Skip to content

ဖန်ဆင်းရှင်ထာဝရဘုရားကိုသက်ဝင်ယုံကြည်သူ၊ သားတော် သခင်ခရစ်တော် ယေရှုဘုရား ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်လက်ခံယုံကြည်သူ၊ သမ္မာတရားကို အကြွင်းမဲ့ သွန်သင်ပေးတဲ့ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ ကိန်းဝပ်တော်မူခြင်းခံရတဲ့ ယုံကြည်သူ ဘုရားသားသမီး တယောက်ဟာ မိမိဆက်လက် အသက်ရှင်ရမယ့် အသက်တာမှာ ဘုရားရဲ့ အတူရှိခြင်း (တနည်း) မျက်မှောက်တော်ဟာ အလွန်အ‌ရေးကြီးပါတယ်။ အရင်ဆုံး ဘုရားရဲ့အတူရှိခြင်း (မျက်မှောက်တော်) ကို မပြောခင် ဘုရားရဲ့  “နေရာတိုင်း၌ရှိ တော်မူခြင်း” ဆိုတဲ့ ကိုယ်တော်ရဲ့  အဖြစ်တော် ဂုဏ်ရည်များထဲမှ တခုကို ပြောလိုပါတယ်။ “နေရာတိုင်း၌ရှိခြင်း” omnipresence ဟာ ဘုရားဖြစ်ခြင်းရဲ့ ဂုဏ်အင်္ဂါတခု ဖြစ်ပြီး ၎င်းအဓိပ္ပါယ်မှ “ရှိခြင်း” ဆိုသည်မှာ ဘုရားက တစုံတခု (သို့) တစုံတယောက် နှင့်အတူရှိနေခြင်း ဆိုလိုသည်ထက် ကိုယ်တော်၏ အဖြစ်တော်ကိုယ်၌က အချိန်၊ နေရာ၊ ဒြပ်ထု၏ ကန့်သတ်မှုဘောင်၌ မရှိနေခြင်း (တနည်း) အချိန် နေရာ ဒြပ်ထု အကန့်အသတ်မဲ့စွာ ရှိနေခြင်းကို ဆိုလိုပါတယ်။ အခုဝေမျှချင်တဲ့ အကြောင်းကတော့ တန်ခိုးတော်အနန္တနှင့်ပြည့်စုံတဲ့ ထိုဘုရားနဲ့ သူဖန်ဆင်းထားတဲ့ ဖန်ဆင်းခံလူသားတို့အကြား ရင်းနှီးကျွမ်းဝင်မှု တခုအပေါ်အခြေခံပြီးမှ  “အတူရှိတော်မူခြင်း” အကြောင်းအား ဖော်ပြလိုခြင်းဖြစ်ပါတယ်။

