Skip to content

λόγος ကိုယ်ပိုင်အမှတ်အသား၏ အဓိပ္ပါယ်နှင့် ဆင့်ကဲပြောင်းလဲလာမှုသမိုင်း

λόγος ၏ ကိုယ်ပိုင်အမှတ်အသား (logo) ပံုလေးတွင် သင် သတိထားမိဆုံးအရာမှာ အဘယ်အရာနည်း။ λόγος ဟူသည့် စာသားပါလား။ သို့မဟုတ် သစ်ပင်ပုံလေးပါလား။ ဒါမှမဟုတ် ဝါ၊ စိမ်း၊ နီအရောင် ၃ ရောင်ပါလား။ မည်သည့် အမှတ်လက္ခဏာကို သတိထားမိဆုံးပါလဲ။ λόγος သည် သခင်ယေရှုချစ်တော်မူသော မြန်မာတိုင်းရင်းသား တပည့်တော်များမှ မိမိတို့၏ စွမ်းရည်၊ အချိန်နာရီ၊ အစွမ်းသတ္တိနှင့် ငွေကြေးတို့အား ဆပ်ကပ်၍ ၂၀၁၉ နှစ်တွင် ကိုယ်ထူကိုယ်ထ တည်ထောင်ထားသည့် အမှီအခိုကင်းသော အကျိုးအမြတ်မယူ၊ ကိုယ်ကျိုးမဖက်သည့် နှစ်ခြင်းခရစ်ယာန် အဖွဲ့အစည်းငယ်လေးဖြစ်ပါသည်။ စတင်တည်ထောင်ခဲ့သူမှာ ကို စိုးရဲအောင် ဖြစ်ပါသည်။ တည်ထောင်သူအပါအဝင် အဖွဲ့ဝင် စုစုပေါင်း () ဦးရှိပြီး တွဲဖက်တည်ထောင်သူများမှာ ကို ဖြိုးဝဏ္ဏ၊ စော မိုရှေး၊ ဆရာ ဆလိုင်းဇုံလျန်ဌေး၊ စော စိုးမိုးမြတ်၊ စော ရိုးလ်လဲန်းထူးနှင့် စော ရော်နီလှခိုင် တို့ဖြစ်ကြပါသည်။ စတင်တည်ထောင်သည့် ၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း λόγος ၏ ကိုယ်ပိုင်အမှတ်အသားသည် တဖြည်းဖြည်းချင်း ဆင့်ကဲပြောင်းလဲလာခဲ့ပြီး ထိုအမှတ်အသားများ၏ အဓိပ္ပါယ်နဲ့ ဆင့်ကဲပြောင်းလဲလာခဲ့ပုံသမိုင်းကို ဆက်လက်ဖော်ပြပါမည်။

