Skip to content

သွေးကြောထဲက သမိုင်းမှတ်တမ်းနဲ့ မျောက်ကနေ လူဖြစ်တာလားဆိုတဲ့ ပဟေဠိကို ဖြေရှင်းခြင်း

 

ပြီးခဲ့တဲ့ အပိုင်း (၁)၊ အပိုင်း (၂) နဲ့ အပိုင်း (၃) တွေမှာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် (Evolution) ဆိုတာ ထင်ကြေး၊ ခန့်မှန်းချက်သက်သက် မဟုတ်ဘဲ ခိုင်မာတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံထားတဲ့ သိပ္ပံအမှန်တရားတစ်ခု ဖြစ်တယ် ဆိုတာတွေ၊ အသေးစား ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် နဲ့ အကြီးစား ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် အတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ၊ ကျောက်ဖြစ်ရုပ်ကြွင်းတွေကနေ မျိုးစိတ်တွေ ဘယ်လိုအဆင့်ဆင့် ပြောင်းလဲလာသလဲ ဆိုတဲ့ ကမ္ဘာမြေကြီးရဲ့ သမိုင်းမှတ်တမ်းကို တွေ့ခဲ့ရပြီးပါပြီ။ အကယ်လို့များ ပြီးခဲ့တဲ့ အခန်း (၃) က အကြောင်းအရာတွေကို ဖတ်ပြီး တကယ်ပဲစိတ်ဝင်စားတဲ့သူဆိုရင် Pakicetus လို အကောင်ကို Google မှာပဲဖြစ်ဖြစ် မွှေနှောက်ရှာခဲ့ကြည့်မှာပဲ။ အဲ့တော့ Pakicetus  ပုံကို ကြည့်လိုက်ရင် ဝံပုလွေလိုလို၊ ခွေးလိုလိုနဲ့ ဘယ်လိုကြည့်ကြည့် ဝေလငါးနဲ့ တစ်စက်ကလေးမှ မတူဘူးမလား။ အရွယ်အစားကလည်း ခွေးတစ်ကောင်စာလောက်ပဲ ရှိတာကိုး။ အဲဒီတော့ “ဒီခွေးလိုကောင်ကနေ သမုဒ္ဒရာထဲက အကြီးကြီးတွေဆီ ဘယ်လိုလုပ် ဆက်စပ်သွားတာလဲ” ဆိုပြီး ထိုင်စဉ်းစားနေမိမှာပဲ ဟုတ်တယ်ဟုတ်? အဲ့လို စဉ်းစားစရာဖြစ်လာတာ အရမ်းကို သဘာဝကျပါတယ်။ တကယ်တော့ သိပ္ပံပညာရှင်တွေက ပုံပန်းသဏ္ဍာန်ကို ရမ်းသန်းပြီး ဆက်စပ်လိုက်တာ မဟုတ်ပါဘူး။ တိကျတဲ့ ဇီဝဗေဒ သဲလွန်စ တွေနဲ့ “ကြားခံဆက်စပ်နေတဲ့ ရုပ်ကြွင်းကွင်းဆက်” တွေ အခိုင်အမာ ရှိလို့ပါ။ ဘယ်လို ဆက်စပ်သွားလဲဆိုတာ ဆက်လေ့လာကြည့်ကြရအောင်။

တကယ့် လျှို့ဝှက်ချက်က “နားရိုး” ထဲမှာ ရှိပါတယ်။ သိပ္ပံပညာရှင်တွေက Pakicetus ရဲ့ ဦးခေါင်းခွံကို ရှာတွေ့တဲ့အခါ၊ သူ့ရဲ့ နားအလယ်ပိုင်းက အရိုး (Middle ear bone) ကို သွားကြည့်မိတယ်။ ကမ္ဘာပေါ်က နို့တိုက်သတ္တဝါတွေ အကုန်လုံးမှာ ကိုယ်ပိုင် နားရိုးပုံစံတွေ ရှိကြပေမယ့် ဝေလငါးနဲ့ လင်းပိုင်တွေမှာပဲ သီးသန့်ရှိတဲ့ “Involucrum” (အင်ဗိုလူကရမ်) လို့ခေါ်တဲ့ အထူးပြုလုပ်ထားတဲ့ နားရိုး အထူကြီး တစ်မျိုး ရှိနေတယ်။ အံ့သြစရာကောင်းတာက မြေကြီးပေါ်မှာ ပြေးလွှားနေတဲ့ Pakicetus ရဲ့ ခေါင်းထဲမှာ အဲဒီ ဝေလငါးတွေမှာပဲရှိတဲ့ သီးသန့်နားရိုးပုံစံ အတိအကျကို သွားတွေ့ရတာပါပဲ။ နောက်ပြီး သူ့ရဲ့ သွားတွေကလည်း နောက်ပိုင်းပေါ်လာတဲ့ ဝေလငါးရုပ်ကြွင်းတွေရဲ့ သွားတွေနဲ့ ပုံစံချွတ်စွပ် တူနေပြန်တယ်။ ဒါဟာ ပထမဆုံး အကြီးမားဆုံး သဲလွန်စပါပဲ။ နောက်ပြီး ဒါမျိုးက ဒီအကောင်တမျိုးတည်း မဟုတ်ဘူး၊ ကွင်းဆက်လိုက် တွေ့ရတာ။ ရုပ်ကြွင်းပညာရှင်တွေက Pakicetus အကောင်တမျိုးတည်းကိုကြည့်ပြီး ကောက်ချက်ချလိုက်တာ မဟုတ်ဘူးဗျ။ အချိန်ကာလ အစဉ်လိုက် ပြောင်းလဲသွားတဲ့ “ကြားခံရုပ်ကြွင်း (Transitional fossils)” အဆင့်ဆင့်ကို တစ်ကောင်ပြီးတစ်ကောင် အတိအကျ တူးဖော်တွေ့ရှိထားတာပါ။

