သဘာဝရဲ့ ရွေးချယ်မှု (Natural Selection) နဲ့ အသေးစား ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် (Micro-evolution) အတွက် သက်သေအထောက်အထားများ
ပြီးခဲ့တဲ့ အပိုင်း (၁) မှာ Evolution ဆိုတာ သီအိုရီသက်သက် မဟုတ်ဘဲ ခိုင်မာတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံထားတဲ့ သိပ္ပံအမှန်တရားတစ်ခု ဖြစ်တယ်ဆိုတာကို အကြမ်းဖျဉ်း နားလည်သဘောပေါက်ခဲ့ကြပြီးပါပြီ။ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်မှာ ကိုဗစ်ဗိုင်းရပ်စ်တွေ မျိုးကွဲ (Variant) အသစ်တွေ ထွက်လာတာမျိုး၊ ဒါမှမဟုတ် ခွေးတွေမှာ အရွယ်အစား၊ အမွေးအရောင် ကွဲသွားတာမျိုးလို အချိန်တိုအတွင်း မျိုးစိတ်တစ်ခုတည်းမှာပဲ အပြောင်းအလဲ ဖြစ်သွားတဲ့ “အသေးစား ဆင့်ကဲပြောင်းလဲခြင်း” ဆိုတဲ့ Micro-evolution ရှိသလို အချိန်ကာလနှစ်သန်းပေါင်းများစွာ အရမ်းကြာသွားတဲ့အခါ သေးငယ်တဲ့ အပြောင်းအလဲလေးတွေ စုပုံလာပြီး၊ မူလအကောင်နဲ့ လုံးဝမတူတော့တဲ့ မျိုးစိတ်သစ် (New Species) တွေ အဖြစ် ကွဲထွက်သွားတဲ့ “အကြီးစား ဆင့်ကဲပြောင်းလဲခြင်း” ဆိုတဲ့ Macro-evolution ဖြစ်စဉ်လည်းရှိပါတယ်။ ဥပမာ – ကုန်းပေါ်က နို့တိုက်သတ္တဝါ တစ်မျိုးကနေ ရေထဲမှာ ကျက်စားတဲ့ ဝေလငါးတွေ ဖြစ်လာတာမျိုးပေါ့။ Micro (အသေးစား) နဲ့ Macro (အကြီးစား) ပါနော် .. စကားလုံးနှစ်ခုက ဆင်တူနေလို့ သတိမထားမိမှာစိုးလို့ပါ။
ဒါဆို သဘာဝတရားက ဘယ်လို အလုပ်လုပ်သလဲဆိုတာရယ်၊ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ဆိုတာ စိတ်ကူးယဉ်ပုံပြင်ဒဏ္ဍာရီ မဟုတ်ဘဲ သဘာဝတရားထဲမှာ မျက်မြင်ကိုယ်တွေ့ ရှိနေတဲ့ အရာဖြစ်တယ်ဆိုတာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ သိပ္ပံဆိုင်ရာ သက်သေအထောက်အထားတွေများစွာရှိပါတယ်။ ပထမဆုံးအနေနဲ့ အသေးစား ဆင့်ကဲပြောင်းလဲခြင်း (Micro-evolution) တကယ်ဖြစ်ခဲ့တယ်၊ ဖြစ်နေဆဲပဲဆိုတာနဲ့ပတ်သက်ပြီး သိပ္ပံဆိုင်ရာအချက်အလက်တွေကို လေ့လာကြည့်ရအောင်။
