“အကယ်စင်စစ် ကဲ့ရဲ့တတ်သောသူတို့ကို ကဲ့ရဲ့တော်မူ၏။ စိတ်နှိမ့်ချသော သူတို့အားကား၊ ကျေးဇူးပြုတော်မူ၏။”
သုတ္တံကျမ်း ၃း၃၄
“He mocks those who mock, but gives grace to the humble.”
Proverbs 3:34
အရက်မသောက်ပါနဲ့ကွာလို့ တစ်စုံတစ်ယောက်က သတိပေးတဲ့အခါ ပြန်ထေ့ငေါ့ပြောတတ်တဲ့လူတွေကိုမြင်ဖူးကြမှာပါ။
စာရေးသူဘဝမှာ ကြုံခဲ့ဖူးတာကတော့ “ကောင်းကင်နိုင်ငံတော် ရောက်ရင် အရက်ဆိုင်မရှိဘူးလေ ဒါကြောင့် ဒီမှာရှိနေတုန်း အဝသောက်ထားတာ” ဆိုတဲ့စကားပါ။
ကြားကြားချင်း အရမ်းကိုစိတ်မကောင်းဖြစ်ရပါတယ်။ ပထမအချက် သူဟာ ခရစ်ယာန်တစ်ယောက်လို့ပြောသောကြောင့်၊ ဒုတိယအချက် ထာဝရနဲ့ဆိုင်တဲ့အရာကို ကဲ့ရဲ့လှောင်ပြောင်သောကြောင့် ဖြစ်ပါတယ်။ သန့်ရှင်းသောဘုရားနှင့် ထာဝရစိုးစံ၍ ကိုးကွယ်ရမည့်အရပ်ကို အမှန်မြော်လင့်သောသူဟာ ဒီလိုစကားနဲ့ကဲ့ရဲ့မှာမဟုတ်သလို၊ နှိမ့်ချစွာနဲ့သခင့်ဆီနောင်တနဲ့သာတိုးဝင်မှာပါ။
ယနေ့ကာလ အထူးသဖြင့်ခေတ်လူငယ်တွေမှာ စိတ်နှိမ့်ချခြင်းသဘောကို တွေ့မြင်နိုင်ဖို့ အင်မတန်မှရှားလာပါတယ်။ ကိုယ်မသိနားမလည်သော အရာတွေကို နှုတ်ကပတ်တော်၌အချိန်ယူ ဆင်ခြင်ရမည့်အစား ကဲ့ရဲ့လှောင်ပြောင်ခြင်းတွေကိုသာ နေရာပေးနေကြပါတယ်။ မိစ္ဆာပရောဖက်တွေ၊ လွဲမှားသောအယူဝါဒတွေ၊ မှားယွင်းသောသွန်သင်ခြင်းတွေကို ကိုယ်တိုင်က အမှားအမှန်မခွဲခြားနိုင်ဘဲ ကဲ့ရဲ့နေခြင်းမျိုးတွေကလည်းဆင်ခြင်စရာပင်။ တချို့ကလည်း ဆဲဆိုပြီးကဲ့ရဲ့၊ တချို့ကလည်း သူနဲ့ဘုရားနဲ့ရှင်းပါစေဆိုပြီး ကိုယ်ကိုနှိမ့်ချသလိုနဲ့ သမ္မာတရား၌ကိုယ်တိုင်လေ့ကျက်ခြင်းကင်းသူတွေ ဖြစ်လာနေကြသည်။
ထိုနည်းတူ၊ အသက်ပျိုသောသူတို့၊ အသက်ကြီးသော သူတို့၏ စကားကို နားထောင်ကြလော့။ ထိုမျှမက၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက် နှိမ့်ချလျက်နေ၍၊ နှိမ့်ချခြင်းတန်ဆာကို ဆင်ကြလော့။ အကြောင်းမူကား၊ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏။
ရှင်ပေတရုသြဝါဒစာပထမစောင် ၅း၅
ချစ်သောလူငယ် သင်ဘယ်လောက်ပင် သခင်ဘုရားအတွက်စိတ်အားကြီးပါစေ၊ ဘယ်လောက်ပင်ဆက်ကပ်နိုင်ပါစေ၊ နှိမ့်ချခြင်းနှင့်နှိမ့်ချခြင်းတန်ဆာဆင်ခြင်း မရှိလျှင် အလကားပါပဲ။
ဘယ်အချိန်မှာပဲကြည့်ကြည့် စိတ်အမှန်နှိမ့်ချသောသူတွေကို ဘုရားကကျေးဇူးပြုနေမြဲပါပဲ။
မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိတ်သဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ်သဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။- ကျမ်းစာချက် အချည်းနှီးသက်သက် ဖြစ်သည်ဟူ၍လည်းကောင်း၊ ငါတို့၌ တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည် ဟူ၍လည်းကောင်း၊ ထင်ကြသလော။ ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကို ပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟု လာသတည်း။
ရှင်ယာကုပ်ဩဝါဒစာ ၄း၅-၆
ဘယ်လို ခရစ်ယာန်တွေကထောင်လွှားတတ်သလဲ လို့မေးလာရင်၊ ဝိညာဥ်တော်ရဲ့များစွာသောကျေးဇူးပြုခြင်းကို မသိမမှတ်သောသူလို့သာပြောပါရစေ။
အထက်မှာပြောခဲ့တဲ့ အကြောင်းအရာနှင့် ဆက်စပ်ရလျှင် ခရစ်ယာန်တွေဟာ တဖြည်းဖြည်းနဲ့ ဆုံးမခြင်းကို မခံယူလာတတ်ကြတော့ပါဘူး။ သဘောကတော့ ဝိညာဥ်တော်ရဲ့ သိမ့်မွှေ့စွာလမ်းပြသွန်သင်ကျေးဇူးပြုခြင်းကို မနှစ်သက်ဘဲ ကိုယ့်စိတ်ကြိုက်အသက်ရှင်ကာ ထောင်လွှားနေခြင်းပါ။
ချစ်သောလူငယ် သင်ယနေ့ ဘုရားရဲ့ ကျေးဇူးပြုခြင်း၊ မျက်နှာသာပေးခြင်းနဲ့လွဲနေရခြင်းက နှိမ့်ချခြင်းမရှိဘဲ ထောင်လွှားနေခြင်းကြောင့်ပါ။ ထိုထောင်လွှားခြင်းကနေ သင်ကဲ့ရဲ့ပြစ်တင်သမျှတွေဟာ သင့်ဆီကိုပြန်လှည့်လာတတ်တယ်ဆိုတာ သတိပြုမိပါမည့်အကြောင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။