Evolution Of Whales. Image is credited to: Whales of Iceland

Pakicetus လိုကောင်တွေက လွန်ခဲ့တဲ့ နှစ်သန်း ၅၀ ခန့်က ကုန်းပေါ်မှာနေတယ်။ ဒါပေမဲ့ ရေစပ်မှာ ငါးဖမ်းစားတယ်။ နားရိုးက ဝေလငါးနားရိုး ဖြစ်နေပြီ။ Ambulocetus လိုအကောင်တွေကျတော့ လွန်ခဲ့တဲ့ နှစ် ၄၉ သန်းခန့်က အကောင်ဖြစ်ပါတယ်။ သူ့ကို “လမ်းလျှောက်တဲ့ ဝေလငါး” လို့ ခေါ်ကြတယ်။ မိကျောင်းနဲ့ တူတယ်။ ခြေထောက်တွေ တိုသွားပြီး ခြေချောင်းတွေကြားမှာ ရေယက်တွေ ပါလာပြီ။ ကုန်းပေါ်မှာရော ရေထဲမှာပါ နေနိုင်တယ်။ လွန်ခဲ့တဲ့ နှစ် ၄၆ သန်းခန့်က Rodhocetus ဆိုတဲ့သတ္တဝါက ရေထဲမှာ ပိုနေလာတယ်။ အရေးကြီးဆုံး အပြောင်းအလဲက သူ့ရဲ့ နောက်ခြေထောက်နဲ့ ဆက်နေတဲ့ တင်ပါးဆုံရိုးဟာ ကျောရိုးဆီကနေ ပြုတ်ထွက်သွားပြီ။ ဒါဟာ ကုန်းပေါ်မှာ လမ်းလျှောက်ဖို့ အဆင်မပြေတော့ဘဲ၊ ရေထဲမှာ ဝေလငါးတွေလို ခန္ဓာကိုယ်ကို အထက်အောက် လှုပ်ခါပြီး ရေကူးဖို့ အကောင်းဆုံး ဖြစ်သွားတာပါ။ လွန်ခဲ့သော နှစ်သန်း ၄၀ ခန့်က Dorudon / Basilosaurus တွေကတော့ လုံးဝ ရေထဲမှာပဲ နေတော့တယ်။ ခန္ဓာကိုယ်က ဝေလငါးပုံစံ အပြည့်အဝ ပေါက်နေပြီ။ အရှေ့လက်တွေက ရေယက်တောင်ပံ ဖြစ်သွားပြီး၊ အနောက်ခြေထောက်လေးတွေကတော့ ခန္ဓာကိုယ်အပြင်ဘက်မှာ သေးသေးလေးပဲ ကျန်တော့တယ်။ ဒီနေ့ခေတ် ဝေလငါးတွေကျတော့ နှာခေါင်းပေါက် (Blowhole) က ခေါင်းပေါ်ကို ရောက်သွားပြီး နောက်ခြေထောက်တွေက အပြင်မှာ မရှိတော့ဘဲ ခန္ဓာကိုယ်ထဲမှာ အကြွင်းအကျန် အရိုးလေးတွေ အဖြစ်ပဲ ကျန်တော့တာပါ။

ရုပ်ကြွင်းပညာရှင်တွေက အရိုးတွေကို ကြည့်ပြီး “ဒီအကောင်နဲ့ ဒီအကောင်က ဆွေမျိုးစပ်လောက်တယ်” ဆိုပြီး ဆင့်ကဲပြောင်းလဲမှု ဆွေမျိုးစဉ်ဆက်ပြဇယားကြီး (Family Tree) ကို ရေးဆွဲခဲ့ကြပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ သိပ္ပံပညာဆိုတာ သက်သေတစ်ခုတည်းနဲ့ ရပ်မနေပါဘူး။ “အရိုးတွေက ပြောတဲ့ သမိုင်း” နဲ့ သက်ရှိတွေရဲ့ ခန္ဓာကိုယ်ထဲက “DNA သွေးစစ်ချက်” တွေကပြောတဲ့ သမိုင်းက ထပ်တူကျမှု ရှိပါ့မလား။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ DNA နည်းပညာ တိုးတက်လာတဲ့အခါ ပညာရှင်တွေက ရုပ်ကြွင်းတွေကို လုံးဝမကြည့်ဘဲ DNA Code တွေကိုပဲ သီးသန့်စစ်ပြီး ဆွေမျိုးစဉ်ဆက်ပြဇယားမျိုး နောက်တမျိုး ဆွဲကြည့်လိုက်တယ်။ အံ့ဩစရာကောင်းတာက အဲဒီ ဆွေမျိုးစဉ်ဆက်ပြဇယားနှစ်မျိုးစလုံးဟာ တစ်ထပ်တည်း သွားကျနေပါတယ်။ ဒါဟာ မှုခင်းတစ်ခုမှာ မျက်မြင်သက်သေနဲ့ DNA သက်သေ နှစ်ခုလုံးက တရားခံ တစ်ယောက်တည်းကိုပဲ ပူးပေါင်း လက်ညှိုးထိုးပြနေသလိုပါပဲ။ တနည်းပြောရရင် independently ဖြစ်နေတဲ့ မတူညီတဲ့ သိပ္ပံနယ်ပယ်နှစ်ခုက တူညီတဲ့ အဖြေတခုတည်းပဲထွက်လာဟာ အထောက်အထားကို ပိုခိုင်လုံစေခဲ့တာပေါ့။