ပထမဆုံးအနေနဲ့ အဖြူဖျော့ဖျော့အရောင် ပိုးဖလံ (The Peppered Moths) လေးတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်ပေါ်ခဲ့တာကို ပြောပြချင်ပါတယ်။ ၁၈၀၀ ပြည့်နှစ်တွေ စက်မှုတော်လှန်ရေးခေတ် အင်္ဂလန်က ပိုးဖလံလေးတွေဟာ အရင်က သစ်ပင်အခေါက်တွေလို အရောင်ဖျော့တဲ့ ပိုးဖလံအဖြူလေးတွေပဲ များပါတယ်။ စက်မှုတော်လှန်ရေးဖြစ်လာတော့ စက်ရုံတွေက ထွက်တဲ့ မီးခိုးတွေကြောင့်ရော၊ မီးသွေးအသုံးပြုမှုများလာလို့ အိမ်တွေက ထွက်တဲ့ မီးသွေးမီးခိုးငွေ့တွေကြောင့်ပါ သစ်ပင်တွေမည်းသွားတဲ့အခါ အဖြူရောင် ပိုးဖလံတွေက ငှက်တွေရဲ့ အလွယ်တကူ စားသောက်တာကို ခံရပါတယ်။ ဘာလို့လဲဆိုတော့ အမည်းရောင်ပင်စည်တွေမှာ ကပ်နေတတ်တဲ့ အဖြူရောင်ပိုးဖလံကောင်းတွေက ငှက်တွေအတွက် ပိုမြင်လွယ်တာကိုး။ အဲဒီအချိန်မှာ မျိုးရိုးဗီဇ အပြောင်းအလဲ (Mutation) ကြောင့် မွေးလာတဲ့ ပိုးဖလံအမည်းလေးတွေက သစ်ပင်အရောင်နဲ့ ရောသွားပြီး အသက်ရှင်ကျန်ရစ်ကာ ပွားများလာပါတယ်။ နောက်ပိုင်း စက်မှုလုပ်ငန်းတွေနဲ့ မီးသွေးအလွန်အကျွံသုံးမှုတွေကို အင်္ဂလိပ်အစိုးရရဲ့ ထိန်းချုပ်စီမံမှုကြောင့် သဘာဝပတ်ဝန်းကျင် ပြန်ကောင်းလာတော့ အဖြူရောင်ကောင်လေးတွေ ပြန်များလာပြန်ပါတယ်။ ဒါကို သဘာဝရဲ့ရွေးချယ်မှု (Natural Selection) လို့ ခေါ်ပါတယ်။ သဘာဝတရားကြီးမှာ အသိဉာဏ်ရှိလို့ ရွေးချယ်နေတာ မဟုတ်ပါဘူး။ သူက “ဆန်ခါချတဲ့ စနစ် (Filtering System)” ကြီးတစ်ခု အနေနဲ့ အလိုအလျောက် အလုပ်လုပ်တာပါ။
နောက်ပြီး စာဖတ်သူတို့ ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေက ပိုလာဝက်ဝံတွေ ဘာလို့ အမွေးဖြူနေလဲ စဉ်းစားကြည့်ဖူးပါသလား။ ဘာလို့လဲဆိုတော့ နှင်းတွေဖုံးနေတဲ့ နေရာမှာ အမွေးဖြူမှ ပတ်ဝန်းကျင်နဲ့ ရောနှောပြီး ပုန်းလို့ရမယ်၊ အစာရှာလို့ရမယ်လေ။ အဲဒီတော့ အမွေးဖြူတဲ့ အကောင်တွေပဲ ရှင်သန်နိုင်ပြီး မျိုးဆက်ပြန့်ပွားလာတာပေါ့။ တောထဲမှာကျတော့ အမည်းရောင်ဖြစ်မှ သစ်ပင်အရိပ်တွေနဲ့ ရောပြီး အသက်ရှင်နိုင်မယ်။ ဒါက သဘာဝတရားက ပတ်ဝန်းကျင်နဲ့ အလိုက်ဖက်ဆုံးကို ရွေးချယ်သွားတဲ့ (Natural Selection) အကောင်းဆုံး သက်သေပါပဲ။ ဒါ့အပြင် လူတွေရဲ့ အသားအရောင် ကွဲပြားတာက ခရမ်းလွန်ရောင်ခြည် (UV) နဲ့ တိုက်ရိုက်ပတ်သက်နေပါသေးတယ်။ အာဖရိကလို အီကွေတာနားက နေပူပြင်းတဲ့ နေရာတွေမှာ နေလောင်ဒဏ်နဲ့ အရေပြားကင်ဆာကနေ ကာကွယ်ဖို့ ခန္ဓာကိုယ်က မယ်လနင် (Melanin) ဆိုတဲ့ အမည်းရောင်ခြယ်ပစ္စည်း အများကြီး ထုတ်ပေးရပါတယ်။ ဒါကြောင့် အာဖရိကတိုက်သားတွေက အသားမည်းသွားတာဖြစ်ပါတယ်။ ဥရောပလို နေရောင်ခြည်ရဖို့ ခက်တဲ့နေရာတွေရောက်တော့၊ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် D