ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်သာ မှန်ရင် အာဒံရဲ့အပြစ်၌ကျရှုံးခြင်းနဲ့ သခင်ယေရှုဘုရားရဲ့ ရွေးနှုတ်ကယ်တင်ပေးခြင်း ကဏ္ဍက ဘယ်မှာလဲ
(ယုံကြည်သူတွေ ခေါင်းအစားဆုံး မေးခွန်းများကို ဖြေရှင်းခြင်း)
စာရေးသူရဲ့ ဆောင်းပါးတွဲရဲ့ ပြီးခဲ့တဲ့ အခန်း (၁)၊ အခန်း (၂)၊ အခန်း (၃) နဲ့ အခန်း (၄) တွေကို တပိုင်းမှ မလွတ်တမ်း ဂရုတစိုက်ဖတ်ခဲ့တယ်ဆိုရင်တော့ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် (Evolution) ဆိုတာ ထင်ကြေး၊ ခန့်မှန်းချက်သက်သက် မဟုတ်ဘဲ ခိုင်မာတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံထားတဲ့ သိပ္ပံအမှန်တရားတစ်ခု ဖြစ်တယ်ဆိုတာ ကောင်းကောင်းကြီးကို နားလည်သဘောပေါက်လောက်ပြီပေါ့နော်။ စာဖတ်သူတွေလည်း ကျွန်တော်နဲ့အတူတူ သိပ္ပံဆိုင်ရာ ဗဟုသုတအသစ်တွေနဲ့ မတူညီတဲ့ခရစ်ယာန်ဝိညာဉ်ရေးရာ ရှုထောင့်အမြင်သစ်တွေကိုလည်း လေ့လာသိရှိခဲ့ရပြီလို့ ကျွန်တော် ယူဆပါတယ်။ ဒါဆို ကျွန်တော်တို့ တော်တော်လေးကို ခရီးရောက်လာခဲ့ပါပြီဗျာ။
အဲ့ဒီအချက်တွေအားလုံးကို သိပ္ပံနည်းကျ လက်ခံလိုက်ပြီဆိုရင် ကျွန်တော်တို့ ခရစ်ယာန်တွေအတွက် ဖြေရှင်းရမယ့် အကြီးမားဆုံး သီအိုလိုဂျီ မေးခွန်းကြီးတွေဖြစ်တဲ့ (ဓမ္မစိန်ခေါ်ချက်) တွေ တန်းစီပေါ်လာပါတယ်။ အဲဒါကတော့ “ဒါဆို ကျမ်းစာထဲက သမိုင်းဝင် ပထမဆုံးလူ အာဒံနဲ့ ဧဝက ဘယ်ကရောက်လာတာလဲ၊ အပြစ်တရားက မျိုးရိုးဗီဇကနေ ဆင်းသက်လာတာဆိုရင်၊ အာဒံနဲ့ ဧဝက တခြားလူတွေနဲ့ သွေးနှောသွားတဲ့အခါ အဲဒီ ‘အပြစ်ဗီဇ’ က အကုန်လုံးဆီ ဘယ်လိုရောက်သွားမလဲ” ဆိုတဲ့ မေးခွန်းပါပဲ။ စာဖတ်သူလည်း ဒီနေရာမှာ ခေါင်းစားနေတယ်မလား။ မပူပါနဲ့ .. သင် တယောက်တည်း မဟုတ်ပါဘူး။ စာရေးသူကိုယ်တိုင်လည်း ဒီကိစ္စနဲ့ ၅ နှစ်လောက် ရုန်းကန်နေခဲ့ရတဲ့ အမှန်တရားတခု ဖြစ်ခဲ့ပါတယ်။ ဒီအရာတွေကို Christian Apologist ဝိညာဉ်ရေးရာ စီနီယာညီအစ်ကိုတွေ၊ ဓမ္မဆရာတွေနဲ့ အပူတပြေး ဆွေးနွေးအဖြေရှာခဲ့ကြရပါတယ်။ များစွာလေ့လာဆည်းပူးခဲ့ကြရပါတယ်။ ဒါပေမယ့် သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ မစသွန်သင်ပေးခြင်းကြောင့် အဖြေရခဲ့ပြီလို့ ထင်ပါတယ်။ ပထမဆုံးအနေနဲ့ “လူသား” ဆိုတာ တကယ်တော့ ဘာလဲ။ သိပ္ပံပညာရဲ့ “လူသား” (Homo Sapiens) နဲ့ သမ္မာကျမ်းစာလာ “လူသား ” (Living Being) ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ မတူဘူးဆိုတာကို စာဖတ်သူတွေကို ကောင်းကောင်းသဘောပေါက်စေချင်ပါတယ်။ ကျွန်တော်တို့တွေ ဆင့်ကဲဖြစ်စဉ် (Evolution) အကြောင်း ပြောကြတဲ့အခါ အငြင်းပွားရဆုံး အချက်က “လူ” ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ပါပဲ။ သိပ္ပံပညာရှင်တွေက “ဒီမှာ ကြည့်စမ်း… လူတွေက မျောက်ဝံတွေနဲ့ DNA ၉၈ ရာခိုင်နှုန်း တူတယ်၊ ဒါကြောင့် လူဆိုတာ ဆင့်ကဲပြောင်းလဲလာတဲ့ အဆင့်မြင့် တိရစ္ဆာန် တစ်မျိုးပဲ” လို့ ပြောတတ်ကြပါတယ်။ တစ်ဖက်မှာလည်း ယုံကြည်သူတွေက “လူဆိုတာ ဘုရားသခင် ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံရတာ၊ တိရစ္ဆာန် မဟုတ်ဘူး” လို့ ပြန်ငြင်းကြတယ်။ တကယ်တော့ ဒီအငြင်းပွားမှုကြီး ဖြစ်နေတာဟာ နှစ်ဖက်စလုံးက “လူ (Human)” ဆိုတဲ့ စကားလုံးကို ရှုထောင့်နှစ်ခုကနေ အဓိပ္ပာယ် ဖွင့်ဆိုနေကြလို့ပါပဲ။ ဒီတော့ ဘက်မလိုက်ဘဲ ရှုထောင့်နှစ်ခုစလုံးကနေ သေချာ ကြည့်ရအောင်။
အရင်ဆုံး သိပ္ပံပညာက မြင်တဲ့ လူသား (The Biological Human – Homo Sapiens) အဓိပ္ပါယ်ကို ပြောချင်ပါတယ်။ သိပ္ပံပညာဆိုတာ ရုပ်ဝတ္ထုတွေကိုပဲ တိုင်းတာနိုင်တဲ့ ပညာရပ်ပါ။ ဒါကြောင့် ဇီဝဗေဒနဲ့ သိပ္ပံပညာက “လူ” ကို သတ်မှတ်တဲ့အခါ …
- ခြေနှစ်ချောင်းနဲ့ မတ်မတ် လမ်းလျှောက်နိုင်သလား (Bipedalism)
- ဦးနှောက် အရွယ်အစား ကြီးမားသလား (Brain size)
- ကိရိယာ တန်ဆာပလာတွေ သုံးတတ်သလား (Tool usage)
- DNA ဖွဲ့စည်းပုံ ဘယ်လိုရှိလဲ… စတဲ့ “ရုပ်ပိုင်းဆိုင်ရာ အချက်အလက် (Hardware)” တွေနဲ့ပဲ သတ်မှတ်ပါတယ်။