သိပ္ပံပညာရှင်တွေက DNA ကို စစ်ကြည့်တဲ့အခါ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ ဝေလငါးနဲ့ မျိုးရိုးအနီးစပ်ဆုံး တိရစ္ဆာန်ဟာ “ရေမြင်း” တွေ ဖြစ်နေတာကို တွေ့ရတယ်။ ရေမြင်း၊ နွား၊ ဝက် စတဲ့ ခွာနှစ်ခြမ်းကွဲ တိရစ္ဆာန်တွေ (Artiodactyls) မှာပဲရှိတဲ့ သီးသန့် ခြေချင်းဝတ်အရိုး (Double-pulley ankle bone) တစ်မျိုး ရှိတယ်။ အံ့သြစရာကောင်းတာက အပေါ်မှာပြောခဲ့တဲ့ ရေယက်တွေနဲ့ လမ်းလျှောက်တဲ့ ဝေလငါး (Ambulocetus / Rodhocetus) တွေရဲ့ ရုပ်ကြွင်းမှာ အဲဒီ ခွာနှစ်ခြမ်းကွဲ တိရစ္ဆာန်တွေမှာပဲ ရှိတဲ့ ခြေချင်းဝတ်အရိုးကို သွားတွေ့ရပြန်ရောဗျ။ DNA က တွက်ထုတ်လိုက်တဲ့ အဖြေနဲ့ မြေကြီးထဲက ရုပ်ကြွင်းအဖြေ ကွက်တိ လာကျနေတာပေါ့။ အချုပ်ပြောရရင် ခွေးနဲ့တူတဲ့ Pakicetus ကနေ ချက်ချင်းကြီး ဝေလငါး ဖြစ်သွားတာ မဟုတ်ပါဘူး။ ကုန်းပေါ်ကနေ ရေစပ်၊ ရေစပ်ကနေ ရေတိမ်၊ အဲဒီကနေ သမုဒ္ဒရာထဲအထိ နေထိုင်ကျက်စားပုံတွေ ဖြည်းဖြည်းချင်း ပြောင်းလဲသွားတဲ့ အဆင့်တိုင်းမှာ၊ ခန္ဓာကိုယ် ဖွဲ့စည်းပုံတွေ ဘယ်လို လိုက်လျောညီထွေ ပြောင်းလဲသွားလဲ ဆိုတာကို ရုပ်ကြွင်းတွေက ဓာတ်ပုံရိုက်ထားသလို အဆင့်ဆင့် မှတ်တမ်းတင်ထားပေးခဲ့လို့သာ သိပ္ပံပညာရှင်တွေက ယုံကြည်ချက်ရှိရှိနဲ့ ဆက်စပ်ပြနိုင်တာပါ။

Dolphin embryo and its hind limb buds. Image is credited to: ResearchGate

နောက်ပြီး မြွေတွေနဲ့ လင်းပိုင်တွေက ခြေထောက်အဖုလေးတွေအကြောင်းပြောပြချင်ပါတယ်။ ဒါက ခြေထောက်တွေ ထွက်လာတာကို အပြင်မှာ မမြင်ရပေမယ့် မိခင်ဝမ်းဗိုက်ထဲက သန္ဓေသား (Embryo) ဖွံ့ဖြိုးတဲ့ အဆင့်တွေ၊ ဗီဇဟောင်းတွေ ပြန်ပေါ်လာခြင်း (Atavisms) အကြောင်းကို လေ့လာကြည့်ရင် Macro-evolution အတွက် နောက်ထပ် သက်သေတွေကို နားလည်ရပါလိမ့်မယ်။ မြွေတွေဟာ အရင်က ခြေထောက်ရှိတဲ့ ပုတ်သင်ညိုလို အကောင်မျိုးတွေကနေ ဆင်းသက်လာတာပါ။ ဒါကြောင့် မြွေ သန္ဓေသားလေးတွေ စဖြစ်စမှာ ခြေထောက်ထွက်မယ့် အဖုလေးတွေ (Hind limb buds) စပေါ်လာပြီးမှ အကောင်ဖြစ်ခါနီးမှာ ပြန်ပျောက်သွားတာမျိုး တွေ့ရပါတယ်။ လင်းပိုင် သန္ဓေသားတွေမှာလည်း နောက်ခြေထောက် ပေါ်လာပြီးမှ ပြန်ဝင်သွားပါတယ်။ ဒါက သူတို့ရဲ့ DNA ထဲမှာ “ခြေထောက်တည်ဆောက်ဖို့” ဆိုတဲ့ ဗီဇအဟောင်းတွေ ကျန်နေသေးတယ်ဆိုတဲ့ သက်သေအထောက်အထားတွေပါ။ တစ်ခါတလေမှာ အဲဒီ ခြေထောက်ဖျောက်ဖျက်ပစ်တဲ့ DNA စနစ်လေး ချို့ယွင်းသွားတဲ့အခါ၊ မွေးလာတဲ့ လင်းပိုင် ဒါမှမဟုတ် ဝေလငါးတွေမှာ တကယ်ပဲ အပြင်ဘက်အထိ နောက်ခြေထောက် (ခေါ်) နောက်ရေယက် အပိုလေးတွေ ထွက်လာတာမျိုးဟာ ဗီဇဟောင်းတွေ ပြန်ပေါ်လာခြင်း (Atavisms) ပဲ ဖြစ်ပါတယ်။

