Skip to content

‭“ဆင်းဆင်းရဲရဲနေလိုသည့်သူရှိသလော” လို့မေးလာရင် “အရမ်းနေချင်တာပေါ့”လို့ဖြေမည့်သူတယောက်မျှရှိမည်မဟုတ်ပါ။ “မချမ်းသာချင်ပါဘူး စိတ်ချမ်းသာဖို့ ဖူလှုံရင်ရပါပြီ” ဆိုတတ်သူတွေလည်းရှိပါတယ်။ သေချာတာကတော့ ချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ၊ မချမ်းသာချင်တဲ့စိတ်ရှိသည်ဖြစ်ပါစေ မည်သူမဆိုကတော့ “ငွေဆိုတဲ့ပိုက်ဆံ”ကိုဒီလောကထဲအသက်ရှင်စဉ်အချိန်ခဏမှာရှာဖွေနေကြရသည်မဟုတ်လား။ လောကအခေါ် တမလွန်ဆိုတဲ့၊ ယုံကြည်သူတွေအတွက်ထာဝရကာလထဲကို ကြိုးစားရှာဖွေထားတာပဲဖြစ်ဖြစ်၊ မကောင်းတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ရှာဖွေထားသမျှငွေတွေက ယူသွားလို့မရတာကိုတော့ မေ့နေကြသလားတောင် တခါတရံတွေးမိပါသေးတယ်။ ဆိုလိုချင်တာက ကျွန်ုပ်တို့အားလုံး သုံးဖို့စွဲဖို့အတွက်ငွေလိုပါတယ်။ ဒါပေမယ့်ငွေကိုတပ်မက်(ချစ်လွန်း)သွားရင်တော့ ဆုံးဖို့ရှုံးဖို့အကြောင်းတွေအများကြီးရှိတယ်ဆိုတာသတိပြုသင့်ပါတယ်။

ငွေဆိုတာပါးစပ်ပေါက်တော့ မပါပေမယ့် စကားအများကြီးပြောတတ်တယ်” ဆိုတာကို ကျွန်ုပ်တို့အားလုံးကြုံဖူးမှာပါ။ စားဝတ်နေရေးအတွက်သော်လည်းကောင်း၊ နေဖို့ထိုင်ဖို့အတွက်သော်လည်းကောင်း၊ ပညာရေးအတွက်သော်လည်းကောင်း စသည်ဖြင့်ကဏ္ဍများစွာမှာ သူဟာမပါမဖြစ်လို့ပြောလို့ရပါတယ်။ မပါမဖြစ်ဆိုပေမယ့်လည်း “အသက်”ထက်တော့အရေးမကြီးဘူးဆိုတာစိတ်နှလုံးမှာ မှတ်သွင်းထားဖို့လိုပါတယ်။ အဲ့ဒီလိုမမှတ်သွင်းထားရင် ငွေရှာဖို့အရေးကိုသာ သင့်ဘဝမှာပထမဦးစားပေးရှာဖွေနေမိကာ၊ မသိလိုက်မသိဖာသာ ငွေကိုတပ်မက်ကာချစ်သွားမိပေလိမ့်မည်။ ငွေမှာပါးစပ်ပေါက်မပါပေမယ့် ငွေကြောင့် ကျွန်ုပ်တို့တတွေပါးစပ်ပေါက်ကို အကျယ်ကြီးမဖွင့်လိုက်မိဖို့ သတိပေးပါရစေ။ သောက်လေသောက်လေ ငတ်မပြေဖြစ်ပြီး ထပ်ခါထပ်ခါသောက်ချင်လာနေမည်ကို စိုးရိမ်ရသောကြောင့်ပါ။