ဒီစံနှုန်းတွေအရ ကြည့်ရင် လူ (Homo Sapiens) ဟာ သက်ရှိဇီဝဗေဒ ဆွေစဉ်မျိုးဆက်ပြဇယားကြီး (Biological Family Tree) ရဲ့ အကိုင်းအခက်တစ်ခု ဖြစ်ပြီး တခြား နို့တိုက်သတ္တဝါတွေ၊ မျောက်ဝံတွေနဲ့ ဇီဝကမ္မအရ ဆက်စပ်နေတယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားပါ။ ခရစ်ယာန်သမ္မာကျမ်းစာကလည်း လူရဲ့ ရုပ်ခန္ဓာကို “မြေမှုန့် ဒြပ်စင်တွေ (Dust)” ကနေ ဖန်ဆင်းတယ်လို့ ဆိုထားတဲ့အတွက် ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာဟာ ဒီကမ္ဘာမြေကြီးပေါ်က တခြားသော သက်ရှိ (တိရစ္ဆာန်) တွေနဲ့ ဖွဲ့စည်းတည်ဆောက်ပုံ အခြေခံ (DNA, Cells, Elements) အတူတူပဲ ဖြစ်နေတာဟာ မထူးဆန်းပါဘူး၊ လုံးဝကို သဘာဝကျပါတယ်။ အဓိကက တိရစ္ဆာန်တွေနဲ့ အမျိုးတော်တယ်ဆိုတာကြီးကို လူတွေရဲ့ မသိစိတ်က လက်မခံချင်နေတာပါ။ လူ့မာနပေါ့ဗျာ။ မာနတွေရှိနေတော့ အမှန်တရားက ဝေဝါးနေတော့တာပေါ့။
ဒုတိယရှုထောင့်က သမ္မာကျမ်းစာက မြင်တဲ့ လူသား (The Spiritual Human – Living Being) ဖြစ်ပါတယ်။ သမ္မာကျမ်းစာကတော့ “လူ” ကို သတ်မှတ်တဲ့အခါ ရုပ်ပိုင်းဆိုင်ရာ ဦးနှောက်ကြီးတာ၊ မတ်မတ်လျှောက်နိုင်တာတွေနဲ့ မသတ်မှတ်ပါဘူး။ ကမ္ဘာဦးကျမ်း ၂:၇ မှာ အလွန်ရိုးရှင်းတဲ့ ညီမျှခြင်း တစ်ခုကို ရေးထားပါတယ်။
မြေမှုန့် + ဘုရားသခင်မှုတ်သွင်းတော်မူသော ဇီဝအသက်ဝိညာဉ် = အသက်ရှင်သော လူသား
(dust/body/hardware) + (mind/soul/software) = Human/Living Being
ဒီနေရာမှာ တော်တော်များများက မေးတတ်ကြတယ်။ ဘုရားသခင် မှုတ်သွင်းလိုက်တဲ့ “ဇီဝအသက်ဝိညာဉ်” (ဟေဗြဲလို – Neshamah) ဆိုတာ သာမန် နှာခေါင်းပေါက်နဲ့ အသက်ရှူနေတဲ့ အသက် (Life) သက်သက်ကို ပြောတာလား၊ စိတ် (Mind) လား၊ ဝိညာဉ် (Spirit) ကိုပြောတာလား ဆိုပြီးတော့ပါ။ သေချာ ခွဲခြမ်းစိတ်ဖြာကြည့်ရင် အဲဒီ မှုတ်သွင်းခံရတဲ့ ဇီဝအသက် ဆိုတာဟာ ပြီးပြည့်စုံတဲ့ Package ကြီး တစ်ခုလိုဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒီတိုင်း ဇီဝအသက် (Life) သက်သက်လားဆိုရင် တစ်ပိုင်းတစ်စတော့ မှန်ပါတယ်။ သွေးတွေလည်ပတ်၊ အဆုတ်က အသက်ရှူပြီး နှလုံးခုန်နေတယ်ဆိုတာကလည်း