Skip to content
စကားချီး

ကမ္ဘာဦးဆိုင်ရာခရစ်ယာန်အယူဝါဒများထဲက “ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒ” (Young-Earth Creationism) နှင့် “ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒ” (Old-Earth Creationism) မိတ်ဆက်ဆောင်းပါးတွဲများကို ဖတ်ရှုလေ့လာပြီး ခုချိန်လောက်ဆိုရင် ထိုအယူဝါဒနှစ်ခု၏ တူညီမှု သို့မဟုတ် ကွဲပြားမှု အသီးသီးတို့ကို ရိပ်မိလောက်ပြီလို့ ယူဆပါတယ်။ ထိုခေါင်းစဉ်နှစ်ခုကိုတော့ Thy Logos မှ စာရေးသူတဦးက ရေးသားတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ယခုဆောင်းပါးကိုမူ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒီ (Old-Earth Creationist ) တဦးဖြစ်သော Thy Logos ရှိ အခြားသော စာရေးသူတဦးမှ ရေးသားတင်ပြပါခြင်းဖြစ်ပါတယ်။ အဓိကကတော့ ခေါင်းစဉ်ပါအတိုင်း ကမ္ဘာဦးတုန်းက အာဒံအပြစ်မလုပ်မီကာလ အရာရာဟာ ပြီးပြည့်စုံတယ်ဆိုတဲ့ Young Earth Creationism အယူကို မေးခွန်းထုတ်ပြီး OEC ရှုထောင့်မှ တင်ပြသွားမှာဖြစ်ပါတယ်။​ ဒါပေမယ့်လို့ Thy Logos မှာ YEC အမြင်ရော၊ OEC အမြင်ရော အမြင် ၂ မျိုးစလုံးကိုလည်း နောင်တွင် တင်ပြဖို့ရန်ရှိပါတယ်။ ယခုဆောင်းပါးကို ဖတ်ရှုနေတဲ့ YEC အယူစွဲကိုင်သော အမှုတော်ဆောင်ဆရာများအနေနဲ့လည်း မိမိတို့ YEC ရှုထောင့်မှ တင်ပြ၍လည်း thylogos2019@gmail.com သို့ မေးလ်ပို့နိုင်ပါတယ်။​ Thy Logos အဖွဲ့သားများမှ စိစစ်ပြီးသည့်နောက် မိမိတို့ Website, Facebook Page နဲ့ Instagram ပေါ်မှာ တင်ပေးသွားမှာဖြစ်ပါတယ်။ စိတ်ပါဝင်စားပြီး contribute လုပ်ချင်သော ဆရာ၊ ဆရာမများအား ဖိတ်ခေါ်အပ်ပါတယ်။ အသိပေးလိုသည်မှာ စာရေးသူသည်လည်း နှစ်ခြင်းခရစ်ယာန်တဦးဖြစ်ရုံသာမက ဤအရာသည် အယူအဆအသစ်ကိုကြော်ငြာနေခြင်း မဟုတ်ဘဲ Christian Apologetics လုပ်လိုသော ယုံကြည်သူတိုင်း ဆင်ခြင်သုံးသပ်သင့်တဲ့ ခေါင်းစဉ်တခုဖြစ်ကြောင်း တင်ပြခြင်းဖြစ်ပါတယ်။

စကြဝဠာ၏အကြောင်းဟာ အရိုးခံယုံကြည်သူ ခရစ်ယာန်များကြားမှာ ငြင်းခုံဆဲခေါင်းစဥ်တခုဖြစ်သလို ဆက်လက် ၍လည်း ဆွေးနွေးငြင်းခုံသွားနိုင်တဲ့ ခေါင်းစဥ်တခုပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီအပေါ်မှာကျွန်တော့်ရဲ့  ရပ် တည်ချက်ကိုတော့ ရှင်းလင်းစွာပြောခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဒါပေမယ့်  “ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒီ” နဲ့ “ကမ္ဘာအိုဖန် ဆင်းခြင်းဝါဒီ” များလို့ခေါ်ကြတဲ့သူတွေအကြား သဘောထားကွဲလွဲမှုရဲ့အဓိက အချက်ကတော့ “အာဒံနဲ့ဧဝ” ကျဆုံး မှုမတိုင်ခင်က “သေခြင်းတရား” အပေါ်ကိုယ်စီထားရှိကြတဲ့ အမြင်တွေပဲဖြစ်ပါတယ်။ ဒီကိစ္စကြောင့် YE အယူအဆ လက်ခံကြတဲ့ ကျွန်တော်ရဲ့မိတ်ဆွေတွေအပေါ် ဖြစ်လာနိုင်တဲ့ တင်းမာမှုကိုကျွန်တော် အပြည့်အဝနားလည်ပါတယ်။ ဒါပေမယ့်လည်း ဒီခေါင်းစဥ်ဟာ ထာဝရဘုရားက လူသားတွေအပေါ်ထားရှိတဲ့ ကယ်တင်ခြင်းအမှုတော်မြတ်ကို ကျွန်တော်တို့သိရှိနားလည်နိုင်ဖို့ လွန်စွာမှ အရေးကြီးပါတယ်။ YE ယူဆသူတွေရဲ့ စံ ကတော့ “ထာဝရဘုရားရဲ့ မူလ ဖန်ဆင်းခြင်းသည် ဘယ်လိုနည်းဖြင့်ဖြစ်ပါစေ၊ ၎င်းသည် ပြီးပြည့်စုံလင်သော သုခဘုံတခုဖြစ်သည်” ဆိုတာကို အခိုင်အမာ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်ကတော့ သူတို့ လုံးဝကို မှားနေတယ်လို့ ထင်ပါတယ်။ ပြီး တော့ ကျွန်တော်ရဲ့ အကြောင်းပြချက်တွေဟာလည်း ဓမ္မအယူဝါဒနဲ့ ကိုက်ညီမယ်လို့ယူဆပါတယ်။  ထာဝရဘုရား၏ မူလ ဖန်ဆင်းခြင်းက ပြီးပြည့်စုံလင်ပါသလား? ပြီးပြည့်စုံလင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ YEC မိတ်ဆွေတွေ ပြောတဲ့ပုံစံနဲ့ ပြည့်စုံနေတာမျိုးတော့ မဟုတ်ပါဘူး။ ၎င်းဟာ “သေခြင်း၊ ဒုက္ခဆင်းရဲ” ကင်းတဲ့သဘောကိုဆောင်တဲ့ သုခဘုံတခု မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့် ၎င်းကထာဝရဘုရားရဲ့ ထာဝရအကြံအစည် တော်ပြည့်စုံဖို့အတွက် “စုံလင်စွာ” ဖန်တီးထားတဲ့ အရာပဲဖြစ်တယ်။ ဒါဟာ လုံးဝကို မတူတဲ့ အရာ တခုဖြစ်ပါတယ်။

