Skip to content

အတွင်းလား အပြင်လား ?

သခင်ဘုရားအတွက်ကျွန်တော်တို့ရဲ့ “အတွင်းစရိုက်လက္ခဏာ”ဟာ ကျွန်တော်တို့ရဲ့ “အပြင်ပိုင်းသွင်ပြင်လက္ခဏာ” ထက် ပိုအရေးကြီးပါတယ်။

ကိုရီးယား ပေါ့ပ်ဂီတဟာတကမ္ဘာလုံးကိုထိုးဖောက်အောင်မြင်မှုရရှိထားတယ်ဆိုတာအားလုံးသိကြပါတယ်။ ကြိုက်နှစ်သက်အားပေးတဲ့သူတွေဟာလည်းတကယ်ကို အရူးအမူးအားပေးကြတာတွေ့ရပါတယ်။ ဒီလိုအရူအမူးအားပေးကြတဲ့အထဲမှာ ကျွန်တော်တွေ့ဖူးသလောက်ပြောပြရရင် ဘရာဇီးနိုင်ငံသားလူငယ်တယောက်ကိုတော့လက်ဖျားခါလောက်အောင် အံ့ဩမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူကြိုက်နှစ်သက်တဲ့ ကေပေါ့ပ်အဆိုတော်ရဲ့ ပုံသဏ္ဍန်အတိုင်း နာရီပေါင်းများစွာ၊ ငွေကြေးပေါင်းမြောက်များစွာ အကုန်ကျခံပြီးခွဲစိတ်ပြုပြင်သည်အထိအားပေးကြမ်းလို့ပါပဲ။
ဆင်ခြင်မိတာကတော့ ရုပ်တော့တော်တော်တူသွားပေမယ့် သူတို့နှစ်ဦးရဲ့ဖြစ်ခြင်းကတော့ မတူဘူးဆိုတာပါဘဲ။ အထူးသဖြင့် အတွင်းစိတ်နှလုံးပေါ့။ နှလုံးရောဂါအတွက် အစားထိုးခွဲစိတ်လို့ရပေမယ့်၊ ကြင်နာတတ်၊ ချစ်တတ်၊ ရက်ရောပေးကမ်းတတ်တဲ့ နှလုံးသားဖြစ်ဖို့ကတော့ ခွဲစိတ်ဆရာဝန်တွေမတတ်နိုင်ပါ။

“ယဉ်​ကျေး​သော​အ​ရာ​သည် လှည့်​စား​ခြင်း​နှင့် ယှဉ်​တတ်၏။ လှ​သော​အ​ဆင်း​သည်​လည်း အ​ချည်း​နှီး​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​မိန်း​မ​မူ​ကား၊ ချီး​မွမ်း​ခြင်း​ကို ခံ​ရ​လိမ့်​မည်။”
သုတ္တံကျမ်း ၃၁:၃၀

ဒီခေတ်ဟာ အမျိုးသမီးတွေမှမဟုတ်ပါဘူး အမျိုးသားအများစုလည်း အလှအပခုံမင်လာတဲ့ခေတ်ကာလပါ။ ဒါကြောင့်ဒီနေရာမှာ အမျိုးသားရော အမျိုးသမီးကိုရော သတိခြပ်စေချင်သည်က “အပြင်ပိုင်းအလှ” ဆိုတာကွယ်ပျောက်တတ်ပါတယ်။ လှချင်လို့ခွဲစိတ်တဲ့သူရော၊ သဘာဝအတိုင်းလှတဲ့သူရော “ဇရာ”ကအချိန်တန်ရင် စကားပြောမှာဖြစ်သလို၊ ဘုရားပြောစကားကလည်း အချိန်တိုင်းမှာ ပြည့်စုံမှန်ကန်နေမှာပါ။

“လျှို့​ဝှက်​သော ကျမ်း​ပြု​ဆ​ရာ၊ ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ အ​ဖြူ​သုတ်​သော သင်္ချိုင်း​တွင်း​နှင့် တူ​ကြ၏။ ထို​တွင်း​သည် အ​ပြင်၌ တင့်​တယ်​စွ​တ​ကား။ အ​တွင်း၌​ကား လူ​သေ​အ​ရိုး၊ အ​ညစ်​အ​ကြေး​အ​မျိုး​မျိုး​နှင့် ပြည့်​လျက်​ရှိ၏။-”
ရှင်မဿဲခရစ်ဝင် ၂၃:၂၇

