကြီးက တမန်တော်တွေခေတ်ကတည်းက မယုံကြည်တဲ့ဂျူးတွေ လျှောက်ဖြန့်ထားတဲ့လိမ်ဆင်ကြီးဆိုတာ ထင်းနေပါပြီ။

နောက်သီအိုရီတစ်ခုကတော့ အားလုံးနဲ့ မစိမ်းတဲ့ “အခြားတယောက်နဲ့ လူစားထိုး အသတ်ခံရတာပါ” ဆိုတဲ့ Substitute Theory အယူအဆပါ။ ဒါကတော့ အစ္စလာမ်ဘာသာဝင်တွေ အပြောများဆုံး conspiracy theory ဖြစ်ပါတယ်။ တကယ်တော့ ဒီသီအိုရီက အစ္စလာမ်ဘာသာရဲ့ မူပိုင် မဟုတ်ပါဘူး။ ရှေးခေတ် နောစတစ် (Gnostic) အယူဝါဒတွေမှာကတည်းက ဒီဝါဒီသမားတွေက ဖန်တီးထားတဲ့လုပ်ကြံဇာတ်လမ်းဖြစ်ပါတယ်။ နောက်ပြီး သူတို့က မျက်မြင်သက်သေတွေလည်း မဟုတ်သလို သခင်ယေရှုရဲ့ တမန်တော်ရင်းကြီး ၁၂ ပါးအဝင်လည်း မဟုတ်ကြပါဘူး။ အစ္စလာမ်ဘာသာဆိုတာလည်း ခရစ်တော်ပေါ်ပြီး နှစ်ပေါင်း ၆၀၀ လောက်ကြာလာမှ ပေါ်လာတဲ့ ဘာသာတရားပါ။ ကုရ်အာန်ကျမ်းရေးသူတယောက်မှာ သခင်ယေရှုရဲ့ မျက်မြင်သက်သေတွေလည်း မဟုတ်ပါဘူး။ တကယ်တော့ နောစတစ် (Gnosticism) အယူဝါဒက အစ္စလာမ်ထက်တောင် ပိုရှေးကျပါသေးတယ်။ နောစတစ်ဝါဒီတွေက သခင်ယေရှုကိုယ်စား တမန်တော် ၁၂ ပါးထဲက သစ္စာဖောက် ယုဒရှကာရုတ် အသတ်ခံရတာလို့ ပြောကြသလို၊ တချို့ကလည်း လက်ဝါးကပ်တိုင်ကို ကူထမ်းပေးခဲ့တဲ့ ကုရေနေပြည်သား ရှိမုန် အသတ်ခံရတာပါလို့ ဆိုကြပြန်တယ်။ တကယ်တော့ ဝေဖန်သူတွေ အချင်းချင်းကြားမှာတောင် ဘယ်သူအသတ်ခံရတာလဲဆိုတာကို အဲ့တုန်းကရော၊ ခုထိရော အပေါက်အလမ်း မတည့်ကြဘူးလေ။ စဉ်းစားကြည့်ပါ၊ ဒီအယူအဆက ထမြောက်ခြင်း အဖြစ်အပျက်တွေဖြစ်ပြီး နှစ်ပေါင်း ရာချီကြာမှ ပေါ်လာတာပါ။ နောက်ပြီး လက်ဝါးကပ်တိုင်တော် ခြေရင်းမှာ မျက်မြင်သက်သေတွေဖြစ်တဲ့ သခင်ယေရှုရဲ့ မိခင် မယ်တော်မာရိနဲ့ တပည့်တော်ကြီး ယောဟန်တို့ ကိုယ်တိုင် ရှိနေခဲ့ကြပါတယ်။ ကိုယ့်သားအရင်း၊ ကိုယ့်ဆရာအရင်းကို အနီးကပ်ကြည့်နေတဲ့ သူတွေက လူစားထိုးထားတာကို မသိဘဲနေပါ့မလား။ နောက်ပြီး သခင်ဘုရားကို သေစေချင်လွန်းလို့ အနီးကပ်စောင့်ကြည့်နေတဲ့ ယုဒဘာသာရေးခေါင်းဆောင်တွေ၊ ကွပ်မျက်တဲ့နေရာမှာ ဆရာတဆူဖြစ်တဲ့ ရောမစစ်သားတွေကိုပါ လှည့်စားဖို့ဆိုတာ ယုတ္တိဗေဒအရ လုံးဝကို အခြေအမြစ်မရှိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်း သက်သက်ပါပဲခင်ဗျ။