ထာဝရဘုရား၏ “အလွန်ကောင်းသည်” ဟူသော မိန့်မူချက်၏ အဓိပ္ပာယ်

 

ဤငြင်းခုံမှုရဲ့ အဓိကအချက်ကတော့ ကမ္ဘာဦး ၁ : ၃၁ မှာ “အလွန်ကောင်းသည်” လို့ဘုရားသခင်က တဲ့မိန့်မူခဲ့တဲ့အခါ အဲဒီစကားဟာ ဘုရားသခင်ကဘာကိုဆိုလိုချင်တာလဲ ဆိုတဲ့အပေါ်မှာ ဖြစ်တည်နေပါတယ်။ YE တွေအမြင်မှာ ဒီစကားစုဟာ အနက်အဓိပ္ပာယ်ဖွင့်စရာ လိုကိုမလိုဘဲ တိုက်ရိုက်သာ အဓိပ္ပာယ်ကောက်ခဲ့ပါတယ်။ “သေခြင်း” ဆိုတာ မကောင်းဘူး၊ တကယ်လို့ ဒီကမ္ဘာမြေကြီးက အာဒံနဲ့ ဧဝ မတိုင်ခင်နှစ်သန်းထောင်ပေါင်း အနည်းငယ်လောက် ကတည်းကရှိခဲ့တယ်လို့ သင်ထင်ရင်တော့ ကမ္ဘာပေါ်မှာ အာဒံနဲ့ ဧဝ အပြစ်ထဲမကျရှုံးခင် “သေဆုံးခြင်း” တွေအများ ကြီး ရှိခဲ့ပြီးဖြစ်မှာအထင်အရှားပဲဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာဖြစ်တဲ့ဘုရားဟာ ဒီလိုမျိုးနေရာတခုကို ဘယ်တော့မှ ဖန်ဆင်းတော်မူခဲ့မှာမဟုတ်ဘူး။ ပြီးတော့လည်း အဲ့နေရာကို “အလွန်ကောင်းသည်” လို့လည်းပြောခဲ့မှာမဟုတ်ဘူး။ ပိုဆိုးတာက လူသား မကျဆုံးမှီ သေဆုံးခြင်းရှိခဲ့တယ်ဆိုရင် လူသားမျိုးနွယ်ဟာ ရွေးနှုတ်ကယ်တင်ရှင်တပါးကို လိုအပ်တယ်ဆိုတဲ့အချက်ကို လျစ်လျူရှုရာသဘော သက်ရောက်သွားမှာဖြစ်တယ်။  ရောမသြဝါဒစာ ၅ : ၁၂ မှာ အခု လို ရှင်းလင်းစွာဖော်ပြထားပါတယ်။  

ဤ​အ​ကြောင်း​အ​ရာ​ဟူ​မူ​ကား၊ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ၊ လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏။”

တနည်းပြောရရင်တော့ အာဒံနဲ့ ဧဝ မကျဆုံးမှီ သေဆုံးခြင်း မရှိခဲ့ပါဘူး။ “သေဆုံးခြင်း” ရှိခဲ့တယ်လို့ ပြောတာဟာ ခရစ်တော်ယေရှုဘုရား ကားတိုင်မှာအသေခံတော်မူခဲ့တဲ့ အဓိကရည်ရွယ်ချက်ကို အဆုံးထိငြင်းပယ်လိုက်တာပဲဖြစ် တယ်။ ဒါဟာသေချာပြောပြဖြေရှင်းရမယ့် ပြဿနာကြီးတခုဖြစ်တယ်ဆိုတာကျွန်တော် သဘောပေါက်ပါတယ်။ ပြီး တော့လည်း အာဒံနဲ့‌ဧဝ မကျဆုံးမှီ သေဆုံးခြင်းတွေနဲ့ပြည့်နေတဲ့ အငြင်းအပယ်ခံ ကမ္ဘာအိုအတွက် ကိုယ်ချင်းစာမိ ပါတယ်။ ကျွန်တော်တို့ ဒီပြဿနာကို ချဥ်းကပ်တဲ့အခါလွန်စွာမှသတိထားရမှာဖြစ်ပြီး ရှင်းလင်းနေစေဖို့ လိုအပ်ပါ တယ်။

“စုံလင်သော သုခံဘုံ” စံ သတ်မှတ်ချက်


ဒီဟာကိုမပြောခင်၊ ကျွန်တော်တို့ YEC ယူဆသူတွေရဲ့ ရပ်တည်ချက် အချုပ်ကိုအရင်ဆုံး ကြည့်ဖို့လိုပါတယ်။ စာရေး ဆရာ Mark Whorton က သူရဲ့ စာအုပ် “သုခဘုံရှိ အန္တရာယ်” တွင်  “YEC အယူဝါဒ စုံလင်သောသုခဘုံ စံနှုန်း” အခြေခံ သဘောတရား (၅) ခု ကိုဖော်ပြထားပါတယ်။ 

၁။ ဘုရားသခင်က သူ့ရဲ့ အပြီးသတ်ဖန်ဆင်းခြင်းကို “အလွန်ကောင်းသည်” ဟု ကြွေးကြော်ခဲ့တဲ့အခါ သူဟာအဲဒါကို ဘယ်လိုစိတ်ကူးပုံစံမှာပဲဖြစ်ဖြစ် ပြည့်ဝစုံလင်ခဲ့တယ်လို့ ဆိုလိုခဲ့တာဖြစ်တယ်။ 

၂။ ဧဒင် ဟာ ဖန်းဆင်းခံတွေအတွက် ဖန်ဆင်းရှင်ရဲ့  စံ  ပေါင်းစပ်ခြင်းရည်ရွယ်ချက် ဖြစ်ခဲ့တယ်။

၃။ လူသားရဲ့ အပြစ်က ဘုရားရဲ့ အကြံအစည်ကို ရှုတ်ထွေးစေခဲ့ပြီး သူ့  စံရည်ရွယ်ချက်ကို ဖျက်ဆီးခဲ့တယ်၊ ပြီးတော့ သူ့ စုံလင်တဲ့ဖန်ဆင်းခြင်းကို ပျက်စီးစေခဲ့တယ်။

၄။ အပြစ်အတွက် စီရင်ခြင်းတခု အနေနဲ့ လူသားတွေ တိရိစ္ဆာန်တွေဆီ ခန္ဓာသေဆုံးခြင်းကို စတင်ယူဆောင်ခဲ့တယ်။