မြွေတွေမှာလည်း ခြေထောက်သေးသေးလေးတွေ ပါလာတာမျိုး ရှိပါတယ်။ ဒါဟာ တစ်ချိန်က သူတို့ဘိုးဘေးတွေမှာ ဒီအင်္ဂါအစိတ်အပိုင်းတွေ ရှိခဲ့တယ်ဆိုတာကို ငြင်းမရအောင် ပြသနေတဲ့ အထောက်အထားတွေပဲ ဖြစ်ပါတယ်။ ခြေထောက်ရှိခဲ့ဖူးတဲ့ မြွေတွေအကြောင်း သိပ္ပံပညာက တွေ့ရှိလာတဲ့အခါ၊ ကျွန်တော်တို့ ယုံကြည်သူတွေအတွက် အင်မတန် စိတ်ဝင်စားဖို့ကောင်းတဲ့ ကျမ်းစာချက်တစ်ခုကို သွားသတိရစေပါတယ်။ အဲဒါကတော့ ကမ္ဘာဦးကျမ်း ၃:၁၄ မှာ လူကို သွေးဆောင်ခဲ့တဲ့ မြွေကို ဘုရားသခင်က “မြွေသည် .. သားယဉ်၊ သားရဲ အပေါင်းတို့ထက် ကျိန်ခြင်းကို ခံရ၏။ သင်သည် ဝမ်းဖြင့်သွား၍ မြေမှုန့်ကို တစ်သက်လုံး စားရမည်” လို့ ကျိန်ဆိုခဲ့တဲ့ အဖြစ်အပျက်ပါ။ ဒီနေရာမှာ သေချာစဉ်းစားကြည့်ဖို့ ကောင်းတာတစ်ခု ရှိပါတယ်။ ကမ္ဘာဦးကျမ်းကို ရေးသားခဲ့တဲ့ ရှင်မောရှေနဲ့ ရှေးခေတ် အစ္စရေးလူမျိုးတွေဟာ ဇီဝဗေဒဆိုင်ရာ ဆင့်ကဲဖြစ်စဉ်အကြောင်းကို လုံးဝ မသိခဲ့ပါဘူး။ နောက်ပြီး ခြေထောက်နဲ့ လမ်းလျှောက်တဲ့ မြွေ ဆိုတာကိုလည်း သူတို့ သက်တမ်းတစ်လျှောက် ဘယ်တော့မှ မြင်ဖူးခဲ့မှာ မဟုတ်ပါဘူး။ သူတို့ခေတ် သူတို့အခါက လူတွေအတွက် မြွေဆိုတာ အစကတည်းက ဝမ်းဗိုက်နဲ့ တွားသွားနေတဲ့ အကောင်သက်သက်ပါပဲ။

ဒါကို “ကျမ်းစာက ဆင့်ကဲဖြစ်စဉ်ကို ကြိုပြောထားတာပါ” ဆိုပြီး သိပ္ပံနဲ့ ကျမ်းစာကို အတင်းအဓမ္မ လိုရာဆွဲစေ့ဖို့ ပြောချင်တာ မဟုတ်ပါဘူး။ ကမ္ဘာဦးကျမ်းဟာ သိပ္ပံဖတ်စာအုပ် မဟုတ်ဘဲ လူသားတွေရဲ့ အပြစ်ကျဆုံးခြင်းနဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်း စီမံကိန်းစတင်ပုံကို ဖော်ပြထားတဲ့ သမိုင်းဝင် ဓမ္မစာပေတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ဝိညာဉ်ရေးရာ အမှန်တရားကို ဖော်ပြဖို့ သုံးနှုန်းခဲ့တဲ့ “တစ်ချိန်က မြွေတွေဟာ အခုလို တွားသွားတဲ့ အကောင်မျိုး မဟုတ်ခဲ့ဘူး” ဆိုတဲ့ ကျမ်းစာလာ နောက်ခံဇာတ်လမ်းလေးဟာ နှစ်ထောင်ပေါင်းများစွာ ကြာပြီးမှ ခေတ်သစ် ဇီဝဗေဒပညာရှင်တွေ တူးဖော်တွေ့ရှိခဲ့တဲ့ “မြွေတွေဟာ ခြေထောက်ရှိတဲ့ တွားသွားသတ္တဝါ (Reptiles) တွေကနေ ဆင်းသက်လာတယ်” ဆိုတဲ့ သဘာဝတရားရဲ့ သမိုင်းကြောင်းနဲ့ လာပြီး အံ့မခန်း ကွက်တိကျနေတာဟာ တကယ့်ကို စဉ်းစားစရာ၊ ရင်သပ်ရှုမောဖွယ်ရာ တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒါဟာ ဖန်ဆင်းရှင် အဘထာဝရမြတ်စွာဘုရားသခင်ရဲ့ နှုတ်ကပတ်တော် (သမ္မာကျမ်းစာ) နဲ့ ကိုယ်တော်ဖန်ဆင်းထားတဲ့ သဘာဝတရားကြီး (သိပ္ပံ) ဟာ တစ်ခါတစ်ရံမှာ ကျွန်တော်တို့ မျှော်လင့်မထားတဲ့ နေရာတွေကနေ အင်မတန် လှပစွာ ဟန်ချက်ညီနေတတ်တယ် ဆိုတာကို ပြသနေတဲ့ သာဓကတစ်ခုလို့ ဆိုရမှာပါပဲ။ ကျွန်တော့်အနေနဲ့ ကျမ်းစာကိုလည်း မစော်ကား၊ သိပ္ပံကိုလည်း မချဲ့ကားဘဲ ဒီတိုင်း ရိုးရိုးလေး ဆက်စပ်တွေးတောကြည့်တာပါ။