သမ္မာကျမ်းစာရဲ့ အစပိုင်း “ဖန်ဆင်းခြင်း” အကြောင်းအရာဟာ အခြားသောအရာများအား ဖန်ဆင်းခြင်းထက် ဘုရားသခင်က မိမိ၏သဏ္ဍာန်တော်နဲ့တူညီစွာ ဖန်ဆင်းသော “လူသား” ရဲ့ အကြောင်းကို အလေးပေး ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဖန်ဆင်းအပ်သော အခြားအရာအားလုံးကို အဆင်သင့် ဖန်ဆင်းပြီးမှသာ “လူသား”အား ဖန်ဆင်းတော်မူ ခဲ့တာမို့လို့  လူသားကို အခြားသောဖန်ဆင်းခံအရာများထက် တန်ဖိုးထားခြင်းကို ကျွန်တော်တို့ တွေ့ရပါတယ်။ ထိုမျှမက ဖန်ဆင်းရှင်ဟာ ကိုယ်တော်ရဲ့လွတ်လပ်တဲ့ စိတ်သဘောတော်အတိုင်း အရာခပ်သိမ်းကို ဖန်ဆင်းတော်မူခဲ့သလို ၎င်းကဲ့သို့ သဏ္ဍာန်တူတဲ့ လွတ်လပ်စွာရွေးချယ် ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ စိတ်နဲ့ လူသားကို ဖန်ဆင်းခဲ့ကြောင်းကို တွေ့ရပါ တယ်။ ထိုသို့ဖန်ဆင်းတော်မူခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်တော်တိုင်ဟာ အဖြစ်တော် တခုတည်းရှိတဲ့ ပုဂ္ဂိုလ်သုံးပါးရဲ့ ပြီးပြည့်စုံတဲ့ မိဿဟာယနဲ့ ပြည့်နေတဲ့ ချစ်ခြင်းမေတ္တာကို မိမိရဲ့ သဏ္ဍာန် နဲ့အညီဖန်ဆင်းထားတဲ့ လူသားကို ခံစားစေချင်လို့ပဲ ဖြစ်ပါတယ်။ အပြန်အလှန် မိတ်သဟာယဖွဲ့ခြင်းအားဖြင့် စုံလင်သော ဘုရားရဲ့ ချစ်ခြင်းမေတ္တာတော်ကိုဤကမ္ဘာမြေပေါ်မှာ ဖော်ဆောင်ရန်အလို့ငှာ ပြုတော်မူခဲ့ခြင်းဖြစ် ပါတယ်။ ဒါကြောင့် ပထမဦးဆုံး လူသား နှစ်ဦးဖြစ်တဲ့ အာဒံနှင့် ဧဝတို့ဟာ ထာဝရဘုရားရဲ့ အတူရှိ တော်မူခြင်း “မျက်မှောက်တော်” ကို ပထမဦးဆုံး ခံစားရတဲ့သူတွေဖြစ်ပါတယ်။

ကျွန်တော်တို့ တခု သိထားသင့်တာက ထာဝရဘုရားရဲ့ မျက်မှောက်တော်ရှိသည့်အခါတိုင်းမှာ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဟာလည်း အတူတွဲလျက်ရှိနေတယ်ဆိုတာပါပဲ။ ဒီအချက်ဟာ အရေးကြီးပါတယ်။ လွတ်လပ်တဲ့စိတ်ရှိတဲ့ ဖန်ဆင်းခံလူသားဟာ လွတ်လပ်တဲ့စိတ်ရှိတဲ့ ဘုရားလို ပြီးပြည့်စုံခြင်းမရှိသေးပါဘူး။ ဘာလို့လဲဆိုရင် ဖန်ဆင်းခံလူသားသာ မိမိရဲ့လွတ် လပ်တဲ့စိတ်ဆန္ဒနဲ့  ဖန်ဆင်းရှင်ကို (တနည်း) ဖန်ဆင်းရှင်ရဲ့ စကားတော်ကို နာခံ ဝန်ခံ နိုင်တဲ့ စွမ်းရည်ရှိသလို တချိန်တည်းမှာ ငြင်းဆန်ပြီး၊ ဆန့်ကျင်ဖက်ပြုနိုင်တဲ့ စွမ်းရည်လည်း ရှိနေလို့ပဲဖြစ်ပါတယ်။ ထိုအချက်ကြောင့် ဖန်ဆင်းရှင်ထာဝရဘုရားဟာ ကိုယ်ပိုင်စိတ်၊ ဆုံးဖြတ်ချက်မရှိတဲ့ သံပတ်ပေးထားတဲ့ အရုပ်တခုကဲ့သို့  “လူသား”ကို ဖန်ဆင်းထားခြင်း မဟုတ်ဘဲ လွတ်လပ်တဲ့ စိတ်သဘောကနေ ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာ ရင်းနှီးကျွမ်းဝင်မှု အစစ်ကိုသာ လူသားဆီက မျှော်လင့်နေတယ်ဆိုတာ ကျွန်တော်တို့ တွေ့ရပါ တယ်။ ဖန်ဆင်းရှင်ဟာ ဒီအချက်အပေါ်မှာ “ဆုံးရှုံးနိုင်ခြေ” RISK ကို ယူခဲ့ရပါတယ်။ လူသားကိုလည်း မိမိရဲ့ လွတ်လပ်တဲ့ ရွေးချယ်မှုကို လုပ်ဆောင်နိုင်ဖို့အတွက် နှုတ်ကပတ် တော်အားဖြင့်ဖော်ပြလျက် ရွေးချယ်စေခဲ့ပါတယ်။ လူ အာဒံအဖို့ ကိုယ်တော်၏မျက်မှောက်တော်နှင့်အတူ ရှိခဲ့သော နှုတ်ကပတ်တော်ကတော့   “သင်ဟာ ဥယျာဉ်အတွင်း၌ ရှိသမျှသောအသီးတို့ကို စားခွင့်ရှိတယ်၊ ဒါပေမယ့်  “ကောင်း မကောင်း သိကျွမ်းရာ အပင်၏ အသီးကို မစားနှင့်” ဟူ၍ဖြစ်ပါတယ်။ စားသောနေ့မှာ ဧကန် အမှန်သေရမည် ဆိုတဲ့ အကျိုးဆက်ကိုပါ ပြောထားခဲ့ပါတယ်။  ဒါပေမယ့် အာဒံနဲ့ ဧဝတို့ဟာ ရန်သူ၏ လှည့်စားမှုမှတဆင့် မိမိ၏ လွတ်လပ်သောစိတ်နဲ့ ဘုရားရဲ့ နှုတ်ကပတ်တော်ကို ငြင်းဆန်ခဲ့ကာ ပညတ်ထားတဲ့ အသီးကို စားခဲ့ပါတယ်။