၅။ အာဒံလွန်ကျူးခဲ့တဲ့ အပြစ်ရဲ့ သက်‌ရောက်မှုကို ပြောင်းပြန်လှန်ပစ်ပြီး အရာအားလုံးကို နဂိုမူလ ကြံရွယ်ချက်အ တိုင်း ပြန်လည်ရွေးနှုတ်ဖို့အတွက် “ရွေးနှုတ်ခြင်း အကြံအစည်တော်” ကို စတင်ခဲ့တယ်။ ဒါဟာ ကျွန်တော်တို့အများစု သိထားပြီးဖြစ်တဲ့ ကမ္ဘာဦးကျမ်း အခန်း ၁ က ဧဒင်ဥယျာဥ်ကြောင်း အဓိကအချက်တချို့ဖြစ်တယ်။ ကျွန်တော်ဒါကို သင်ယူခဲ့ဖူးတာဖြစ်တယ်။ ဒါပေမယ့် ဒီပြဿနာကို ကျွန်တော်လေ့လာလေလေ ပိုပြီးသိချင်လာလေလေ ဖြစ်တယ်။

“ပြီးပြည့်စုံလင်သော သုခဘုံ၏ ပြဿနာ”


လိုရင်းပြောရရင် အချက်(၅) ချက်ထဲက ပထမဆုံးအချက်က ထင်ထင်ရှားရှားကိုမှားနေတာပါ။ ဖန်ဆင်းခြင်းက ဘယ်လို စိတ်ကူးထဲမှာပဲဖြစ်ဖြစ် ပြီးပြည့်စုံလင်နေတာ မဟုတ်ပါဘူး။ ဒီလိုပြောရတာ အကြောင်းပြချက် တချို့ရှိပါတယ်။

  • စာတန်သည် ဧဒင် ဥယျာဥ် ထဲမှာရှိနေခဲ့တယ်
  • ဧဒင် ဥယျာဥ်မှာ   ကောင်းခြင်း နှင့် ဆိုးခြင်း ကို သိကျွမ်းနိုင်စေတဲ့ အပင် ရှိခဲ့တယ်

ဒါပေမယ့် ၁ ကော ၂ : ၉ မှာတော့ “ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​ကို ချစ်​သော​သူ​တို့​အ​ဖို့ အ​လို​ငှာ၊ ဘု​ရား​သ​ခင်​ပြင်​ဆင်​တော်​မူ​သော အ​ရာ​တို့​ကို လူ​မျက်​စိ​ဖြင့်​မ​မြင်၊ နား​ဖြင့်​မ​ကြား၊ စိတ်​နှ​လုံး​ဖြင့် မ​ကြံ​စည်​သေး” လို့ပြောပါတယ်။

ဒီလိုသာဆိုရင် (၁ ကော ၂ : ၉ အတိုင်း) (ကျွန်တော်ကတော့ အဲလိုဆိုလိုတယ်လိုယုံပါတယ်) ဧဒင်ဥယျာဥ်ဟာ “စုံလင် တဲ့ သုခဘုံတခု ဖြစ်နေခဲ့မှာမဟုတ်ပါဘူး။ (၁ ကော ၂ : ၉ အတိုင်း) သူ့ထက်အများကြီးပိုကောင်းတဲ့ အရာတခု ဖြစ်လာဖို့ရှိတယ်ဆိုရင် ဧဒင်ဟာ စုံလင်တဲ့နေရာတခု လုံးဝမဟုတ်ပါဘူး။ နောက်ထပ်ရှိပါသေးတယ်။

  • အာဒံဟာ ဥယျာဥ်ကို အမြဲတမ်းပြုစုစောင့်ရှောက်ဖို့ လိုပါတယ်- ဒီအလုပ်ဟာ လူရဲ့ကျဆုံးမှုနဲ့ မဆိုင်ပါဘူး၊ ကျဆုံးခြင်းကြောင့်ပို၍ ခက်ခဲပင်ပန်းလာစေတာပဲဖြစ်တယ်။
  • ဧဝခံဟာ ကျိန်တော်မူခြင်းခံရတော့မှ သားဖွားဝေဒနာကိုစပြီး ခံစားရတာမဟုတ်ပါဘူး၊ သူမ ခံစားရမယ့် ဝေဒနာပိုပြီး ကြီးမားသွားစေတာဖြစ်ပါတယ်။ 

Reference > To the woman He said:

“I will greatly multiply your sorrow and your conception;
 In pain you shall bring forth children;

ကျမ်းညွှန်း_

မိန်း​မ​ကို​လည်း၊ သင်၌​ကိုယ်​ဝန်​ဆောင်​ခြင်း​ဝေ​ဒ​နာ​ကို ငါ​အ​လွန်​များ​ပြား​စေ​မည်။ ပင်​ပန်း​စွာ​ဝေ​ဒ​နာ​ကို​ခံ၍ သား​ဖွား​ရ​မည်

ဒီအချက်တွေ တခုစီကြောင့် ဧဒင်ဥယျာဥ်ဟာ အလုံးစုံ ပြီးပြည့်စုံလင်တဲ့ နေရာတခု မဖြစ်နိုင်ခဲ့ဘူးဆိုတာ သိသာ ပါတယ်။ စာတန် ရယ်၊ မကောင်းမှု နဲ့ နာကျင်မှု တွေဟာ ဘုရားက “ပြည့်စုံတယ်” လို့ပြောထားတဲ့ ဘယ်နေရာ မှာမဆို ရှိနေလို့မရပါဘူး။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ သုခဘုံတခုအပေါ် ထိုအယူအဆနဲ့ ပတ်သက်ပြီး ပို၍ထင်ရှား တဲ့ ပြဿနာတခုရှိပါသေးတယ်။ 

ပိုထင်ရှားတဲ့ပြဿနာက စကားလုံးတွေထဲမှာဖြစ်ပါတယ်။ တကယ်တော့ ပြဿနာကပေါ်လွင်လွန်းအားကြီးလို့ အစ မှာကတည်းက ဘယ်လိုများပြဿနာစပေါ်လာသလဲလို့တောင် စဥ်းစားရကြပ်ပါတယ်။ ဘုရားသခင်က သူရဲ့ဖန်ဆင်း ခြင်း “အလွန်ကောင်း”တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်…

ဟေဗြဲစာအရ “အလွန်ကောင်းသည်” ဆိုတဲ့ စကားဟာ “meod tob” ဖြစ်ပါတယ်။ ဒီစကားစုဟာ သမ္မာကျမ်းစာရဲ့ အခြားတနေရာမှာလည်း သုံးထားတာရှိပါတယ်။ ဒါပေမယ့် ကမ္ဘာဦးကျမ်း ၁ : ၃၁ တနေရာတည်းမှာပဲ ဒီစကားလုံးကို “အကြွင်းမဲ့ ပြည့်စုံမှု” လို့အဓိပ္ပာယ်ထွက်အောင် ဘာသာပြန်ထားတာတွေ့ရပါတယ်။  ဒါဘာကြောင့်ဖြစ်မလဲ?

ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ YEC ရဲ့ စံသတ်မှတ်ချက်တွေဟာ အမှန်ဖြစ်တယ်လို့ ယူဆအောင် သွန်သင်ခံခဲ့ ရလို့ပဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တကယ်လို့အဲဒါသာ ဟုတ်တယ်ဆိုရင် “ပြီးပြည်စုံတဲ့ သုခဘုံ အယူအဆ”ဟာလည်း မှန်ကိုမှန်ရမှာဖြစ်ပါတယ်။ တခြားဘယ်လိုပြောရမလဲတော့ ကျွန်တော်လည်းမသိပါ။

ပြီးပြည့်စုံသော သုခဘုံ ယူဆချက်များ


ဧဒင်ဥယျာဥ်ဟာ ကျွန်တော်တို့ရဲ့ စိတ်ကူးတွေနဲ့ ဖီလာဆန့်ကျင်စွာပဲ ထူးခြားပြီး အထူးကာကွယ်မှုရှိတဲ့ နေရာတခု ဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒါပေမယ့် “ပြီးပြည့်စုံသော သုခဘုံ အယူအဆ”အတွက် ချို့ယွင်းချက် ကတော့ “ဧဒင်ဥယျာဥ်ရဲ့အပြင်ဘက်”မှာလည်း ဥယျာဥ်ထဲမှာလို ပြီးပြည့်စုံတဲ့ အခြေအနေတွေ ရှိနေခဲ့တယ်လို့ ယူဆ နေခြင်းပဲဖြစ်ပါတယ်။ ဒါကို ခနလေး အချိန်ယူစဥ်းစားကြည့်ပါ။ လူရဲ့ကျဆုံးခြင်းမတိုင်ခင်က ဖန်ဆင်းခြင်းတခုလုံး ဟာ “ပြည့်ဝစုံလင်” နေတယ်ဆိုရင် ဘာကြောင့် “ဧဒင်ဥယျာဥ်”က ထူးထူးခြားခြားကြည့်ရှုစောင့်ရှောက်ခံရဖို့ လိုအပ် ခဲ့မလဲ? ပြီးတော့လည်း ဧဒင်ဥယျာဥ်သာမက ကမ္ဘာကြီးတခုလုံး ပြည့်ဝစုံလင်တယ် ဆိုတဲ့ ကျမ်းစကားသက်သေက ရော ဘယ်မှာရှိသလဲ? ဘယ်မှာမှ ရှာမတွေ့ပါဘူး။ အဲ့ဒီ အယူအဆကနေ ထွက်ပေါ်လာတဲ့ အသေးအမွှားမဟုတ်တဲ့ ယုတ္တိဗေဒဆိုင်ရာ အခြားအခက်အခဲတွေ အများကြီးရှိပါသေးတယ်။ 

သေခြင်းတရားဖြင့် သတ္တဝါများအကျိန်ခံရခြင်း


ပြီးပြည့်စုံသော သုခဘုံ အယူအဆက လူရဲ့ကျဆုံးခြင်းမတိုင်ခင် (တိရိစ္ဆာန်များ၏ သေဆုံးခြင်း) အပါအဝင် မည်သည့် သေဆုံးမှုမှမရှိခဲ့ကြောင်း ညွှန်းဆိုပါတယ်။ ထိုအယူအဆက “သေခြင်း” ဟာ အာဒံနဲ့ဧဝ တို့ အပြစ်ထဲ ကျဆုံးပြီး နောက်ပိုင်းမှ ဘုရားက “အပြစ်ဒဏ်” အနေနဲ့ချမှတ်လိုက်တဲ့အခါကျမှ ပြီးပြည့်စုံတဲ့ သုခဘုံထဲကိုဝင်‌ရောက်လာခဲ့ တယ်လို့ အခိုင်အမာပြောပါတယ်။ ဒီအယူအဆဟာလည်း ကျမ်းစကားနဲ့ချိန်ကြည့်တဲ့အခါ မကိုက်ညီနေပြန်ပါဘူး။ ရောမသြဝါဒစာ ၅ : ၁၂ ကို ပြန်ကြည့်ရအောင်။ ကျမ်းစာက “လူသားအားလုံး” ဆီကို သေခြင်းတရား ရောက်လာတယ်  လို့ တိတိကျကျပြောတာဖြစ်ပါတယ်။ တိရိစ္ဆာန်တွေအကြောင်း (သို့) အခြားဖန်ဆင်းထားတဲ့ထဲက အရာတွေအကြောင်း မပြောထားပါဘူး။ ပြီးပြည့်စုံသော သုခဘုံ အယူအဆကို ကာကွယ်ပြောဆိုတဲ့သူတွေဟာ အမြဲ တမ်း ထိုကျမ်းပိုဒ်ရဲ့ အစပိုင်းဖြစ်တဲ့ အ​ပြစ်​တ​ရား​သည် တစ်​ယောက်​သော​သူ​အား​ဖြင့် ဤ​လော​က​သို့​ဝင်၍၊ အ​ပြစ်​တ​ရား​အား​ဖြင့် သေ​ခြင်း​တ​ရား ဝင်​သည်​နှင့်​အ​ညီ” ကိုညွှန်းတတ်ပါတယ်။ ဒါပေမဲ့ ကျမ်းပိုဒ်ရဲ့ အသေးစိတ် ဆက်ပြောတဲ့ နောက်အပိုင်းဖြစ်တဲ့ “လူ​အ​ပေါင်း​တို့​သည် အ​ပြစ်​ရှိ​သော​ကြောင့် သေ​ခြင်း​သို့ ရောက်​ရ​ကြ၏“  ဆိုတဲ့အပိုင်းကိုတော့ သိပ်ပြီးပြောလေ့မရှိကြပါဘူး။ 

