Skip to content

ယခုဆောင်းပါးသည် ယုံကြည်သူကျွန်ုပ်၏ အတွေး၊ ခံယူချက်များကို မျှဝေသောဆောင်းပါးဖြစ်ပါတယ်။ အကယ်၍ ဖန်ဆင်းခြင်း နှင့် ဖန်တီးခြင်း နဲ့ ပတ်သတ်၍ အမှားယွင်းတစ်စုံတစ်ရာ ရှိခဲ့ပါလျှင် စာရေးသူ ကျွန်ုပ်မှာသာ အပြစ်ရှိပါတယ်။ ကျွန်ုပ်လေ့လာမှု အားနည်းခြင်းကြောင့်သာဖြစ်ပါတယ်။ မည်သည့် အသင်းတော် ဘာသာရေးဆိုင်ရာ အယူဝါဒများ၏ အမှားယွင်းလုံးဝ မဟုတ်ပါကြောင်း ဦးစွာ ပြောကြားလိုပါတယ်။

ယုံကြည်သူ ခရစ်ယာန်များက ဘုရားသခင်သည် စကြဝဠာ အရာအားလုံး မြင်နိုင်ရာ မမြင်နိုင်ရာ တို့ကို ဖန်ဆင်းသည်ဟု လက်ခံ ယုံကြည်ကြပါတယ်။ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီး နှင့် လူသားများသည်လည်း ထိုဖန်ဆင်းခြင်းများအထဲတွင် တစ်ခုအပါဝင်ဖြစ်ပါတယ်။ လူသားမျိုးနွယ်များသည် ကမ္ဘာဦးအစမှစ၍ ရာစုနှစ်ပေါင်းများစွာ ယခုချိန်ထိတိုင်အောင် ကမ္ဘာလောကထဲတွင် နေထိုင်ကြရင်း ဖန်တီးခြင်းဆိုသည့် သိပ္ပံပညာရပ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ဖန်ဆင်းခြင်း (Divine Creation) ဆိုသည်မှာ ဘာမှမရှိသောအရာကို ရှိလာအောင် “ဖြစ်စေ” ဆိုတဲ့ ဘုရားသခင်၏ စကားနဲ့ ဖန်ဆင်းထားတဲ့ အရာများဖြစ်ပါတယ်။

ဖန်တီးခြင်း (Derived Invention) ဆိုသည်မှာ ရှိပြီးသားအရာများအပေါ် လေ့လာပြီး ဆန်းသစ်တီထွင်ထားတဲ့ အရာများဖြစ်ပါတယ်။

ဥပမာ – လေယာဉ်ပျံကို ကနဦးသိပ္ပံပညာရှင်များ နှင့် အင်ဂျင်နီယာများက ငှက်များပျံသန်းပုံကို လေ့လာပြီး တဆင့်ပြီးတဆင့် တီထွင်ဖန်တီးကြရင်း ရရှိလာသော အရာဖြစ်ပါတယ်။

ဖန်ဆင်းခြင်း (Divine Creation) သည် ဘာမှမရှိသောအရာများကို ရှိလာအောင် ဖန်ဆင်းတဲ့အတွက် ယုံကြည်ခြင်း (Faith) ကို ရရှိပါတယ်။ ယုံကြည်ခြင်းအကြောင်းအရာကို www.thylogos.org website တွင် ဖတ်ရှုနိုင်ပါတယ်။ ဖန်တီးခြင်း (Derived Invention) သည် ရှိပြီးသားဖန်ဆင်းပြီးသားအရာများကို အခြေခံပြီး ဖန်တီးတဲ့အတွက် တိကျမှန်ကန်တဲ့ (Fact) အရာကို ရရှိပါတယ်။ ထို့ကြောင့် (Divine Creation or Religion) is Faith ပါ။ (Derived Invention or Science) is Fact ပါ။