၁။ ပထမဦးဆုံး အသုံးပြုခဲ့သော အမှတ်အသား

ဤ ကိုယ်ပိုင်အမှတ်အသားသည် λόγος ကို စတင်တည်ထောင်စဉ်အချိန်မှစ၍ အသုံးပြုခဲ့သော အမှတ်အသားဖြစ်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့မတိုင်ခင်အထိ အသုံးပြုခဲ့သည်။ အမှတ်အသားတွင် ပါဝင်သော အရာများမှာ ပုံပါ အတိုင်း ဂရိစာလုံးဖြစ်သည့် λόγοςစာသား၊ သစ်ပင်ပုံလက်ဝါးကားတိုင်ပုံပါ သမ္မာကျမ်းစာ icon နှင့် အင်္ဂလိပ်စာလုံး “The Way. The Truth. The Life” တို့ဖြစ်ကြပါသည်။ အမှတ်အသားပါ λόγος ဆိုသည်မှာ ဂရိစကားလုံးဖြစ်ပြီး မြန်မာလို အသံဖလှယ်၍ “လော့ဂေါ့စ်” ဟု အသံထွက်နိုင်သည့်နည်းတူ အင်္ဂလိပ်လို “Logos” ဟုအသံထွက်နိုင်ပါသည်။ မြန်မာလို “ဘုရားသခင်၏စကား” ဟု အဓိပ္ပါယ်ရသည့်အတွက် ဆရာကြီး ယုဒဿန်က “ဘုရားသခင်၏ နှုတ်ကပတ်တော်” ဟု လှပခန့်ညားစွာ ပြန်ဆိုပေးခဲ့ပါသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းရှိ λόγος သည် သခင်ယေရှုခရစ်တော် ကို ဖော်ညွှန်းထားခြင်းဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပုဂ္ဂိုလ်တော် အဖြစ် ဖော်ပြထားသည်ကို အံ့ဩဖွယ်တွေ့ရှိရပါသည်။ ဤလောက၏ ကယ်တင်ရှင်ဘုရားသခင် သခင်ယေရှုခရစ်တော်တည်းဟူသော λόγος ကို သခင်ဘုရားအားချစ်မြတ်နိုးသောကြောင့် ကျွနု်ပ်တို့ အဖွဲ့အစည်း၏အမည်နာမအဖြစ် ရိုသေလေးမြတ်စွာဖြင့် သုံးစွဲထားခြင်းဖြစ်ပါသည်။ အမှတ်အသားတွင် သစ်ပင်” ပုံလေးသည် ဧဒင်ဥယျာဉ်ထဲက ကမ္ဘာဦးလူသား အာဒံနဲ့ဧဝတို့ အပြစ်မလုပ်ခင်အချိန်ထိ စားသုံးခွင့်ရခဲ့သော အသက်ပင်” ကို ပုံဆောင်ပြီး အပြစ်ကြောင့် အသက်ပင် အား စားသုံးခွင့်ဆုံးရှုံးခဲ့ရသော်လည်း ဘုရားသခင်၏ သားတော် ယေရှုခရစ်တော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ ထာဝရအသက်ကို ရရှိသည့်အတွက် ယခုကျေးဇူးတော်ကာလတွင် အသက်ပင်နှင့်တူသော သခင်ယေရှုခရစ်တော်ဘုရားကို ပုံဆောင်ထားခြင်းဖြစ်ပါသည်။ လက်ဝါးကားတိုင်ပုံပါ သမ္မာကျမ်းစာ icon သည် သန့်ရှင်းသော ထာဝရဘုရား၏သမ္မာကျမ်းစာအုပ်ကို ပုံဆောင်သည်။ အင်္ဂလိပ်စာလုံး “The Way. The Truth. The Life” မှာ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၄  ပါ သခင်ယေရှု၏ ဘုရားသခင်ဖြစ်တော်မူကြောင်း ကြွေးကြော်ခဲ့သော ကမ္ဘာကျော်အဆိုအမိန့်ကို ပုံဆောင်သည်။ မြန်မာလို ဆရာကြီးယုဒဿန်က လမ်းခရီး၊ သမ္မာတရား၊ အသက်” ဟု ပြန်ဆိုပေးခဲ့သည်။ စင်စစ် λόγος ၏ ကိုယ်ပိုင်အမှတ်အသား (logo) တစ်ခုလုံးမှာ ကယ်တင်ရှင် သခင်ယေရှုခရစ်တော် တစ်ပါးတည်းကို ပုံဆောင်ထားခြင်းဖြစ်ပါသည်။ အမှတ်အသားတစ်ခုလုံး၏ အရောင်မှာ အညိုရောင်ဖြစ်ပါသည်။

