Skip to content

ဒီမနက် သမ္မာကျမ်းစာ ဖတ်ရင်းနဲ့ မိမိခံစားရတဲ့ အကြောင်းအရာလေး ဝေမျှချင်စိတ်ပေါ်လာလို့ပါ။
ရှင်ယောဟန် ခရစ်ဝင် အခန်းကြီး ၄ မှာ သခင်ယေရှုဘုရားက ခရီးသွားရင်း ပင်ပန်းလို့ ရှမာရိ မိန်းမတယောက်ဆီက ရေတောင်းသောက်ပါတယ်။ သခင်ယေရှုက ယုဒ အမျိုးအနွယ်ဖြစ်ပါတယ်။ ယုဒလူမျိုးတွေဟာ ရှမာရိ လူမျိုးတွေနဲ့ ပေါင်းဖော်ခြင်းမရှိကြပါဘူး။ ဒါကြောင့် ထို ရှမာရိမိန်းမက သူ့ဆီကို ယုဒလူမျိုး တယောက်ဖြစ်တဲ့သခင်ယေရှုက ဘာလို့ လာပြီး ရေတောင်းသောက်သလဲဆိုတဲ့အပေါ် ထူးဆန်းသလိုဖြစ်နေပါတယ်။ တကယ်တော့ သခင်ယေရှုက သူရေဆာတာ ပျောက်ဖို့ထက် ထိုမိန်းမအတွက် ထာ၀ရအသက်ရေကို ပေးချင်လို့ပဲ ဖြစ်ပါတယ်။ (ဆင်ခြင်ပြီးချီးမွမ်းဖို့ဖြစ်တာက လူ အမျိုးအနွယ် အရ ကန့်သတ်ချက်တွေရှိပေမယ့် သခင်ဘုရားက ကျေးဇူးတော်ကို အရောက် ယူဆောင်လာပေးခဲ့တယ်)

ပြီးတော့ သူတို့ ၂ဦး ပြောတဲ့စကားပြောခန်းမှာပါတဲ့ စကားလုံးအသွားအလာက အလွန်ထူးဆန်းပါတယ်။

သခင်ယေရှူ >  “ငါ သောက်ဘို့ ရေပေးပါ” 

ရှမာရိမိန်းမ>  “ယုဒလူဖြစ်လျက်နဲ့ ရှမာရိ လူတယောက်ကိုဘာလို့ ရေ တောင်း သောက်သလဲ” (တောင်းဆိုတဲ့စကားကို ဂရုမစိုက်၊ မဖြေဘဲတခြား အကြောင်းအရာကို သိချင်စိတ်နဲ့မေးတယ်)

သခင်ယေရှု ပြန်ပြောတာက ပိုပြီးထူးဆန်းသွားတယ်။ သခင်ယေရှုက “ဘုရားသခင့်ကျေးဇူးတော်ကို၎င်း၊ ငါအဘယ်သူဖြစ်သည်ကို၎င်း သင်သိလျှင် ငါ့ဆီကနေ အသက်ရေ ကို သင်တောင်းလိမ့်မည်”လို့ပြောပါတယ်။ ခန္ဓာကိုယ်အတွက် ဆာနေတဲ့ ရေ ကို တောင်းသောက် တဲ့ ကိစ္စ ပြောနေရင်းကနေ “အသက်ရေ” ဆိုတဲ့ စကားလုံးပါ ပါလာပါတယ်။ သခင်ယေရှုက သာမန် ရေ မဟုတ်ဘဲ ပုံဆောင်ချက်အနေနဲ့  ပြောတဲ့ “အသက်ရေ” ကို ပေးမယ် ပြောတော့ ရှမာရိမိန်းမက ရေခပ်ဖို့တစုံတခု မရှိတာရယ်၊ ရေတွင်းနက်တာရယ်ကြောင့် အသက်ရေကို ဘယ်လိုရပါ့မလဲလို့ ယုတ္တိကျကျပဲ သခင်ယေရှုကို ပြန်ပြောပါတယ်။ (ရှမာရိ မိန်းမက သခင်ယေရှု ပြောနေတဲ့ အသက်ရေ ဆိုတာကို နားလည်ပုံ မရသေးပါဘူး၊ ရေတွင်းထဲကနေ ရေပုံးနဲ့ ခပ်သောက်ရတဲ့ ရေသဘောမျိုးပဲ ထင်နေတဲ့ပုံပါပဲ)

ဒါကြောင့် သခင်ယေရှုက ထပ်ပြောပါတယ် “ရေတွင်း(မြေကြီးတွင်း) ထဲက ထွက်တဲ့ ရေကို သောက်တဲ့သူဟာ ခဏတာတော့ ရေငတ်ပြေပြီး နောက်တဖန် ရေငတ်ပါလိမ့်မယ်၊ ငါ ပေးသော(ကောင်းကင်မှ လာသော) ရေကို သောက်သောသူသည် ရေငတ်ခြင်းနှင့်အစဥ်မပြတ် ကင်းလွတ်လိမ့်မယ်” လို့ ပြောခဲ့ပါတယ်၊