လူ လင်မယားနှစ်ယောက်ဟာ ဘုရားရဲ့ ပညတ်ကို မချိုးဖောက်ခင်အထိ မိမိတို့ရဲ့ ဖန်ဆင်းရှင်နဲ့ အတူ (တနည်း) ကိုယ်တော်ရှင်ရဲ့ မျက်မှောက်တော်မှာ မိတ်သဟာယဖွဲ့ပြီး ချစ်ခြင်းမေတ္တာ ကို ခံစားနေခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ပညတ်ချက်ကို ချိုးဖောက်ပြီးတဲ့နောက် (တနည်း) အပြစ်လုပ်ခဲ့ပြီးနောက်မှာ ဘာတွေဖြစ်သွားကြသလဲ? ကြည့်ရအောင်။
သူတို့ဟာ ဘုရားရဲ့ မျက်မှောက်တော်ကို ဆုံးရှုံးလိုက်ရပါသလား? အပြစ်ကို ရွံမုန်းတဲ့ ဘုရားက အပြစ်လုပ်တဲ့ သူတို့နှစ်ယောက်ကို စွန့်ခွာခဲ့ပါသလား? အဲလိုမဟုတ်ပါဘူး၊ ဘုရားရဲ့မျက်မှောက်တော်ဟာ ရှောင်ပြေးပုန်းကွယ်ဖို့ ကြိုးစားနေတဲ့ အပြစ်သားဆီကို ရောက်လာခဲ့ပါတယ်။

ကြောက်ရွံ့ဖွယ်သော မျက်မှောက်တော်  (Fearful Presence)

ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က​လည်း၊ သင်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ လူ​ကို​ခေါ်​တော်​မူ၏။  (ကမ္ဘာဦး ၃ : ၉)

လူ​က​လည်း၊ ဥ​ယျာဉ်၌ ကိုယ်​တော်၏​အ​သံ​ကို ကျွန်​တော်​ကြား​လျှင်၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​သော​ကြောင့်၊ ကြောက်၍ ပုန်း​လျက်​နေ​ပါ​သည်​ဟု လျှောက်​လေ၏ (ကမ္ဘာဦး ၃ : ၁၀)