ငွေကြေးနဲ့ပက်သက်လို့စီမံခန့်ခွဲတာတွေကို အိမ်ထောင်မှာပဲဖြစ်ဖြစ်၊ အသင်းတော်မှာပဲဖြစ်ဖြစ် ဟောပြောသွန်သင်လက်ခံကျင့်သုံးသင့်သလားဆိုရင်၊ ကျင့်သုံးသင့်တယ်လို့ပဲမြင်ပါတယ်။ သို့ပေမယ့် ဘယ်လောက်ပဲစီမံမှုမှာ တဖက်ကမ်းခတ်နေပါစေ၊ ငွေကိုတက်မက်သောစိတ်နှင့်စီမံခွဲခန့်မည်ဆိုပါက ထိုအိမ်ထောင်၊ ထိုအသင်းတော်၌ လူအများသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေကြီးမားသောပြဿနာက သေချာပေါက်ရှိနေမည်သာ။ ဒါကြောင့် အသင်းတော်များအနေဖြင့်ငွေကြေးနှင့်ပက်သက်သည့်အကြောင်းအရာများကို ဝေငှဟောပြောသည့်အခါမှာ တင်းတိမ်ရောင့်ရဲသောစိတ်ရှိဖို့ကိုသာအထူးသဖြင့်သွန်သင်ပေးသင့်ပါသည်။ သို့တည်းမဟုတ်ဘဲ ဘုရားက အရာခပ်သိမ်းကိုပိုင်တယ်ဆိုပြီး လောဘလွန်ကျူးသွားစေမည့် အဖြစ်ကိုသာ ဦးတည့်ပေးလိုက်ပါက ကြောက်စရာပင်။

ပိုက်ဆံအိတ်လို့ဆိုပေမယ့်လည်း ဝယ်သည့်အခါမှာ ပိုက်ဆံပါမလာသလို၊ အလိုလျောက်လည်းရောက်မလာနိုင်ပါဘူး။ သို့သော်လည်း ငွေကိုတပ်မက်သောစိတ်ကြောင့် ဘုရားရှင်၏နာမတော်ကိုအလွဲသုံးစားပြုကာ ပိုက်ဆံအိတ်ထဲငွေတိုးပွါးဖို့ကြိုးပမ်းသည်ဆိုသည့် အဖြစ်ကအလွန်ပင်ရုပ်ပျက်ဆင်းပျက်အဖြစ်မျိုးပင်။ ပိုက်ဆံအိတ်ထဲ ပိုက်ဆံရှိနေသည်က သင်အလုပ်လုပ်နေလို့ဖြစ်သလို၊ ကိုယ်လုပ်ဆောင်သည်အတွက် အခကိုပေးသူရှိနေသည့်သဘောပင်။ “ဒါဆိုလို့ရှိရင်ဘုရားသခင်ဆိုပိုပြီးအံ့ဩဖွယ်ဖြစ်စွာပေးနိုင်တာပေါ့”လို့ဆိုလာရင်လည်း အထက်ကလိုမျိုးတော့ပေးမည်မဟုတ်ပါ။ လစာကောင်းတဲ့အလုပ်၊ ကိုယ့်အတွက်မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အလုပ်မျိုးဆိုတာကရော အံ့ဩဖွယ်မဟုတ်ပေဘူးလား။