သို့သော် ခရစ်ယာန်ယုံကြည်ခြင်း၏ အခြားသောအပိုင်းများတွင် ယုံကြည်ခြင်း (Faith) သည် လုံးဝအထောက်အထားကင်းမဲ့သည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကမ္ဘာဦးစမှာ ဖြစ်ပျက်ခဲ့သော မူလဖန်ဆင်းခြင်း (Pure Creation) ကဲ့သို့ ကျွန်ုပ်တို့ တိုက်ရိုက်မြင်တွေ့ခဲ့ရခြင်းမရှိသည့် ကိစ္စများတွင် ယုံကြည်ခြင်းလိုအပ်သော်လည်း၊ ခရစ်ယာန်ယုံကြည်ခြင်း၏ အခြားသောရှုထောင့်များတွင် သမ္မာကျမ်းစာမှ သက်သေအထောက်အထားများ၊ သမိုင်းမှတ်တမ်းများနှင့် အတွေ့အကြုံများအပေါ် အခြေခံသော ယုံကြည်ခြင်းများလည်း ရှိပါတယ်။ ထို့ကြောင့် ယုံကြည်ခြင်း (Faith) နှင့် သက်သေအထောက်အထား (Fact) တို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်များ မဟုတ်ဘဲ၊ ဘဝအခြေအနေနှင့် ဆွေးနွေးသည့်အကြောင်းအရာပေါ်မူတည်၍ တစ်ခုနှင့်တစ်ခု ဖြည့်စွက်ပေးနေကြခြင်းဖြစ်ပါတယ်။

ကမ္ဘာကြီးနှင့် လူသားများ ဖန်ဆင်းခြင်း

အဲ့ဒါဆိုရင် ဒီကမ္ဘာကြီးနဲ့ လူသားတွေကို ဘုရားသခင်ဖန်ဆင်းတယ်ဆိုတာကို ရိုးရိုးရှင်းရှင်း လေ့လာကြည့်ရအောင်။

Big Bang သီအိုရီအရ စကြဝဠာကြီးသည် အလွန်ပူပြင်း သိပ်သည်းတဲ့ အခြေအနေကြောင့် မဟာပေါက်ကွဲမှုဖြစ်ပေါ်ခါ ပြန့်ကားလာပြီးတဲ့နောက် တဖြည်းဖြည်းအေးခဲသွားပြီး အက်တမ်အမှုန်လေးတွေ ဒြပ်စင်တွေ ဒြပ်ဆွဲအားတွေ အစိုင်အခဲတွေ မျိုးစုံဖြစ်သွားပြီး အစိုင်အခဲတွေကနေ လေထု သမုဒ္ဒရာတွေ မြေကြီးတွေ ဖြစ်ပေါ်လာတယ်။ ဆဲလ်တွေကနေ သက်ရှိလေးတွေ ဖြစ်လာပြီး ဆင့်ကဲပြောင်းလဲလာပြီးနောက် ယခု ကျွန်ုပ်တို့ မြင်နေရတဲ့ သက်ရှိ သတ္တဝါတွေ လူသားတွေ ဖြစ်လာတယ်။ Big Bang ကို အသေးစိတ်သိချင်ရင်တော့ Google မှာ ရှာဖတ်ကြည့်ပါ။