DNA Strands Concept Illustration. Image is credited to: Britannica

ကျောက်ဖြစ်ရုပ်ကြွင်းတွေနဲ့ DNA ထဲက ငြင်းလို့မရတဲ့ အထောက်အထားတွေကို ကြည့်ခဲ့ကြပြီဆိုတော့၊ ဒီအခန်းမှာ ကျွန်တော်တို့ ခရစ်ယာန်တွေသာမက တခြားဘာသာဝင်တွေပါ အများဆုံး လွဲမှားနေတတ်တဲ့ အယူအဆကြီးတစ်ခုနဲ့၊ ကျမ်းစာနဲ့ သိပ္ပံကြားက ပွတ်တိုက်မှုတွေလို့ ထင်ရတဲ့အပိုင်းတွေကို အတူတကွ ဆင်ခြင်ကြည့်ရအောင်။ “လူက မျောက်ကဆင်းသက်လာတယ်ဆိုရင် ဘာလို့ မျောက်တွေ ရှိနေသေးတာလဲ၊ အခု လူလည်းရှိတယ်၊ မျောက်လည်းရှိသေးတယ်၊ ဒါပေမယ့် လူမကျ၊ မျောက်မကျ သတ္တဝါတွေကျ ဘာလို့ မရှိတာလဲ။” ဆင့်ကဲပြောင်းလဲခြင်း (Evolution) လို့ ပြောလိုက်တာနဲ့ လူအတော်များများရဲ့ ခေါင်းထဲမှာ ပြေးမြင်ကြတဲ့ ပုံရိပ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ “မျောက်ကနေ ခါးကုန်းကုန်း လူဝံကြီး ဖြစ်လာပြီး၊ အဲဒီကနေ တဖြည်းဖြည်း မတ်တတ်ရပ်တဲ့ လူဖြစ်လာတယ်” ဆိုတဲ့ ပုံကြမ်းလေးပါပဲ။ ဒီပုံကြမ်းလေးဟာ စိတ်ကူးယဉ်ပုံဖော်ထားတာသာဖြစ်ပြီး သာမန်လူတွေကြားမှာ အရမ်း ရေပန်းစားပေမယ့် တကယ့် သိပ္ပံပညာရှင်တွေနဲ့ ဇီဝဗေဒပညာရှင်တွေ အတွက်ကတော့ ဒါဟာ လုံးဝ မှားယွင်းနေတဲ့ ဒဏ္ဍာရီတစ်ခု သက်သက်ပါပဲ။ သိပ္ပံပညာက “လူဟာ မျောက်ကနေ ဆင်းသက်လာတယ်” လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး။ ဒါဆိုရင် အမှန်တရားက ဘာလဲ၊ သိပ္ပံရဲ့ တွေ့ရှိချက်တွေကို ကျွန်တော်တို့ ဘယ်လို နားလည်ရမလဲ။

နားလည်မှု အလွဲဆုံး အချက်ကတော့ Evolution ကို “အောက်ခြေကနေ အထက်ကို တက်သွားတဲ့ လှေကားထစ်ကြီး” လို့ ထင်နေကြတာပါပဲ။ အောက်ဆုံးထစ်မှာ မျောက်ရှိမယ်၊ မျောက်ကနေ လူဝံဖြစ်သွားမယ်၊ လူဝံကနေ လူဖြစ်သွားမယ် ဆိုတဲ့ အတွေးမျိုးပါ။ တကယ်တော့ ဆင့်ကဲဖြစ်စဉ်ဆိုတာ လှေကားထစ် မဟုတ်ဘဲ အကိုင်းအခက်တွေ ဖြာထွက်နေတဲ့ သစ်ပင်ကြီး တစ်ပင် နဲ့ တူပါတယ်။ ရှင်းအောင် ဥပမာ ပေးရရင် စာဖတ်သူနဲ့ စာဖတ်သူရဲ့ ဝမ်းကွဲအစ်ကိုဟာ အဘိုးအဘွား တစ်စုံတည်းကနေ ဆင်းသက်လာကြတယ်ဆိုတာမျိုးပါ။ စာဖတ်သူဟာ ဝမ်းကွဲအစ်ကိုဆီကနေ မွေးဖွားလာတာ မဟုတ်သလို ဝမ်းကွဲအစ်ကိုကလည်း စာဖတ်သူဆီကနေ ဆင်းသက်လာတာ မဟုတ်ပါဘူး။ နှစ်ယောက်လုံးဟာ “ဘုံဘိုးဘေး (Common ancestor)” ဖြစ်တဲ့ အဘိုးအဘွားဆီကနေ လမ်းခွဲပြီး ဆင်းသက်လာကြတာ ဖြစ်ပါတယ်။ လူသားတွေရဲ့ ဆင့်ကဲဖြစ်စဉ်လည်း ဒီသဘောတရားပါပဲ။ အခုခေတ်မှာ တွေ့နေရတဲ့ မျောက်တွေ၊ မျောက်လွှဲကျော် ချင်ပန်ဇီ (Chimpanzee) တွေဟာ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ မဟုတ်ကြပါဘူး။

Tree of Life. Image is credited to: Evogeneao

သူတို့ဟာ ကျွန်တော်တို့နဲ့ အတူတူ နေထိုင်နေကြတဲ့ “ဆွေမျိုးဝမ်းကွဲတွေ” (cousins) သာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၆ သန်း ကနေ ၈ သန်းလောက်က ကမ္ဘာပေါ်မှာ လူလည်းမဟုတ်၊ မျောက်လည်းမဟုတ်တဲ့ ‘ဘုံဘိုးဘေး မျိုးနွယ်စု (Common Ancestral Population)’ တစ်ခု ရှိခဲ့ပါတယ်။ အဲဒီ မျိုးနွယ်စုကနေမှ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် အကိုင်းအခက် နှစ်ခု ကွဲထွက်သွားပြီး၊ တစ်ကိုင်းက အခုခေတ် Chimpanzee မျောက်လွှဲကျော်တွေ ဖြစ်လာကာ ကျန်တဲ့ တစ်ကိုင်းကတော့ လူသား (Homo sapiens) တွေ ဖြစ်လာကြတာပါ။ ဒါကြောင့် ‘လူဟာ မျောက်က ဆင်းသက်လာတယ်’ ဆိုတဲ့ စကားက သိပ္ပံနည်းကျ လုံးဝ မှားယွင်းနေပြီး ‘လူနဲ့ မျောက်ဝံတွေဟာ ရှေးယခင် ဘုံဘိုးဘေး မျိုးနွယ်စု တစ်ခုတည်းကနေ လမ်းခွဲ ဆင်းသက်လာကြတယ်’ ဆိုတာကမှ အမှန်တရားပါ။ ဒါကြောင့်မို့လို့ လူတစ်ဝက် မျောက်တစ်ဝက် (ကြားခံအကောင်) တွေ အခုချိန်မှာ သက်ရှိထင်ရှား မရှိတော့တာက လုံးဝ ယုတ္တိကျပါတယ်။