ငွေကြေးနယ်ပယ်တို့ဘာတို့ ဆိုတဲ့အသုံးအနှုန်းတွေကို စာဖတ်သူဓမ္မမိတ်ဆွေတွေ ကြားဖူးကြမှာပါ။ ဘယ်လိုစဉ်းစားမိသလဲဆိုရင် နယ်ပယ်လို့သုံးနှုန်းရအောင် ငွေကြေးနဲ့ကင်းလွတ်တဲ့နေရာဆိုတာရှိလို့လား။ ငွေကြေးကောင်းကြီး(financial blessing) ဆိုပြီးအလှူငွေတွေများများထည့်ခိုင်းနေတာကရော ဘယ်လိုဖြစ်ပြီးကောင်းကြီးဖြစ်သွားရတာလဲ။ ဟောကာ တောင်းသူကလည်းမေတ္တာမပါလောဘနှင့်၊ ကြားကာ ပေးသူကလည်း စေတနာမပါ လောဘနှင့်ဖြစ်လာကုန်ကြတော့ “အာမင်”ထူးသံတွေက”ငွေကို ငါကြိုက်တယ်”ဆိုတာထက်မပိုတော့ပါဘူး။ ငွေကတရားဟောဆရာတွေကိုနိုင်သွားတဲ့အဖြစ်က ဘုရားထက်ငွေကိုလိုအပ်သွားတာထက်၊ ဘုရားထက်ငွေကိုပိုချစ်သွားလို့ပါပဲ။ ပိုချစ်တော့ ပိုပြီးလိုအပ်သွားခြင်းမျိုးပါပဲ။ နောက်သို့လိုက်သူများမှာလည်း သမ္မာတရားထက်ငွေကိုချစ်သူတွေဖြစ်လာကုန်ကြသည်မှာလည်း ဝမ်းနည်းစရာပင်။

နောင်ကာလဟာ ခဲယဉ်းတဲ့ကာလ(difficult time)ပါ။ ထိုကာလမှာ လူတွေကငွေကိုချစ်ပြီး ငွေနောက်လိုက်ကာ၊ ငွေကြောင့်အသက်ဆုံးတဲ့အထိ၊ အရှက်သိက္ခာတွေပျက်တဲ့အခြေအနေတွေ ဒီလောကကြီးမှာဖြစ်နေ၊ ရှိနေပါတယ်။ ယုံကြည်သူတွေအချို့၌တော့ ယုံကြည်ခြင်းတရားလမ်းကနေ လွဲသွားတဲ့အထိ ငွေကိုအလိုရှိပြီး တက်မက်ကာချစ်သွားကြသူတွေရှိပါတယ်။ ဒီလိုလွဲတဲ့အခါမှာလည်း လုံးဝစုတ်ပြတ်သတ်ပြီး ဘဝပါပျက်တဲ့အခြေအနေမျိုးရှိသလို၊ ဘုရားကျောင်းရဲ့စင်ပေါ်ကနေငွေအကြောင်းကို တချိန်လုံးပြောပြီး စီးပွါးရှာသည့်အလားသဏ္ဠာန်ဖြစ်လာနေတာမျိုးတွေကလည်းဒုနဲ့ဒေးပင်။ ချမ်းသာချင်လို့ယားတတ်တဲ့နားရှိသူတွေအကြိုက်တရားကိုဟောပြီး၊ ဘုရားကောင်းကြီးပေးတာ၊ မျက်နှာသာပေးတာဆိုပြီး သက်သေခံနေသောအမှုတော်ဆောင်များလည်းရှိနေပြန်ပါသေးတယ်။ ဘယ်အမှုတော်ဆောင်ကမှ “ငွေကိုကြိုက်တယ်ကွာ”လို့ ပေါ်တင်မပြောပေမယ့်လည်း၊ ငွေနဲ့ပက်သက်လာရင်ဘုရားရှင်ရဲ့မျက်နှာတော်၊ ဘုန်းတော်ကိုမျှမထောက်ဘဲ လုပ်ပစ်တတ်တာမျိုးတွေက တိိတ်ဆိတ်စွာရှိနေတတ်သည်။