ကျွန်ုပ်တို့ သာမာန်လူတစ်ယောက်အနေနဲ့ ရိုးရိုးလေး စဉ်းစားကြည့်ကြရအောင်။ အကယ်၍ ထို သီအိုရီအရ သက်ရှိတွေ လေထုတွေ သမုဒ္ဒရာတွေ ဖြစ်လာတယ်ဆိုရင် ဘာကြောင့် တခြားဂြိုလ်တွေပေါ်မှာ သက်ရှိတွေ လေထုတွေ သမုဒ္ဒရာတွေ မရှိတာလဲ။ စကြဝဠာကြီး ပူပြင်းကျယ်ပြန့်လာပြီး ဘာကြောင့် ဒီကျွန်ုပ်တို့နေထိုင်တဲ့ကမ္ဘာထဲမှာပဲ လေထုရေထု သက်ရှိ သစ်ပင် အားလုံးဖြစ်တည်နေတာလဲ။ သူ့အလိုလို ဖြစ်တည်တာပဲဖြစ်ဖြစ် Big Bang theory အရပဲဖြစ်ဖြစ် တခြားဂြိုလ်တွေပေါ်မှာ အနည်းဆုံး လေထုတို့၊ အောက်စီဂျင်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင်၊ ဟိုက်ဒရိုဂျင်စတဲ့ သက်ရှိဖြစ်ထွန်းဖို့ ဓာတ်ငွေ့တွေ ပါးပါးမျှင်မျှင်လေးရှိတယ်ဆိုရင်တောင် သစ်ပင်လေးတစ်ပင် သို့မဟုတ် မြက်ပင်လေးတစ်ပင်၊ ပိုးမွှားလေးတကောင်လောက်ပဲဖြစ်ဖြစ် ရှိသင့်တယ် မဟုတ်ဘူးလား။

ဘာကြောင့် ဒီ ကမ္ဘာဂြိုလ်ထဲမှာပဲ အသက်ရှင်နေထိုင်နိုင်တဲ့ လေထု ရေထု နှင့် သက်ရှိအားလုံး ရှိနေတာလဲ။ သိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးလာတာနဲ့အမျှ သိပ္ပံပညာရှင်များဟာ အခြားဂြိုလ်များကို လေ့လာသုတေသနပြုလုပ်လာခဲ့ကြပါတယ်။ သိပ္ပံပညာရှင်များဟာ လပေါ်ကို စက်ရုပ်တွေနဲ့ လူတွေကိုပါ ပို့ဆောင်နိုင်ခဲ့ပြီး၊ အင်္ဂါဂြိုလ်သို့လည်း စက်ရုပ်များစေလွှတ်ပြီး လေ့လာခဲ့ကြပါတယ်။ အဲ့ဒီလို လေ့လာတွေ့ရှိချက်များအရ အခြားဂြိုလ်များတွင် ကျွန်ုပ်တို့ကမ္ဘာကဲ့သို့ အသက်ရှင်နေထိုင်ဖို့  လေထု ဖွဲ့စည်းပုံ၊ အပူချိန်၊ အလင်းနှင့်အရေအတွက်၊ ရေရရှိနိုင်မှုတို့လို သင့်တော်တဲ့ အခြေအနေများ စသည်တို့ မပြည့်စုံကြောင်း တွေ့ရှိရပါတယ်။

ကျွန်ုပ်တို့ ကမ္ဘာဂြိုလ်ဟာ နေမှအကွာအဝေး၊ ဂြိုလ်အရွယ်အစား၊ ဒြပ်ဆွဲအားတန်ဖိုးနဲ့ ၎င်းရဲ့ဝန်းကျင်ရှိ အခြားအကြောင်းအရာများ စုဆုံမိခြင်းကြောင့် သက်ရှိဖြစ်ထွန်းနိုင်ဖို့ အထူးသင့်တော်တဲ့ ဝန်းကျင်ရှိနေခြင်းဖြစ်ပါတယ်။ ဒီအချက်များအားလုံးဟာ ကျွန်ုပ်တို့ သက်ရှိလူသားတွေ ပေါ်ထွန်းလာနိုင်ရန်အတွက် အလွန်တိကျသော ကိန်းသေတန်ဖိုးသတ်မှတ်ချက်များဖြစ်ပြီး ဘုရားသခင်ရဲ့ အနုပညာလက်ရာ ဆန်သောဖန်ဆင်းခြင်းသက်သေတစ်ခုအဖြစ် ယုံကြည်သူများက မှတ်ယူကြပါတယ်။

