“သီအိုရီ” ဆိုတာ ထင်ကြေးသက်သက်ပဲလား။ (သိပ္ပံနယ်ပယ်က သီအိုရီ သဘောတရားနဲ့ Evolution ကို မိတ်ဆက်ခြင်း)
ကျွန်တော်တို့ ခရစ်ယာန်အသိုင်းအဝိုင်းမှာ Evolution Theory ဆိုတဲ့ “ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်” လို့ ကြားလိုက်တာနဲ့ စိတ်ထဲမှာ နည်းနည်းတော့ စိုးရိမ်သွားတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ယုံကြည်တဲ့ ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကို ငြင်းပယ်ဖို့အတွက် သိပ္ပံပညာက သုံးတဲ့ အကြောင်းပြချက်တခု၊ လက်နက်တစ်ခုလို့ ထင်ထားတတ်ကြလို့ပါ။ ဒါကြောင့် “အော်… ဒါက သီအိုရီ သက်သက်ပါပဲလေ၊ ဘယ်သူမှလည်း အတည်ပြုနိုင်တာ မဟုတ်ပါဘူး” ဆိုပြီး ကိုယ့်ယုံကြည်မှုကို ကာကွယ်တဲ့အနေနဲ့ ချက်ချင်း ငြင်းပယ်လိုက်တတ်ကြတယ်။ ကိုယ် ရိုသေမြတ်နိုး၊ ရှိခိုးကိုးကွယ်တဲ့ ထာဝရဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို အထိခိုက်မခံချင်တဲ့ ယုံကြည်သူခရစ်ယာန်တွေရဲ့ အဲ့ဒီလို စိတ်ရင်းလေးက တကယ့်ကို ကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကျွန်တော်တို့ ငြင်းပယ်လိုက်တဲ့ အရာက တကယ်ပဲ ဘုရားသခင်ကို ဆန့်ကျင်နေတာလား ဆိုတာကို သေချာလေး လေ့လာကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ သေချာ မလေ့လာဘဲ အလွယ်တကူ ငြင်းလိုက်ရင် တကယ့် ခိုင်လုံတဲ့ သိပ္ပံအထောက်အထားတွေ ရှေ့ရောက်တဲ့အခါ ကျွန်တော်တို့ရဲ့ ရှင်းပြချက်တွေက ယုတ္တိမတန်သလို ဖြစ်သွားတတ်လို့ပါ။ ဒါကြောင့် ဒီနေ့မှာတော့ သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် (Evolution Theory) ဆိုတာ တကယ်ပဲ ခရစ်ယာန်တွေအတွက် စိုးရိမ်ရမယ့် သီအိုရီတစ်ခုလား၊ လက်မခံဘဲ ပစ်ပယ်ထားလိုက်ရမယ့်အရာလားဆိုတာကို အတူတကွ ဆင်ခြင်နိုင်ဖို့ရန် တင်ပြချင်ပါတယ်။
ပထမဆုံး ရှင်းပြချင်တာက “သီအိုရီ” (Theory) ဆိုတဲ့ စကားလုံးပါပဲ။ ကျွန်တော်တို့ နေ့စဉ်သုံး အရပ်စကားမှာ “မင်းပြောတာက သီအိုရီ သက်သက်ပါကွာ” လို့ ပြောရင် အဲဒါက လက်တွေ့မဆန်တဲ့ ထင်ကြေး ဒါမှမဟုတ်လည်း ခန့်မှန်းချက်သက်သက် လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမဲ့ သိပ္ပံနယ်ပယ် (Science) မှာတော့ “သီအိုရီ” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က အဲ့ဒီလို မဟုတ်ပါဘူး။ ဒါကို နားလည်ဖို့ “သိပ္ပံနည်းကျ လေ့လာခြင်း မူဘောင်များ” (Scientific Methods) ကို အရင်လေ့လာကြည့်ရအောင်။