နောက်ထပ်သီအိုရီတခုကတော့ “ယုံကြည်ချင်စိတ်ကြောင့် ဖြစ်လာတာပါ” ဆိုတဲ့ Faith Led Belief Theory ဖြစ်ပါတယ်။ ဝေဖန်ရေးသမား John Dominic Crossan ကတော့ တပည့်တော်ကြီးတွေဟာ ယုံကြည်ချင်စိတ် လွန်ကဲပြီး ရှင်ပြန်ထမြောက်တယ်လို့ ဖန်တီးလိုက်တာလို့ ပြောပါတယ်။ တကယ်တော့ ကြောက်လို့ ပုန်းနေတဲ့ တပည့်တော်တွေဆီမှာ အဲ့ဒီလို ယုံကြည်ချင်စိတ် မရှိခဲ့ပါဘူး။ ထမြောက်တော်မူတဲ့ သခင်ယေရှုကို တကယ် ကိုယ်တွေ့ မြင်လိုက်ရမှသာ သူတို့ဆီမှာ ယုံကြည်ခြင်းတွေ ဖြစ်လာတာပါ။

နောက်ဆုံးတခုကတော့ “ရှေးနတ်ကိုးကွယ်မှုက ဒဏ္ဍာရီပုံပြင်တွေကို ကူးချထားတာပါ” ဆိုတဲ့ Copied Pagan Myths စွပ်စွဲချက်ဖြစ်ပါတယ်။ တချို့ကလည်း ရှေးခေတ် အီဂျစ်က အိုဆိုင်းရစ် (Osiris) တို့လို သေပြီးပြန်ရှင်တဲ့ ဒဏ္ဍာရီတွေကို ကူးချထားတာလို့ ပြောကြပါတယ်။ တကယ်တော့ ခရစ်ယာန်မတိုင်ခင်က “သေပြီး ပြန်ရှင်တယ်” ဆိုတဲ့ ဒဏ္ဍာရီဆိုလို့ အိုဆိုင်းရစ် တစ်ခုပဲ ရှိပါတယ်။ ဒါပေမယ့် အိုဆိုင်းရစ်ရဲ့ ဇာတ်လမ်းက သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့ လုံးဝမတူပါဘူး။ အိုဆိုင်းရစ်က အပိုင်း ၁၄ ပိုင်း အဖြတ်ခံရပြီး အီဂျစ်တစ်ဝှမ်း ကြဲချခံရတယ်။ သူ့မိန်းမ အိုက်ဆစ် (Isis) က ပြန်ဆက်ပေးပေမယ့် သူက လူ့လောကထဲကို ရုပ်ခန္ဓာနဲ့ ပြန်အသက်ရှင်လာတာ မဟုတ်ဘူး။ သေဆုံးသူတွေရဲ့ကမ္ဘာ (Underworld) မှာပဲ သွားပြီး ရှင်ဘုရင်လုပ်တာပါ။ ဒါကြောင့် တကယ့် ရှင်ပြန်ထမြောက်ခြင်း (Physical Resurrection) မဟုတ်ဘဲ တမလွန်ဘဝ (Afterlife) ဇာတ်လမ်းသက်သက်ပဲ ဖြစ်တယ်လို့ ပညာရှင်တွေက ချေပထားပါတယ်။ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းလိုမျိုး “သေပြီးနောက် ရုပ်ခန္ဓာနဲ့ပါ အမှန်တကယ် ပြန်ရှင်လာတယ်” ဆိုတဲ့ တကယ့် Parallel ဖြစ်တဲ့ တခြားနတ်ဘုရား ဒဏ္ဍာရီတွေကတော့ ခရစ်ယာန်ဘာသာပေါ်ပြီး AD 150 ဝန်းကျင်လောက်မှ ပေါ်လာတာ များပါတယ်။ ကူးချတယ်ဆိုရင်တောင် ခရစ်ယာန်တွေဆီကနေ သူတို့က ပြန်ကူးချတာပဲ ဖြစ်ရမယ်။ အချုပ်ပြောရရင် ခရစ်ယာန်ဘာသာမတိုင်ခင်မှာ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းနဲ့ တူညီတဲ့ ဒဏ္ဍာရီ လုံးဝ မရှိခဲ့ဘူးဆိုတာ သမိုင်းအထောက်အထားတွေအရ သေချာပါတယ်။ တခြားဒဏ္ဍာရီတွေက ခရစ်ယာန်ဘာသာရဲ့ လွှမ်းမိုးမှုကြောင့် နောက်ပိုင်းမှ အတုခိုးပြီး ပေါ်လာတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန်ယုံကြည်ခြင်းဆိုတာ မျက်စိစုံမှိတ် ယုံကြည်ရတဲ့ blind faith မဟုတ်ပါဘူး။ ခိုင်လုံတဲ့ သမိုင်းအထောက်အထားတွေ၊ မျက်မြင်သက်သေတွေနဲ့ ယုတ္တိကျကျ စဉ်းစားစရာတွေ အပြည့်အဝ ရှိနေပါတယ်။ သခင်ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းဟာ ဒဏ္ဍာရီတစ်ခု မဟုတ်ဘဲ လူသားတွေရဲ့ သမိုင်းကြောင်းကို ထာဝရ ပြောင်းလဲစေခဲ့တဲ့ အခိုင်မာဆုံး အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။

ဒါဆို သံသယဝါဒီ ဝေဖန်ရေးသမားတွေရဲ့ ဒီသီအိုရီတွေအားလုံးအတွက်ရော ခိုင်လုံတဲ့ သက်သေအထောက်အထား ရှိပါသလား။ စာရေးသူတို့ ခရစ်ယာန်တွေက သခင်ဘုရား ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး သံသယရှိသူတွေ တီထွင်ထားတဲ့ သီအိုရီတွေကို အမြဲတမ်း ပြန်လည်ချေပလေ့ရှိပါတယ်။ ဒါပေမယ့် ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ သံသယရှိသူတွေဘက်ကလည်း သူတို့ရဲ့ အယူအဆတွေအတွက် ပထမရာစုနှစ်က ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ပြဖို့ တာဝန်ရှိပါတယ်။ သီအိုရီဆိုတာ သက်သေ မဟုတ်ဘူးလေ။ ဘယ်သမိုင်းဝင် အဖြစ်အပျက်ကိုမဆို သီအိုရီတွေ လျှောက်ထုတ်ပြီး ငြင်းလို့ရတာပဲ။ ဥပမာ၊ နာဇီတွေရဲ့ ဂျူးတွေကို လူမျိုးတုန်းသတ်ဖြတ်မှု (Holocaust) ဟာ ဂျူးတွေ သူတို့ဘာသာ သူများ သနားတာခံချင်လို့ လုပ်ကြံဖန်တီးထားတာပါလို့ တစ်ယောက်ယောက်က သီအိုရီထုတ်ရင် ဘယ်သူယုံမလဲဗျ။ ခိုင်လုံတဲ့ သက်သေမရှိဘဲ ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းမှာလည်း အဲ့ဒီအတိုင်းပါပဲ။ သံသယရှိသူ ဓမ္မမိတ်ဆွေတွေမှာ သီအိုရီတွေသာ အများကြီးရှိတာပါ၊ အဲ့ဒီသီအိုရီတွေကို ထောက်ခံတဲ့ ပထမရာစုနှစ်က သက်သေဆိုလို့ တစ်ခုမှ မရှိပါဘူး။ ဟုတ်ပါတယ်၊ တခုဆို တခုမှကို မရှိတာပါ။ တကယ်လို့ သူတို့ကို “အဆွေတို့ရဲ့ သီအိုရီအတွက် ပထမရာစုနှစ်က သတင်းရင်းမြစ် ၃၊ ၄ ခုလောက် ပြပါ” လို့ မေးလိုက်ရင် ဘာမှ ပြစရာမရှိဘဲ ဆွံ့အသွားတတ်ကြပါတယ်။ တကယ်တော့ အလောင်းခိုးသွားတယ်ဆိုတဲ့ အကြောင်းပြချက်လောက်ပဲ ပထမရာစုမှာ ရှိခဲ့ပြီး၊ အဲ့ဒါကလည်း လိမ်ညာမှုတစ်ခုဖြစ်တယ်ဆိုတာ သက်သေပြပြီးသားပါ။ တကယ်တော့လေ စာတတ်ပေတတ် ပညာရှင်တချို့ကြားမှာ ရှင်ပြန်ထမြောက်ခြင်းကို မယုံကြတာဟာ သမိုင်းအထောက်အထားတွေ အားနည်းလို့ မဟုတ်ပါဘူး။ သူတို့ဆီမှာ “အံ့ဖွယ်ဖြစ်ရပ် (supernatural / miracles) ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး” ဆိုတဲ့ ကြိုတင်သတ်မှတ်ထားတဲ့ ဒဿနပိုင်းဆိုင်ရာ ဘက်လိုက်မှုကြီး (Philosophical bias) ရှိနေလို့ပါပဲ။ ဖန်ဆင်းရှင်ရှိတဲ့ စကြာဝဠာမှာ ဖန်ဆင်းရှင်က အံ့ဖွယ်သဘာဝလွန်ဖြစ်ရပ်တွေကို လုပ်နိုင်တယ်ဆိုတာ ယုတ္တိအရှိဆုံးပါပဲ။