၂။ ဒုတိယအကြိမ် ပြင်ဆင်ပြောင်းလဲ အသုံးပြုခဲ့သော အမှတ်အသား

ဤ ကိုယ်ပိုင်အမှတ်အသားသည် ခရစ်နှစ် ၂၀၂၀၊ ဖေဖော်ဝါရီ ၁၂ ရက် (ပြည်ထောင်စုနေ့မှ စတင်ပြောင်းလဲသုံးစွဲခဲ့သော အမှတ်အသားဖြစ်သည်။ ယခင် အမှတ်အသားနှင့် များစွာ ကွဲပြားမှုမရှိပေ။ အမှတ်အသား၏ အဓိပ္ပါယ်မှာလည်း ယခင်အမှတ်အသားဟောင်း၏ အဓိပ္ပါယ်နှင့် အတူတူပင်ဖြစ်ပါသည်။ သိသိသာသာပြောင်းလဲသွားသောအရာမှာ အမှတ်အသား၏ အရောင်ပင်ဖြစ်သည်ပြည်ထောင်စုနေ့တွင် စတင်ပြောင်းလဲသုံးစွဲခဲ့သည့်အတွက် မြန်မာနိုင်ငံတော်အလံအရောင်နှင့် ဆင်တူသော အဝါရောင်၊ အစိမ်းရောင်နှင့် အညိုရောင်အဖြစ်သို့ပြောင်းလဲသုံးစွဲခဲ့သည်။ အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင်ဖြစ်ရမည့်အစား အညိုရောင်အတိုင်း ဆက်လက်ထားရှိခဲ့ခြင်းမှာ စတင်တည်ထောင်ခဲ့စဉ်က အသုံးပြုခဲ့သည့် ကနဦးအမှတ်အသားအား အမှတ်ရလို၍ဖြစ်သည်။ နောက်ထပ်ထူးခြားသော ပြောင်းလဲမှုမှာ လက်ဝါးကားတိုင်ပုံပါ သမ္မာကျမ်းစာ icon လေး မပါဝင်တော့ခြင်းနှင့် ထပ်တိုးအနေဖြင့် λόγος ၏ website လိပ်စာဖြစ်သည့် www.thylogos.org ပါဝင်လာခြင်းပဲဖြစ်ပါသည်။ ဤအမှတ်အသားအား ၂၀၂၀ ခုနှစ်၊ မေလ ၁၂ ရက်နေ့ထိ နောက်ဆုံးအသုံးပြုခဲ့ပါသည်။

၃။ λόγος ၏ နောက်ဆုံး ကိုယ်ပိုင်အမှတ်အသား

ဤ ကိုယ်ပိုင်အမှတ်အသားသည် အသစ်ပြန်လည်ဖန်တီးရေးဆွဲထားသည့် အမှတ်အသားဖြစ်သည်။ နောင်တွင် ဤအမှတ်အသားကိုသာ အစဉ်အမြဲသုံးစွဲသွားတော့မည်ဖြစ်ပြီး ထပ်မံပြင်ဆင်ပြောင်းလဲခြင်းပြုတော့မည် မဟုတ်ပေ။ ထို့ကြောင့် λόγος (Thy Logos) ဟူသည့်အမည်နာမနှင့် ဤကိုယ်ပိုင်အမှတ်အသားအား အမြဲတွဲ၍ အမှတ်ရစေလိုပါသည်။ သို့ရာတွင် ယခု ကိုယ်ပိုင် အမှတ်အသားအသစ်ကို ဖန်တီး မရေးဆွဲရသေးခင်အခါက အသုံးပြုခဲ့သော ဓာတ်ပုံ၊ ဗီဒီယိုများတွင်တော့ ယခင်အမှတ်အသား (၂) ခုသည် အမှတ်တရအနေဖြင့် ကျန်ရှိနေမည် ဖြစ်ပါသည်။ ယခုကိုယ်ပိုင် အမှတ်အသားအသစ်တွင် ပါဝင်သော အရာများမှာ ပုံပါ အတိုင်း ဂရိစာလုံးဖြစ်သည့် λόγοςစာသားအသက်ပင်ကို ပုံဆောင်သော သစ်ပင်ပုံ ဖြစ်ပြီး အင်္ဂလိပ်စာလုံး “The Way. The Truth. The Life” အစား မြန်မာစာလုံး လမ်းခရီး၊ သမ္မာတရား၊ အသက်” အဖြစ်သို့ ပြောင်းလဲအသုံးပြုထားပါသည်။ ဤကိုယ်ပိုင်အမှတ်အသား၏ အရောင်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ အလံတော်အရောင်ဖြစ်သော ဝါစိမ်းနီ” သုံးရောင်စပ် ဖြစ်ပါသည်။ ဤအမှတ်အသားသည် ယခင်အမှတ်အသားနှစ်ခုစလုံးနှင့် လုံးလုံးလျားလျား ကွဲပြားသွားပါတော့သည်။ သို့သော် ထူးခြားချက်မှာ ယခင်အမှတ်အသားဟောင်းများ၏ အဓိပ္ပါယ်မှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ထပ်တိုးအဓိပ္ပါယ်များသာ ပါဝင်လာပါသည်။ ဤတစ်ကြိမ်တွင် အသက်ပင်ပုံလေးသည် ဂရိစာလုံး λόγος ရှိ အက္ခရာ οထဲသို့ရောက်သွားပြီး ThyLogos ၏ အမည်နာမ λόγος သည် ပို၍ထင်ရှားပေါ်လွင်လာပါသည်။ ထပ်တိုးအဓိပ္ပါယ်များမှာ 