စိတ်ဝင်စားစရာကောင်းတာကလေ ဒီ Scientific Method ကြီးကို စနစ်တကျ စတင် သတ်မှတ်ပေးခဲ့တဲ့ ခေတ်သစ်သိပ္ပံရဲ့ ဖခင်ကြီးတွေထဲက တဦးအပါအဝင်ဖြစ်တဲ့ ဆာ ဖရန်စစ် ဘေကွန် (Sir Francis Bacon) ဟာ အလွန်ကို ဘုရားတရား ကိုင်းရှိုင်းတဲ့ ခရစ်ယာန် ယုံကြည်သူ တစ်ယောက် ဖြစ်ပါတယ်။ သူက သဘာဝတရားကို လေ့လာတဲ့အခါ ယေဘုယျအားဖြင့် အဆင့် (၄) ဆင့်နဲ့ သွားရမယ်လို့ ချမှတ်ပေးခဲ့ပြီး သူချမှတ်ပေးခဲ့တဲ့ “သိပ္ပံနည်းကျ လေ့လာခြင်း မူဘောင်” တွေဟာ ယနေ့ထိ သိပ္ပံသုတေသီတိုင်းအတွက် လက်တွေ့အသုံးဝင်နေဆဲဖြစ်ပါတယ်။ အောက်မှာ ကျွန်တော်ဖော်ပြမှာက နားလည်လွယ်အောင်၊ စာမူအလျားမရှည်အောင် ချုံ့ရေးထားတာပါ။ အသေးစိတ်ပိုသိချင်ရင် အောက်မှာဖော်ပြပေးထားတဲ့ reference တွေမှာ ရှာဖတ်နိုင်ပါတယ်။
- သိပ္ပံနည်းကျ လေ့လာခြင်း မူဘောင် (Scientific Method) တွေရဲ့ ပထမဆုံးတဆင့်ကတော့ Observation လို့ခေါ်တဲ့ “လေ့လာစောင့်ကြည့်ခြင်း” အဆင့်ပဲဖြစ်ပါတယ်။ ဒီအဆင့်မှာ သဘာဝတရားမှာ ဖြစ်ပျက်နေတာကို အရင် လေ့လာမှတ်တမ်းတင်ရပါတယ်။ Observe အရင်လုပ်ရမယ်ပေါ့။
- ဒုတိယတဆင့်ကတော့ Hypothesis လို့ခေါ်တဲ့ “အဆိုပြုချက် / ခန့်မှန်းချက်ထုတ်” ရတဲ့ အဆင့်ပါ။ ကိုယ် စူးစမ်းလေ့လာ မှတ်တမ်းတင်ထားတဲ့အချက်အလက်တွေကို အခြေခံပြီး ကိုယ်လေ့လာနေတဲ့ သဘာဝဖြစ်စဉ်တွေက ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာကို အကြောင်းပြချက်၊ ခန့်မှန်းချက်တွေ ထုတ်ကြည့်ရပါတယ်။ (နေ့စဉ်သုံး သာမန်အရပ်စကားမှာတော့ ဒါကိုမှ ‘သီအိုရီ’ လို့ ခေါ်ကြတာပါ)။
- တတိယတဆင့်ကတော့ Experiment လို့ခေါ်တဲ့ “လက်တွေ့စမ်းသပ်သက်သေပြခြင်း” အဆင့်ပဲဖြစ်ပါတယ်။ ကိုယ် ထုတ်ခဲ့တဲ့ ခန့်မှန်းချက်၊ ကိုယ်စဉ်းစားထားတဲ့ အဆိုပြုချက် မှန်မမှန်ကို ခိုင်မာတဲ့ အထောက်အထားတွေ၊ ဓာတ်ခွဲခန်း စမ်းသပ်ချက်တွေနဲ့ အကြိမ်ကြိမ် စစ်ဆေးရပါတယ်။
