


Mutation ဆိုသည်မှာ DNA အမျှင်တွင် ဖြစ်ပေါ်သော ချို့ယွင်းပြောင်းလဲမှုဖြစ်သည်။ ၎င်းသည် DNA ပုံတူကူးပွားသည့်အခါ အမှားအယွင်းဖြစ်သွားခြင်းကြောင့်သော်လည်းကောင်း၊ ခရမ်းလွန်ရောင်ခြည်၊ ဆေးလိပ်ငွေ့ကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေများကြောင့်သော်လည်းကောင်း ဖြစ်လာနိုင်သည်။
ကျွန်ုပ်တို့ဘဝသက်တမ်းတလျှောက်လုံး၌ DNA အမျှင်ရှိ A, T, G, C ဘေ့စ်များတွင် mutation များဖြစ်ပေါ်နိုင်သည်။ သို့ဖြစ်၍ ၎င်းတို့မှ ဖွဲ့စည်းဖြစ်ပေါ်လာသော protein သည်လည်း ပြောင်းလဲမှုများဖြစ်ပေါ်လာမည်ဖြစ်သည်။ DNA ပုံတူကူးပွားစဉ် ဖြစ်ပေါ်လာနိုင်သော မှားယွင်းမှုများကို အချိန်မီ ပြန်လည်ပြုပြင်နိုင်ခြင်းမရှိလျှင် mutation များဖြစ်လာသည်။ ထိုကဲ့သို့ ဖြစ်ပေါ်လာနိုင်သော မှားယွင်းမှုများကို ပြုပြင်နိုင်ရန် ဆဲလ်များတွင် ယန္တရားများ ပါရှိသည်။
သက်ရှိမျိုးစိတ်များအတွင်း အဆိုပါ mutation များကြောင့် မျိုးဗီဇများတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာနိုင်သည်။ ၎င်း mutation တို့ကို မျိုးရိုးအစဉ်အဆက် လက်ဆင့်ကမ်းပေးနိုင်သည်။ ဥပမာ သွေးဆဲလ်များရှိ haemoglobin ခေါ် protein တမျိုးကို ဖြစ်ပေါ်စေသည့် gene ၌ မှားယွင်းပြောင်းလဲမှုဖြစ်ပေါ်လာသောအခါ sickle cell anaemia ဟုခေါ်သည့် ရောဂါဖြစ်လာသည်။ Mutation ဖြစ်ခြင်းသည် အမြဲတမ်း အဆိုးချည်းတော့ မဟုတ်ချေ။ ဥပမာ .. ထိုကဲ့သို့ mutation ရှိသည့် အာဖရိကလူမျိုးများတွင်မူ ငှက်ဖျားရောဂါ ကာကွယ်ပေးနိုင်သည်။ သို့ရာတွင် mutation များသည် မျိုးဗီဇလုပ်ငန်းဆောင်တာများကို ဖျက်စီးပြောင်းလဲစေပြီး ကင်ဆာကဲ့သို့ ရောဂါများ ဖြစ်ပေါ်စေနိုင်သည်။ ကင်ဆာဆိုသည် ကြီးထွားဖွံ့ဖြိုးမှုကို ဖြစ်ပေါ်စေသော မျိုးဗီဇပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာသည့် ရောဂါတမျိုးဖြစ်သည်။
DNA mutation ဖြစ်ခြင်း အား သရုပ်ပြပုံ
Image credit: Genome Research Limited
ကျွန်ုပ်တို့ DNA အတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော Mutation အမျိုးအစား များစွာရှိပါသည်။
၁) Point mutation – DNAအမျှင်ရဲ့ base တစ်ခု ပြောင်းလဲခြင်း
၂) Substitution – DNA အမျှင်ရဲ့ base တစ်ခု (သို့) တစ်ခုထက်ပိုသော base အတွဲနေရာ၌ အရေအတွက်တူ အခြား base များဖြင့် အစားထိုးခြင်း
၃) Inversion – chromosome အစိတ်အပိုင်းတစ်ခုရဲ့ အစနှင့်အဆုံးပြောင်းပြန်လှန်ခြင်း
၄) Insertion – DNA အမျှင်တန်း၌ base တစ်ခု ဝင်ရောက်လာခြင်း
၅) Deletion – DNA အမျှင်တန်းမှ base တစ်ခု ဖယ်ထုတ်ခြင်း
Author: Thura
Reviewed by: Dr. Kyaw Zwar Lynn
ကိုးကားထားသော စာပေအရင်းအမြစ်များ