Skip to content

သခင်ယေရှုကြွရောက်လာသည့်အချိန်အပိုင်းအခြားသည် ခေတ်ကာလသမိုင်းတွင် အသင့်တော်ဆုံးအချိန် ဖြစ်သလော။

သခင်ယေရှုသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ကျော်ခန့်က အပြစ်ငရဲမှ ကျွန်ုပ်တို့ကို ကယ်တင်ဖို့ရာ ဤလောကသို့ကြွဆင်းလာခဲ့ကြောင်းမှာဧကန်အမှန်စင်စစ်ဖြစ်ကြောင်းကိုသမိုင်းအထောက်အထားအားဖြင့် သိနိုင်ပါသည်။ သို့သော် သခင်ယေရှုသည်ခေတ်ကာလ၏ ထိုအချိန်တွင်မှ အဘယ်ကြောင့် ကြွလာခဲ့ပါသနည်း။ အရိုးသားဆုံးအဖြေမှာ ဘုရားသခင်သာလျှင်သိသည် ဟုဖြေရမည်ဖြစ်သည်။ သို့သော် ထိုအကြောင်းအရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာကမူ သခင်ယေရှု ဤလောကသို့ကြွလာသည့်အချိန်သည် ပြီးပြည့်စုံပြီး အချိန်တန်သည့် အချိန်ဟု ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။

“ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။” (ရောမဩဝါဒစာ ၅:၆)

အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊- ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။”
(ဂလာတိဩဝါဒစာ ၄:၄-၅)

သခင်ယေရှု ကြွလာသည့်အချိန်သည် ဤလောက၏ အကြီးကျယ်ဆုံးသော သတင်းစကား (Good News of the Gospel) ကိုကြားနာဖို့ နှင့် ပျံ့နှံ့ဖို့အတွက် အဆင်သင့်ဖြစ်နေသော အချိန်တစ်ခုဖြစ်နိုင်ကြောင်းကို အောက်ပါ သမိုင်းအထောက်အထားများကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

(၁) Pax Romana ခေါ် Roman Peace (ရောမငြိမ်းချမ်းရေး)

ဓမ္မဟောင်းကျမ်းများတွင် ပရောဖက်များ၏ ဟောပြောချက်များနှင့် ဂျုးဘာသာ၏ထုံးတန်းအစဉ်အလာအရ ၄င်းတို့စောင့်မျှော်နေသည့်ကယ်တင်ရှင် မေရှိယ (Messiah) သည် စစ်မက်ဖြစ်ပွားခြင်းမရှိသည့် ငြိမ်းချမ်းရေးကာလတစ်ခုတွင် ရောက်လာမည်ဟုဆိုခဲ့ကြသည်။ သခင်ယေရှုမွေးဖွားခဲ့သည့် အချိန်ကာလသည် ခေတ်ကာလသမိုင်းတစ်လျှောက်တွင် အလွန်ငြိမ်းချမ်းခဲ့သည့်ကာလတစ်ခုဟု လူသိများသည့် “Pax Romana” တစ်နည်းအားဖြင့် “Roman Peace”(ရောမငြိမ်းချမ်းရေး) ကာလ ဖြစ်ပါသည်။ “Pax Romana” အချိန်ကာလသည် နှစ်ပေါင်း နှစ်ရာခန့်ကြာမြင့်ပြီး ဘီစီ ၂၇ မှ အေဒီ ၁၈၀ အတွင်းဖြစ်ပါသည်။ ထိုကာလတွင်ရောမအင်ပါယာ သည် နယ်မြေပိုင်ဆိုင်မှုအရ အထွတ်အထိပ်သို့ ရောက်နေပြီး ရောမမြို့သားများသည် လုံခြုံမှု ရှိခဲ့ကြပြီး ရောမအစိုးရ၏ တရားဥပဒေ နှင့် တည်ငြိမ်မှု စိုးမိုးသည့်ကာလဖြစ်သည်။ ရောမအစိုးရသည် ယေရုရှလင်ကဲ့သို့သောမြို့များ၌ ဂျူးလူမျိုးများပြဿနာတစ်စုံတစ်ရာမလုပ်သရွေ့၊ အခွန် ပေးဆောင်နေသရွေ့ ဘာသာရေးနှင့်ပတ်သက်သော ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရန် ခွင့်ပြုခဲ့သောကြောင့် ဂျူးလူမျိုးနွယ်ဖြစ်သော သခင်ယေရှု ၏ တရားဒေသနာတော်ဟောကြားရန်နှင့် ပျံ့နှံ့ဖို့ရန် အဆင်ပြေစေခဲ့ပါသည်။