ကို ရအောင်ယူဖို့ မယ်လနင်တွေကို လျှော့ချပစ်လိုက်ရတယ်။ ဒါကြောင့် အသားဖြူသွားတာဖြစ်ပါတယ်။ အိန္ဒိယတစ်နိုင်ငံတည်းမှာတင် နေပူတဲ့ တောင်ပိုင်းက အိန္ဒိယသားတွေက အသားမည်းပြီး နေသိပ်မပူတဲ့ မြောက်ပိုင်းက အိန္ဒိယသားတွေကျတော့ အသားဖြူတာလည်း ဒီသဘောတရားပါပဲ။ ဒီအချက်ကို သေချာကြည့်ရင် အသားဖြူတာ၊ မည်းတာဆိုတာ ဘယ်သူက ပိုမြင့်မြတ်တယ်၊ ဘယ်သူက နိမ့်ကျတယ်ဆိုတဲ့ သတ်မှတ်ချက် လုံးဝမဟုတ်ဘူးဆိုတာ ရှင်းသွားပါပြီ။ အသားမည်းတယ်ဆိုတာ ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်အဘထာဝရမြတ်စွာဘုရားသခင်က ပေးသနားထားတဲ့ သဘာဝ နေလောင်ခံ Suncream အလွှာကြီးတစ်ခု ပါလာတာမျိုးပေါ့။ အဲဒီတော့ လူတွေလုပ်နေတဲ့ အသားအရောင်ခွဲခြားမှုဆိုတာ သိပ္ပံနည်းကျကြည့်ရင်လည်း လုံးဝ အဓိပ္ပါယ်မရှိသလို ခရစ်ယာန်ရှုထောင့်ကကြည့်ရင်လည်း ဘုရားသခင်က လူသားတိုင်းကို သူတို့နေထိုင်ရမယ့် ပတ်ဝန်းကျင်နဲ့ အသင့်တော်ဆုံးဖြစ်အောင် မေတ္တာတော်ကြီးမားစွာဖြင့် သေသေချာချာ ပုံဖော်ပေးခဲ့တယ်ဆိုတာကို ပိုနားလည်လာရပါတယ်။ ဖြူဖြူ မည်းမည်း ဘုရားသခင်ရှေ့တော်မှာ အားလုံးက တန်းတူညီတူ တန်ဖိုးရှိတဲ့ ဖန်ဆင်းခြင်းလက်ရာတွေချည်းပဲပေါ့။

ဒါ့အပြင် မျိုးဗီဇပြောင်းလဲခြင်းကြောင့် ကိုယ်အနံ့ပြောင်းလဲမှုဖြစ်ပေါ်တဲ့လူမျိုးစုတွေရဲ့ ဖြစ်စဉ်ကလည်း တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ၇၅% ကနေ ၉၀% သော ကိုရီးယား၊ တရုတ်နဲ့ ဂျပန်လူမျိုးအများစုမှာ ချွေးနံ့ထွက်စေတဲ့ အကျိတ်တွေရဲ့ လုပ်ဆောင်မှုကို တားဆီးပေးတဲ့ ABCC11 ဆိုတဲ့ မျိုးဗီဇ ပြောင်းလဲမှု (Mutation) လေးတစ်ခု ရှိနေပါတယ်။ ဒါဟာ သီးခြားနေထိုင်တဲ့ လူ့အဖွဲ့အစည်းတွေမှာ အချိန်ကြာလာတာနဲ့အမျှ မျိုးဗီဇတွေ အပြောင်းအလဲဖြစ်ပြီး အတည်တကျဖြစ်သွားတဲ့ Evolution ဖြစ်စဉ်တစ်ခုပါပဲ။ အထူးသဖြင့် ကိုရီးယားလူမျိုးတွေရဲ့ ၉၅% သော လူဦးရေဟာ ဒီ ABCC11 gene ရှိနေတာပါတဲ့။ ဒီလို ကိုယ်အနံ့ဆိုးမထွက်တာကို တချို့က ပိုကောင်းတဲ့၊ ပိုမြင့်မြတ်တဲ့ မျိုးဗီဇလို့ ထင်တတ်ကြတယ်။ တကယ်တော့ အဲဒီလိုမဟုတ်ဘူးဗျ။ အနံ့ထွက်စေတဲ့ ချွေးဂလင်းအကြိတ် (Apocrine glands) တွေမှာလည်း သူ့တာဝန်နဲ့သူ ရှိပါတယ်။ အဲဒီဂလင်းတွေက ထုတ်ပေးတဲ့ အရည်တွေက အရေပြားကို အစိုဓာတ်ထိန်းပေးတာ၊ ဘက်တီးရီးယားတွေကို