Overjoy (အလွန်အမင်းပျော်ရွှင် ဝမ်းမြောက်ခြင်း)
သခင်ယေရှုကိုယ်တော်တိုင်တောင်မှ နောက်ဆုံးမှာ “အကျွန်ုပ်အလိုအတိုင်း မဖြစ်ပါစေနှင့်၊ ကိုယ်တော့်အလိုအတိုင်းဖြစ်စေတော်မူပါလို့ ဝန်ခံခဲ့ပါတယ်။ ရှင်ပေါလု သုံးကြိမ် ဆုတောင်းခဲ့သော်လည်း အရာမထင်ခဲ့ပါဘူး။
နောက်ဆုံးမှာတော့ အဖဘုရားက ရှင်ပေါလုကို
“ငါ့ ကျေးဇူးက လုံလောက်ပါတယ်” “မင်း (ရှင်ပေါလု) က မင်းရဲ့ အကြံအစည် ပြည့်စုံတယ်လို့ မင်းထင်နေတယ်ဆိုတာ ငါသိပါတယ်” ဒါပေမဲ့ “ ငါရဲ့ ကျေးဇူးက မင်းရဲ့ အကြံအစည် ပြည့်စုံ(perfect ဖြစ်) ခြင်းထက်ပိုပြီး လုံလောက်ပါတယ်”
“ငါဟာ မင်းကိုနာကျင်စေတဲ့ လွှမ်းမိုးနေတဲ့ စေတမန်ကို အခွင့်မပေးခင်ကတည်းက မင်းအတွက် ငါ့ရဲ့ ကျေးဇူးကို ကြိုတင်စဉ်းစားပေးထားပြီးသားပါ”
“ငါဟာ မင်းကို လုံလောက်တဲ့ ကျေးဇူးတော် မပေးထားဘဲနဲ့ ဒီလိုအခြေအနေတစ်ခုကို မင်းဆီမှာ လာဖြစ်စေဖို့ ဘယ်တော့မှ အခွင့်မပေးပါဘူး”
ဘာနဲ့တူသလဲဆိုရင်၊ ကျွန်တော်တို့ Sunday ဘုရားကျောင်းသွားပြီး ခုံတန်းရှည်တွေအပေါ်မှာ ထိုင်ပြီးတော့ ဝတ်ပြုကိုးကွယ်ကြတဲ့အခါ ဒီခုံတန်းရှည်တွေဟာ ထိုင်တဲ့သူတွေရဲ့ ဝန်အားကို ခံနိုင်တဲ့ကြံခိုင်မှု ရှိထားပြီးသားဖြစ်ပါတယ်။
ခုံ တွေကို ပြုလုပ်စဉ်ကတည်းက ပြုလုပ်တဲ့သူက ဒီ ခုံဟာ ဝန်ဘယ်လောက်များများကို ခံနိုင်သလဲ ဆိုတာ အရင်ဆုံး သတ်မှတ်ပေးထားပါတယ်။ ပြီးတော့မှ ခံနိုင်ရည်ဝန်ထက် မပိုတဲ့ ဝန်ကိုသာ ထိုင်ခွင့်ပြုတာဖြစ်ပါတယ်။
ဒီလိုပါပဲ၊ အဖဘုရားဟာ ကျွန်တော်တို့ကို မခံနိုင်တဲ့ စုံစမ်းနှောက်ယှက်ခြင်း ဝန်ကို ကျွန်တော်တို့အပေါ်အတင်းအကြပ် မတင်ပါဘူး။ ကျွန်တော်တို့ အထဲမှာ ကြိုပြီး ထည့်ထားပေးတဲ့ သူ့ရဲ့ ကျေးဇူးတော်ဆိုတဲ့ ခံနိုင်ရည်ခွန်အားရှိတဲ့ အတွင်းမှာသာ စုံစမ်းနှောက်ယှက်ခြင်း ဝန်ကို ကျွန်တော်တို့အပေါ်ရောက်ရှိဖို့ အခွင့်ပေးထားတာဖြစ်ပါတယ်။ ဟာလေလုယာ။