ဒါ့အပြင် ထင်ရှားကျော်ကြားတဲ့ သိပ္ပံပညာရှင်ကြီး နယူတန် ရှာဖွေတွေ့ရှိထားတဲ့ လ ဟာ ကမ္ဘာပေါ်သို့ ကျမလာခြင်း၊ ဂြိုလ်များသည်လည်း နေထဲသို့ ဝင်မသွားဘဲ နေမင်းအား ဟန်ချက်ညီညီ လှည့်ပတ်နေခြင်း၏ အကြောင်းရင်းမှာ ဒြပ်ဆွဲအား (The Force of Gravity) ကြောင့်ဖြစ်တယ်ဆိုတာပါပဲ။ ဂြိုလ်များ တစ်ခုနှင့်တစ်ခု မထိခိုက်ဘဲ ဟန်ချက်ညီညီ လှည့်ပတ်နိုင်အောင် ဒြပ်ဆွဲအားဆိုသောအရာနဲ့ ထိန်းချုပ်ထားခြင်းကလည်း ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း အနုပညာလက်ရာတခုဖြစ်တယ်လို့ စာရေးသူ ရှုမြင်ပါတယ်။

ဥပမာမှာ လူတစ်ယောက်က ကွန်ပြူတာဆော့ဖ်ဝဲပရိုဂရမ်ကို ရေးသားထားပြီး တနေ့တာ လုပ်ငန်းလုပ်ငန်းစဉ်များကို သူ့အလိုလို အော်တို လည်ပတ်နေအောင် နောက်ကွယ်မှ ထိန်းချုပ်ထားတာမျိုးနဲ့ ဆင်တူနိုင်ပါမယ်။ လူကတော့ အလုံးစုံကို တိုက်ရိုက်ထိန်းချုပ်နေခြင်းမျိုးမဟုတ်ဘဲ စက်က လူရေးထားသည့် ညွှန်ကြားချက် (instruction) အတိုင်း အော်တိုလုပ်ဆောင်ပေးနေသော်လည်း ထို ပရိုဂရမ်အစီအစဉ်များကို စတင်ဖန်တီးရေးသားထားသူမှာ လူပဲ ဖြစ်ပါတယ်။

ထိုအရာများဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း အနုပညာ လက်ရာတွေပါပဲ။ ကျွန်ုပ်တို့ ဉာဏ်နဲ့ စဉ်းစားတွေးတောလို့ မရတဲ့ လှပလွန်းတဲ့ ဖန်ဆင်းခြင်းပါပဲ။ ဘုရားသခင်က စကြဝဠာအရာအားလုံး မြင်နိုင်ရာ မမြင်နိုင်ရာ များကိုဖန်ဆင်းတဲ့ ဘုရားသခင်ဖြစ်ပါတယ်။ သို့သော် ကျွန်ုပ်တို့ ယုံကြည်သူ ခရစ်ယာန်များသည် မည်သူ (Who) ဖန်ဆင်းထားသည်ကို သိရှိယုံကြည်နိုင်ပြီး ဘုရားသခင်က ဤစကြဝဠာကြီးကို မည်ကဲ့သို့ (How) အနုစိတ်ဖန်ဆင်းခဲ့သည်ဆိုသည်ကို ကျွန်ုပ်တို့ အလုံးစုံ မသိနားမလည်နိုင်သည်ကို ဝန်ခံရပါလိမ့်မယ်။

ဖန်ဆင်းခြင်းကို လက်ခံရန် ယုံကြည်ခြင်းလိုအပ်ခြင်း

အထက်ပါအကြောင်းအရာကို သိပ္ပံပညာကိုနားလည်တဲ့သူအနေနဲ့သော်လည်းကောင်း ဘုရားမရှိတဲ့ဝါဒီ (Atheist) အနေနဲ့သော်လည်းကောင်း ထိုအချက်များသည် သိပ္ပံပညာရှင်များ ရှာဖွေမတွေ့ရှိသေးတဲ့ အကြောင်းအရာအပေါ်မှာ မိမိကိုယ်တိုင် မသိနားမလည်ခြင်း၊ လေ့လာမှုအားနည်းခြင်းအပေါ်မှာ မိမိယုံကြည်ရာကိုတစ်ဖက်သတ်စွဲပြီး ဘုရားသခင်ကို အစားထိုးခြင်း (GOD of the gap fallacy) ဟုဆိုပြီး ယုတ္တိဗေဒ မရှိသော ယုတ္တိအမှားဆိုပြီး ဝေဖန်တိုက်ခိုက်နိုင်ပါတယ်။