ဇီဝအသက်ပဲကိုး။ ဒါပေမဲ့ ခွေး၊ ကြောင်၊ မျောက် စတဲ့ တိရစ္ဆာန်တွေ မှာလည်း နှလုံးခုန်တယ်၊ အသက်ရှူတဲ့ “ဇီဝအသက်” ရှိတာပဲလေ။ ကျမ်းစာက တိရစ္ဆာန်တွေကို ဖန်ဆင်းတုန်းက “ … ဖြစ်စေ၊ မြေသည် … မွေးဖွားစေ” ဆိုပြီး နှုတ်ကပတ်တော်နဲ့ပဲ မိန့်တော်မူခဲ့ပြီး လူကို ဖန်ဆင်းတဲ့ အခါကျမှသာ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ “ဇီအသက်” ကို မှုတ်သွင်းတယ်လို့ အထူးတလည် ရေးထားပါတယ်။ ဒါကြောင့် ဒီဇီဝအသက်ဟာ သာမန် ဇီဝအသက်ထက် အများကြီး ပိုနက်နဲမယ်ဆိုတာကို ကျမ်းအသွားအလာအရ နားလည်ရပါတယ်။ ဒါဆို စိတ် / အသိဉာဏ် (Mind) ကို ပြောတာလားဆိုရင် အဲ့ဒါလည်း ဟုတ်ပါတယ်။ အဲဒီ ဇီဝအသက်ကြောင့်ပဲ လူသားတွေဆီကို “တွေးခေါ်နိုင်စွမ်း” (Mind) ရောက်လာတာပါ။ တိရစ္ဆာန်တွေလို ဗီဇစိတ် / ဉာဉ် (Instinct) သက်သက်နဲ့ အသက်မရှင်တော့ဘဲ “ငါ ဆိုတာ ဘယ်သူလဲ” လို့ ကိုယ့်ကိုယ်ကိုယ် သိမြင်လာတယ်၊ Self-awareness ပေါ့။ ယုတ္တိဗေဒကျကျ စဉ်းစားလာနိုင်တယ်၊ Able to reason ပေါ့။ တိရစ္ဆာန်တွေကို နာမည်ပေးနိုင်လောက်အောင် ဘာသာစကားနဲ့ တီထွင်ဖန်တီးနိုင်စွမ်း (Creativity awareness & Language) တွေ ရရှိလာတယ်။ အဲ့ဒါဆို ဝိညာဉ် (Soul / Spirit) ကိုရော ပြောတာ ဖြစ်နိုင်သေးလား။ ဒါကတော့ လူကို ဘုရားရှင်ဖန်ဆင်းတုန်းက မှုတ်သွင်းပေးလိုက်တဲ့ ဇီဝအသက်ရဲ့ အရေးအကြီးဆုံး အနှစ်သာရပါပဲ။ ဒီဝိညာဉ် ရှိနေလို့သာ ကျွန်တော်တို့ လူသားတွေမှာ အမှားနဲ့အမှန်ကို ခွဲခြားသိမြင်တဲ့ “ကိုယ်ကျင့်တရား” (Morality) ရှိလာတာပါ။ ထာဝရကာလကို တောင့်တတဲ့စိတ် ရှိလာတာပါ။ အရေးအကြီးဆုံးကတော့ ဖန်ဆင်းရှင် ဘုရားသခင်နဲ့ စကားပြောဆို ဆက်သွယ်နိုင်တဲ့ (Communion with God) စွမ်းရည် ရရှိသွားတာပါ။