ရှမာရိမိန်းမက ဒီလို ပြန်ပြောခဲ့ပါတယ် ရေငတ်ခြင်းနှင့်၄င်း၊ သည် (ရေတွင်း) ကို လာ၍  ရေခပ်ခြင်းနှင့်၄င်း ကင်းလွတ်မည်အကြောင်း ထိုရေ (အသက်ရေ)ကို ပေးပါ” ဟု တောင်းပါတယ်။

(ရှမာရိမိန်းမ ပြန်ပြောတဲ့ စကားမှာ ဆင်ခြင်မိတဲ့ အရာတခုက သူမဟာ သခင်ယေရှု ပြောတဲ့ ထာဝရနဲ့ဆိုင်တဲ့ ရေငတ်ခြင်းနဲ့ အစဥ်ကင်းလွတ်မယ် ဆိုတဲ့ စကားကို သူမရဲ့ နေ့စဥ် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေကိုပါ ရေတွင်းကနေ ခပ်စရာမလိုတော့တဲ့ သဘောမျိုးအနေနဲ့ မှတ်ယူလိုက်ပုံရပါတယ်။ တကယ်တော့ ထာဝရနဲ့အသက်ရေဟာ မြေကြီးပေါ်ကထွက်လာတာ မဟုတ်သလို၊ တခဏနဲ့ဆိုင်တဲ့ သောက်ရေအတွက် ရေတွင်းထဲကနေ ခပ်ယူမှရမယ် ဆိုတာကို ဆင်ခြင်ရပါတယ်)

အပိုဒ်ငယ် ၁၆ မှာ သခင်ယေရှုက ထိုမိန်းမ ရဲ့ လင်ယောကင်္ျား ခေါ်လာခိုင်းတဲ့အခါ သူက သူမ မှာ လင် မရှိဘူးလို့ ပြောပါတယ်

သခင်ယေရှုက ရှမာရိ မိန်းမကို အခုလိုပြန်ပြောခဲ့တယ် “လင်မရှိဘူး လိုပြောတာဟာ သင်ဟာ မှန်သောစကားကို ပြောတာဖြစ်တယ်၊ သင့်မှာ လင် ၅ ယောက် ရှိခဲ့ဖူးတယ် ၊ပြီးတော့ အခု သင်နဲ့ နေတဲ့ သူဟာ သင့်ရဲ့လင် မဟုတ်ဘူး” လို့ ပြောပါတယ်။ (ဆင်ခြင်မိတာက  ကျွန်တော်တို့ လက်ရှိ ကာလမှာ လက်မထပ်ဘဲ အတူနေခြင်း (Living Together) တွေ ရှိကြပါတယ်။ မယုံကြည်သူတွေကို ခဏထားဦး၊ ယုံကြည်သူတွေထဲမှာလည်း ရှိပါတယ်၊ ဒီလိုမျိုးအသက်တာဟာ ယုံကြည်သူတယောက်အတွက် ဘုရားနှစ်သက်တဲ့ အသက်တာမျိုး မဟုတ်ပါဘူး၊ ထိမ်းမြားခြင်းအကြောင်း ပြောရင် ရှည်သွားမှာမို့လို့ အဲဒီအပိုင်းတော့ မပြောတော့ပါဘူး)

ဒီလိုမျိုး လက်မထပ်ဘဲ အတူ(Living Together) နေတဲ့ စုံတွဲ (couple) တွေကို တွေ့ရမြင်ရတဲ့အခါမှာ (ကျွန်တော်အပါအဝင်) အဲဒီအပိုင်းမှာ စောင့်ထိန်းနိုင်တဲ့သူတွေက Judgemental thoughts တွေ ဖြစ်တတ်ကြပါတယ်။ ဒီ ရှမာရိ မိန်းမဟာ ပြောရရင်တော့ Living Together နေနေတာပါပဲ (လင်မဟုတ်ဘဲ အတူနေနေတာဆိုတော့လေ)

ဒါပေမယ့် သခင်ယေရှုဘူရားရဲ့ ဒီအမျိုးသမီး အပေါ်ကို ပြောဆိုဆက်ဆံပုံကို ကြည့်ပါ။ စီရင်တဲ့စကား လုံးဝမပြောခဲ့ပါဘူး။ သူမ  အမှန်အတိုင်း ပြောတဲ့အတွက် အဲဒါကို ချီးမွမ်း တဲ့သဘာမျိုးတောင် ထုတ်ပြောလိုက်ပါသေးတယ်။ “ဤအရာ၌ သင်သည် မှန်သောစကားကို ပြောပြီဟု မိန့်တော်မူပြီ”
“ဤအမှု၌ သင်သည် မှန်ကန်စွာ ပြုပြီ” လို့တော့ မပြောဘူးနော်” (တော်ကြာ Living Together နေတဲ့အဖွဲ့တွေ အားတက်သွားမှာစိုးလို့ပြန်သတိပေးတာပါ) 