ဒီနေရာမှာ ပြောင်းလဲသွားတာတခုက အပြစ်တရားဟာ လူသားကို ဘုရားမျက်မှောက်တော် ထဲမှာ ကြောက်ရွံ့တဲ့စိတ်ကို ယူဆောင်လာတာပဲဖြစ်ပါတယ်။ ယခင် အပြစ်မပြုခင်က မျက်မှောက်တော်မှာ ခံစားခဲ့ရတဲ့ ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း မိဿဟာယ တွေအားလုံးနေရာမှာ ရှက်ကြောက်ခြင်း၊ မစုံလင်ခြင်း၊ စီရင်ခြင်းတွေဟာ အစားထိုးဝင်ရောက်လာခဲ့ပါတယ်။ ဒါကြောင့် အာဒံနဲ့ ဧဝ အပြစ်လွန်ကျူးပြီးနောက် ခံစားခဲ့ ရတဲ့ ဘုရားရဲ့ မျက်မှောက်တော်ဟာ အမျက်တော်နဲ့ ပြည့်ဝနေတဲ့ အပြစ်စီရင်ခြင်းကိုသာ ကြောက်ရွံ့စွာမျှော်လင့်ရတဲ့ မျက်မှောက်တော်ပဲဖြစ်ပါတယ်။ သခင်ခရစ်‌တော်ယေရှုဘုရား ရဲ့ ကယ်တင်ခြင်းအမှုတော်မြတ် မပြီးဆုံးခင်အထိ ထာဝရဘုရားရဲ့မျက်မှောက်တော်ဟာ လူသားတွေအတွက် စိုးရိမ်ထိတ်လန့်စရာ၊ ကြောက်လန့်စရာ စီရင်ခြင်းတွေသာ ပြည့်နှက် နေခဲ့ပါတယ်။ ကိုယ်တော် သီးသန့်ရွေးကောက်တဲ့ သူတွေတောင်မှ မျက်မှောက်တော် ရောက်တဲ့အခါ လွန်စွာမှကြောက်ရွံ့တုန်လှုပ်ကြရတယ်ဆိုတာ တွေ့ရပါတယ်။ ဘာကြောင့် အဲလိုဖြစ်ရလဲ ဆိုတာကတော့ လူသားဟာ မိမိရဲ့အပြစ်အတွက် ထိုက်တန်တဲ့ အဖိုးအခ မပေးမချင်း သန့်ရှင်းတဲ့ဘုရားရဲ့ ဖြောင့်မတ်ခြင်းဟာ အပြစ်သား လူသားကို ကိုယ်တော်ရဲ့ မျက်မှောက်တော်ထဲမှာ ဘယ်နည်းနဲ့မှ မျက်နှာသာမပေးဘဲ အမျက်တော်ကိုသာ ပေးနေမှာ ကြောင့်ပဲဖြစ်ပါတယ်။ ဒီလို ပျက်စီးသွားတဲ့ ဖန်ဆင်းရှင်ဘုရားနဲ့ လူသားကြားက မိဿဟာယ တခုကို လူသားဘက်ကနေ ဘယ်နည်းနဲ့မှ ပြန်လည် မတည်ဆောက်နိုင်ပါဘူး။ လူသားဟာ ဒုစရိုက်အပြစ်၌ သေလျက်ရှိနေတာကြောင့် သန့်ရှင်းသော ဘုရားရဲ့ စိတ်တော်နဲ့တွေ့ဖို့ အတွက် သူ့မှာ လုပ်နိုင်မယ့် နည်းလမ်း တခုမျှ မရှိခဲ့ပါဘူး။

စီရင်သော မျက်မှောက်တော်  (Condemning Presence)

သို့​သော်​လည်း က​ရု​ဏာ​တော်​နှင့် ကြွယ်​ဝ​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ချစ်​တော်​မူ​သော မ​ဟာ​မေ​တ္တာ​တော်​အား​ဖြင့်၊- ဒု​စ​ရိုက်​အ​ပြစ်၌​သေ​လျက်​ရှိ​နေ​သော ငါ​တို့​ကို ခ​ရစ်​တော်​နှင့်​အ​တူ အ​သက်​ရှင်​စေ​တော်​မူ​ပြီ။  ဧဖက် ၂ : ၄ – ၅

 တဖက်သတ် ပြုတော်မူတဲ့ကျေးဇူးတော်အားဖြင့် ဘုရားဟာ သူ့ရဲ့ မျက်မှောက်တော်က နေ ပျောက်သွားတဲ့ သူဆီကို ကိုယ်တိုင်ရောက်လာခဲ့ပါတယ်။