ကာကွယ်ပေးတဲ့ သဘာဝပဋိဇီဝ (Antimicrobial) အာနိသင်တွေ ပါဝင်တာမျိုးတွေ ရှိပါတယ်။ ဒါကြောင့် ချွေးနံ့မထွက်တဲ့သူတွေမှာ အဲဒီလို သဘာဝကာကွယ်မှုတချို့ လျော့နည်းသွားနိုင်တဲ့ အားနည်းချက်လေးတွေလည်း ရှိနေပြန်ရော။ ဆိုလိုတာက သဘာဝတရားမှာ အားသာချက်ရှိရင် အားနည်းချက်က အမြဲဒွန်တွဲနေတယ်။ ဘယ်မျိုးဗီဇ၊ ဘယ်လူမျိုးကမှ အပြည့်အဝ “Perfect” ဖြစ်နေတာမျိုး မရှိပါဘူး။ လူတိုင်းက ထာဝရဘုရားသခင်ရှေ့မှာ အားနည်းချက်၊ အားသာချက် ကိုယ်စီနဲ့ တန်းတူတွေချည်းပါပဲ။ ဒါ့အပြင် ဩစတြေးလျက အရေပြားကင်ဆာ ပြဿနာကလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကမ္ဘာပေါ်မှာ ဩစတြေးလျနိုင်ငံက လူတွေဟာ အရေပြားကင်ဆာ အဖြစ်အများဆုံးဆိုတာကို သိပါသလား။ ဘာလို့လဲဆိုတော့ အခု အဲဒီမှာ နေနေတဲ့ လူဖြူအများစုက evolution timeline နဲ့တွက်ရင် ဥရောပကနေ ပြောင်းလာတာ မကြာသေးဘူးလေ၊ အလွန်ဆုံးရှိမှ ရာစုနှစ်အနည်းငယ်ပဲပေါ့။ နောက်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်က ဩစတြေးလျက ပြင်းထန်တဲ့ နေရောင်ခြည်နဲ့ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်မရသေးပါဘူး။ သဘာဝရဲ့ ကာကွယ်မှု မရှိတော့ ကင်ဆာ အဖြစ်များတာပေါ့။ ဩစတြေးလျက ဌာနေတိုင်းရင်းသား (Aborigines) တွေကျတော့ အဲဒီဒဏ်ကို ခံနိုင်ရည်ရှိအောင် အသားမည်းတဲ့ ဆင့်ကဲပြောင်းလဲမှု ရှိပြီးသားဖြစ်နေလို့ ဘာမှမဖြစ်ကြပါဘူး။
ဒါကြောင့် သဘာဝရဲ့ရွေးချယ်မှု (Natural Selection) ဆိုတာ တကယ်တော့ ဆင့်ကဲပြောင်းလဲမှု သီအိုရီတစ်ခုလုံးရဲ့ နှလုံးသားဆိုလည်း ဟုတ်တယ်၊ အဓိက အင်ဂျင်ကြီးဆိုလည်း ဟုတ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့အဆိုအရ သဘာဝရွေးချယ်မှု အတွက် အဓိက လိုအပ်တဲ့ အချက် (၃) ချက် ရှိပါသတဲ့။ ပထမတချက်ကတော့ အစကတည်းက ကွဲပြားနေခြင်း (Variation) ဖြစ်ပါတယ်။ သတ္တဝါတွေ မွေးလာတဲ့အခါ မိဘနဲ့ တစ်ထပ်တည်း မတူကြပါဘူး။ မျိုးရိုးဗီဇ (DNA) လေးတွေက အနည်းနဲ့အများ အပြောင်းအလဲ (Mutation) ရှိတတ်ကြပါတယ်။ တစ်ကောင်က ပိုမြန်မယ်၊ တစ်ကောင်က အရောင်ပိုရင့်မယ်၊ တစ်ကောင်က အအေးဒဏ် ပိုခံနိုင်မယ် စသဖြင့်ပေါ့။ ဒီအပြောင်းအလဲလေးတွေ ဖြစ်လာတာကတော့ လုံးဝ ကျပန်း (Random) ဖြစ်လာတာပါ။