ကျွန်တော်ပြောချင်တာက ရှင်းပါတယ်။ လူရဲ့ကျဆုံးခြင်းမတိုင်ခင်က ဧဒင်ဥယျာဥ်ရဲ့ပြင်ပမှာ အပင်တွေသေဆုံးခြင်း နဲ့ တိရိစ္ဆာန်တွေ သေဆုံးခြင်းရှိခဲ့နိုင်ပါတယ်။ ဒါကိုဘယ်ကျမ်းစကားကမှ တားမြစ်မထားပါဘူး။ “သေဆုံးခြင်း”နဲ့ ပတ် သက်လို့ တခုတည်းသော အ‌ရေးကြီးတဲ့ပြဿနာက “ဘုရား”ကို ဆန္ဒရှိရှိငြင်းဆန်ပုန်ကန်ခဲ့တဲ့ လူသားတွေအပေါ် ချမှတ်ခဲ့တဲ့ အပြစ်ဒဏ်တခုဖြစ်တယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်။ လူသားတွေဟာ ကမ္ဘာပေါ်မှာ လွတ်လပ်တဲ့စိတ်ဆန္ဒနဲ့ ကိုယ်ကျင့်တရားဆောင်တဲ့  တခုတည်းသောဖန်ဆင်းခံဖြစ်လို့ “ဘုရား” ရဲ့ ကိုယ့်ကျင့်တရားနဲ့ဆိုင်တဲ့ ပညတ်ချက်ကို ချိုးဖောက်ခဲ့ခြင်းအတွက် လူသားတွေပဲ အပြစ်ဒဏ်ကိုခံခဲ့ရတာ ဖြစ်တယ်။ 

အသားစားသတ္တဝါများ


အသားစားသတ္တဝါတွေ အစာစားနိုင်ဖို့ အခြားသောသတ္တဝါတွေ သေဆုံးရမှာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက သေခြင်းကင်းပြီးပြည့်စုံတဲ့ သုခဘုံ ဖြစ်ခဲ့ရင် ၎င်းရဲ့နောက်ဆက်တွဲအဖြစ် အသားစားတဲ့ အပြု အမူအကျင့်တွေ ရှိနိုင်ခဲ့မှာမဟုတ်ပါဘူး။ တနည်းပြောရရင် ကျွန်တော်တို့အားလုံးလက်ရှိ အသားစားသတ္တဝါတွေလို့ သိထားတဲ့ အကောင်တွေအားလုံးဟာ လူရဲ့ကျဆုံးမှုမတိုင်ခင်က အရွက်စားသတ္တဝါတွေဖြစ်ခဲ့ရမှာ ဖြစ်ပါတယ်။ ပြည်စုံတဲ့သုခဘုံအယူအဆကတော့ အဲ့ဒီအရွက်စားတဲ့ သတ္တဝါတွေဟာ “လူရဲ့ကျဆုံးမှု” နောက်ပိုင်းမှာ “ယိုယွင်းမှု” ကြောင့် သူတို့ရဲ့ အမူအကျင့်တွေပြောင်းလဲလာခဲ့တယ်လို့ အခိုင်အမာပြောပါတယ်။ ဒါပေမယ့် Mark Whorton ထောက်ပြခဲ့တာက အရွက်စား သတ္တဝါနဲ့ အသားစားသတ္တဝါ ကြားမှာ လွန်စွာမှာကြီးမားတဲ့ခြားနားမှုတွေ ရှိတယ် ဆိုတဲ့အချက်ဖြစ်ပါတယ်။ ခြင်္သေ့ကဲ့သို့ အသားစားသတ္တဝါတကောင်ဟာ တိကျတဲ့ ဗီဇ၊ ကြွက်သား၊ ခန္ဓာဗေဒ၊ ဇီဝကမ္မ‌‌ဗေဒ နှင့် ဇီဝဓါတုတို့  အချိုးကျပေါင်းစပ်ဖန်တီးထားတဲ့ အသားစားယန္တရား တခုဖြစ်ပါတယ်။ ထိုသတ္တဝါတွေ ဟာ ပြီးပြည့်စုံတဲ့ အယူအဆအောက်က လူရဲ့ကျဆုံးခြင်းမတိုင်ခင် တည်ရှိနိုင်ခဲ့တဲ့ အရွက်စားသတ္တဝါတွေထက် အခြေခံအားဖြင့် မတူညီတဲ့ သတ္တဝါတွေဖြစ်ပါတယ်။ 

ကာကွယ်ရေး ယန္တရားများ


ဗုံးကြဲပိုးကောင်ကဲ့သို့ အခြားသောသတ္တဝါများဟာ သူတို့ကိုယ်သူတို့ကာကွယ်ဖို့အတွက် သူတို့ရဲ့စွမ်းရည်တခု အဖြစ် ထုတ်ပြတဲ့ အံ့အားသင့်ဖွယ်ဒီဇိုင်းများကြောင့် ဒီဇိုင်းဖန်တီးသူများရဲ့  နှစ်သက်မှုခံရကြပါတယ်။ တကယ်လို့များ လူကျဆုံးခြင်းမတိုင်ခင်က အကြမ်းဖက်ခြိမ်းခြောက်ခြင်း (ဒါမှမဟုတ်) သေဆုံးခြင်းတွေ မရှိခဲ့ဘူးဆိုရင် ဒီလိုသတ္တဝါ လေးဟာ ဘာကြောင့်မိမိကိုယ်ကို ကာကွယ်ဖို့လိုအပ်လိမ့်မလဲ? ဖြူကောင် တကောင်မှာ ဖြူဆူးတွေမပါရှိခဲ့လေ သလား? အနံ့ဆိုးထုတ်တတ်တဲ့ ဖျံ (ရန်သူနှင့်တွေ့သည့်အခါ လွတ်မြောက်ရန် အနံ့ဆိုးထုတ်လွှတ်တတ်သည့် ဖျံ) မှာ ထုတ်လွှတ်စရာအနံ့ဆိုးမရှိခဲ့ဘူးလား? ဆူးတွေ၊အခွံမာတွေရှိတဲ့ ပင်လယ်နေသတ္တဝါမှာ ကျောရိုးကဆူးတွေ မရှိခဲ့ဘူး လား? မြွေတွေမှာ အဆိပ်နဲ့ အစွယ်တွေ မရှိခဲ့ဘူးလား? စတဲ့ သဘာဝ ကြောင်းကျိုးအဓိပ္ပာယ်နဲ့ လုံးဝကိုဆန့်ကျင်တဲ့ ပြောစရာတွေ တပုံတပင်ကျန်နေပါသေးတယ်။ ဒီသတ္တဝါတွေအစပြုရှင်သန်ခဲ့တဲ့ ကမ္ဘာဟာ ခြိမ်း‌ခြောက်မှု (သို့) အန္တရာယ်သာမရှိတဲ့ကမ္ဘာတခုသာဖြစ်ခဲ့မယ်ဆိုရင် သူတို့ရဲ့ ဖန်တီးခံထားမှုလက်ရာတွေဟာ ဘာအဓိပ္ပာယ်မှမရှိပါဘူး။ 