- အဲ့ဒီ စူးစမ်းလေ့လာစောင့်ကြည့် မှတ်တမ်းတင်ချက်တွေ၊ လက်တွေ့စမ်းသပ်ချက်တွေ၊ အချက်အလက် (Facts) တွေ အားလုံးက ကိုယ့်ရဲ့ အဆိုပြုချက်ကို ငြင်းမရအောင် အကြိမ်ကြိမ် ထောက်ခံနေပြီဆိုရင်တော့ အဲ့ဒီ အဆိုပြုချက်ဟာ သိပ္ပံနည်းကျ လေ့လာခြင်း မူဘောင် (Scientific Method) တွေရဲ့ အဆင့်အမြင့်ဆုံးနဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ “Scientific Theory” ဆိုတဲ့ “အတည်ပြု ရှင်းလင်းချက်ကြီး” ဖြစ်လာပါတော့တယ်။ (ဒါကမှ ကျွန်တော်တို့ အခုတင်ပြမယ့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သီအိုရီ ဖြစ်ပါတယ်။) ဒါကြောင့် သိပ္ပံနယ်ပယ်မှာ သုံးနေတဲ့ သိပ္ပံနည်းကျ “သီအိုရီ” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က အရပ်ဘက်မှာ သုံးနေတဲ့ “လက်တွေ့မဆန်တဲ့ ထင်ကြေး ဒါမှမဟုတ်လည်း ခန့်မှန်းချက်သက်သက်” ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးဆိုတာကို အရင်ဆုံးနားလည်ထားရပါမယ်။ ပိုပြီး မြင်သာအောင် ဥပမာပေးရမယ်ဆိုရင် …
ကမ္ဘာ့ဆွဲအား (Gravity) ဟာ သီအိုရီတစ်ခုပါ။ ရောဂါတွေကို ပိုးမွှားလေးတွေက ဖြစ်စေတယ်ဆိုတဲ့ Germ Theory ဟာလည်း သီအိုရီပါပဲ။ ဒါပေမဲ့ ဘယ်သူမှ “ဆွဲအားဆိုတာ သီအိုရီပဲ၊ ငါတော့ မယုံဘူး” ဆိုပြီး တိုက်ပေါ်ကနေ ခုန်မချကြပါဘူး။ ဒီလိုပါပဲ… Evolution ဆိုတာလည်း သီအိုရီပါပဲ။ ဒါဆို ဇီဝဗေဒမှာ Evolution Theory ဆိုတဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ဆိုတာ တိတိကျကျ ဘာကို ပြောတာပါလဲ။
ဇီဝဗေဒဆိုင်ရာ ဆင့်ကဲဖြစ်စဉ် (Biological evolution) ဆိုတာ သက်ရှိမျိုးဆက်တစ်ခုကနေ နောက်မျိုးဆက်တစ်ခုဆီကို ကူးပြောင်းသွားတဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့ ပိုမို လိုက်လျောညီထွေ ရှင်သန်နိုင်ဖို့အတွက် သူတို့ရဲ့ မျိုးရိုးဗီဇ (DNA) တွေနဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ အချိန်နဲ့အမျှ တဖြည်းဖြည်း ပြောင်းလဲသွားတဲ့ ဖြစ်စဉ် (Descent with modification) ကို ဆိုလိုတာပါ။ အဓိက သဘောတရားက “မျိုးရိုးစဉ်ဆက်အလိုက် ပြောင်းလဲဆင်းသက်လာခြင်း” ပါပဲ။ သက်ရှိတွေဟာ အချိန်နဲ့အမျှ ပြောင်းလဲလာကြတယ်။ ဒီနေရာမှာ မျိုးဆက်တစ်ခုကနေ နောက်တစ်ခုကို ကူးပြောင်းရာမှာ ဗီဇအနည်းငယ် ပြောင်းလဲသွားတဲ့ အသေးစား ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် (Microevolution) ရှိသလို နှစ်ပေါင်းများစွာ ကြာလာတဲ့အခါ ဘုံဘိုးဘေး (Common ancestor) တစ်ခုတည်းကနေ မတူညီတဲ့ မျိုးစိတ်အသစ်တွေ ကွဲထွက်လာတဲ့ အကြီးစား ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် (Macroevolution) လည်း