ဒီအချက်ကို ပိုမြင်သာအောင် ကွန်ပျူတာ ဥပမာလေးနဲ့ ထပ်ရှင်းပြချင်ပါတယ်။ သိပ္ပံပညာက ဆင့်ကဲဖြစ်စဉ် (Evolution) ကို လေ့လာတာဟာ ကွန်ပျူတာတစ်လုံးရဲ့ “Hardware” ဘယ်လို တိုးတက်လာသလဲ ဆိုတာကို လေ့လာတာနဲ့ တူပါတယ်။ ခေတ်ဟောင်း ကွန်ပျူတာ အကြီးကြီးတွေကနေ တဖြည်းဖြည်း သေးငယ်ပါးလွှာပြီး စွမ်းဆောင်ရည်မြင့်တဲ့ Hardware တွေ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာပါတယ်။ ပလပ်ထိုးလိုက်လို့ စက်လည်သွားတာက သာမန် “ဇီဝအသက် (Electricity)” ပါ။ ဒီအပိုင်းထိက တိရစ္ဆာန်တွေမှာလည်း ဇီဝအသက် ရှိတာပဲဆိုတဲ့အချက်နဲ့ ဆင်တူပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီ Hardware ကြီး ဘယ်လောက်ပဲ မြင့်မြင့်၊ အထဲမှာ “Operating System (Software)” မရှိရင် အဲဒါဟာ သံတိုသံစ၊ ပလတ်စတစ် အခွံသက်သက်ပါပဲ။ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့ အစိုးရ၍ မိမိ အသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိ အသက်ဝိညာဉ်ကို အဘယ် ဥစ္စာနှင့် ရွေးနိုင်သနည်း” လို့ သခင်ယေရှု မိန့်တော်မူခဲ့တာကို မှတ်မိတယ်မလား။ ကမ္ဘာဦးကျမ်းထဲမှာဖော်ပြထားတဲ့ ဘုရားသခင် မှုတ်သွင်းပေးလိုက်တဲ့ “ဇီဝအသက်ဝိညာဉ် (Mind + Soul)” ဆိုတာ အဲဒီ အဆင့်မြင့်လာတဲ့ ရုပ်ခန္ဓာ (Hardware) ထဲကို ထည့်သွင်းလိုက်တဲ့ “စကြာဝဠာရဲ့ တန်ဖိုးအကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံး ဆော့ဖ်ဝဲလ် (Divine Software)” ကြီးပါပဲ။ အဲဒီ ဝိညာဉ် ဆော့ဖ်ဝဲလ် ဝင်လာမှသာ လူဟာ ဘုရားသခင်နဲ့ စကားပြောနိုင်တဲ့၊ အချစ်၊ မေတ္တာ၊ ကိုယ်ကျင့်တရားတွေကို နားလည်တဲ့ “အသက်ရှင်သော လူသား” ဖြစ်လာတာပါ။ ဒီနေရာမှာ Richard Dawkins တို့၊ Steven Pinker တို့လို နာမည်ကြီး ဘာသာမဲ့ သိပ္ပံပညာရှင်တွေက ဝင်ပြီး စောဒကတက်တတ်ကြတယ်။ “လူတွေရဲ့ မေတ္တာတရားနဲ့ ကိုယ်ကျင့်တရား” (Morality) ဆိုတာ ဝိညာဉ်ရေးရာ မဟုတ်ပါဘူး၊ အုပ်စုဖွဲ့ ရှင်သန်နိုင်ဖို့အတွက် ဆင့်ကဲဖြစ်စဉ်က ဖန်တီးပေးလိုက်တဲ့ ဗီဇ (Evolutionary Psychology / Herd instinct) သက်သက်ပါပဲ” ဆိုပြီး ငြင်းတတ်ကြပါတယ်။