ချစ်သောမိတ်ဆွေ သင်ဟာငွေကိုတပ်မက်သောသူ(ချစ်သောသူ)တယောက်လော။ ငွေကိုအခြားအရာတွေထက် တက်မက်သောသူတယောက်လော။ ငွေအကြောင်းကိုသာ အစဉ်သဖြင့်စဉ်းစားနေသူတယောက်လော။ ငွေအကြောင်းကိုသာ အသားပေးဟောပြောတတ်သူတို့နှင့်သာ ပျော်မွှေ့နေတတ်သူလော။ သင်ဟာ စီးပွါးရေးလုပ်ငန်းရှင်တယောက်ဖြစ်နေသောကြောင့် ကြီးမားများပြားတဲ့ငွေပမာဏနှင့် ထိတွေ့နေရသူလော။ သို့မဟုတ် သာမန်ဝန်ထမ်းတယောက်ဖြစ်ပြီး ငွေကိုကြိုးစားရှာဖွေစုဆောင်းနေသူလော။ ဘယ်လိုလူပဲဖြစ်နေပါစေ ငွေကြေးကို မိမိရဲ့အထက်နေရာ၊ အရှင်သခင်အဖြစ်မကိုးကွယ်မိပါစေနှင့်။ မတပ်မက် မချစ်မိပါစေနှင့်။ ရှာပါ၊ ရောင့်ရဲပါ၊ ကျေနပ်တတ်ပါ။ ကိုယ့်စိတ်နှလုံးက ကိုယ့်ဘဏ္ဍာရှိတဲ့အရပ်ကို ရောက်တတ်သည်မဟုတ်လား။ သခင့်ကိုချစ်တယ်ဆိုရင်တော့ အထက်အရပ်မှာစိတ်နှလုံးရှိနေပါလိမ့်မယ်။ အထက်အရပ်ကောင်းကင်အရာများအား ငွေကိုတပ်မက်သောစိတ်နှင့်တော့မလဲလိုက်ပါနှင့်။ ငွေများလေတန်ဖိုးပမာဏကြီးလေဆိုပေမယ့် ထိုပမာဏတွေကိုသာတောင့်တတပ်မက်သောစိတ်ကသင့်ကိုသမ္မာလမ်းကနေလွဲသွားစေကာ၊ အပြစ်သွေးဆောင်ရာသို့ကျရောက်စေနိုင်ပါတယ်။

ဒါကြောင့် နောင်ကာလသည်ခဲယဉ်းမယ်ဆိုတဲ့အထဲမှာ ငွေကိုတပ်မက်သောသူ၊ ချစ်သောသူတွေဖြစ်လာကုန်ကြလို့ပါပဲ။ စာရေးသူကိုယ်တိုင်နဲ့စာဖတ်သူတို့လည်းပဲ ငွေနှင့်ကင်းလို့ မရပေမယ့်၊ ငွေတွေပုံအောစွာရှိနေမှအသက်ဆက်နိုင်မယ့်သူတွေမဟုတ်ကြဘူးဆိုတာကို စိတ်ချခြင်းရှိနေမယ်လို့ယုံကြည်ပါတယ်။ ကျွန်ုပ်တို့ကိုကယ်တင်၍၊ ကျွန်ုပ်တို့အစေခံသောသခင်ရဲ့ ကျေးဇူးတော်ဟာအစဉ်ကြွယ်ဝသောကြောင့်ပါပဲ။ စာဖတ်သူတို့ထဲမှာ ငွေရတတ်သောသူတွေရှိပါလိမ့်မယ်၊ သို့သော်လည်း မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ၊ မတပ်မက်ဘဲ မာန်မာနစိတ်နှင့်ကင်းပါမည့်အကြောင်းသတိပြုစေလိုပါတယ်။ ချို့တဲ့သောသူ၊ ဆင်းရဲသောသူတို့အနေနှင့်လည်း မမှန်ကန်၊ မတရားသောနည်းလမ်းတို့ဖြင့် ငွေရရင်ပြီးရောဆိုပြီးဘုရားနာမတော်ကိုမုသာသုံး မပြစ်မှားမိဖို့လည်းသတိပေးပါရစေ။ ကိုယ့်ကိုအစဉ်ချစ်သောသခင်ကို အရာခပ်သိမ်းတို့ထက်အစဉ်ချစ်နေပါမည်အကြောင်း တိုက်တွန်းနှိုးဆော်ရင်း

တိမောသေဩဝါဒစာပထမစောင် ၆း၉-၁၀
“ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။- အကြောင်းမူကား၊ ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားလမ်းမှ လွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။”

မေတ္တာဖြင့်