ရှိပါတယ်။ ဒီလို ပြောင်းလဲမှုတွေ ဖြစ်လာဖို့ဆိုရင် “ဗီဇကွဲပြားမှု (Genetic Variation)” ရှိနေဖို့က မရှိမဖြစ် လိုအပ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတာက သတ္တဝါ “တစ်ကောင်တည်း” ပြောင်းသွားတာကို ပြောတာမဟုတ်ဘဲ၊ “မျိုးစိတ်တူ သက်ရှိအုပ်စု” (Population) လိုက်ကြီးက မျိုးဆက်ပေါင်းများစွာ (Generations) ကြာတဲ့အခါ တဖြည်းဖြည်း ပြောင်းလဲသွားတာကို ဆိုလိုတာပါ။ ကမ္ဘာပေါ်မှာ ရှိတဲ့ သက်ရှိတွေ အားလုံးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက ရှိခဲ့တဲ့ “ဘုံဘိုးဘေး (Common Ancestor)” တစ်ခုတည်းကနေ အကိုင်းအခက်တွေလို အဆင့်ဆင့် ဖြာထွက်ပြီး ဆင်းသက်လာကြတယ် ဆိုတဲ့ သဘောတရားပါပဲ။ ဒါဆို သက်ရှိတွေက ဘာလို့ ဆင့်ကဲပြောင်းလဲနေကြတာလဲ။ ဆင့်ကဲပြောင်းလဲခြင်းကို ဖြစ်ပေါ်စေနေတဲ့ အကြောင်းတရားတွေ (Mechanisms of Change) တွေက ဘာတွေဖြစ်နေမလဲဆိုပြီး စဉ်းစားဖူးပါသလား။
သက်ရှိအုပ်စု တစ်စုတည်းမှာတောင် ပါဝင်တဲ့ မျိုးရိုးဗီဇတွေက တစ်ကောင်နဲ့ တစ်ကောင် မတူကြပါဘူး။ ဒီလို “ဗီဇကွဲပြားမှု (Genetic Variation)” ရှိနေတာဟာ ဆင့်ကဲပြောင်းလဲခြင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ ကုန်ကြမ်းတွေပါပဲ။ ဒီကုန်ကြမ်းတွေကို အသုံးပြုပြီး သက်ရှိတွေကို ပြောင်းလဲစေတဲ့ အဓိက သဘာဝ ယန္တရား ၄ ခု ရှိပါတယ်။ ပထမတခုက ဗီဇပြောင်းလဲခြင်း (Mutations) ဖြစ်ပါတယ်။ မျိုးဆက်တဆက်ကနေ နောက်တဆက်ကို DNA တွေ ကူးယူတဲ့အခါ မူရင်းအတိုင်း ကွက်တိမဖြစ်ဘဲ အပြောင်းအလဲလေးတွေ ဖြစ်သွားတာပါ။ ဒါက သာမန် ဆဲလ်ပွားတဲ့ လုပ်ငန်းစဉ်မှာကိုက အလိုလို ဖြစ်သွားတတ်ပြီး၊ ဖန်ဆင်းခြင်းရဲ့ built-in flexibility လို့ပဲပြောရမလား၊ ပြောင်းလွယ်ပြင်လွယ်ဖြစ်မှု လို့ ရှုမြင်နိုင်ပါတယ်။ နောက်တချက်က ဗီဇစီးဆင်းမှု (Gene Flow) ပါ။ မျိုးစိတ်တစ်ခုက ကောင်တွေ တခြားနေရာကို ပြောင်းရွှေ့သွားတဲ့အခါ အဲဒီက သက်ရှိအုပ်စုထဲကို ဗီဇအသစ်တွေ ရောက်သွားပြီး ရောနှောသွားတာပါ။ နောက်တချက်ကတော့ ကျပန်း ဗီဇအပြောင်းအလဲ (Genetic Drift) ကြောင့်ဖြစ်နိုင်ပါတယ်။ သိပ္ပံပညာမှာ ဒါကို ကျပန်းဖြစ်စဉ် (Random) လို့ သုံးပေမယ့် ကျွန်တော်တို့ ယုံကြည်သူတွေ ရှုထောင့်ကကြည့်ရင် ဒါဟာ လောကကြီးမှာ ကျွန်တော်တို့ လူသားတွေ ကြိုတင်မခန့်မှန်းနိုင်တဲ့ ဖြစ်စဉ်တွေလို့ မြင်လို့ရပါတယ်။ ဥပမာ – တောမီးလောင်တာ၊ ရေကြီးတာ၊ ဒါမှမဟုတ် ကပ်ရောဂါဘေးဆိုးကြီး တစ်ခုခု ရုတ်တရက် ဖြစ်သွားတယ် ဆိုပါစို့။ အဲဒီအချိန်မှာ အသန်မာဆုံး ကောင်တွေ ရှင်ကျန်ရစ်တာမျိုး မဟုတ်တော့ဘဲ အဲဒီ ဘေးအန္တရာယ်ကနေ သီသီလေး လွတ်သွားတဲ့ ကောင်လေးတွေပဲ ရှင်ကျန်ရစ်တာမျိုးပါ။ သူတို့ဆီမှာ ပါလာတဲ့ ဗီဇတွေကပဲ နောက်မျိုးဆက်တွေဆီ ဆက်ပါသွားတာ ဖြစ်ပါတယ်။ နောက်ဆုံးတချက်ကတော့ သဘာဝရဲ့ ရွေးချယ်မှု (Natural Selection) ပဲဖြစ်ပါတယ်။ ဒါကတော့ ဆင့်ကဲဖြစ်စဉ်ရဲ့ အထင်ရှားဆုံးနဲ့ အရေးအကြီးဆုံး အင်ဂျင်ပါပဲ။ သက်ရှိတွေဟာ ရာသီဥတု ပူလာတာ၊ အေးလာတာ၊ အစာရေစာ ရှားပါးလာတာ ဒါမှမဟုတ် ရန်သူအသစ်တွေ ရောက်လာတာ စသဖြင့် ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အံဝင်ခွင်ကျ အဖြစ်ဆုံး လက္ခဏာရှိမှသာ အသက်ရှင်ကျန်ရစ်ပြီး မျိုးပွားနိုင်ကြတာပါ။ ပတ်ဝန်းကျင်က အသင့်တော်ဆုံးကို ရွေးချယ်သွားတာ ဖြစ်ပါတယ်။ ဥပမာ ပိုးတောင်မာ အုပ်စုတစ်စုမှာ အစိမ်းရောင်နဲ့ အညိုရောင် ဆိုပြီး လက္ခဏာ ကွဲပြားမှု ရှိတယ် ဆိုပါစို့။ သစ်ပင်ခြောက်တွေပေါ်မှာ နေရတဲ့အခါ အစိမ်းရောင် ပိုးတောင်မာလေးတွေကို ငှက်တွေက ပိုမြင်ရပြီး စားပစ်လိုက်တဲ့အတွက်၊ အညိုရောင်တွေက အသက်ရှင်ကျန်ရစ်ပြီး မျိုးပွားဖို့ အခွင့်အရေး ပိုရသွားပါတယ်။ ရှင်သန်ကျန်ရစ်တဲ့ အညိုရောင် ပိုးတောင်မာတွေက သူတို့ရဲ့ အညိုရောင် ဗီဇကို သားသမီးတွေဆီ ဆက်လက် လက်ဆင့်ကမ်းပေးလိုက်တဲ့အခါ၊ အချိန်ကြာလာတာနဲ့အမျှ အညိုရောင်လက္ခဏာက ဒီသက်ရှိအုပ်စုမှာ ပိုပြီး အဖြစ်များလာပါတယ်။ ဒါကို သဘာဝက ရွေးချယ်သွားတယ်လို့ ခေါ်တာပါ။ နောက်ပြီး ဂေဟစနစ်ကြီးထဲမှာ သတ္တဝါနှစ်မျိုးက တစ်ကောင်ကို တစ်ကောင် အမှီပြုပြီး ပြိုင်တူ ပြောင်းလဲလာတာမျိုးတွေ ရှိပါတယ်။ ဒါကို “တွဲဘက် ဆင့်ကဲပြောင်းလဲခြင်း” (Coevolution) လို့ ခေါ်ပါတယ်။ ဥပမာအားဖြင့် ထင်းရှူးစေ့ကို စားတဲ့ ရှဉ့်တွေနဲ့ ငှက် (Crossbill) တွေဟာ ထင်းရှူးသီးကို အလွယ်တကူ စားနိုင်ဖို့ သူတို့ရဲ့ နှုတ်သီးတွေ၊ သွားတွေ ပိုအားကောင်းလာအောင် ပြောင်းလဲလာကြတယ်။ တစ်ချိန်တည်းမှာပဲ ထင်းရှူးပင်ကလည်း အလွယ်တကူ အစားမခံရအောင် အစေ့ကိုကာကွယ်ထားတဲ့ အခွံတွေ ပိုထူလာ၊ ပုံစံပြောင်းလာကြတယ်။ တစ်ယောက် တစ်လှည့် အပြိုင်အဆိုင် အသက်ရှင်ဖို့ ကြိုးစားကြရင်း ဂေဟစနစ်ကြီးထဲမှာ အံ့သြစရာကောင်းလောက်အောင် ဟန်ချက်ညီညီ ပူးတွဲ ပြောင်းလဲသွားကြတာပါ။ ဒီဆင့်ကဲဖြစ်စဉ်မှာ အခြားသော စိတ်ဝင်စားစရာ အခွဲလေးတွေ ရှိပါသေးတယ်။ ပြောရင် ပြောမကုန်၊ ပြောမလောက်ပါပဲ။ ဒါကြောင့် စိတ်ဝင်စားရင် အောက်က ကိုးကားထားတဲ့စာပေအရင်းအမြစ်တွေမှာ သွားရောက်ဖတ်ရှုလေ့လာကြည့်ဖို့ အကြံပြုချင်ပါတယ်။ ဒါကြောင့် ဇီဝဗေဒဆိုင်ရာ ဆင့်ကဲဖြစ်စဉ် (Biological evolution) သိပ္ပံဆိုင်ရာ သီအိုရီဟာ ကျောက်ဖြစ်ရုပ်ကြွင်းတွေ၊ DNA အထောက်အထားတွေနဲ့ သက်သေပြထားတဲ့ သိပ္ပံဆိုင်ရာ အမှန်တရား (Fact) တစ်ခု ဖြစ်နေပါပြီ။
ဒါဆို တချို့က မေးကြတယ်။ “ဒါဆို Evolution ကို လက်ခံလိုက်ရင် ဘုရားသခင် ဖန်ဆင်းတယ်ဆိုတာကို ငြင်းပယ်လိုက်ရာ မရောက်ဘူးလား” ဆိုပြီးတော့ပေါ့။ လုံးဝ မရောက်ပါဘူးဗျ။ ဆာ ဖရန်စစ် ဘေကွန် ပြောခဲ့သလိုပဲ၊ ဘုရားသခင်က ကျွန်တော်တို့ကို ဖတ်ဖို့ စာအုပ်နှစ်အုပ် ပေးထားတယ်လို့ မှတ်ယူလို့ရပါတယ်။ တစ်အုပ်က ဝိညာဉ်ရေးရာ သမ္မာတရားတွေကို ဖော်ပြတဲ့ “သမ္မာကျမ်းစာ” ဖြစ်ပြီး၊ နောက်တစ်အုပ်ကတော့ ဘုရားသခင်ရဲ့ လက်ရာတော်တွေကို ဖော်ပြနေတဲ့ “သဘာဝတရား (သိပ္ပံ)” ဆိုတဲ့ စာအုပ်ကြီးပါပဲ။ အင်္ဂလိပ်လိုဆို ပိုပြီးတောင် ကာရံညီပါသေးတယ်။ တအုပ်က The Book of Scripture တဲ့၊ တအုပ်က The Book of Nature တဲ့။ တချို့ကလည်း The Book of God’s Word နဲ့ The Book of God’s World ဆိုပြီး ပြောစမှတ်ပြုကြပါတယ်။ ဒါကြောင့် သမ္မာကျမ်းစာက “ဘယ်သူ (Who)” ဖန်ဆင်းခဲ့လဲ ဆိုတာကို ပြောပြပြီး၊ သိပ္ပံပညာကတော့ “ဘယ်လိုနည်းလမ်းနဲ့ (How)” သဘာဝတရားကြီး လည်ပတ်နေသလဲ၊ တနည်းအားဖြင့် ဘုရားသခင်က ဘယ်လို (How) ဖန်ဆင်းထားသလဲဆိုတာကို ရှင်းပြတာပါ။ ထိုနည်း၎င်းပဲ “ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်” Evolution Theory က “သက်ရှိတွေ ဘယ်လို ပြောင်းလဲလာလဲ (How)” ဆိုတာကိုပဲ ရှင်းပြတာပါ။ “သက်ရှိတွေ ဘာကြောင့် ရှိလာရတာလဲ (Why)” ဒါမှမဟုတ် “အစဦးဆုံး သက်ရှိ ဘယ်လိုစဖြစ်လာလဲ (Origin of Life)” ဆိုတာကို ရှင်းပြထားတဲ့ သိပ္ပံသီအိုရီ မဟုတ်ပါဘူး။ ဒါက သက်သက်ဆွေးနွေးရမယ့် ခေါင်းစဉ်ပါ။ သိပ္ပံပညာက “နာရီတစ်လုံး ဘယ်လို အလုပ်လုပ်သလဲ” ဆိုတာကို