အဲဒီလို လမ်းခွဲထွက်ပြီးနောက်ပိုင်း၊ ကျွန်တော်တို့ လူသားတွေဖြစ်လာမယ့် အကိုင်းအခက် (Hominins) မှာ ချက်ချင်းကြီး လူဖြစ်သွားတာ မဟုတ်ပါဘူး။ မတူညီတဲ့ မျိုးစိတ်တွေ အဆင့်ဆင့် ပြောင်းလဲခဲ့တယ် ဆိုတာကို တူးဖော်ရရှိတဲ့ ရုပ်ကြွင်းတွေက သက်သေပြနေပါတယ်။ သစ်ပင်ပေါ်ကနေ မြေပြင်ကို ဆင်းလာတဲ့အခါ အရင်ဆုံး ပြောင်းလဲသွားတာက ခြေနှစ်ချောင်းနဲ့ မတ်တတ်လျှောက် (Bipedalism) လာတာပါ။ ဥပမာ – လွန်ခဲ့တဲ့ နှစ် ၃ သန်းကျော်က “Lucy (လူစီ)” လို့ နာမည်ပေးထားတဲ့ Australopithecus ရုပ်ကြွင်းဆိုရင် ဦးနှောက်က သေးသေးလေးပဲ ရှိသေးပေမယ့် တင်ပါးဆုံရိုးနဲ့ ခြေထောက်အရိုးတွေက မတ်တတ်လျှောက်တဲ့ ဖွဲ့စည်းပုံ ဖြစ်နေပါပြီ။ အချိန်တွေ ကြာလာတာနဲ့အမျှ အစာရှာဖွေဖို့၊ ရာသီဥတုဒဏ် ခံနိုင်ဖို့နဲ့ လူမှုအဖွဲ့အစည်းတွေ ဖွဲ့စည်းလာတဲ့အခါ သဘာဝရဲ့ ရွေးချယ်မှု (Natural Selection) က ဦးနှောက်ပိုကြီးပြီး ဉာဏ်ပိုကောင်းတဲ့ မျိုးစိတ်တွေကို ရှင်သန်ခွင့်ပေးခဲ့ပါတယ်။ မီး (fire) ကို စတင်အသုံးပြုတတ်တဲ့ Homo erectus တွေကနေတဆင့် နောက်ဆုံးမှာတော့ ဦးနှောက် အကြီးမားဆုံးနဲ့ ဉာဏ်ရည် အမြင့်မားဆုံးဖြစ်တဲ့ ကျွန်တော်တို့ လူသားမျိုးစိတ် (ဟိုမို စေပီယန်-Homo sapiens) အဖြစ် ပြောင်းလဲ ဖြစ်တည်လာတာပါ။

ဒီသိပ္ပံအချက်အလက်တွေကို သိရတဲ့အခါ ကျွန်တော်တို့ ခရစ်ယာန်တွေအနေနဲ့ ကျမ်းစာနဲ့ ဆန့်ကျင်နေပြီလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ တကယ်တော့ ကမ္ဘာဦးကျမ်းဟာ ဘုရားသခင်က “ဘာကြောင့် (Why) ဖန်ဆင်းသလဲ” နဲ့ “ဘယ်သူ (Who) ဖန်ဆင်းသလဲ” ကို အဓိက ပြောတာဖြစ်ပြီး သိပ္ပံပညာကတော့ “ဘယ်လို ယန္တရားတွေနဲ့ အဆင့်ဆင့် လုပ်ဆောင်ခဲ့သလဲ (How)” ဆိုတာကို စူးစမ်းရှာဖွေလေ့လာခြင်း ဖြစ်ပါတယ်။ လူသားတွေရဲ့ ဇီဝကမ္မ ခန္ဓာကိုယ်ကြီးကို ဖန်ဆင်းရာမှာ ဘုရားသခင်ဟာ မြေမှုန့်ကိုယူပြီး ချက်ချင်း ရုပ်တုတစ်ခုလို ပုံဖော်လိုက်တာမျိုး မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာ ကတည်းက ဆင့်ကဲဖြစ်စဉ်အားဖြင့် ရှုပ်ထွေးနက်နဲတဲ့ ဦးနှောက်နဲ့ ပြီးပြည့်စုံတဲ့ ဒီခန္ဓာကိုယ်ကြီး ရလာတဲ့အထိ အဆင့်ဆင့် ပြင်ဆင် ဖန်ဆင်းပေးခဲ့တယ်လို့ ကျွန်တော်တို့ တဖြည်းဖြည်းနားလည်လာရပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ကျွန်တော်တို့ လူသားတွေကို တိရစ္ဆာန်တွေနဲ့ ကွာခြားသွားစေတာဟာ ဇီဝဗေဒ ခန္ဓာကိုယ် ဖွဲ့စည်းပုံ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