ထို့အတွက်ကြောင့် ဖန်ဆင်းခြင်းကို လက်ခံနိုင်ရန် ယုံကြည်ခြင်း (Faith) သည် အဓိက လိုအပ်သော အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ဤဆောင်းပါးသည် ယုံကြည်သူ ကျွန်ုပ်၏ အတွေးကို မျှဝေသောဆောင်းပါးဖြစ်သည်ကို အထက်တွင် စကားပလ္လင်ခံခဲ့ပြီးဖြစ်ပါတယ်။ ထို့အတွက်ကြောင့် ဖန်ဆင်းခြင်းနဲ့ပတ်သတ်ပြီး ယုံကြည်ခြင်း၊ မယုံကြည်ခြင်း၊ ဤဆောင်းပါးတွင် ဖော်ပြသောအရာများကို လက်ခံခြင်း လက်မခံခြင်း၊ မှန်ခြင်း၊ မှားခြင်းများသည် စာဖတ်သူ တစ်ယောက်ချင်းစီ၏ ခံယူချက်အပေါ်တွင် မူတည်ပါတယ်။

ဆင်းရဲခြင်း ချမ်းသာခြင်း အကြောင်း

ကျွန်ုပ်တို့ ဖန်ဆင်းခြင်း နှင့် ဖန်တီးခြင်း အကြောင်းကို ဆက်သွားကြပါစို့။

အရာအားလုံးက ဘုရားသခင် ဖန်ဆင်းတယ်ဆိုရင် ဘာကြောင့် ဘုရားသခင်က လူတွေကို ဆင်းရဲတဲ့သူ ချမ်းသာတဲ့သူ ဆိုပြီး ခွဲခြားဖန်ဆင်းတာလဲ။ ဒီမေးခွန်းက ယုံကြည်သူနဲ့ မယုံကြည်သူတွေ ကြားမှာ မကြာခဏ ဆွေးနွေးကြတဲ့ မေးခွန်းလည်းဖြစ်ပါတယ်။ ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့ ယခုမေးခွန်းက လောကီ ကြွယ်ဝချမ်းသာခြင်း ဥစ္စာပစ္စည်းပေါများခြင်းကို ရည်ညွှန်းပါတယ်။ ယခုမေးခွန်းနဲ့ပတ်သတ်ပြီး ဘုရားသခင် ဖန်ဆင်းတာ ဟုတ်၊ မဟုတ် ကို စဉ်းစားကြည့်ရအောင်။