ခုခံအားစနစ်


ပြည်စုံတဲ့သုခဘုံအယူအဆအရ၊ တိရိစ္ဆာန်တွေမှာ ခန္ဓာကိုယ်ခုခံအားစနစ် လိုအပ်ခဲ့လိမ့်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆို တော့ သူတို့ကိုဒုက္ခပေးမယ့်ဟာ တခုမှ မရှိတာကြောင့်ပါ။ သက်ရှိအားလုံးဟာ ရောဂါဝေဒနာကြောင့် သေဆုံးရခြင်း ဆိုတဲ့ စိုးရိမ်မှုတခုမှ ရှိခဲ့မှာမဟုတ်ပါဘူး။ သို့သော်လည်း ထိုကဲ့သို့ စနစ်တွေဟာ လွန်စွာမှမြင့်မားရှုတ်ထွေးပြီး သက်ရှိသတ္တဝါတိုင်းရဲ့ ကိုယ်ခန္ဓာမှာပေါင်းစပ်ဖြစ်တည်လျက်ရှိတဲ့အရာတွေဖြစ်ပါတယ်။ သူတို့တွေဟာ သီးခြား ဇီဝ ကမ္မဗေဒအပေါ်မှီခိုပြီး နည်းလမ်းပေါင်းစုံဖြင့် ခန္ဓာကိုယ်ရဲ့ စွမ်းအင်အရင်းအမြစ်တွေကို အသုံးပြုပါတယ်။ ထိုစနစ် တွေဟာ လူရဲ့ကျဆုံးခြင်းပြီးမှ ဗြုန်းဆိုရုတ်တရက် ပေါ်လာတာပါလား?

ခက်ခဲကြမ်းတမ်းလွန်းသော ရှင်သန်ရာဝန်းကျင်

 

သက်ရှိအမျိုးအစားအားလုံးဟာ သူတို့နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့  အထူးပင်လိုက်လျောညီထွေဖြစ်သွားတယ်ဆိုတဲ့ ဥပမာ အများအပြားရှိပါတယ်။ ဒါတင်မကဘဲ အဲလိုဖြစ်ခြင်းဟာ သူတို့နေထိုင်ရာများရဲ့ အစာကွင်းဆက်ကိုထောက် ပံ့ပေးနိုင်ဖို့အတွက် ထူးခြားစွာပုံဖော်ထားတဲ့ ပိုကြီးတဲ့ဂေဟစနစ်တွေရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ ခြိမ်းခြောက်မှုကင်းတဲ့၊ ပြည့်စုံတဲ့သုခဘုံမှာဆိုရင်  ဒီအကြောင်းအရာဟာ လုံးဝကိုအဓိပ္ပာယ်မရှိပါဘူး။ ကမ္ဘာဂြိုဟ် ကြီးတခုလုံးဟာ အလွန်ကြီးမားပြီး ပြည့်စုံတဲ့ ဂေဟစနစ်တခုဖြစ်ခဲ့မယ်ဆိုရင် ဘယ်သတ္တဝါမှ သူတို့မွေးရာမြေ ပတ်ဝန်းကျင်မှာအသက်ရှင်ဖို့အတွက် မတူညီစွာပြင်ဆင်ထားဖို့မလိုအပ်ပါဘူး။

အခက်တွေ့စေတဲ့ သက်ရောက်မှုများ


ပိုများတဲ့ဥပမာတွေ ရှိပါသေးတယ်။ အဲဒါတွေအားလုံးဟာလည်း ပြီးပြည့်စုံတဲ့သုခဘုံအယူအဆအတွက် ကြီးမားတဲ့ အပြစ်အနာအဆာတွေပါပဲ။ ဒါပေမယ့် ကျွန်တော်တို့သဘာဝတရားကိုလေ့လာပြီး သိရှိလာတဲ့အရာတွေထက်  ထိုအယူအဆကိုပိုအခက်တွေ့စေတဲ့ စဥ်းစားပုံရှုထောင့်တခု ရှိပါသေးတယ်။ “ပြီးပြည့်စုံတဲ့သုခဘုံ” အယူအဆက ဘုရားဟာ လူသားတွေနှစ်သက်ပျော်မွေ့စေဖို့ ပြည့်စုံတဲ့ကမ္ဘာတခုလို့ထင်ခဲ့တဲ့အရာကို ဖန်ဆင်းခဲ့တယ်လို့ ဖော်ညွန်းပါ တယ်။ သူ (ဘုရား) က လူသားမျိုးနွယ်ကို ထိုကမ္ဘာမှာ နာကျင်မှုဝေဒနာကင်းစွာ ထာဝရနေထိုင်စေဖို့ ကြံရွယ်ခဲ့ ပါတယ်။  ဒါပေမယ့် ကျွန်တော်တို့လူသားတွေက သူ ဖန်ဆင်းခဲ့တဲ့ ပြီးပြည့်စုံတဲ့ကမ္ဘာကို ဖျက်ဆီးပစ်ခဲ့ကြတယ်။ ပိုဆိုးတာက ဒီလိုဖြစ်လာမယ်ဆိုတာကို ဘုရားကကြိုမသိခဲ့တာပဲ။ အငိုက်မိသွားတဲ့သဘောပေါ့။ ပြီးတော့မှ လူသား မျိုးနွယ်က ဘုရားကို အံ့အားသင့်စရာ မထင်မှတ်တဲ့အရာတွေနဲ့ထားခဲ့တဲ့အခါကျမှ ဘုရားက မလုပ်မဖြစ်ထလုပ်ခဲ့ ရသလိုမျိုးပေါ့။ ဒီလိုနဲ့ ဘုရားက သူအလိုရှိခဲ့တဲ့ ဖန်ဆင်းခြင်းမျိုးပြန်ရရှိနိုင်ဖို့ “ရွေးနှုတ်ခြင်း” အစီအစဥ်အသစ်တခု ကို ပြန်ပြီး အကောင်အထည်ဖော်ခဲ့ရပါတယ်။ လူသားရဲ့ အပြစ်ဟာ ဖန်ဆင်းခြင်းအတွက်ဘုရားရဲ့ ရည်ရွယ်ချက် အကြံအစည်တော်ကိုထားဆီးနိုင်ခဲ့ပြီး ဘုရားကို နောက်အစားထိုးအစီအစဥ်တခု ထပ်ပြီးလုပ်စေခဲ့တယ်ပေါ့။ တကယ်ကြီးလား? 