ရှင်းပြနိုင်ရုံနဲ့ “နာရီလုပ်တဲ့သူ မရှိဘူး” လို့ ပြောလို့မရသလိုပါပဲ။ ဒါကြောင့် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ဟာ ဘုရားသခင် အသုံးပြုတဲ့ ဖန်ဆင်းခြင်း ယန္တရား (Mechanism) တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ သက်ရှိတွေ ဘယ်လို ဆင့်ကဲပြောင်းလဲလာလဲ ဆိုတဲ့ ဇီဝဗေဒ ဖြစ်စဉ်ကို နားလည်သွားတာဟာ ဖန်ဆင်းရှင်ကို ငြင်းပယ်တာ မဟုတ်ဘဲ ဖန်ဆင်းရှင်ရဲ့ အလွန်နက်နဲတဲ့ ဖန်ဆင်းခြင်းနိယာမတွေကို အသိအမှတ်ပြုလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတော့ Evolution ဟာ တကယ်ပဲ ခိုင်မာတဲ့ အထောက်အထားတွေ ရှိရဲ့လား။ အသေးစား ပြောင်းလဲမှု (Micro-evolution) တွေကို လက်ခံပြီး၊ မျိုးစိတ်သစ်တွေ ပြောင်းလဲထွက်ပေါ်လာတဲ့ အကြီးစား ဆင့်ကဲပြောင်းလဲမှု (Macro-evolution) ကိုရော လက်ခံလို့ ရနိုင်ပါ့မလား။ သဘာဝတရားကြီးက ဇီဝသက်ရှိမျိုးစိတ်တွေကို ဘယ်လိုများ ဆန်ခါတင် ရွေးချယ်စစ်ထုတ်သွားတာလဲ။ ဒါတွေကို နောက်အပိုင်း (၂) မှာ နေ့စဉ်မြင်တွေ့နေရတဲ့ မျက်မြင်သက်သေ ဥပမာလေးတွေနဲ့ ဆက်ပြီး ဆွေးနွေးသွားပါမယ်။
ကိုးကားထားသော စာပေအရင်းအမြစ်များ
- Understanding Evolution (UC Berkeley): A highly accessible, academic breakdown of what evolution is and how natural selection works. Link: evolution.berkeley.edu
- Mechanisms: the processes of evolution (UC Berkeley). Link: https://evolution.berkeley.edu/evolution-101/mechanisms-the-processes-of-evolution/
- Microevolution (UC Berkeley). Link: https://evolution.berkeley.edu/evolution-101/microevolution/
- “ဆင့်ကဲဖြစ်စဉ် သီအိုရီ၏ အရေးပါမှုများ” (Dr.Kyaw Zwar Lynn’s Publications). Link: https://kyawzwarlynnpublications.wpcomstaging.com/2014/09/06/faqs_human_evolution/
- “လူသား ဆင့်ကဲပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ အမေးများတဲ့ မေးခွန်းများ” (Dr.Kyaw Zwar Lynn’s Publications). Link: https://kyawzwarlynnpublications.wpcomstaging.com/2014/09/06/faqs_human_evolution/
- Scientific Method (Wikipedia). Link: https://en.wikipedia.org/wiki/Scientific_method