ဆင်းရဲခြင်း၊ ချမ်းသာခြင်းကို ဘာနဲ့တိုင်းတာသလဲဆိုတာ သိဖို့လိုပါတယ်။ ငွေကြေးဆိုတဲ့ အရာနဲ့ပဲ တိုင်းတာပါတယ်။ အခြေခံအားဖြင့် ငွေကြေးများစွာရှိသူတွေကို လူချမ်းသာတွေလို့ သတ်မှတ်ကြပါတယ်။ အဲ့ဒါဆိုရင် ငွေကြေးဆိုတာ ဘယ်ကနေ စတင် ဖြစ်ပေါ်လာတာလဲ။ သခင်ခရစ်တော်မကြွလာမှီ နှစ် ၆၀၀ မှ ၇၀၀ ဝန်းကျင်ခန့်တွင် လီဒီယမ်လူမျိုးများ (ယခုခေတ်တူရကီ) မှ ပထမဆုံးဒင်္ဂါးများကို ဖန်တီးခဲ့တယ်။ စက္ကူပိုက်ဆံသည် ထန်မင်းဆက် (ခရစ်နှစ်. ၇ ရာစု) တွင် တရုတ်နိုင်ငံ၌ ပထမဆုံး ပေါ်ထွန်းလာပြီး ဆောင်းမင်းဆက် (ခရစ်နှစ် ၁၁ ရာစု) တွင်ကျယ်ပြန့်လာခဲ့ပါတယ်။ ငွေကြေးဆိုတဲ့ အရာတွေ မရှိခင် အချိန်ကတည်းက လူသားများဟာ တစ်ယောက်နဲ့တစ်ယောက် ကုန်ပစ္စည်းများဖလှယ်သုံးစွဲခဲ့ကြရင်း ကုန်ပစ္စည်းများကို တန်ဖိုးသတ်မှတ်ပြီး ငွေကြေးဆိုတဲ့ အရာကို ဖန်တီးခဲ့ကြတာဖြစ်တယ်။ နောက်ပိုင်းမှာ ငွေကြေးရှိရင် အရာရာအဆင်ပြေလာတော့ လူတွေဟာ လောဘစိတ်နဲ့ တရားသောနည်းလမ်းနဲ့သော်လည်းကောင်း မတရားသောနည်းလမ်းများနဲ့သော်လည်းကောင်း ရှာဖွေ စုဆောင်းလာကြတယ်။ ရှာဖွေစုဆောင်းရင်းနဲ့ ကမ္ဘာလောကထဲမှာ လူချမ်းသာ လူဆင်းရဲဆိုပြီး ခွဲခြားလာကြတယ်။

ချမ်းသာတဲ့မိသားစုထဲမှာ မွေးဖွားလာရင် လူချမ်းသာ သားသမီး ဖြစ်လာတယ်။ ဆင်းရဲတဲ့ မိသားစုမှာ မွေးဖွားရင် လူဆင်းရဲ သားသမီးဖြစ်လာတယ်။ ဆိုတော့ မေးခွန်းကို ပြန်ပြီးသုံးသပ်ရင် လူချမ်းသာ လူဆင်းရဲဆိုတာ ဘုရားသခင်က တိုက်ရိုက်ဖန်ဆင်းတဲ့ အရာမျိုးထက် လူတွေရဲ့ အတ္တနဲ့လောဘစိတ်ကြောင့် ဖန်တီးထားတဲ့ အရာဖြစ်ပါတယ်။

ခရစ်တော်ကလည်း လောကီကြွယ်ဝချမ်းသာခြင်းတွေကို မမက်မောဖို့သွန်သင်ခဲ့ပါတယ်။ လောကီကြွယ်ဝချမ်းသာခြင်းတွေဟာ လူတွေရဲ့ လောဘစိတ် သာယာချင်တဲ့စိတ် အတ္တစိတ်တွေကြောင့် ဖြစ်လာတဲ့ လူတွေ ဖန်တီးထားတဲ့ အရာတွေပဲဖြစ်ပါတယ်။

သို့သော် ဆင်းရဲခြင်း ချမ်းသာခြင်းသည် ငွေကြေးကွာခြားခြင်းထက် ပိုမိုကျယ်ပြန့်ပါကြောင်း သိရှိသင့်ပါတယ်။ ကျမ်းစာအရ ဆိုလျှင် အသွေးအသား၏ အပြစ်ကြောင့် ဖြစ်လာသော ဆင်းရဲဒုက္ခများ (Suffering) သည် ကျွန်ုပ်တို့လူသားများ ကြုံတွေ့နေရသော အရာဖြစ်ပါတယ်။ ဤဆင်းရဲဒုက္ခများကို လူသားများ မိမိတို့ဘာသာ အပြည့်အဝ ဖန်တီးရွေးချယ်နိုင်သော အရာမျိုးမဟုတ်ဘဲ၊ ဆိုးရွားလာသော အခြေအနေကို သက်သာလာစေရန် သို့မဟုတ် ပို၍ ဆိုးရွားမသွားစေရန် ကြိုးစားနိုင်သော အရာသာဖြစ်ပါတယ်။