ကျွန်တော်တို့ဟာ သစ်သားခုံတန်းရှည်ကြီးတွေရဲ့ ကြံ့ခိုင်တောင့်တင်းမှုအပေါ်မှာ စိတ်ချယုံကြည်ပြီး ထိုင်သလိုမျိုး၊ အဖ ဘုရားသခင်က ကျွန်တော်တို့အထဲမှာ သူပေးထားတဲ့သူ့ ကျေးဇူးတော်ကြောင့် ကျွန်တော်တို့ရဲ့ ခံနိုင်ရည်စွမ်းကို စိတ်ချထားတာပဲဖြစ်ပါတယ်။
သေချာတာတစ်ခုကတော့ တန် (၂၀) ခံတဲ့ တံတားအပေါ်ကို တန် (၁၀၀) လေးတဲ့ ယာဉ်ကို ပေးမသွားသလို ကျွန်တော်တို့ရထားတဲ့ ကျေးဇူးတော်ထက် ပိုများပိုလေးလံတဲ့ စုံစမ်းနှောက်ယှက်ခြင်း ဝန်ကို အဖ က လုံး၀ (လုံးဝ) မပေးပါဘူး။ အာမင်။ ကျွန်တော်တို့ အသက်တာမှာ ကြုံတွေ့ရတဲ့ ဝန် အားလုံးဟာ သူ့ကျေးဇူးတော်ရဲ့ခံနိုင်ရည် စွမ်းအားထက် မကျော်လွန်ပါဘူး။
မိဘနဲ့ သားသမီး ဥပမာ အရဆိုရင်လည်း သားသမီးက လေးလံတဲ့ ပစ္စည်းတစ်ခုခုကို မသယ်ခင် မိဘ က အရင်ဆုံး “မ” ကြည့်ပါတယ်။ ဝန်ရဲ့ အလေးချိန်ဟာ ကလေးရဲ့ ‘မ’ နိုင်တဲ့ ခွန်အားထက် ကျော်လွန်နေရင် ကလေးကို ပေးမ ‘မ‘ ပါဘူး။ ကလေးရဲ့ ‘မ’ နိုင်တဲ့ ခွန်အားအတွင်းမှာရှိမှသာ အဲဒီ ဝန်ကို ‘မ’ စေပါတယ်။
ကျွန်တော်တို့ဟာ ဝန် အကြောင်းပဲ ပြောပါတယ်။ ဘုရားသခင်ကတော့ ဝန်ထက်ပိုပြီး ကြံခိုင်တဲ့ ခံနိုင်ရည်စွမ်းကို ပြောပါတယ်။ ကျွန်တော်တို့က ဒုက္ခဆင်းရဲ ရဲ့ လွှမ်းမိုးနေတဲ့ အရာကြောင့် ဘုရားသခင်ထံ အော်ဟစ်ငိုကြွေး ဆုတောင်းကြတယ်။ အဖ က ဒုက္ခဆင်းရဲထက် အဆပေါင်းများစွာ ကြီးမားတဲ့ သူ့ရဲ့ ကျေးဇူးတော် လွှမ်းမိုးနေကြောင်းကို သိစေချင်နေပါတယ်။ ဖြစ်နေတဲ့ ပုံစံက ဒုက္ခဆင်းရဲလွှမ်းမိုးခြင်းဟာလည်း ဘုရားရဲ့ ကျေးဇူးတော် လွှမ်းမိုးခြင်းရဲ့ အတွင်းထဲမှာပဲ ရှိနေပါတယ်။
ကျွန်တော်တို့ တစ်ယောက်ချင်းဆီရဲ့ အသက်တာမှာ ရှိလိုက်၊ မရှိလိုက် ပေါ်လိုက်၊ ပျောက်သွားလိုက်၊ ရရှိလိုက်၊ ဆုံးရှုံးလိုက်၊ ကြိုဆိုလိုက်၊ နှုတ်ဆက်လိုက်၊ စတဲ့ အရာတွေ အများကြီးရှိပါတယ်။ ဘဝမှာ အရမ်းလိုအပ်နေတဲ့ အရာတွေ မရတာ၊ လုံး၀ မလိုအပ်တာတွေ၊ ဒုက္ခပေးတဲ့ အရာတွေက တွယ်ကပ်နေတာမျိုးတွေလိုမျိုးပေါ့။