ဒါပေမဲ့ သေချာ စဉ်းစားကြည့်ရအောင်။ “မင်း ငါ့ကျောကို ကုတ်ပေးရင်၊ ငါ မင်းကျောကို ပြန်ကုတ်ပေးမယ်”။ သဘောက “ငါ့ကို ကူညီမယ့်သူကို ငါပြန်ကူညီမယ်” ဆိုတဲ့ အုပ်စုဖွဲ့ ရှင်သန်ရေး (Survival advantage) ဗီဇကို သဘာဝတရားက ရှင်းပြနိုင်ပေမယ့် မိမိနဲ့ လုံးဝ သွေးမတော်သားမစပ်တဲ့ သူစိမ်းတစ်ယောက်အတွက် ဒါမှမဟုတ် ရန်သူတစ်ယောက်အတွက် ကိုယ့်အသက်ကို စတေးပြီး ကယ်တင်ချင်တဲ့ စစ်မှန်တဲ့ မေတ္တာတရား (Agape Love) မျိုးကတော့ သဘာဝတရားရဲ့ ‘အားကြီးသူသာ ရှင်သန်ရမယ်’ (Survival of the fittest) ဆိုတဲ့ ဥပဒေသနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။ ကိုယ့် DNA ကို ဆက်မပွားနိုင်အောင် ကိုယ့်အသက်ကို စတေးလိုက်တာဟာ ဆင့်ကဲဖြစ်စဉ်ကို ဆန့်ကျင်နေတဲ့ Anti-evolutionary လုပ်ရပ်ကြီးပါ။ အဲဒီလောက် ကြီးမြတ်တဲ့ မေတ္တာတရားက ဘယ်ကလာပါသလဲ။ တကယ်လို့ ကိုယ်ကျင့်တရားဆိုတာ မျိုးစိတ်ရှင်သန်ဖို့ ဦးနှောက်က ဖန်တီးထားတဲ့ ဗီဇသက်သက်သာ ဆိုရင် ဒီကမ္ဘာပေါ်မှာ “ပကတိ အမှား နဲ့ အမှန်” (Objective Truth) ဆိုတာ တကယ် မရှိတော့ပါဘူး။ ဦးနှောက်ရဲ့ လှည့်စားမှု (Illusion) သက်သက်ပဲ ဖြစ်သွားပါမယ်။ ဒါဆိုရင် ဟစ်တလာ လူသတ်တာက မှားတယ်၊ မာသာထရီဇာ လူနာပြုစုတာက မှန်တယ်လို့ ကျွန်တော်တို့ ရဲရဲကြီး ပြောခွင့်မရှိတော့ပါဘူး။ “သူတို့ရဲ့ ရှင်သန်ရေး ဗီဇတွေ အလုပ်လုပ်ပုံ ကွဲပြားသွားတာပါ” လို့ပဲ ပြောရတော့မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အသိစိတ်က မတရားမှု လုပ်ရပ်တွေကို တွေ့ရင် “ဒါဟာ လုံးဝ မှားတယ်” လို့ တိတိကျကျ သိနေပါတယ်။ အဲဒီ ပကတိ ကိုယ်ကျင့်တရား ပေတံ (Objective Moral Law) က သဘာဝတရားထဲက လာတာ လုံးဝ မဟုတ်ပါဘူး။
ဩဇာသမက္ကကြီးမားလှတဲ့ ခရစ်ယာန် စာရေးဆရာကြီး C.S. Lewis က အလွန်လှပတဲ့ ဥပမာတစ်ခု ပေးဖူးပါတယ်။ “Evolution ဟာ ကျွန်တော်တို့ကို အုပ်စုဖွဲ့ချင်တဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်တဲ့စိတ် စတဲ့ ‘ဗီဇ (Instincts)’ တွေ ပေးကောင်း ပေးနိုင်ပါတယ်။ အဲဒါဟာ စန္ဒယားပေါ်က ‘ခလုတ်တွေ’ (Keys) နဲ့ တူပါတယ်။ ဒါပေမဲ့ အဲဒီ ခလုတ်တွေကို ဘယ်အချိန်မှာ ဘယ်လိုနှိပ်ရမယ်ဆိုတာကို ညွှန်ပြနေတဲ့ ‘တေးဂီတ မှတ်စု’ (Sheet