ဘုရားသခင်သည် လူသားအပါအဝင် လွတ်လပ်စွာဆုံးဖြတ်နိုင်သော သက်ရှိသတ္တဝါများကို ဖန်ဆင်းခဲ့သော်လည်း ထိုသက်ရှိသတ္တဝါများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ဘုရားသခင်က အပြည့်အဝထိန်းချုပ်ထားခြင်း မရှိပါ။ ကာယကံရှင် သတ္တဝါများကပင် မိမိတို့၏ ကံကြမ္မာကို ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ ဒီလောက်ဆိုရင် စာဖတ်သူ ဓမ္မမိတ်ဆွေအနေနဲ့ ဖန်ဆင်းခြင်း နှင့် ဖန်တီးခြင်း ဆိုတာကို နားလည်သဘောပေါက်လိမ့်မယ်လို့ ယူဆပါတယ်။

နိဂုံး

ကျွန်ုပ်တို့ ယုံကြည်သူတွေအနေနဲ့ ဘုရားသခင် ဖန်ဆင်းထားတဲ့ လေကို နေ့စဉ် အသက်ရှင်ဖို့ ရှူရှိုက်ရင်းနဲ့ ကျွန်ုပ်တို့ မတောင်းဘဲရနေတဲ့ ဆုကျေးဇူးတွေကို ရေတွက်ပြီး ဘုရားသခင်ရဲ့ ဘုန်းဂုဏ်တော်ကို ချီးမွမ်းကြရင်း နေ့ရက်တိုင်း ဘုရားသခင်ကို ကျေးဇူးတင်ပြီး ခရစ်တော်နောက်တစ်ကြိမ် ပြန် ကြွလာမယ့်နေ့ကို စောင့်မျှော်ရင်း ကောင်းမွန်တဲ့ ခရစ်ယာန်တစ်ဦးအဖြစ် အသက်ရှင်နေထိုင်သွားကြရအောင်။

ယုံကြည်ခြင်း (Faith) ဆိုသည်မှာ အချို့သော အခိုင်အမာအထောက်အထားများ (Fact) အပေါ်တွင် အခြေခံနိုင်သော်လည်း အချို့သောအရာများသည် ကျွန်ုပ်တို့၏ ဉာဏ်ပညာထက်ကျော်လွန်သဖြင့် ယုံကြည်ခြင်းအားဖြင့်သာ လက်ခံနိုင်ပါတယ်။ ဖန်ဆင်းခြင်းကဲ့သို့သော အကြောင်းအရာများတွင် ကျွန်ုပ်တို့သည် အစဦးဆုံးသော အစပြုခြင်းကို မျက်ဝါးထင်ထင် မမြင်နိုင်သော်လည်း ဘုရားသခင်၏ လက်ရာများကို ဖန်ဆင်းခံများအကြား ရှာဖွေတွေ့မြင်နိုင်ပါတယ်။ သို့သော်လည်း အခြားသော ယုံကြည်ခြင်းရှုထောင့်များတွင် ကျွန်ုပ်တို့သည် ယုံကြည်ခြင်းကို ခိုင်မာသော အထောက်အထားများဖြင့် ထောက်ပံ့အားဖြည့်နိုင်ပါတယ်။

ဖတ်ရှုသူ တစ်ယောက်ချင်းစီတိုင်းကို ဘုရားသခင်ကောင်းကြီးပေးပါစေ။ အာမင်။

ကိုးကား။

God of the gaps fallacy: https://www.thylogos.org/2021/07/10/god-of-the-gaps-fallacy-you-shall-not-commit/