ရှင်ပေါလုသည် တိမောသေအား နှုတ်ကပတ်တရားတော်အတွက် အချိန်ရှိသည်ဖြစ်စေ အချိန်မရှိသည်ဖြစ်စေ “all the time” ကြိုးစားအားထုတ်ရန်၊ အပြစ်ဖော်ပြခြင်း၊ ဆုံးမဩဝါဒပေးခြင်း၊ “teaching the doctrine” သင်ကြားခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ နှိုးဆော်ခြင်းများကိုလည်း ရှည်သောစိတ်နှင့် လုပ်ဆောင်ရန် တာဝန်ပေးအပ်ခြင်း၏ အဓိကအချက်မှာ လာမည့်အချိန်ကာလတွင် လူအများတို့၏ အယူဖောက်ပြန်ခြင်းများလည်း ရှိလာမည်ဖြစ်သောကြောင့် တိမောသေ၏ ကြုံတွေ့ရင်ဆိုင်ရနိုင်သော အခြေအနေကို သတိထားရန် ကြိုတင်မှာကြားခြင်းဟုလည်း ဆို၍ရနိုင်ပေသည်။
ထိုကာလ၌ လူတို့သည် စစ်မှန် စင်ကြယ်သော ဩဝါဒများဖြစ်သည့် “sound doctrine” ကို နားမခံနိုင်ဖြစ်ကြလိမ့်မည် သို့တည်းမဟုတ် မိမိတို့၏ တပ်မက်ခြင်းကြောင့် အပြစ်ဖော်ပြခြင်း၊ ဆိုဆုံးမခြင်းများနှင့် စစ်မှန်စစ်ကြယ်သည့် ဩဝါဒများကို လက်မခံနိုင်ဘဲ မိမိကြားချင်ရာ နားဝင်ချိုသည့် တရားဒေသနာများကိုသာ ကြားချင်ကြမည် ဖြစ်သကဲ့သို့ ယားတတ်သောနားများလည်း ရှိကြသောကြောင့် လောကီရေးရာ တပ်မက်မှုအပေါ်၌ အခြေပြုသည့် “Prosperity Gospel” ကျန်းမာချမ်းသာဒေသနာဆရာများနှင့် အခြားများပြားသည့် ဆရာများနောက်သို့ လိုက်ကြလိမ့်မည်ဟု ဆိုရပေအံ့ …
ထို့ကြောင့် ရှင်ပေါလုသည် သူ၏ သားတပည့်ဖြစ်သူအား နောက်ဆုံးအနေနှင့် အရေးအကြီးဆုံးလည်းဖြစ်သည့် အချက်လေးချက်ကို ထပ်မံ မှာကြားခဲ့ပေသည်။
Watchful
အယူလွဲမှား ဖောက်ပြန်သူများရှိကြမည်ဖြစ်သဖြင့် အရာရာ၌ သမ္မာသတိရှိပါ … တနည်းအားဖြင့် သိုးထိန်းဖြစ်သည့်အလျှောက် “keep your eyes open” … စစ်မှန်သည့် သိုးထိန်းသည် မိမိ၏သိုးတို့ကို ပစ်မထားဘဲ အမြဲတမ်း ဘေးအမျိုးမျိုးမှ ကွယ်ကာရန် စောင့်ကြည့်ပေးတတ်သည် မဟုတ်ပါလား။ ထိုနည်းတူ အမျိုးမျိုးသော ဩဝါဒ လေများကြောင့် ယိုင်နဲ့ကာ လဲပြိုမကျစေရန် “watchful in all thing” ဟုဆိုနေခြင်းပင် …
Endure
