Skip to content

မှားယွင်းသောဩဝါဒများထဲတွင် ယေရှုခရစ်တော်အား ခွဲခြမ်းစိတ်ဖြာခြင်းသည် တစ်ခုအပါအဝင်ဖြစ်သည်။ ထိုအယူလွဲမိစ္ဆာများသည် ယေရှုတစ်ဖြစ်လဲ ခရစ်တော် သို့တည်းမဟုတ် ယေရှုနှင့် ခရစ်တော် တနည်းဆိုရလျှင် ကားတိုင်မတက်ခင်တွင် ယေရှုဖြစ်ကာ ကားတိုင်တက်ပြီး ရှင်ပြန်ထမြောက်သည့်နောက် ခရစ်တော်ဟု ကင်ပွန်းတပ်ကာ နှစ်ကိုယ် သုံးကိုယ် ခွဲလေ့ရှိကြသည်။

ထိုသို့ အယူလွဲမှားခြင်းသည် အစောပိုင်းကာလများဖြစ်ကြသော ကနဦးအသင်းတော်ကာလ “1st century” ပထမရာစုနှစ်လောက်ကတည်းက ပေါ်ပေါက်ခဲ့ကြသည့်အပြင် အသင်းတော်ဖခင်ကြီးများသည်လည်း ယုံကြည်ခြင်းနှင့် သမ္မာတရားအတွက် ခုခံကာကွယ်ခဲ့ကြပြီးဖြစ်သည်။ ယခုတွင်လည်း တလှည့်ထပ်မံ၍ ပေါ်လာခဲ့ပြန်ပါပြီ။

ထိုမိစ္ဆာများသည် ယေရှုသည် လူဖြစ်၍ ယေရှုအားယုံလျှင် ငရဲ၊ ကားတိုင်တဖက်မှ ရှင်ပြန်ထမြောက်သော ခရစ်တော်အား ယုံမှသာလျှင် ကယ်တင်ခြင်းရမည်ဟုလည်း အသံကောင်းဟစ်ကြသည်ကို ကြားဖူးကောင်း ကြားဖူးကြပါလိမ့်မည်။ သို့သော် စစ်မှန်သော ဧဝံဂေလိတရားနှင့်တော့ ဆန့်ကျင်နေသည်ကို မိတ်ဆွေနားလည်နိုင်ဖို့ရန် ဘုရားရှင်ကောင်းကြီးရှိပါစေ။

အယူလွဲတို့၏ ကားတိုင်တဖက်မှသာ ခရစ်တော်ဖြစ်သည်ဟူသော အဆိုအား သာမန်ဖတ်နေကြလောက်ဖြစ်သည့် ပေါ့ပေါပါးပါး ကျမ်းချက် အချက်သုံးချက်လောက်နှင့်သာ စစ်ဆေးကြည့်ကြမည်ဆိုလျှင် …

(၁) ရှင်လုကာခရစ်ဝင် အခန်းကြီး ၂ ၌ ကောင်းကင်တမန်လာပြောသော စကားသည် “Christ the Lord” သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်

(၂) ထိုအခန်းကြီး ၂ ၌ပင်လျှင် ရှုမောင်ရသော ဗျာဒိတ်တော်ဖြစ်သည့် “Lord’s Christ” ထာဝရဘုရား၏ ခရစ်တော်ကို မမြင်မှီ မသေရ

(၃) အခန်းကြီး ၄ အဆုံးပိုင်းလောက်တွင်တော့ နတ်ဆိုးတို့၏ “the Christ, the Son of God” ခရစ်တော်တည်းဟူသော ဘုရားသခင်၏ သားတော်၊ ထို့အပြင် “He was Christ” ခရစ်တော်ဖြစ်ကြောင်းကို သူတို့ သိကြသောကြောင့်

စသဖြင့် ကားတိုင်မတက်ခင်မှာပင်လျှင် “ကောင်းကင်တမန်၏ နှုတ်ထွက်၊ ရှုမောင်ရသော ဗျာဒိတ်တော်၊ နတ်ဆိုးတို့၏ ဝန်ခံချက် တို့သည် သခင်ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း လက်ခံရန်မှတပါး အခြားတမျိုးတဖုံပင် ငြင်းဆိုရန် ရှိကိုမရှိဘူး မဟုတ်ပါတကား …

တမန်တော်တို့သည် “ယေရှုသည်ခရစ်တော်ဖြစ်၏” ဟူ၍သာ ဧဝံဂေလိတရားကိုဟောပြောသကဲ့သို့ ယေရှုသည် ခရစ်တော်မဟုတ်ဟု ဆိုသောသူ၊ ငြင်းပယ်သောသူမည်သည်ကား အန္တိခရစ်ဟုပင် အတိအလင်းကြေညာကာ သတိထားရန်ဆိုထားသည်ကို ကျမ်းစာကိုကြည့်သောသူသည် မြင်ပါစေသား …

ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၂:၂၂
မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သော သူသည် အန္တိခရစ်ဖြစ်၏။ 

ထို့ကြောင့် ထိုကဲ့သို့ အယူလွဲမိစ္ဆာများ၏ အယူဝါဒများနှင့် တရားဟောချက်များသည် မစင်ရောသောအရာများသာဖြစ်သဖြင့် အရိုးဖယ်ကာ အသားစားပါဟုလည်း ဆို၍ပင် မရပါသောကြောင့် “ထိုဒေသနာတော် မပါသောသူသည် သင်တို့ထံသို့လာလျှင်၊ သူ့ကိုသင့်အိမ်၌ လက်မခံနှင့်” ဟုဆိုသကဲ့သို့ပင် နားမထောင်သင့်သော မိစ္ဆာအယူများပင်ဖြစ်ချေတော့သည်။

သခင်ယေရှုသည် ခရစ်တော်ဖြစ်၏။ “Jesus as the Christ, Jesus Christ is Our Savior.” ဟု ထပ်လောင်းဝန်ခံကြွေးကြော်ရင်း …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။