(၂) ဘာသာစကားတစ်ခုတည်းရှိခြင်း နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း

ထိုခေတ်ကာလမတိုင်မီ တွင် လူမှုအသိုင်းအဝိုင်းများသည် မတူညီသောဘာသာစကားများဖြင့် သီးခြားခွဲထားခဲ့ကြပြီး ခရီးသွားလာရန် လမ်းများမှာလည်း ကောင်းမွန်ခဲ့ခြင်းမရှိပေ။ သခင်ယေရှု ကြွမလာမီ နှစ်ပေါင်းများစွာခန့်တွင် ဂရိဧကရာဇ် အာလေဇန္ဒြိယ (Alexander The Great) သည် နယ်မြေများစွာကို သိမ်းပိုက်ခဲ့ပြီး ဂရိဘာသာစကားသည် အများသုံး ဘုံဘာသာစကား (Lingua Franca) ဖြစ်လာခဲ့သည်။ ထိုနောက် ရောမ အင်ပါယာကြီးစိုးလာပြီး ဂရိဘာသာစကားသည် ဆက်လက်ထွန်းကားခဲ့သည်။ ရောမတို့သည် ၄င်းတို့၏အဓိကမူအရ မြို့တော်နှင့်တိုက်ရိုက်ဆက်သွယ်နိုင်ရန် လမ်းများကို ဖောက်လုပ်ကြပြီးလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာခဲ့သည်။ ထို့ကြောင့် သခင်ယေရှု၏ လက်ဝါးကပ်တိုင်တော် သတင်းစကား သည် ဘာသာစကားအခက်အခဲမရှိဘဲ တပည့်တော်များအားဖြင့် ပျံ့နှံ့ခဲ့ပြီး တပည့်တော်များလည်း အလွယ်တကူ ခရီးသွားကာ ဧဝံဂေလိသတင်းစကားကိုဟောပြောနိုင်ခဲ့ြကသည်။ သခင်ယေရှုမွေးဖွားသည့်အချိန်ကာလတွင် ရောမစစ်တပ်သည် ပင်လယ်ထဲ၌  ဓားပြတိုက်ခိုးကူးခြင်း (piracy)ကိုလည်း ဖယ်ရှားခဲ့သည်။ ကျမ်းစာတွင် ရှင်ပေါလုနှင့် သူ၏အပေါင်းအဖော်များတို့သည် ပင်လယ်ဓားပြများ၏ တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ ကြောက်ရွံ့ခြင်းမရှိဘဲ ၎င်းတို့၏သာသနာပြုခရီးတွင် အန္တိအုတ်မြို့မှ ဆိုက်ပရပ်စ်၊ အာရှိ ပြည် နှင့် ဂရိနိုင်ငံသို့သင်္ဘောများဖြင့် ခရီးသွားလာခဲ့ကြကြောင်းတွေ့ရသည်။ 

(၃) စည်းလုံးသော အုပ်ချုပ်မှုပုံစံ တစ်ခုတည်းရှိခြင်း

ဂရိ-ရောမကမ္ဘာတွင် စည်းလုံးညီညွတ်သော ဥပဒေနှင့် အစိုးရတစ်ရပ်ရှိသည်။ ရောမဥပဒေသည် ယနေ့ခေတ်အရ ဗြိတိန်မှ အီဂျစ်အထိ လူများကိုဥပဒေတစ်ခုထဲအောက်တွင် စုစည်းထားသည်။ လူ့အဖွဲ့အစည်းအားလုံးအတွက် ရောမဥပဒေသည် တရားမျှတသောကြောင့် လူအများစုသည် ၎င်းတို့၏တရားမျှတသောဥပဒေမှအကျိုးကျေးဇူးရရှိရန်အတွက် ရောမနိုင်ငံသားခံယူချင်ကြသည်။ ဓမ္မသစ်ကျမ်းတွင် တမန်တော်ပေါလုသည် ဂျူးလူမျိုး၊ ရောမနိုင်ငံသားတစ်ဦးဖြစ်ပြီး တရားမျှတမှု မရှိဘဲ ခွဲခြားဆက်ဆံခံရသည်ဟု ယုံကြည်သည့်အခါတိုင်း ရောမဥပဒေကို ဆွဲကိုင်ကာအယူခံဝင်လေ့ရှိသည်။ (တမန်တော် ၁၆း၃၅-၄၀) ပေါလုသည် ကဲသာဘုရင် (Caesar) အား တရားမျှတသောတရားစီရင်မှုတစ်ခုအတွက် အယူခံဝင်သောအခါ၊ ရောမဥပဒေအရကဲသာဘုရင်ရှေ့တော်၌ တိုက်ရိုက် တရားရင်ဆိုင်ရန် သူ့ကို ရောမမြို့သို့ ပို့ဆောင်ခံခဲ့ရသည်။ ဤအကြောင်းအရာကိုကြည့်ခြင်းနှင့် ဓမ္မသစ်ကျမ်း၏ တမန်တော်ဝတ္ထုတွင်ပါသောအခြားသော အကြောင်းအရာများအရ ရောမဥပဒေသည် ယေရုရှလင်မြို့မှရောမမြို့သို့ ဧဝံဂေလိသတင်းကောင်းပျံ့နှံ့ရန် အချက်အခြာကျကြောင်းကိုတွေ့ရပါသည်။