ဒုတိယတချက်ကတော့ ရှင်သန်ဖို့ အမြဲယှဉ်ပြိုင်နေရခြင်း (Struggle for Existence) ပဲဖြစ်ပါတယ်။ သဘာဝတရားမှာ အစာရေစာ၊ နေရာထိုင်ခင်း နဲ့ အဖော်ရဖို့ဆိုတာ အကန့်အသတ် ရှိပါတယ်။ မွေးလာတဲ့ အကောင်တိုင်း အသက်မရှင်နိုင်ပါဘူး။ သားရဲတိရစ္ဆာန် အန္တရာယ်၊ ရာသီဥတုဒဏ် စတဲ့ စမ်းသပ်မှုတွေကို နေ့တိုင်း ရင်ဆိုင်နေရပါတယ်။ နောက်တချက်ကတော့ သဘာဝပတ်ဝန်းကျင်က ဆန်ခါတင် စစ်ထုတ်လိုက်ခြင်း၊ ရွေးချယ်လိုက်ခြင်း (Selection) ပါ။ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက သဘာဝပတ်ဝန်းကျင်က ဘယ်သူ့ကိုမှ ရည်ရွယ်ချက်ရှိရှိ ရွေးချယ်နေတာ မဟုတ်ပါဘူး။ ဥပမာ – ဆီးနှင်းတွေ ကျနေတဲ့ အဖြူရောင် ပတ်ဝန်းကျင်မှာ၊ အဖြူရောင် ယုန်လေးတွေက မြေခွေးမျက်စိထဲ မမြင်ရဘဲ လွတ်သွားမယ်။ အညိုရောင် ယုန်လေးတွေက ထင်းနေတော့ အစားခံရမယ်။ အဖြူရောင် ယုန်လေးတွေက ပိုအသက်ရှင်တော့ သူတို့ရဲ့ “အဖြူရောင်ဖြစ်စေတဲ့ DNA” ကို နောက်မျိုးဆက်ဆီ ပိုပြီး လက်ဆင့်ကမ်းပေးနိုင်ခဲ့တယ်။ မျိုးဆက်တွေ များလာတဲ့အခါ အဲဒီ နှင်းတောထဲမှာ အဖြူရောင် ယုန်တွေချည်းပဲ ဖြစ်သွားတော့တာပေါ့။ ဒါမျိုးကိုပဲ ပြောတာပါ။ ဒီဖြစ်စဉ်တွေကို ကြည့်ပြီး ဖန်ဆင်းရှင် ထာဝရဘုရားရဲ့ ဂုဏ်ကျေးဇူးတော်အပေါင်းကို ပိုပြီးတော့တောင် ချီးမွမ်းရဦးမယ် မဟုတ်ပါလား။ ဖန်ဆင်းရှင် အဘထာဝရမြတ်စွာဘုရားသခင်က သက်ရှိတွေကို ပြောင်းလဲလို့မရတဲ့ ကျောက်ရုပ်တွေလို၊ စက်ရုပ်လို၊ ရွှံ့တုံးရုပ်တွေလို တောင့်တောင့်ကြီး ဖန်ဆင်းခဲ့တာ မဟုတ်ပါဘူး။ ပြောင်းလဲနေတဲ့ လောကကြီးရဲ့ ရာသီဥတု၊ ပတ်ဝန်းကျင်တွေထဲမှာ မျိုးသုဉ်းမသွားဘဲ ဆက်ရှင်သန်နိုင်အောင် သူတို့ရဲ့ မျိုးဗီဇ (DNA) ထဲမှာ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်း (Adaptability) ကို အစကတည်းက သေသေချာချာ ဖန်ဆင်းထည့်သွင်းပေးခဲ့တာပါ။ ကမ္ဘာဦးကျမ်း ၁:၂၀-၂၄ မှာလည်း “အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည် များပြားစွာ မွေးဖွားစေ .. ငှက်တို့လည်း မြေပေါ် မိုးကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေ …. မြေသည် အသက်ရှင်သော သတ္တဝါမျိုးတည်းဟူသော သားယဉ်တို့ကို လည်းကောင်း၊ တွားတတ်သော တိရစ္ဆာန်တို့ကို လည်းကောင်း၊ သားရဲမျိုးတို့ကို လည်းကောင်း၊ မွေးဖွားစေ ဟု ဖန်ဆင်းရှင်ထာဝရဘုရားသခင် အမိန့်တော်ရှိသည် ဖြစ်လေ၏” ဆိုတဲ့အတိုင်းပါပဲ။ မြေ၊ ရေ၊ လေ တနည်းအားဖြင့် သဘာဝတရားကို အရင်ဖန်ဆင်းပြီးတော့မှ တစ်ဆင့်ချင်း စနစ်တကျ ဖန်ဆင်းသွားဟန်တူတယ်လို့ နားလည်နိုင်တာပေါ့။ ဘုရားသခင်သည် ဟတ်ချလောင်း၊ ဥုံဖွ မျက်လှည့်လို ဖန်ဆင်းနေစရာမလိုပါဘူး။ သဘာဝတရားကို သူ့အလိုလို လည်ပတ်နိုင်အောင် ကြိုတင်အစီအစဉ်ရေးဆွဲ ဖန်ဆင်းပေးထားတာရော မဖြစ်နိုင်ဘူးလားပေါ့။