ဆင်းရဲဒုက္ခများကိုလည်း သည်းခံပါဟုဆိုနေခြင်းသည် သိုးထိန်းဖြစ်သူ၊ သင်းအုပ်တစ်ပါး၊ ဓမ္မဆရာတစ်ယောက်၊ ဘုရားသခင်၏ အစေခံ နောက်တနည်းဆိုရလျှင် ယုံကြည်သူ ခရစ်ယာန်တစ်ဦးသည် အောင်မြင် ကြီးပွား၊ ကျန်းမာ ချမ်းသာ၊ ပြောသမျှဖြစ် လုပ်သမျှအဆင်ပြေ၊ လက်ညှိုးညွှန်ရာ ရွှေဖြစ် တိုက်ဆောက် ကားစီး လေယာဥ်ပျံပိုင်ဆိုင်မည် မဟုတ်သဖြင့် “endure afflictions” ဆင်းရဲဒုက္ခများကိုလည်း သည်းခံပါလော့ တိမောသေ ဟု သတိပေးနေခြင်းလည်း ဖြစ်သကဲ့သို့ (အခန်းကြီး ၃) တွင် တွေ့ရသော ရှင်ပေါလုကိုယ်တိုင်ပင်လျှင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ဆင်းရဲဒုက္ခများနှင့် သက်သေခံချက်ကို သတိရစေရန်လည်း ဖြစ်ပေလိမ့်မည်။ တနည်းဆိုရလျှင် ခရစ်ယာန်တစ်ဦးသည် ဆင်းရဲဒုက္ခကြုံတွေ့နိုင်သဖြင့် ထိုအရာများကို သည်းခံပါ၊ ထိုအရာများသည် ဘုရားနှင့် မမှန်သဖြင့်၊ ဘုရားသား မဟုတ်သောကြောင့် ထိုဆင်းရဲဒုက္ခများကို ရင်ဆိုင်ကြုံတွေ့ရခြင်းမျိုး မဟုတ်သည်မှာတော့ ရှင်ပေါလုကိုယ်တိုင်နှင့် နောက်ကိုကြုံတွေ့နိုင်ဖွယ်ရှိသော တိမောသေကိုယ်တိုင်ပင် …
တိမောသေဩဝါဒစာ ဒုတိယစောင် ၃:၁၁
ထိုသို့သော အမှုတို့ကို ငါတွေ့ရသော် လည်း၊ တွေ့သမျှဘို့မှ သခင်ဘုရားသည် ငါ့ကိုကယ်နှုတ်တော်မူပြီ။
Evangelist
“သာသနာပြုဆရာ ဆောင်ရွက်ရသော အမှုကို ဆောင်ရွက်လော့” ဆိုသည်မှာ ကယ်တင်ခြင်းတရား၊ ဧဝံဂေလိတရားဟောပြောဝေငှရန်လည်း ဖြစ်ပေသည်။ “NKJV” တွင် “do the work of an evangelist” ဟုတွေ့ရသည်။ ကျွန်ုပ်တို့သည် ဤအရာအား ကရုတစိုက် စဥ်းစားကြည့်မည်ဆိုလျှင် တိမောသေမှာ ရှင်ပေါလုကဲ့သို့ ဧဝံဂေလိဆရာတစ်ဦး မဖြစ်နိုင်သော်လည်း သို့တည်းမဟုတ် ထပ်တူကျသည့် ဆုကျေးဇူးမရှိနိုင်သော်လည်း သင်းအုပ်ဆရာ၊ ဓမ္မဆရာ၊ ယေရှုခရစ်၏ အစေခံဖြစ်သည့် အမှုတော်ဆောင်တစ်ဦး၊ ယုံကြည်သူ ခရစ်ယာန်တစ်ယောက်သည် ဧဝံဂေလိတရားအတွက် လုပ်ဆောင်ရမည် ပါဝင်ရမည်ပင် … တနည်းအားဖြင့် ဆုကျေးဇူးများသည် ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦး မတူညီကြသော်လည်း ဧဝံဂေလိတရားအတွက် (ငွေအား၊ လူအား၊ ဆုကျေးဇူးအသီးအသီးအလိုက်၊ ရှေ့တန်း နောက်တန်းမှပင် ဖြစ်စေ) ပါဝင်ကြရမည် လုပ်ဆောင်ကြရပေလိမ့်မည်မဟုတ်ပါလား …
Fulfill