(၄) ဂျူးလူမျိုးများကိုယ်တိုင် ကယ်တင်ရှင် မေရှိယ ကို စောင့်ဆိုင်း မျှော်ကိုးနေခဲ့ခြင်း

ဂျူးလူမျိုးများသည် ပရောဖက်များကြိုတင်ဟောပြောခဲ့ကြသည့်အတိုင်း နှစ်ပေါင်းများစွာထဲက မေရှိယကို စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့ကြသည်။ မေရှိယနှင့်ပတ်သက်၍ အယူအဆများမှာလည်း ကွဲပြားနေခဲ့ကြသည်။ မေရှိယနှင့်ပတ်သက်၍လည်းအယူအဆ လွဲမှားနေကြသော်လည်း ရောမအင်ပါယာ၏ဖိနှိပ်မှုအောက်တွင်ရောက်နေကြသောကြောင့်  ၄င်းတို့ကို ရောမတို့၏လက်အောက်မှ ကယ်လွှတ်ပေးမည့် ဘုရင်တစ်ပါးပါးကို အများစုက စိတ်အားထက်သန်စွာမျှော်လင့်ပြီး အလိုရှိခဲ့ကြသည်။ ထို့ပြင် ထိုအချိန်တွင် ဂျူးဘာသာဝင်များ သည် ဖာရိရှဲများ၊ ဇဒ္ဒုကဲများပေါ်တွင်အလွန်ယုံကြည်မှု လွန်ကဲခဲ့ကြပြီး ၄င်းတို့လုပ်ရပ်တိုင်းသာမှန်ကန်သည်ဟုထင်မြင်ခဲ့ကြသည်။ ဖာရိရှဲများသည် မောရှေ၏ပညတ်တရား (Law of Moses) ကို လိုက်နာရန် နှိုးဆော်ကြသော်လည်း ၄င်းတို့ချမှတ်ထားသည့်ထုံးတန်း အစဉ်အလာ များအားဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုပုံဆောင်သည့်မိမိနှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသည့် အချက်ကို မေ့လျော့ခဲ့ကြသည်။ ထိုအချိန်တွင် ဂျူးဘာသာဝင်များထဲတွင် ဖာရိရှဲများပြုလုပ်သည့် ထုံးတန်း အစဉ်အလာ (man-made traditions) များ နေရာယူလာကြပြီး အယူလွဲမှားခြင်းအတွက်အကြောင်းဖန်လာခဲ့သည်။ ထိုသို့သော အယူလွဲမှားခြင်းမှ ကယ်လွှတ်နိုင်သည့် မေရှိယ ကြွလာဖို့ အတွက် အဆင်သင့်ဖြစ်နေခဲ့ကြသည်။