ဒီနေရာမှာ တချို့က “ကောင်းပြီ .. အသေးစား ဆင့်ကဲပြောင်းလဲခြင်း (Micro-evolution) ကိုတော့ ယုံတယ်ကွာ၊ ဒါပေမဲ့ အဲ့ဒီကနေ မျိုးစိတ်သစ် ဖြစ်လာတဲ့အထိ ကြီးမားတဲ့ ဆင့်ကဲပြောင်းလဲခြင်း (Macro-evolution) ကိုတော့ မယုံဘူး” လို့ ပြောတတ်ကြပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အခန်း (၃) မှာ မျိုးစိတ်သစ်ဖြစ်ထွန်းစေတဲ့ အကြီးစား ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်အတွက် သက်သေအထောက်အထားများကို အတူတကွ ဆက်လက်လေ့လာကြပါမယ်။ ဒါပေမယ့် နောက်အပိုင်းဆက်မသွားခင် စာဖတ်သူတွေကို တိုက်တွန်းချင်တာကတော့ ကိုယ်ဖတ်သွားခဲ့တဲ့အရာတွေနဲ့ပတ်သက်ပြီး အချိန်ယူစဉ်းစားဆင်ခြင် (digest) ကြည့်စေချင်ပါတယ်။ စာရေးသူ အခုပြောထားတာတွေကို ဟုတ်ရဲ့လားပေါ့။ ဒါကြောင့် စိတ်ဝင်စားလို့ရှိရင် အောက်မှာဖော်ပြထားတဲ့ ကျွန်တော်ကိုးကားထားတဲ့ source တွေအပြင် တခြားသော authentic source တွေကို ရှာဖွေပြီး တချက်ခြင်း အချိန်ယူပြီးသွားဖတ်စေချင်ပါတယ်။ ကျွန်တော် အခုရေးထားတာတွေထက်များစွာ ပိုပြည့်စုံတဲ့အသိပညာ၊ ဗဟုသုတကို ရစေမှာပါ။ ကျွန်တော်ပြောတာတွေ မှားနေတယ်ဆိုရင်လည်း ခိုင်လုံတဲ့ အထောက်အထားပြပြီး အမှားပြင်ပေးနိုင်ပါတယ်။ ကျွန်တော်ကိုးကားထားတဲ့ စာပေအရင်းအမြစ်တွေဟာ ခရစ်ယာန်ဘာသာဘက်၊ အခြား ဘာသာတရားတခုခုဘက်ကို ဘက်လိုက်ရေးထားတာတဲ့ အင်တာနက်စာမျက်နှာမျိုးတွေကို ကိုးကားထားတာမျိုး၊ ဒါမှမဟုတ်လည်း ဘုရားမဲ့ဝါဒီသမားတွေ ရေးထားတဲ့ ဘာသာရေးဆန့်ကျင့်ရေးလုပ်ဖို့ သိပ္ပံပညာကို အလွဲသုံးစားလုပ်ပြီး ဘက်လိုက်ရေးထားတဲ့ အင်တာနက်စာမျက်နှာတွေကနေ ကိုးကားထားတာမျိုး လုံးဝ မဟုတ်ပါဘူး။ Pure science သိပ္ပံစစ်စစ် အရင်းအမြစ်တွေပါခင်ဗျ။ ဖတ်ရှုလေ့လာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ ဘုရားသခင်သည် ကိုယ်တော်ရှင်မြတ်၏ ဖန်ဆင်းခြင်းလက်ရာတော်များကို ပိုမိုနားလည်နိုင်သောဉာဏ်ပညာအား ကျွန်ုပ်တို့အား ပေးသနားတော်မူပါစေသော။ အာမင်။