ဒါကြောင့် ရှင်ပြန်ထမြောက်ခြင်းဆိုတာ သမိုင်းဝင် အချက်အလက်တစ်ခုသက်သက် မဟုတ်ပါဘူး။ ခရစ်ယာန်ယုံကြည်ခြင်းရဲ့ အသက်သွေးကြောပါ။ သခင်ယေရှုဟာ သေခြင်းတရားကို အောင်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ လူသားတွေရဲ့ အပြစ်တွေအတွက် ပေးဆပ်မှုဟာ ပြီးပြည့်စုံသွားပါပြီ။ ထိုအရှင်ကို ယုံကြည်ကိုးကွယ်နာခံသူဟာ ထာဝရအသက်ကို ရမယ်လို့ ဘုရားသခင်ရဲ့ ကတိတော်မြတ်ရှိပါတယ်။ ဒါဟာ ဧဝံဂေလိ သတင်းကောင်းပါပဲ။ သေခြင်းတရားကိုတောင် အောင်နိုင်တဲ့ ဘုရားသခင်က ကိုယ့်ရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေကို မကူညီနိုင်စရာ အကြောင်းမရှိပါဘူး .. ညီအစ်ကိုမောင်နှမတို့။ ဒီကနေ့ ကျရောက်တဲ့ Resurrection Sunday “ရှင်ပြန်ထမြောက်တော်မူရာ အီစတာ တနင်္ဂနွေနေ့” မှာ ဒဏ္ဍာရီမဟုတ်တဲ့ တကယ့် သမိုင်းဝင် အမှန်တရားပေါ်မှာ အခြေခံထားတဲ့ ဒီမျှော်လင့်ချက်ကို နှလုံးသားထဲ အပြည့်အဝ ခံစားပြီး ခွန်အားသစ်တွေ ရယူနိုင်ကြပါစေလို့ ThyLogos မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ မင်္ဂလာနှင့်ပြည့်စုံသော ရှင်ပြန်ထမြောက်ရာနေ့လေး ဖြစ်ပါစေ။ အာမင်။

သေ သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ခ ရစ် တော် သည် ထ မြောက် တော် မ မူ။-

ခ ရစ် တော် သည် ထ မြောက် တော် မ မူ လျှင်၊ ငါ တို့ ဟော ပြော ခြင်း၌ အ ကျိုး မ ရှိ။ သင် တို့ ယုံ ကြည် ခြင်း၌ လည်း အ ကျိုး မ ရှိ။-