ဒါပေမဲ့ အဖ ရဲ့ ကျေးဇူးတော်ကိုတော့ ကျွန်တော်တို့ အပိုင်ရထားပါတယ်။ အမြဲတမ်း အတူရှိနေတာဖြစ်ပါတယ်။ သင်ဟာ အခု ကျန်းမာခြင်းကို ဆုံးရှုံးနေကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် သင်မှာ အဖ ရဲ့ ကျေးဇူး လုံလောက်စွာရှိနေပါတယ်။ သင်ဟာ အခု ပျော်ရွှင်တဲ့ မိသားစု ကို ဆုံးရှုံးကောင်း ဆုံးရှုံးနေပါလိမ့်မယ်။ ဒါပေမဲ့ သင့်မှာ အဖ ရဲ့ ကျေးဇူးတော် ရှိနေပါတယ်။
သင်ဟာ လူ့အသိုင်းအဝိုင်းရဲ့ လက်ခံမှု၊ ချီးမြောက်မှု ပျောက်ဆုံးနေကောင်း ပျောက်ဆုံးနေပါလိမ့်မယ်။ အဖရဲ့ ကျေးဇူးတော်က သင့်ကို ရှာတွေ့ခဲ့ပြီးပါပြီ။ ထိုကျေးဇူးတော်သည်ပင်လျှင် သင့်ရဲ့ တစ်ခုတည်းသော ဝမ်းမြောက်ရာ အကြောင်းပဲ ဖြစ်ပါတယ်။
“ငါ့မှာ ဒီပြဿနာကို ဖြေရှင်းဖို့ ပိုက်ဆံမရှိဘူး၊ ဒါပေမဲ့ ဘုရား ကျေးဇူးတော်ရှိတယ်။ ငါ့မှာ ဒီကိစ္စ အဆင်ပြေဖို့ ကူညီမယ့် မိတ်ဆွေ အပေါင်းအသင်း မရှိဘူး၊ ဒါပေမဲ့ ဘုရားကျေးဇူးတော်ရှိတယ်။ ငါ့မှာ ဒီအခြေအနေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ အားပေးမယ့်သူ မရှိဘူး၊ ဒါပေမဲ့ ဘုရားကျေးဇူးတော်ရှိတယ်။”
နှုတ်ကပတ်တော် တစ်ချက်ကို ဝေငှချင်ပါတယ်။
“သင်၏ နေ့ရက်ကာလ ဖြစ်သည့်အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်” တရားဟောရာကျမ်း ၃၃ : ၂၅
သင်ရဲ့ နေ့ရက်ကာလဟာ ခက်ခဲကြမ်းတမ်းလေလေ သင့်ရဲ့ အစွမ်းသတ္တိဟာ ကျေးဇူးတော်အားဖြင့် ပိုပြီး ကြီးမားကြံ့ခိုင်လာမှာဖြစ်ပါတယ်။ အာမင်။
ကျွန်တော်တို့ဟာ ဂျင်မ်(GYM) ကစားတဲ့ သူတွေကို ကြည့်ပြီး လှပ တောင့်တင်းတဲ့ ကြွက်သားတွေ ခန္ဓာကိုယ်တည်ဆောက်ပုံတွေကို ကြည့်ပြီး အားကျ မိကြပါတယ်။ တကယ်တော့ သူတို့ဟာ မွေးကတည်းက ကျွန်တော်တို့ထက် ကြွက်သားတွေ ပိုပြီးပါလာတာ မဟုတ်ပါဘူး။ အတူတူပဲ ရှိတာပါ။ ဒါဆို သူတို့ရဲ့ ခန္ဓာကိုယ်က ကြွက်သားတွေက ဘာလို့ GYM မကစားတဲ့ သူတွေထက် သန်စွမ်းကြီးထွား ပြီး လှပကြံ့ခိုင်နေရတာပါလဲ?