“ပြုရမည့်ဝတ်များကို အကုန်အစင်ပြုလော့” “fulfill your ministry” ဟူသည်မှာ နောက်ဆုံးအချက်ဖြစ်သည်။ သူ၏ အသင်းတော်၊ သာသနာအတွက် လုပ်ဆောင်ရမည့်အရာများကို အကုန်အစင်ပြုရန်လည်း ဖြစ်ချေမည် အဘယ့်ကြောင့်ဆိုသော် သာသနာပြုခြင်းသည် လွယ်ကူချောမွေ့နေမည် မဟုတ်သကဲ့သို့ များစွာသော နှောက်ယှက်ဖျက်ဆီးခြင်းလည်း ရှိနေတတ်သဖြင့် နောက်ဆုတ်ချင်၊ လက်လျှော့ချင်၊ အရှုံးပေးကာ ထွက်ပြေးသွားချင် လောက်အောင်ပင် ဖြစ်စေတတ်သဖြင့် တိမောသေအား လက်မလျှော့မိစေရန် သတိပေးကာ တိုက်တွန်းခွန်အားပေးသည့်စကားပင် … ခက်ခဲသည့်အချိန်ဖြစ်စေ၊ နာကျင်ရသည့်ကာလအတွင်းမှာပင်လျှင် ပြုရမည့်ဝတ်များကို အကုန်အစင်သာပြုပါ “fulfill your ministry” ဟုဆိုကာ သတိပေးနေခြင်းလည်း ဖြစ်ချေဦးလိမ့်မည်။
တိမောသေဩဝါဒစာ ဒုတိယစောင် ၄:၅
သင်မူကား၊ အရာရာ၌ သမ္မာသတိရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြုဆရာ ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်လော့။ ဓမ္မဆရာအရာ၌ ခန့်ထား၍ ပြုရသောဝတ်များကို အကုန်အစင်ပြုလော့။
ကျွန်ုပ်တို့ယုံကြည်သူများသည်လည်း “watchful in all thing” မှားယွင်းသော ဩဝါဒများကို သတိထားရမည်၊ ယားတတ်သောနား မဖြစ်စေရန် သတိပြုရမည်သာမကသေးဘဲ ယုံကြည်သူမှန်လျှင် ဘုရားသားဖြစ်လျှင် အောင်မြင် ကြီးပွား ကျန်းမာ ချမ်းသာရမည်ဟု ဆိုတတ်ကြသလိုမဟုတ်ဘဲ “endure afflictions” ဆင်းရဲဒုက္ခများကို ရင်ဆိုင်ကြုံတွေ့ကြရမည် ထိုအခြေအနေတွင်လည်း သည်းခံရမည် … ဤသည်မှာ စစ်မှန်သော ဘုရားသား၊ စစ်မှန်သော ယုံကြည်သူပင် …
ထိုသို့သော စစ်မှန်သော ယုံကြည်သူ၊ အစေခံ၊ အမှုတော်ဆောင်သည် “do the work of an evangelist” ဧဝံဂေလိသတင်းကောင်းအတွက် ဆုကျေးဇူးများအလိုက် ရှေ့တန်း၊ နောက်တန်းမှပင်ဖြစ်စေ၊ ငွေအား လူအား စသဖြင့် ပါဝင်လုပ်ဆောင်ကြရမည်။ ဤသို့ သာသနာပြုခြင်း၊ အသင်းတော်၌ အစေခံခြင်းများသည် ခက်ခဲပင်ပန်းသော်လည်း ထိုအရာများကြောင့် ဆင်းရဲဒုက္ခခံရသော်လည်း ဆင်ရဲဒုက္ခများကို သည်းခံကာ “fulfill your ministry” ပြုရမည့်ဝတ်များကိုသာ အကုန်အစင်ပြုကြရင်း ဆုကျေးဇူးအလိုက် ဧဝံဂေလိတရားအတွက်လည်း ဆက်လက်၍ အစေခံကြပါစို့ …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။