အဝါရောင် သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုရှိခြင်း။

အစိမ်းရောင် သည် မြေဆီဩဇာကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့်နိုင်ငံဖြစ်ခြင်း။

အနီရောင် သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း တို့ဖြစ်ကြပါသည်။

ဤအရောင်များ၏ အဓိပ္ပါယ်များမှာ မြန်မာနိုင်ငံ အလံတော်၏ ဝါစိမ်းနီ” အရောင်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်အတိုင်းပင်ဖြစ်ပါသည်။ သခင်ယေရှုချစ်တော်မူသော မြန်မာတိုင်းရင်းသားများမှ တည်ထောင်ထားသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ အလံတော် အရောင်ကို အမြတ်တနိုးသုံးစွဲထားခြင်းဖြစ်သည်။ မြန်မာစာလုံး လမ်းခရီး၊ သမ္မာတရား၊ အသက်” နှင့် မြန်မာနိုင်ငံတော် အလံတော်အရောင်အတိုင်း မှီငြမ်းသုံးစွဲရခြင်းမှာ λόγος ၏ ကိုယ်ပိုင်အမှတ်အသားကို ကြည့်မြင်ခြင်းအားဖြင့် ဤအဖွဲ့လေးသည် မြန်မာနိုင်ငံမှ ကိုယ်ကျိုးမဖက်သော အဖွဲ့အစည်းငယ်လေးဖြစ်ကြောင်းကို ကမ္ဘာအရပ်ရပ်က လူတိုင်းအား သိစေလို၍ဖြစ်ပါသည်။ ဤသည်မှာ λόγος ကိုယ်ပိုင်အမှတ်အသား၏ ဆင့်ကဲပြောင်းလဲလာခြင်း သမိုင်းနှင့် ပုံဆောင်ချက် အဓိပ္ပါယ်များပင်ဖြစ်ပါတော့သည်။ λόγος ၏ ကိုယ်ပိုင်အမှတ်အသားအားလုံးကို ဖန်တီးရေးဆွဲပေးသူမှာ λόγος အား တွဲဖက်တည်ထောင်သူများထဲမှတစ်ဦးဖြစ်သူ စောမိုရှေး ဖြစ်ပါသည်။ စောမိုရှေး အတွက် λόγος non-profit organization မှ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းသည့်အပြင် λόγος  ၏ ကိုယ်ပိုင်အမှတ်အသားအား ဖန်တီးရေးဆွဲပေးသူ စော မိုရှေး အားလည်း λόγος မှ ကျေးဇူးတင်ရှိပါကြောင်း။