ထို​မှ​တစ်​ပါး လူ​သား​သည် ပျောက်​သော​သူ​တို့​ကို ကယ်​တင်​အံ့​သော​ငှာ ကြွ​လာ​သ​တည်း။ အ​ဘယ်​သို့ ထင်​ကြ​သ​နည်း။ သိုး​တစ်​ရာ​ရှိ​သော​သူ၌ သိုး​တစ်​ကောင်​သည် လမ်း​လွဲ၍​ပျောက်​လျှင်၊ ထို​သူ​သည် ကိုး​ဆယ်​ကိုး​ကောင်​သော သိုး​တို့​ကို တောင်​ပေါ်​မှာ​ထား​ခဲ့​ပြီး​မှ၊ လမ်း​လွဲ၍​ပျောက်​သော သိုး​တစ်​ကောင်​ကို သွား၍​ရှာ​တတ်​သည် မ​ဟုတ်​လော။-  မဿဲ ၁၈ : ၁၁ – ၁၂

လူသားရဲ့အပြစ်ကြောင့် အမျက်တော်နဲ့ ပြည့်နေတဲ့ မျက်မှောက်တော်ကို ခွင့်လွှတ်ခြင်း၊ သနားခြင်းကရုဏာ မျက်မှောက်တော်အဖြစ် ပြောင်းလဲဖို့အတွက်ဟာ လွယ်ကူတဲ့ကိစ္စ တခုတော့မဟုတ်ခဲ့ပါဘူး။ ဒီအတွက် အဖိုးအခဟာ အပြစ်နဲ့ကင်းစင်တဲ့ တပါးတည်းသော သားတော် သခင်ယေရှုဘုရားရဲ့ အသွေးတော် လိုအပ်ခဲ့ပါတယ်။

ထို​ကြောင့်၊ ခ​ရစ်​တော်​သည် ဤ​လော​က​သို့ ကြွ​လာ​သော​အ​ခါ၊ အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​ကို အ​လို​တော်​မ​ရှိ​သည်​ဖြစ်၍၊ အ​ကျွန်ုပ်​အ​ဖို့ ကိုယ်​ခ​န္ဓာ​ကို ပြင်​ဆင်​တော်​မူ​ပြီ။- မီး​ရှို့​ရာ​ယဇ်​နှင့် အ​ပြစ်​ဖြေ​ရာ ယဇ်​များ​ကို အား​ရ​နှစ်​သက်​တော်​မ​မူ​သော​အ​ခါ၊ ကျမ်း​စာ​လိပ်၌ အ​ကျွန်ုပ်​ကို အ​မှတ်​ပြု၍ ရေး​ထား​သည်​နှင့်​အ​ညီ၊- အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​အ​လို​ကို ဆောင်​အံ့​သော​ငှာ သွား​ပါ​မည်​ဟု အ​ကျွန်ုပ်​ဝန်​ခံ​ပါ​သည်​ဟု လျှောက်​ဆို၏။ ဟေဗြဲ ၁၀ : ၅ – ၇

ကျွန်တော်တို့ရဲ့ လူသား အဖ ပထမ အာဒံဟာ မိမိရဲ့ အပြစ်ကြောင့် စီရင်ခြင်းကို ကြောက်ပြီး မျက်မှောက်တော်ကနေ ထွက်ပြေးပုန်းရှောင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့  ကယ်တင်ရှင် ၊ ဒုတိယနဲ့ နောက်ဆုံး အာဒံ ဖြစ်တဲ့ သခင်ယေရှုဘုရားကတော့ လူသားတွေရဲ့ အပြစ်အတွက် ခမည်းတော်ထာဝရဘုရားရဲ့ စီရင်ခြင်းကို  ကားတိုင်ပေါ်မှာ ကိုယ်စားဝင်ခံကာ အပြစ်ရဲ့ အဖိုး အခအဖြစ် အသွေးတော် သွန်းလောင်းကာ သက်တော်စွန့်ခဲ့ပါတယ်။ သခင်ယေရှုဘုရားဟာ ကျွန်တော်တို့အတွက် ခမည်းတော်ဘုရားရဲ့ စီရင်ခြင်းမျက်မှောက်တော်မှာ မိမိရဲ့ အသက်ကို လိုလိုလားလား ပေးအပ်ခဲ့ပါတယ်။