ကွာခြားချက်က တော့ သူတို့ရဲ့ ကြွက်သားတွေက အလေးချိန်ကို ပိုပြီး ‘မ’ ထားခဲ့လို့ပဲဖြစ်ပါတယ်။ သူတို့ အလေးကို ‘မ’ တဲ့အချိန်၊ ကြွက်သားတွေကို လေ့ကျင့်တဲ့ အချိန်မှာ ကြွက်သားတွေဟာ နာကျင်ရပါတယ်။ ကိုက်ခဲပါတယ်။ လက်လျှော့ချင်စိတ်တွေ ဖြစ်မိပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အထဲက စွမ်းအားဟာ နာကျင်ခြင်းကို ဖြတ်ပြီး ခံနိုင်စွမ်းကို ဖြစ်စေကာ အဆုံးမှာ လှပတဲ့ ပန်းတိုင်တစ်ခုကို ဆောင်ကြဉ်းပေးတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ “ယုံကြည်ခြင်း” ဟာလည်း အလားတူပါပဲ။ ဘယ်သူမှ ယုံကြည်ခြင်း ကို ဘုရားဆီကနေ ပိုပြီး မရထားပါဘူး။ ဒါပေမဲ့ ယုံကြည်အားကြီးတယ်၊ ငယ်တယ် ဆိုတာကတော့ အဲဒီယုံကြည်ခြင်းဟာ စုံစမ်းနှောက်ယှက်ခြင်းတွေ စိုးမိုးခြင်းခံရတဲ့ အရာတွေ၊ နာကျင်မှုတွေ၊ ဒုက္ခဆင်းရဲတွေ ကြားထဲမှာ တစ်ဆင့်ပြီးတစ်ဆင့် ဘုရားရဲ့ ကျေးဇူးတော် လုံလောက်ခြင်းကို စိတ်ချအားကိုးခြင်းအားဖြင့် တိုးပွားလာတဲ့ အရာပဲဖြစ်ပါတယ်။
တမန်တော်ကြီးရှင်ပေါလုဟာ အကြိမ်ကြိမ်အခါခါ အဖဘုရားရဲ့ အာဏာဖြင့် ပယ်ချခြင်း (Overrule) ကို ခံရပြီးတဲ့နောက် ၊ အဖ ရဲ့ ကျေးဇူးတော် လုံလောက်ခြင်းကို ဝန်ခံလိုက်တဲ့အခါ သူဟာ Overjoy ဆိုတဲ့ (အလွန်အမင်း ဝမ်းမြောက်ခြင်း)ကို ဒုက္ခဆင်းရဲခြင်းထဲမှာ ရရှိခဲ့ပါတယ်။ ဟာလေလုယာ။ ကျွန်တော်တို့ဟာ ဘုရားရဲ့ ကျေးဇူးတော်ကြောင့် ဒုက္ခဆင်းရဲခြင်းထဲက လွတ်မြောက်တဲ့အခါ မှာ ဝမ်းမြောက်ကြပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ ဘုရားရဲ့ အာဏာဖြင့် ပယ်ချခြင်း (Overrule) ခြင်းကို ခံရပြီး ကျွန်တော်တို့ရဲ့ ဆုတောင်းသံတွေကို ဘုရားသခင် နားညောင်းတော် မမူတဲ့အခါမျိုးမှာ ကိုယ်တော်ကို ဆက်လက်ယုံကြည်ပြီး သူ့ရဲ့ ကျေးဇူးတော်ဟာ ကျွန်တော်တို့ကို ပို၍ ကြီးစွာသော ဝမ်းမြောက်ခြင်း ဆီသို့ခေါ်ဆောင်သွားနေပြီဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရတဲ့အခါ Overjoy ဆိုတဲ့ အလွန်အမင်း ဝမ်းမြောက်ခြင်းအကြောင်းဟာ ယခုပင်ကျွန်တော်တို့ ရဲ့ နှလုံးသားထဲမှာ အပြည့်အ၀ နေရာယူလိမ့်မယ်ဆိုတာကို အားပေးရင်းနဲ့ သခင်ခရစ်တော်ယေရှုရဲ့ နာမတော်ကို ချီးမွမ်းပါတယ်။ အာမင်။
ဤဆောင်းပါး၏ ရှေ့အပိုင်းဆက်များ –
မိမိ၏ ဆုတောင်းချက်များအတွက် ဘုရားသခင် နားညောင်းတော် မမူသည့်အခါ – အပိုင်း (၁)
မိမိ၏ ဆုတောင်းချက်များအတွက် ဘုရားသခင် နားညောင်းတော် မမူသည့်အခါ – အပိုင်း (၂)
မိမိ၏ ဆုတောင်းချက်များအတွက် ဘုရားသခင် နားညောင်းတော် မမူသည့်အခါ – အပိုင်း (၃)