(၅) ကဲသာဘုရင် ဩဂုတ္တုသည် တစ်နိုင်ငံလုံးကို စာရင်းယူစေခြင်း

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စာရင်းကောက်ခံခြင်းသည် ထိုခေတ်ကာလတွင် ကဲသာဘုရင်ဩဂုတ္တု ပြုလုပ်ခဲ့သောအရေးကြီးဆုံးအရာထဲမှ တစ်ခု မဟုတ်နိုင်သော်လည်း ထိုအကြောင်းအရာသည် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ကျော်ခန့်က မေရှိယဖွားမြင်မည်ဟု ပရောဖက်များဗျာဒိတ်ပြုခဲ့သည့် ဒါဝိဒ်၏မြို့ဟု အမည်တွင်သော  ဗက်လင်မြို့သို့ ကိုယ်ဝန်သည် မယ်တော်မာရိနှင့် ခင်ပွန်းသည်ယောသပ်တို့ကို ပို့ဆောင်ပေးဖို့ရန် အချိန်ကိုက် အကြောင်းဖန်လာခဲ့သည်။ ယောသပ်သည် ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသော မယားမာရိနှင့်အတူ စာရင်းဝင်ရန် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ သွားခဲ့သည်။ ထို့ကြောင့် ကဲသာဘုရင်၏အမိန့် သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ ရှေးပရောဖက်ပြုချက်ကို ပြည့်စုံစေခဲ့ကြောင်းကိုတွေ့ရပါသည်။ သမိုင်းအထောက်အထားကိုပြန်ကြည်လျှင်လည်း ရောမနိုင်ငံလုံးဆိုင်ရာ “ပထမ” စာရင်းကောက်ခံခြင်းကို ၅ ဘီစီ ( 5 BC) ခန့်တွင် ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။ ထို့ကြောင့် သူငယ်တော်ယေရှုရှင် ဖွားမြင်တော်မူမည့်နှစ်ကာလနှင့် ကိုက်ညီမှုရှိနေပြန်ပါသည်။

ထိုအခါ တစ်နိုင်ငံလုံးကို စာရင်းယူစေခြင်းငှာ ကဲသာဘုရင် ဩဂုတ္တုသည် အမိန့်တော်ရှိ၏။- ကုရေနိသည် ရှုရိပြည်၌ မြို့ဝန်ဖြစ်စဉ်တွင်၊ ဤပထမစာရင်းယူခြင်း ဖြစ်သတည်း။- လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှာ အသီးအသီး မိမိတို့မြို့ရွာသို့ သွားကြ၏။- ယောသပ်သည်လည်း ဒါဝိဒ်အမျိုးအနွယ်ဖြစ်၍၊ ထိမ်းမြားဆောင်နှင်းသော မယားမာရိနှင့်အတူ စာရင်းဝင်ခြင်းငှာ၊ ဂါလိလဲပြည် နာဇရက်မြို့မှ ယုဒပြည်တွင် ဗက်လင်အမည်ရှိသော ဒါဝိဒ်၏မြို့သို့ သွား၏။ ထိုအခါ မာရိသည် ပဋိသန္ဓေအရင့်အမာရှိ၏။
(ရှင်လုကာ ၂:၁-၅)

ကယ်တင်ရှင် မေရှိယ ဖြစ်သော သခင်ယေရှု ဖွားမြင်ခဲ့သည့်အချိန်ကာလတွင် အထက်တွင်တင်ပြထားသည့်အတိုင်း ဘာသာစကားတစ်ခုတည်းရှိခြင်း နှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာခြင်း၊ မြေထဲပင်လယ်တစ်လျှောက် စစ်ရေးငြိမ်းချမ်းမှုရှိခြင်း၊ တစ်နိုင်ငံလုံးဆိုင်ရာ “ပထမ” စာရင်းကောက်ယူခြင်းတို့ကြောင့် လူငယ်စုံတွဲတစ်တွဲသည် ၎င်းတို့ဘိုးဘွားများ၏ မွေးရပ်မြေသို့ မမျှော်လင့်ဘဲ အချိန်ကိုက် ရောက်ရှိလာခဲ့ခြင်း စသည်ဖြင့် ဤမျှလောက်တိုက်ဆိုင်ခြင်းသည် မတော်တဆဖြစ်ရပ် လုံးဝမဖြစ်နိုင်ဘဲ ဘုရားသခင် ကိုယ်တော်တိုင်ကြိုတင်စီရင်ထားသော အချိန်တန်သည့်အချိန်ကာလစေ့သည့်အချိန် ဖြစ်ကြောင်းကို ဧကန်မလွဲသိမြင်နိုင်ပါသည်။

ကိုးကား

– သမ္မာကျမ်းစာ

– https://en.wikipedia.org/wiki/Messianic_Age#:~:text=According%20to%20Jewish%20tradition%2C%20the,the%20knowledge%20of%20the%20Creator

– https://www.ushistory.org/civ/6c.asp#:~:text=The%20term%20%22Pax%20Romana%2C%22,and%20Iraq%20in%20the%20east.

– https://www.cbn.com/special/thenativitymovie/articles/davidjeremiah.aspx

– https://crossexamined.org/really-census-time-caesar-augustus/