ခွင့်လွှတ်ခြင်း မျက်မှောက်တော်  (Forgiving Presence)

ထို​ကြောင့် ညီ​အစ်​ကို​တို့၊ ယေ​ရှု၏ ကိုယ်​ခ​န္ဓာ​တော်​တည်း​ဟူ​သော ကု​လား​ကာ​အား​ဖြင့် ထို​သ​ခင် ပြင်​ဆင်​တော်​မူ​သော အ​သက်​လမ်း​သစ်​တွင်၊- ငါ​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​ထဲ​သို့၊ အ​သွေး​တော်​ကို အ​မှီ​ပြု၍ အ​ဆီး​အ​တား​မ​ရှိ၊ ဝင်​ရ​သော​အ​ခွင့် ရှိ​သ​ဖြင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​အိမ်​တော်​ကို အုပ်​စိုး​သော ယဇ်​ပု​ရော​ဟိတ်​မင်း ရှိ​သ​ဖြင့်​လည်း​ကောင်း၊- ငါ​တို့​သည် သ​စ္စာ​နှင့်​ပြည့်​စုံ​သော သ​ဘော​ရှိ၍၊ ဝိ​စိ​ကိ​စ္ဆာ​နှင့်​ကင်း​သော ယုံ​ကြည်​ခြင်း၌ တည်​လျက်၊ စိတ်​နှ​လုံး​ကို သံ​ဝေ​ဂ​တ​ရား​နှင့် လွတ်​အောင် ဖျန်း​ခြင်း၊ ကိုယ်​ကာ​ယ​ကို​လည်း ကြည်​သော​ရေ​ဖြင့် ဆေး​ကြော​ခြင်း​ရှိ​ပြီး​မှ၊ အ​ထံ​တော်​သို့ တိုး​ဝင်​ချဉ်း​ကပ်​ကြ​ကုန်​အံ့။  
ဟေဗြဲ ၁၀ : ၁၉ -၂၂

အပြစ်မှ ခွင့်လွှတ်ခံရခြင်း ရဲ့တန်ဖိုးဟာ ဘာလဲ လို့ မေးရင် ခရစ်တော်ယေရှုဘုရားရဲ့  အသွေးတော်ကိုပဲ ညွှန်ပြရမှာဖြစ်ပါတယ်။ ထိုမျှလောက် တန်ဖိုးကြီးပါတယ်။

လက်​ဝါး​ကပ်​တိုင်​မှာ သွန်း​သော အ​သွေး​တော်​အား​ဖြင့် ရန်​ကို​ငြိမ်း​စေ၍၊ ကောင်း​ကင်​အ​ရာ​ဖြစ်​စေ၊ မြေ​ကြီး​အ​ရာ​ဖြစ်​စေ၊ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သား​တော်​အား​ဖြင့် ဘု​ရား​သ​ခင်​နှင့် မိတ်​သ​ဟာ​ယ ဖွဲ့​စေ​ခြင်း​ငှာ​လည်း​ကောင်း အ​လို​ရှိ​တော်​မူ၏။  ကောလောသဲ ၁ : ၂၀