ဆင့်ကဲဖြစ်စဉ်ကနေ အဆင့်ဆင့် ပြင်ဆင်လာခဲ့တဲ့ ဒီခန္ဓာကိုယ်ကြီး အဆင်သင့်ဖြစ်ချိန်မှာ ဘုရားသခင်က တခြား ဘယ်သတ္တဝါကိုမှ မပေးခဲ့တဲ့ “ဘုရားသခင်၏ ပုံသဏ္ဍာန် (Image of God – Imago Dei)”ကို လူသားတွေဆီ ထည့်သွင်းပေးလိုက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ တိရစ္ဆာန်တွေမှာ မရှိတဲ့ ကိုယ်ကျင့်တရား (Morality) ကို သိမြင်နိုင်စွမ်း၊ အနုပညာကို ဖန်တီး ခံစားနိုင်စွမ်း၊ ထာဝရကာလကို တောင့်တတဲ့စိတ်နဲ့ ဖန်ဆင်းရှင်ကို သိကျွမ်း ကိုးကွယ်ချင်တဲ့ ဝိညာဉ်ရေးရာ အသိတရားတွေ ရှိနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လူဟာ မျောက်က ဆင်းသက်လာတာ မဟုတ်ပါဘူး။ လူသားတွေရဲ့ ဇီဝရုပ်ခန္ဓာဟာ ဖန်ဆင်းရှင်ရဲ့ အံ့မခန်း ဆင့်ကဲဖြစ်စဉ် ယန္တရားထဲကနေ အဆင့်ဆင့် ပြင်ဆင်ပေးခြင်း ခံထားရပြီး ဝိညာဉ်ရေးရာ အရတော့ ဘုရားသခင်နဲ့ မိသဟာယဖွဲ့နိုင်ဖို့ “ဘုရားသခင်၏ ပုံသဏ္ဍာန်တော်” အတိုင်း သီးသန့် ဖန်ဆင်းခံထားရတဲ့ သတ္တဝါတွေ (The crowns of the creation) ပဲ ဖြစ်ပါတယ်။

ဘုရားက မြေမှုန့်ကိုယူပြီး လူကို ပုံသဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းတယ်လို့ပြောထားတော့ .. လူနဲ့ မျောက်က ရှေးဘုံဘိုးဘေးတူတဲ့ သတ္တဝါမျိုးနွယ်စုကနေ ဆင်းသက်လာလို့ပြောရင် သမ္မာကျမ်းစာနဲ့ သိပ္ပံရဲ့ရှာဖွေတွေ့ရှိမှုက ဆန့်ကျင်သလိုဖြစ်မနေဘူးလား မေးခွန်းထုတ်မိမှာ အမှန်ပါပဲ။ ဘာလို့ဆို ကျွန်တော်ကိုယ်တိုင် ဒီလိုပဲ စဉ်းစားမိခဲ့လိုပါ။ ဒီလိုမေးခွန်းမျိုးတွေက တကယ့်ကို အရေးအကြီးဆုံးနဲ့ ထိရှလွယ်ဆုံး အပိုင်းပါပဲ။ ကျမ်းစာကို လေးစားမြတ်နိုးတဲ့ ယုံကြည်သူတိုင်း ဒီအချက်ကို ရောက်ရင် ဒီလိုပဲ တွေးပူမိကြတာ သဘာဝကျပါတယ်။ “မြေမှုန့်ကနေ ဖန်ဆင်းတယ်” ဆိုတဲ့ ကျမ်းချက်နဲ့ “ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်” ဟာ တကယ်ပဲ ဆန့်ကျင်ဘက်တွေလား။ ဆာလံကျမ်း ၁၃၉:၁၅ မှာ “မြေကြီးအောက်အရပ်၌ စေ့စပ်စွာ ပြုပြင်တော်မူသောအခါ (skillfully wrought)” လို့ ဒါဝိဒ်က ဆိုထားပါတယ်။ ဒီနေရာမှာ ဘုရားသခင်က ကောင်းကင်ဘုံကနေ လက်ကြီးဆင်းပြီး အမိဝမ်းထဲမှာ လူတစ်ယောက်ကို ရွှံ့ရုပ်တု လုပ်သလို ထိုင်ပြီး နယ်ဖတ် ပုံသွင်းနေတာ မဟုတ်ပါဘူး။ မိခင်ဝမ်းဗိုက်ထဲက သန္ဓေသား ဖွံ့ဖြိုးမှု (Embryology) နဲ့ ဆဲလ်ပွားတဲ့ ဇီဝကမ္မဖြစ်စဉ်တွေဆိုတဲ့ “ယန္တရား (Mechanism)” တွေကနေတဆင့် အင်မတန် အနုစိတ်ပြီး စေ့စပ်သေချာစွာ ဖန်ဆင်းပြုပြင်ပေးတယ်ဆိုတာကို နားလည်လာရပါတယ်။

ပိုပြီး အံ့သြစရာကောင်းတာက အငယ် ၁၆ မှာပါ။ “မစုံလင်သေးသော အကျွန်ုပ်၏အလုံးအထွေးကိုလည်း… ကိုယ်တော်၏စာရင်း၌ အကုန်အစင်မှတ်သားလျက် ရှိကြပါ၏ (Your eyes saw my substance, being yet unformed. And in Your book they all were written)” ဒီကျမ်းပိုဒ်လေးက တကယ့်ကို ဩချချင်စရာကောင်းလောက်အောင် သိပ္ပံပညာကို ကြိုတင် ပရောဖက်ပြုထားသလား အောက်မေ့ရပါတယ်။ ကိုယ်ခန္ဓာ အင်္ဂါအစိတ်အပိုင်းတွေ တစ်ခုမှ မဖြစ်လာခင် (မစုံလင်သေးခင်) ကတည်းက၊ ဘယ်လို ပုံစံဖြစ်ရမယ် ဆိုတဲ့ အချက်အလက်တွေ အားလုံးကို “စာအုပ် (Book) ထဲမှာ ကြိုတင် ရေးသား မှတ်တမ်းတင်ထားတယ်” ဆိုတာဟာ ခေတ်သစ် သိပ္ပံပညာက ရှာဖွေတွေ့ရှိထားတဲ့ “DNA (မျိုးရိုးဗီဇ)” တွေ အကြောင်းကို အတိအကျ ဖော်ပြထားသလိုများ ဖြစ်နေမလားလို့ တွေးကြည့်မိပါတယ်။ DNA ဆိုတာ သက်ရှိတွေ အလုံးအကောင်အထည် မဖြစ်တည်ခင်ကတည်းက ကြိုတင်ရေးဆွဲထားတဲ့ ဇီဝ သတင်းအချက်အလက် စာအုပ်ကြီးပဲ မဟုတ်လား။

ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်က လူကို “မြေမှုန့် (Dust / ဟေဗြဲလို Adamah)” ကနေ ဖန်ဆင်းတယ် ဆိုတာလည်း ဒီသဘောတရားပါပဲ။ လူ့ခန္ဓာကိုယ်ဟာ ကမ္ဘာမြေကြီးပေါ်က ဒြပ်စင်တွေ (Carbon, Oxygen, Calcium စတာတွေ) နဲ့ ဖွဲ့စည်းထားတယ် ဆိုတဲ့ အမှန်တရားကို ပြနေတာပါ။ ဘုရားသခင်က အဲဒီမြေမှုန့် (ဒြပ်စင်တွေ) ကို အသုံးပြုပြီး ဆင့်ကဲဖြစ်စဉ်ဆိုတဲ့ ရှည်လျားတဲ့ ဇီဝယန္တရားကြီးနဲ့ ပုံဖော်ခဲ့တယ်လို့ မြင်ကြည့်ရင် ကျမ်းစာနဲ့ သိပ္ပံက ဆန့်ကျင်ဘက် မဟုတ်တော့ဘဲ တစ်ခုနဲ့တစ်ခု အံဝင်ခွင်ကျ ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါဆို လူနဲ့ မျောက်က ရှေးဘုံဘိုးဘေး တစ်ခုတည်းကနေ ဆင်းသက်လာတယ်လို့ ပြောလိုက်ရင် လူကို “ပုံသဏ္ဍာန်တော် (Image of God)” နဲ့အညီ ဖန်ဆင်းထားတယ် ဆိုတာနဲ့ လွဲမသွားဘူးလား ဆိုပြီး မေးစရာ ရှိပြန်ပါတယ်။ ဒီနေရာမှာ သေချာနားလည်ရမှာက ဘုရားသခင်ဟာ နံဝိညာဉ်ဖြစ်တော်မူတဲ့အတွက် “ပုံသဏ္ဍာန်တော်” ဆိုတာ ရုပ်ပိုင်းဆိုင်ရာ မျက်နှာ၊ လက်၊ ခြေထောက် ပုံစံကို ပြောတာ မဟုတ်ဘူးဆိုတာ ခရစ်ယာန်တိုင်း သဘောတူလက်ခံထားတယ် မဟုတ်လား။ ဘုရားသခင်နဲ့ မိသဟာယဖွဲ့ ဆက်သွယ်နိုင်စွမ်း၊ အမှားအမှန် ခွဲခြားသိမြင်နိုင်တဲ့ ကိုယ်ကျင့်တရား (Morality) နဲ့ အုပ်စိုးပိုင်ခွင့် တွေကို ပြောတယ်ဆိုတာကို ဘယ်ခရစ်ယာန်မှ မငြင်းကြပါဘူး။

ဒါကြောင့် ဇီဝဗေဒအရ လူ့ခန္ဓာကိုယ် ဖွဲ့စည်းပုံဟာ တခြားသတ္တဝါတွေနဲ့ ဘုံဘိုးဘေး တူခဲ့တယ် ဆိုရင်တောင် အဲဒီ ခန္ဓာကိုယ်ကြီး အဆင်သင့်ဖြစ်ချိန်မှာ ဘုရားသခင်က လူသားကို သီးသန့် မှုတ်သွင်းပေးလိုက်တဲ့ “ဇီဝအသက် နဲ့ ပုံသဏ္ဍာန်တော်” ကို လုံးဝ မထိခိုက်ပါဘူး။ အိမ်တစ်လုံး ဆောက်တဲ့အခါ အုတ်၊ သဲ၊ ဘိလပ်မြေ တူပေမယ့်၊ အဲဒီအိမ်ကို သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်နဲ့ အသက်ဝင်မှုက မတူသလိုမျိုးပေါ့။ ဒီသာဓကတွေကို ကြည့်ခြင်းအားဖြင့် သဘာဝတရား ယန္တရားကို ဖန်ဆင်းပြီးမှ ထိုအရာကို သုံးပြီးဖန်ဆင်းတာဖြစ်နိုင်တယ်ဆိုပြီး ကောက်ချက်ချတာဟာ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းကို ငြင်းပယ်တာ မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ဒီလိုပြောလိုက်ရင် ကျွန်တော်တို့ ယုံကြည်သူတွေအတွက် အင်မတန် အရေးကြီးတဲ့ မေးခွန်းတစ်ခု ထပ်ထွက်လာပါမယ်။ “ဒါဆို ကျမ်းစာထဲက သမိုင်းဝင် ပထမဆုံးလူ အာဒံနဲ့ ဧဝက ဘယ်ကရောက်လာတာလဲ၊ အပြစ်တရား (Original Sin) ကကော ဘယ်လို ဝင်လာတာလဲ” ဆိုတဲ့ မေးခွန်းပါပဲ။ လူနဲ့ မျောက်က ရှေးဘုံဘိုးဘေး တူတယ်ဆိုရင်၊ အပြစ်တရားက မျိုးရိုးဗီဇအရ ဘယ်လို ကူးစက်တာလဲ။ သခင်ယေရှုရဲ့ ကယ်တင်ခြင်း ကျေးဇူးတော်ကကော ကျွန်တော်တို့ဆီ ဘယ်လို စီးဆင်းလာတာလဲ။ ဒီမေးခွန်းတွေဟာ ခရစ်ယာန်တွေအတွက် အရေးအကြီးဆုံး သီအိုလိုဂျီ ပြဿနာ၊ ဓမ္မစိန်ခေါ်ချက်တွေဖြစ်လို့ နောက်ဆောင်းပါး အပိုင်း (၅) မှာ သမ္မာကျမ်းစာကို အခြေခံပြီး ဓမ္မပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေ နဲ့ သီးသန့် အကျယ်တဝင့် ဆက်လက် တင်ပြပေးသွားပါမယ်။

 
ကိုးကားထားသော စာပေအရင်းအမြစ်များ