ပိုကောင်းစွာနားလည်သဘော‌ပေါက်ခြင်း


ဒါတွေအားလုံးကိုနားလည်သဘောပေါက်ဖို့ ပိုကောင်းတဲ့ နည်းလမ်းတခုရှိပါတယ်။ Mark Whorton ကတော့အဲဒါ ကို “ပြီးပြည့်စုံတဲ့အကြံအစည်တော်အယူအဆ” လို့ခေါ်ပါတယ်။ ဒီအယူအဆမှာ၊ ဧဒင်ဥယျာဥ်ဟာတမူထူးခြားပြီး၊ ကာကွယ်မှုအောက်မှာရှိတဲ့နေရာတခု ဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်စောင့်‌ရှောက်မှုအောက်မှာ ရှိတယ်လို့ ပြောနေခြင်းက ကာကွယ်စောင့်ရှောက်မှုလိုအပ်နေတဲ့ တစုံတခုလည်း ရှိနေခဲ့တယ်ဆိုတာပဲဖြစ်ပါတယ်။ ဥယျာဥ်ထဲ မှာ သေဆုံးခြင်းမရှိခြင်းဟာ ၎င်းကိုထူးခြားစေတာဖြစ်တယ်။ ဥယျာဥ်ပြင်ပက ကမ္ဘာဟာအန္တရာယ်ရှိတဲ့နေရာ ဖြစ်ခဲ့ပါ တယ်။ ဒါပေမယ့်အဲဒါဟာ ဘုရားရဲ့အဆုံးစွန်သောအကြံအစည်တော်ပြည့်စုံဖို့အတွက် အတိအကျ လိုအပ်တဲ့ပုံစံ အတိုင်းဖန်တီးခံ ထားခဲ့တာပဲဖြစ်ပါတယ်။  ဤအယူအဆမှာ ယနေ့ သဘာဝလောကထဲမှာ ကျွန်တော်တို့မြင်တွေ့ရတဲ့ အဖက်ဖက်မှ အံ့အားသင့်ဖွယ်ကောင်းတဲ့ဖန်တီးမှုဟာ ဘုရားရဲ့  အရန်အစီအစဥ်တချို့အတိုင်း တုန့်ပြန်ခဲ့ခြင်းရဲ့ ရလဒ်မဟုတ်ပါဘူး။ ကျွန်တော်တို့လုပ်ခဲ့မိတဲ့ အမှားကြောင့် ဘုရားကသူ့ရဲ့ မူလ ဖန်ဆင်းခြင်းကို လုံးဝပြောင်းလဲပစ်ဖို့ မလိုအပ်ခဲ့ပါဘူး။ သူ့ရဲ့ ပြည့်စုံတဲ့ “သဗ္ဗညုတဉာဏ် ” အားဖြင့် ကမ္ဘာလောကကြီးကို ဒီလိုပုံစံမျိုး အတိုင်းဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အချိန်ကျလာတဲ့အခါ သူရဲ့အကြံအစည်တော်ကိုပြည့်စုံစေဖို့ ဒီဖန်ဆင်းခြင်းကိုသူဘယ်လို အသုံးချရ မလဲဆိုတာ တိကျစွာသိတော်မူခဲ့ပြီးဖြစ်ပါတယ်။ “ပြီးပြည့်စုံတဲ့သုခဘုံ”အယူအဆက မကောင်းမှုနဲ့ဒုက္ခဆင်းရဲဟာ ဘုရားသခင်ရဲ့ ရည်ရွယ်ချက်တွေကို တားဆီးတယ်လို့ အခိုင်အမာပြောနေပေမယ့်  ပြီးပြည့်စုံတဲ့အကြံအစည်တော် အယူအဆကတော့ သူတို့ဟာလည်း ဘုရားရဲ့ အကြံအစည်တော်တခုအနေနဲ့ ရှိနေတယ်ဆိုတာ အသိအမှတ်ပြုထား ပါတယ်။ တကယ်လို့များ ဧဒင်ဥယျာဥ်ဟာ ဘုရားရဲ့မူလကြံရွယ်ချက်အတိုင်း ပြည့်စုံတဲ့နေရာတခု ဖြစ်ခဲ့မယ်ဆိုရင် ရွေးနှုတ်ကယ်တင်ရှင် တပါး ကို လိုအပ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့လည်း ထင်သလိုဖြစ်မလာခဲ့တဲ့အတွက် “ပြီးပြည့်စုံ တဲ့ အကြံအစည်တော်အယူအဆ”ကသာ အမှန်တရားနဲ့ပိုမို ကိုက်ညီတဲ့ အယူအဆဖြစ်ပါတယ်။ 

ပြည့်ဝစုံလင်​​​သောဘုရား အကြံအစည်ပုံစံ​တော်


ဘာကြောင့်ဆိုတာ ကျွန်တော်တို့မသိပေမယ့်  မကောင်းမှု” ဟာ “ဤကမ္ဘာလောကကြီးအား ဖန်ဆင်းခြင်း” ရှေ့ကတည်းက တည်ရှိခဲ့ပြီးဖြစ်ပါ တယ်။ လူစီဖာနဲ့ သူရဲ့နောက်လိုက်တွေဟာ အဲဒီအပိုင်းအားလုံးရဲ့ လက်သည်တွေပဲဖြစ်ပါတယ်။ ဘုရားရဲ့ ကမ္ဘာကိုဖန်ဆင်းခဲ့ခြင်းရည်ရွယ်ချက်ဟာ ထိုမကောင်းမှုကို ထာဝရအနိုင်ယူဖို့ဖြစ်ပါတယ်။ မကောင်းမှုနဲ့ ဒုက္ခဆင်းရဲ ခြင်းဟာ ဖန်ဆင်းခြင်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် ဘုရားက ထိုအရာတွေကို ထာဝရကာလနဲ့ယှဥ် ပြီး ယခုတခဏတာဘဝမှာ ရှိနေဖို့ ခွင့်ပြုထားခဲ့ပါတယ်။ သူတို့ဟာ ဘုရားကသူ့ရဲ့ ထာဝရအကြံအစည်တော် ပြည့်စုံ ဖို့အတွက် အသုံးပြုစရာအပိုင်းတခုသာ ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ သမ္မာကျမ်းစာထဲက ယောဘ၊ မောရှေ၊ ဖာရော၊ အာဗြံဟံ၊ ဣ​ဇာက်​၊ ယာကုပ်၊ အစ္စရေးနိုင်ငံ၊ တမန်တော်ရှင်ပေါလု၊ အပါအဝင် သခင်ယေရှု ရဲ့  အသက်တာတွေမှာ ဒုက္ခဆင်းရဲကို ဘုရားသခင်ရဲ့ ထာဝရအကြံအစည်တော်ပြည့်စုံဖို့အတွက် ဘယ်လိုမျိုး အသုံး ပြုခဲ့သလဲ ဆိုတာတွေ့နိုင်ပါတယ်။ 