ထိုအသွေးတော်ဟာ အမျက်တော်နဲ့ ပြည့်နေတဲ့ မျက်မှောက်တော်ကို သနားဂရုဏာ အဖြစ် ပြောင်းလဲစေကာ လူသားနဲ့ ဘုရားအကြား ပြန်လည် မိတ်သဟာယ ဖွဲ့စေနိုင်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့  သားတော်ယေရှုခရစ်အားဖြင့် အပြစ်ကနေရွေးနှုတ်ခံရပြီး ဖြောင့်မတ်ရာသို့ သွင်းခြင်းကို ခံရတဲ့ ယုံကြည်သူ သားသမီးတွေဟာ အချိန်တိုင်း ဘုရားရဲ့  သနားခြင်းဂရုဏာ နဲ့ ပြည့်နေတဲ့ မျက်မှောက်တော်ကို ခံစားရမှာဖြစ်ပါတယ်။ တချိန်တည်းမှာ ဘာကြောင့် သနားခြင်းဂရုဏာတော် နဲ့ လက်ခံခြင်းခံရသလဲ ဆိုတာကို ဆင်ခြင်တဲ့အခါ မှာ မိမိဟာ များစွာသော အပြစ်တို့နဲ့ လွတ်ခဲ့ကြောင်းကို ပြန်လည်အောက်မေ့ပြီး အပြစ်လွှတ်ပေး တဲ့ အရှင်ကို သာ၍ ချစ်ကာ ကိုယ်တော့်စကားကို နားထောင် အသက်ရှင်ဖို့ ဖြစ်ပါတယ်။

တချိန်က အာဒံနဲ့ဧဝတို့ နှစ်ဦးဟာ မိမိတို့ရဲ့ နားမထောင်မှုကြောင့် “မျက်မှောက်တော်” ကနေ ပြေးထွက် ပုန်း‌ရှောင်နေခဲ့ရသလိုမျိုး အခုကျွန်တော်တို့ ယုံကြည်သူ ခရစ်ယာန်တွေဟာ ပုန်းရှောင်စရာ မလိုတော့ပါဘူး။ ဒါပေမယ့် ဘာကြောင့် မလိုတော့ သလဲ ဆိုတာကိုတော့ သေချာနားလည်ဖို့ လို ပါလိမ့်မယ်။

ယနေ့ခေတ်မှာ ဘုရားမျက်မှောက်တော်လို့ ဆိုတာနဲ့ ကျွန်‌တော်တို့စိတ်ထဲ ပြေးမြင်မိတတ်တာက ဝတ်ပြုကိုးကွယ်မှုဦးဆောင်တဲ့သူတွေ၊ ဂီတပညာရှင်တွေ မျက်စိမှိတ်၊ ခေါင်းမော့ လက်မြှောက်ပြီး သီချင်းဆို၊ ဘုရားကို အာရုံပြုနေတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။ အဲလိုအချိန်မှာ လူတယောက်ဟာ ရာနှုန်းပြည့်နီးပါး ဘုရားအတူရှိခြင်းကို အာရုံစိုက်နေနိုင်မယ်ဆိုတာ မငြင်း လိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငွေကြေးချမ်းသာတဲ့အသင်းတော်တွေ ၊ ငွေကြေးအင်အား ၊အလှူ များများရတဲ့ အသင်းတော်တွေဟာ ဝတ်ပြုဖို့နေရာဆိုလည်း အဲယားကွန်းအပြည့်၊ စိတ်ကို လည်း အာရုံပြုလို့ကောင်းအောင် ရှေ့ကဦးဆောင်ပေးတဲ့သူ၊ သံစဉ်အလိုက် ဂီတတီးခတ် ပေးတဲ့သူ၊ ကျမ်းပိုဒ်လေးတွေနဲ့ ဆုတောင်းပေးတဲ့သူ စသဖြင့် အဖက်ဖက်ကနေမှ ဝတ်ပြု ကိုးကွယ်လို့ ကောင်းအောင် ဖန်တီးထားတဲ့အခြေအနေ မို့လို့ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေ မှာ ဘုရားရဲ့မျက်မှောက်တော် ကို ခံစားရပြီး ဝမ်းမြောက်တယ် ဆိုတာကို မှားတယ်လို မဆိုလိုပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ခံစားဖူးပါတယ်။ ဒါပေမယ့် ဝတ်ပြုခြင်းအစီအစဉ်ပြီးလို့ ကိုယ့် အစီအစဉ်နဲ့ကိုယ် ဆက်သွားတဲ့ အခါမှာတော့ ပုံစံတမျိုးဖြစ်သွားတတ်ပါတယ်။ ကျွန်တော်ဟာ အထက်ကပြောသလိုမျိုး ဝမ်းမြောက်ပြီး အလွန်ပဲခွန်အားရတဲ့ အခန်းထဲကမျက်မှောက် တော်ဟာ နာရီပိုင်းလောက်ပဲ ဖြစ်ပါတယ်။ ပြီးတဲ့အခါမှာတော့ ကျန်တဲ့အချိန်တွေ၊ အခြားသူ တွေနဲ့ တွေ့တဲ့အခါ ပြောဆိုဆက်ဆံတဲ့အခါ၊ တယောက်တည်း အပြစ်သွေးဆောင်ခြင်းတွေ ကြုံရတဲ့အခါမှာတော့ ခုနပြောခဲ့တဲ့ “မျက်မှောက်တော်” ဆိုတာကို ကျွန်‌တော် မျက်စိမှောက်သွားခဲ့ပါပြီ။ အပြစ်ကို အသွေးအသားဆန္ဒပါလျက်လုပ်မိတဲ့အခါ မှာ “မျက်မှောက်တော်” က ဘာပြောသလဲ ဆိုတာကို မကြားချင်တော့ပါဘူး။ ဝတ်ပြုကိုးကွယ် နေတုန်းကတော့ “ကိုယ်တော်သာကျွန်ုပ်အလိုအပ်ဆုံးပါ” လို့ ညည်းရင်း မျက်ရည်ကျနေခဲ့တဲ့ ကျွန်တော်က အခု “ဒီဟာလေးတော့ မရှောင်နိုင်လို့ တခါတော့ လုပ်လိုက်မယ်” နော် ဆိုပြီး   ဧသောလို သားဦးအရာကို ပဲဟင်းတခွက်နဲ့ လဲစားခဲ့တဲ့ အကြိမ်ပေါင်းလည်း မနည်းတော့ ပါဘူး။