“အပြင်ပိုင်းသွင်ပြင်လက္ခဏာ”ဟာလှည့်စားတတ်ပါတယ်။ ဒီနေရာမှာ လှတယ်မလှဘူးဆိုတာထက်။ ကြည့်ကောင်းတယ် ကြည့်မကောင်းဘူးဆိုတ ထက်။ သင်ခွဲစိတ်စရာမလို၊ ပြုပြင်စရာမလို၊ ဆေးသောက်စရာလို၊ ထိန်းသိမ်းဖို့မလိုဘဲ အလိုလိုလုပ်တတ်နေတာက “ဟန်ဆောင်ခြင်း”(hypocrisy)ပါဘဲ။ သင်ဟာသင်္ချိုင်းတွင်း ဖြစ်နေတာကိုသိလျက်နှင့် ဟန်ဆောင်နေတုန်းလား?။
အပြင်ဘယ်လောက်လှလှ လူသေထည့်ထားတဲ့ဂူဆိုတာ ဘယ်အသက်ရှင်တဲ့သူမှ ဝင်နေမှာမဟုတ်ပါဘူး။ မသိတဲ့သူဘဲခံရမှာပါ။

“ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။”
ဓမ္မရာဇဝင်ပထမစောင် ၁၆:၇

ကဲ… ထာဝရဘုရားနေ့စဉ်ရှုမြင်နေတဲ့အရာက ကျွန်တော်တို့ နေ့စဉ်ပြုပြင်နေတဲ့ အပြင်ပိုင်းသွင်ပြင်လက္ခဏာကိုမှမဟုတ်ဘဲ။ အဆင်းသဏ္ဏ္ဌန် အကျဉ်းတန်တာကကိစ္စမဟုတ်၊ နှလုံးသားက သူဖုန်းစားလိုမွဲပြာညစ်ညူးနေလျင်တော့ခက်လေပြီ။

ကျွန်တော်တို့ပြောနေကျကျမ်းစကားရှိပါတယ်။
“ငါတို့ဟာ ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နဲ့အညီဖန်ဆင်းခံထားရတာ”။
ဟုတ်ပြီ ဒါဆိုရင် ဘာလို့အပြင်သဏ္ဌာန်ကိုစိုးရိမ်နေလဲ? ထိန်းသိမ်းဆင်ခြင်ရမယ့်အပိုင်းတော့ရှိတာပေါ့။ ဒီခန္ဒာဟာ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ဗိမ္မာန်တော်ဖြစ်သလို၊ အဖိုးအခပေးရွေးဝယ်ထားသောကြောင့် ဤခန္ဒာအားဖြင့် ဘုရားသခင်ရဲ့ဂုဏ်တော်ကိုထင်ရှားစေဖို့လိုအပ်ပါတယ်။
ဒါဆိုရင် အတွင်းစရိုက်လက္ခဏာကြတော့ရော?

“ထို​လူ​ကို သွန်​သင်​နိုင်​မည်​အ​ကြောင်း အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား၏ စိတ်​တော်​ကို သိ​သ​နည်း။ ငါ​တို့​မူ​ကား ခ​ရစ်​တော်၏​စိတ်​ကို ခံ​ရ​ကြ၏။”
ကောရိန္သုဩဝါဒစာပစာမစောင် ၂:၁၆

“ထို​ကြောင့် ခ​ရစ်​တော်၌​သက်​သာ​ခြင်း၊ မေ​တ္တာ​နှင့်​စပ်​ဆိုင်​သော ချမ်း​သာ​ခြင်း၊ ဝိ​ညာဉ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သ​နား​စုံ​မက်​ခြင်း​တည်း​ဟူ​သော​အ​ရာ တစ်​စုံ​တစ်​ခု​ရှိ​လျှင်၊- သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​ကြ၍၊ စိတ်​မ​ကွဲ​ပြား​ဘဲ တစ်​လုံး​တစ်​ဝ​တည်း ကြံ​စည်​ခြင်း​နှင့်​တ​ကွ၊ သ​ဘော​တ​ညီ​တ​ညွတ်​တည်း ရှိ​သော​အား​ဖြင့်၊ ငါ​ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း​ကို စုံ​လင်​စေ​ကြ​လော့။- ရန်​တွေ့​လို​သော​စိတ်၊ အ​ချည်း​နှီး ကျော်​စော​ကိ​တ္တိ​ကို တပ်​မက်​သော​စိတ်​ရှိ၍ အ​ဘယ်​အ​မှု​ကို မ​ပြု​ကြ​နှင့်။ သူ​တစ်​ပါး​သည် ကိုယ်​ထက်​သာ၍ ကောင်း​မြတ်​သည်​ဟု နှိမ့်​ချ​သော စိတ်​ရှိ၍ တစ်​ယောက်​ကို​တစ်​ယောက် ထင်​မှတ်​ကြ​လော့။- ကိုယ်​အ​မှု​အ​ရာ​ကို​သာ မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အ​မှု​အ​ရာ​ကို အ​ချင်း​ချင်း​ရှု​မှတ်​ကြ​လော့။- ယေ​ရှု​ခ​ရစ်၌​ရှိ​သော ထို​စိတ်​သ​ဘော​ကို သင်​တို့၌​လည်း ရှိ​စေ​ကြ​လော့။-”
ဖိလိပ္ပိဩဝါဒစာ ၂:၁-၅