ပြီးပြည့်စုံတဲ့ အကြံအစည်တော်အယူအဆ” အရ ဘုရားကသူ့ရဲ့ ဖန်ဆင်းခြင်းအမှုကို “အလွန်ကောင်းသည်” ဟု သတ်မှတ်ခြင်းဟာ သူ့ရဲ့ထာဝရအကြံအစည်တော်ရဲ့ ရည်ရွယ်ချက်နဲ့ သွားမယ့်လမ်းကြောင်းနဲ့ပတ်သက်တဲ့ တန်ဖိုးရှိလှတဲ့ သတ်မှတ်ချက်တခုဖြစ်ပါတယ်။ ဒီလိုမျိုးအမြင်အရ “အလွန်ကောင်းသည်” ဟု ဆိုခြင်းသည်ဘုရားက မိမိ ရည်ရွယ်ချက် အတွက် ပြီးပြည့်စုံစွာကိုက်ညီမှုရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ဒါဟာ ကျမ်းစကားနဲ့ယှဥ် ကြည့်မယ်ဆိုရင် ပိုလို့တောင်အဓိပ္ပာယ်ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်လောကကြီးမှာ တွေ့မြင် နေရတာတွေနဲ့လည်း သဟဇာတဖြစ်ပါတယ်။ ခရီးအဆုံးရဲ့ပန်းတိုင်ဟာ ကျွန်တော်တို့ရဲ့ လက်ရှိဘဝကို နှစ်သက် ပျော်မွေ့ နိုင်စွမ်းထက်သာ၍ ကောင်းမွန် မြင့်မြတ်ပါတယ်။ သူ (ဘုရား)ဟာ သူ့  ပုံသဏ္ဍာန်ဆောင်ယူထားတဲ့ လူသား ကျွန်တော်တို့တတွေ “အမှောင်နဲ့ မကောင်းမှု”ကို မုန်းသင့်သလောက်မုန်းတတ်အောင် ထိုအရာတွေကို တွေ့ကြုံခံစား နိုင်ဖို့ ဒီလိုမျိုးကမ္ဘာကိုဖန်တီးထားခဲ့တာပဲဖြစ်ပါတယ်။ ဒီအမှောင်နဲ့ မကောင်းမှုတွေကို သူ (ဘုရား) ရွံရှာမုန်းတီး သလောက် ကျွန်တော်တို့တွေလဲ မုန်းတီးအောင်ပေါ့။ 

လွတ်လပ်တဲ့စိတ်ဆန္ဒပိုင်ဆိုင်တဲ့ လူသားတွေအနေနဲ့ ကျွန်တော်တို့ရဲ့ရည်မှန်းချက်၊ ကျွန်တော်တို့လက်ခံဖို့ဆုံးဖြတ် သင့်တဲ့အရာ၊ ထိုအရာကတော့ “မကောင်းမှု”ကိုငြင်းပယ်တဲ့ ရွေးချယ်မှုပဲဖြစ်ပါတယ်။ အဲဒီကနေမှ မကောင်းမှုရဲ့ စွမ်းအားကို ချည့်နဲ့စေကာ ဘုရားနဲ့ဆက်နွယ်ခြင်းဖြင့် မကောင်းမှုကို အပြီးတိုင် အနိုင်ယူဖို့ဖြစ်ပါတယ်။ ပြီးတော့မှ သူ့ရဲ့     မကောင်းမှုထက် ဘုရားကို ‌ရွေးချယ်လိုက်တဲ့ “အသင်းတော်” က ဘုရားနဲ့ အတူ ထာဝရကာလအထိ ကုန်ဆုံး ဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးအတွက် အရာအားလုံးရဲ့ တကယ့်ရည်ရွယ်ချက်ကတော့ ထိုဘုရားသခင်ရဲ့ ဘုန်းတော်ကိုထာဝရ ချီးမြောက်ဖို့ပဲဖြစ်ပါတယ်။ ဟာလေလုယာ။

ကျွန်ုပ်တို့၏အန္တိမရည်ရွယ်ချက်


ရွေးနှုတ်ခြင်းဆိုတဲ့ ဘုရားရဲ့ အကြံအစည်တော်ဟာ “ဒုတိယ အစီအစဥ်” မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ မခန့်မှန်း နိုင်တဲ့ ပုန်ကန်မှုတခုအပေါ် တုန့်ပြန်ခဲ့တဲ့ အမှုလည်း မဟုတ်ပါဘူး။ ဒါဟာ အစအဦးကတည်းက ဘုရားရဲ့ ပြည့်စုံတဲ့ ရည်ရွယ် ချက် အတွက်ထားရှိထားတဲ့ အစီအစဥ်သာဖြစ်ပါတယ်။ ဒုက္ခဆင်းရဲနဲ့ မကောင်းမှုဟာ ဒီမှာ ခဏသာရှိမှာ ဖြစ်ပါတယ်။ သူတို့ဟာ ဘုရားရဲ့ ထာဝရအကြံအစည်တော်ပြည့်စုံဖို့အတွက် ကျွန်တော်တို့ကိုဦးဆောင်ခေါ်သွားပေးနေတာပဲဖြစ်တယ်။ ထိုအကြံအစည်တော်ဟာ မပြည့်စုံတဲ့ ကျွန်တော်တို့အတွက် ပြီးပြည့်စုံတဲ့ ကမ္ဘာတခုဖန်ဆင်းခဲ့ဖို့မဟုတ်ပါဘူး။ ထိုအကြံအစည်တော်က ထာဝရဘုရားနဲ့အတူ ထာဝရကာလမှာအတူရှိနေဖို့အတွက်ထိုက်တန်အောင် ကျွန်တော်တို့ကို ပြည့်စုံစေဖို့ ပဲဖြစ်ပါတော့တယ်။ 

မူလမေးခွန်းကို ဖြေရမယ်ဆိုရင်ဖြင့် ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းဟာ တကယ်ပဲ ပြီးပြည့်စုံပါတယ်။ ဒါပေမဲ့ သူပြည့်စုံတယ် ဆိုတာဟာ ကျွန်တော်တို့အများစု ယုံကြည်စေခြင်းခံခဲ့ရသလိုမျိုး ပြည့်စုံတယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ ၎င်းက ပြည့်စုံတယ်ဆိုတာဟာ ကျွန်တော်တို့ကို  ကောင်းကင်သစ်နဲ့ မြေကြီးသစ်ရဲ့ ဘုန်းအသရေအတွက် ပြင်ဆင်ဖို့ရန် တည်ဆောက်ပေးလို့ပဲဖြစ်ပါတယ်။ ဒါဟာ ပြီးပြည့်စုံတဲ့ အဆုံးသတ်ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ဘုရားသခင် ကိုယ်တော် အမြဲတမ်းအလိုရှိတော်မူခဲ့တဲ့အရာပဲဖြစ်ပါတယ်။ 

ကိုးကား