ဒီနေရာမှာအဓိကပြောချင်တာက ဘုရားရဲ့ မျက်မှောက်တော်ဟာ လူရဲ့ စိတ်ခံစားချက် တခုကိုပဲ သာယာစေတာမျိုး လုံးဝမဟုတ်ပါဘူး။ ကိုယ်တော်နဲ့အတူရှိခြင်းဟာ မိမိရဲ့ မစုံလင် ခြင်း၊ အားနည်းခြင်းတွေ၊ အပြစ် ဒုစရိုက်တွေအတွက် ကြေကွဲဝမ်းနည်းစေမှာဖြစ်သလို ထိုအရာတွေအတွက် ဝမ်းနည်း နှိမ့်ချတဲ့ စိတ်နှလုံးနဲ့ သခင်ထံ ပြန်လည်တိုးဝင်ဖို့ဖြစ်ပါတယ်။ ယုံကြည်သူတယောက်ဟာ အချိန်တိုင်းမျက်မှောက်တော်မှာ ဝမ်းမြောက်စွာ သီချင်းဆို ချီးမွမ်း နေနိုင်မှာ မဟုတ်ပါဘူး။ အပြစ်ရဲ့သွေးဆောင်ခြင်းကို လိုက်ပါမိလို့ မျက်မှောက်တော် မှာ မိမိအပြစ်အတွက် ဝမ်းနည်းပူဆွေး၊ နောင်တရတဲ့ အချိန်လည်းရှိမှာ ဖြစ်ပါတယ်။

သေချာတဲ့အချက်ကတော့ သခင့်ရဲ့ အသွေးတော်ဟာ ကျွန်တော်တို့အတွက် ထာဝရကုသိုလ် ကို သွတ်သွင်းပေးတော်မူခဲ့တာမို့လို့  ကျွန်တော်တို့ရရှိထားတဲ့ မျက်မှောက်တော်ဟာ ဘယ်နည်းနဲ့မှ ပျောက်ပျက်သွားစရာမရှိပါကြောင်း ခွန်အားပေးရင်း……………….

ငါ​သည်​လည်း ကပ်​က​မ္ဘာ​ကုန်​သည်​တိုင်​အောင် သင်​တို့​နှင့်​အ​တူ အ​စဉ်​မ​ပြတ် ရှိ​သည်​ဟု တ​ပည့်​တော်​တို့​အား မိန့်​တော်​မူ၏