“သင်​တို့​သည် အ​ထက်​က လော​ကီ​တ​ရား​သို့​လိုက်၍ အာ​ကာ​သ​ကောင်း​ကင်၏ တန်​ခိုး​ကို အ​စိုး​ရ​သော မင်း​တည်း​ဟူ​သော ငြင်း​ဆန်​သော သူ​တို့၌ ပြု​ပြင်​သော ဝိ​ညာဉ်၏​အ​လို​နှင့်​အ​ညီ၊ ဒု​စ​ရိုက်​အ​ပြစ်​တို့၌ ကျင်​လည်​ကြ၍၊ ထို​ဒု​စ​ရိုက်​အ​ပြစ်၌ သေ​လျက်​ရှိ​နေ​သော သင်​တို့​ကို​ပင် ဘု​ရား​သ​ခင်​သည် အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ထို​ငြင်း​ဆန်​သော သူ​တို့​နှင့်​တ​ကွ၊ ငါ​တို့​ရှိ​သ​မျှ​သည် အ​ထက်​က ကိုယ်​ကာ​ယ၏​အ​လို​သို့​လည်း​ကောင်း၊ စိတ်၏ အ​လို​သို့​လည်း​ကောင်း၊ လိုက်​သ​ဖြင့် ကာ​မ​ဂုဏ်​တို့၌ ကျင်​လည်​သည်​ဖြစ်၍၊ ကြွင်း​သော​သူ​တို့​ကဲ့​သို့​ပင် ပ​က​တိ​အ​တိုင်း အ​မျက်​တော်​ကို ခံ​ရ​သော​သူ​ဖြစ်​ကြ၏။- သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊- ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။ ကျေး​ဇူး​တော်​ကြောင့်​သာ ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။- ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​ကို ထ​မြောက်​စေ၍ ကောင်း​ကင်​အ​ရပ်၌ နေ​ရာ​ပေး​တော်​မူ​ပြီ။- အ​ကြောင်း​မူ​ကား၊ ထို​သ​ခင်​အား​ဖြင့် ငါ​တို့၌ ကျေး​ဇူး​ပြု၍၊ ကျေး​ဇူး​တော်၏ အ​လွန်​ကြွယ်​ဝ​ခြင်း​ကို နောင်​ကပ်​ကာ​လ​တို့၌ ထင်​ရှား​စေ​မည်​အ​ကြောင်း ဖြစ်​သ​တည်း။- ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။- ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။”
ဧဖက်ဩဝါဒစာ ၂:၁-၁၀

သခင်စိတ်နဲ့ဆရာကြီးလုပ်ဖို့မဟုတ်ဘူးနော်။
သခင့်ရဲ့စိတ်နဲ့ သခင့်ရဲ့သဘောကို ကျေးဇူးတော်အားဖြင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်လည်းကောင်း ရရှိသောကြောင့်
နှုတ်ကပတ်တော်အားဖြင့်နေ့စဉ် အတွင်းစရိုက်လက္ခဏာကို ပြင်ဆင်ကြရအောင်။

မေတ္တာဖြင့်
Thy Logos

-စာကြွင်း-
Stay Home ကာလခန္ဒာအချိုးအစားပြောင်းလဲတာကိစ္စမရှိဘူး၊ သခင့်အဖို့အလို့ငှါ၊ သခင့်၌ရှိသောဝိညာဉ်သဘောထား မပြောင်းလဲဖို့ကအရေးကြီးတယ်နော်။ 😇