ထို မျှ မ က၊ ငါ တို့ သည် ဘု ရား သ ခင်၏ အ မှု မှာ မ မှန် သော သက် သေ ခံ ဖြစ် ကြ၏။-

အ ကြောင်း မူ ကား၊ သေ လွန် သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ဘု ရား သ ခင် သည် ခ ရစ် တော် ကို ထ မြောက် စေ တော် မ မူ၊ ယ ခု မှာ၊ ခ ရစ် တော် ကို ထ မြောက် စေ တော် မူ ပြီ ဟု ငါ တို့ သည် ဘု ရား သ ခင်၏ အ ကြောင်း ကို သက် သေ ခံ ကြ၏။ သေ လွန် သော သူ တို့ သည် ထ မြောက် ခြင်း မ ရှိ လျှင်၊ ခ ရစ် တော် သည် ထ မြောက် တော် မ မူ။-

ခ ရစ် တော် သည် ထ မြောက် တော် မ မူ လျှင်၊ သင် တို့ သည် ယုံ ကြည် သော် လည်း အ ကျိုး မ ရှိ၊ ဒု စ ရိုက် အ ပြစ် အောက်၌ ရှိ ကြ သေး၏။-

ထို မှ တစ် ပါး၊ ခ ရစ် တော် ကို ယုံ ကြည်၍ အိပ် ပျော် သော သူ တို့ သည် ဆုံး ရှုံး ခြင်း သို့ ရောက် ကြ ပြီ။-

ငါ တို့ သည် ခ ရစ် တော် ကို အ မှီ ပြု၍ ယ ခု ဘ ဝ၌ သာ မျှော် လ င့် စ ရာ ရှိ လျှင်၊ အ ခြား သော သူ အ ပေါင်း တို့ ထက် သာ၍ ဆင်း ရဲ သော သူ ဖြစ် ကြ၏။

ယ ခု မူ ကား၊ ခ ရစ် တော် သည် သေ ခြင်း မှ ထ မြောက် တော် မူ၍၊ အိပ် ပျော် သော သူ တို့ တွင် အ ဦး သီး သော အ သီး ဖြစ် တော် မူ ပြီ။-

သို့ ဖြစ်၍ လူ အား ဖြင့် သေ ခြင်း တ ရား သည် တည် သ ကဲ့ သို့၊ သေ သော သူ တို့၏ ထ မြောက် ခြင်း တ ရား သည် လူ အား ဖြင့် တည် လျက် ရှိ၏။-

လူ အ ပေါင်း တို့ သည် အာ ဒံ အား ဖြင့် သေ ခြင်း သို့ ရောက် သည် နည်း တူ၊ လူ အ ပေါင်း တို့ သည် ခ ရစ် တော် အား ဖြင့် အ သက် ရှင် ခြင်း သို့ ရောက် ရ ကြ လ တ္တံ့။-

သို့ ရာ တွင် လူ အ သီး အ သီး တို့ သည် မိ မိ တို့ အ လှည့် အ တိုင်း လိုက် ရ ကြ လိမ့် မည်။ ခ ရစ် တော် သည် အ ဦး သီး သော အ သီး ဖြစ် တော် မူ၏၊ ခ ရစ် တော် သည် ကြွ လာ တော် မူ သော အ ခါ၊ တ ပည့် တော် ဖြစ် သော သူ တို့ သည် ရှင် ခြင်း သို့ ရောက် ကြ လိမ့် မည်။

ထို အ ခါ ခ ရစ် တော် သည် အ ထွတ် အ မြတ် အာ ဏာ တန် ခိုး အ မျိုး မျိုး ကို ပယ် ရှင်း၍၊ မိ မိ နိုင် ငံ ကို ဘု ရား သ ခင် တည်း ဟူ သော ခ မည်း တော်၌ အပ် ပြန် တော် မူ ပြီး မှ က မ္ဘာ ကုန် ရ လ တ္တံ့။-

ခ ရစ် တော် သည် ရန် သူ အ ပေါင်း တို့ ကို ခြေ ဖ ဝါး တော် အောက်၌ ချ ထား တော် မ မူ မီ တိုင် အောင် အုပ် စိုး တော် မူ ရ မည်။-

နောက် ဆုံး သော ရန် သူ တည်း ဟူ သော သေ မင်း သည် ဆုံး ရှုံး ခြင်း သို့ ရောက် ရ လ တ္တံ့။- ‘

၁ ကောရိန္သု 15:13-26