အခန်းကြီး ၄ အငယ် ၂၀ အထိ ကိုယ်တိုင် ဆင်ခြင်ခံစားမိတဲ့အရာက ကျွန်တော်တို့အားလုံးဟာ ရှမာရိ အမျိုးသမီး နေရာမှာ ရှိနေကြတယ်။ ဝိညာဥ် သေနေပြီး(တနည်းအားဖြင့်) ဘုရားသခင်နဲ့ အဆက်ပြတ်နေပြီး  ခန္ဓာအသက်ရှင်ဖို့ကိုတောင် နေ့ဒဓူဝရုန်းကန် လှုပ်ရှားကြရပါတယ်။ ဒီလိုအခြေအနေမှာ လူတယောက်အတွက် လောကုတ္တရာ ဆုံးရှုံးခြင်း(ဝိညာဥ်သေခြင်း)ဟာ ခဏတာ လောကီဒုက္ခ ဆင်းရဲခြင်းလောက် မဆိုးတော့သလို ယူဆလိုက်ကြပါတယ်။

ထာဝရ ချမ်းသာ(ထာဝရအသက်)ဆိုတဲ့ စကားလုံးတွေကိုလည်း စိတ်ကူးယဥ် ဆိုတဲ့ ခေါင်းစဥ်အောက်ထည့်လို့ ခဏတာ လောကီရပ်ဝန်းမှာ အာရုံငါးပါးကိုသာ စံထားပြီး ရှာဖွေကြပါတယ်။

《 “အကြောင်းမူကား သင်၌ လင် ငါး ယောက် ရှိဖူးပြီ” 》 

မှန်ပါတယ်။ ကျွန်တော်တို့မှာ စာတန်အုပ်စိုးတဲ့ ဒီလောကကြီးထဲက   စည်းစိမ်တွေ၊ တန်ခိုးအာဏာတွေ၊ ဂုဏ်ပကာသနတွေ၊ မန်မာနတွေ၊ လောကီပညာတွေ၊ ကာမဂုဏ်ကိလေသာ အသွေးအသား တပ်မက်မှုတွေ ကို ခံစားနိုင်ဖို့ အကြားအာရုံ၊ အမြင်အာရုံ ၊ အနံ့ အာရုံ ၊ အရသာ အာရုံ ၊ အထိအတွေ့ အာရုံ စတဲ့ အာရုံ ၅ ပါးကို လင်တော်ထားရတဲ့ သူတွေဖြစ်ပါတယ်။ ဒီ လင် ၅ ယောက်က ကျွန်တော်တို့အတွက် မတူညီတဲ့ လောကီစည်းစိမ်ကို ကျွန်တော့်တို့ဆီ ယူဆောင်လာပေးပါတယ်။

ရှမာရိ အမျိုးသမီး အမြဲတမ်း ရေတွင်းဆီကို လာပြီး ရေငတ်ပြေဖို့ ရေလာခပ်ရသလို ကျွန်တော်တို့လည်း လင် ၅ ယောက်ကပေးတဲ့ခဏတာ အာသာပြေရုံလောက်သာရှိတဲ့ လောကရေအတွက် တင်္ဒဂလေးပဲဖြစ်ဖြစ် တောင့်တလိုချင်လျက်ရှိပါတယ်။

《 “ယခု သင်နှင့်နေသော သူသည် သင်၏ လင်မဟုတ်” 》 

ကျွန်တော်တို့မှာ လင်  ၅ ယောက် အပြင် လက်ရှိ အတူနေနေတဲ့ သူတယောက်လည်း ရှိပါသေးတယ်။ သူကတော့ လင် မဟုတ်ပါဘူး။ သူက တချိန်လုံး ကျွန်တော်တို့ ရဲ့ လင် အဟောင်း ၅ ယောက် နဲ့ ပေါင်းသင်းခဲ့တဲ့အရာတွေ၊ ပျော်ရွှင်ခံစားတဲ့အရာတွေကို အပြစ်ဖော်ပြထောက်ပြနေတဲ့ သြတ္တပ္ပစိတ် ဖြစ်ပါတယ်။ ရှမာရိ အမျိုးသမီးဟာ လင် ၅ ယောက်ရှိခဲ့ပေမယ့် သူမရဲ့ လောကီဆိုင်ရာ လိုအင်မပြည့်ဝဘဲ ဆာလောင်နေဆဲဖြစ်သလို နေ့စဥ် သူမရဲ့ သြတ္တပ္ပစိတ်မှာ မကြည်လင်ခြင်းအားဖြင့် ခြောက်ယောက်မြောက်သောသူရဲ့ စီရင်ခြင်းကိုလည်း ခံနေရပါတယ် … နောက်ဆုံး သူမရဲ့ စစ်မှန်တဲ့ (သတို့သား) ယောင်္ကျား ခရစ်တော်နဲ့ မတွေ့ခင်အထိပေါ့။

သခင်ယေရှုက “ငါပေးသော ရေကို သောက်သောသူမူကား ရေငတ်ခြင်းနဲ့ အစဥ် မပြတ်ကင်းလွတ်လိမ့်မယ်” ဟုမိန့်တော်မူ၏။

သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်နာမတော် သာ၍ဘုန်းကြီးပါစေ။ အာမင်။