Music) တစ်ခု ရှိနေပါတယ်။ အဲဒီ တေးဂီတမှတ်စုကတော့ ဘုရားသခင် ထည့်သွင်းပေးထားတဲ့ ‘ဝိညာဉ်ရေးရာ ကိုယ်ကျင့်တရား’ ပါပဲ” တဲ့။ ဖန်ဆင်းရှင်ကို မယုံကြည်တဲ့သူတွေကို ပြောချင်တာကတော့ သိပ္ပံပညာက ကျွန်တော်တို့ရဲ့ “ရုပ်ခန္ဓာ” (Hardware) ဘယ်လို တိုးတက်လာသလဲ ဆိုတာကို အကောင်းဆုံး ရှင်းပြနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ လူသားတွေမှာ တိရစ္ဆာန်တွေနဲ့ လုံးဝမတူညီတဲ့ ပကတိ အမှားအမှန်ကို သိမြင်နိုင်စွမ်း၊ အသက်ကို စတေးဝံ့တဲ့ မေတ္တာတရား၊ ဖန်တီးချင်စိတ်နဲ့ ဘဝရဲ့ အဓိပ္ပာယ်ကို ရှာဖွေချင်စိတ် (Software) တွေဟာ ရုပ်ဝတ္ထု သက်သက်ကနေ ဘယ်လိုမှ အလိုလို ထွက်ပေါ်လာနိုင်စွမ်း မရှိပါဘူး။ ကျွန်တော်တို့ဟာ တကယ့်ကို အဆင့်မြင့် မျောက်ဝံတွေ သက်သက်ပဲလား… ဒါမှမဟုတ် ဒီထက်ပိုမို နက်နဲတဲ့ ဖန်ဆင်းရှင် ထည့်သွင်းပေးထားတဲ့ “ဝိညာဉ်ရေးရာ ဖြစ်တည်မှု” တစ်ခုခုများ ရှိနေမလား ဆိုတာ သေချာ တွေးကြည့်စေချင်ပါတယ်။ ယုံကြည်သူခရစ်ယာန်ညီအစ်ကိုမောင်နှမတွေကို ပြောချင်တာကတော့ သိပ္ပံပညာက လူရဲ့ ရုပ်ခန္ဓာဟာ ဆင့်ကဲပြောင်းလဲလာတယ်လို့ ပြောတဲ့အခါ ကျွန်တော်တို့ လန့်ဖြန့်နေစရာ မလိုပါဘူး။ ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ ရုပ်ခန္ဓာ (မြေမှုန့်) ကို တခြားသက်ရှိတွေကနေတစ်ဆင့် အဆင့်ဆင့် ပုံသွင်းဖန်တီးခဲ့တယ် ဆိုရင်တောင် ကျွန်တော်တို့ကို သာမန် တိရစ္ဆာန်အဆင့်ကနေ ခွဲထုတ်လိုက်တာက ဇီဝဗေဒ (Biology) မဟုတ်ပါဘူး။ ဘုရားသခင် ကိုယ်တော်တိုင် မှုတ်သွင်းပေးခဲ့တဲ့ “ဇီဝအသက်ဝိညာဉ်” (Mind + Soul) သာလျှင် ကျွန်တော်တို့ကို တန်ဖိုးဖြတ်မရတဲ့ “အသက်ရှင်သော လူသား” အဖြစ် သတ်မှတ်ပေးတာ ဖြစ်ပါတယ်။ လူ့ဝိညာဉ်ကို စကြဝဠာကြီးတခုလုံးနဲ့တောင် ရွေးဝယ်လို့ မရပါဘူးတဲ့လေ။ ဒါကြောင့် သိပ္ပံကပြောတဲ့ Homo Sapiens (ရုပ်ခန္ဓာ) နဲ့ ကျမ်းစာကပြောတဲ့ အသက်ရှင်သော သတ္တဝါ (ဝိညာဉ်ပါသော လူ) ဆိုတာ ဆန့်ကျင့်ဘက်တွေ မဟုတ်ဘဲ လူသားတစ်ယောက်ရဲ့ ပြီးပြည့်စုံတဲ့ အစိတ်အပိုင်း နှစ်ခု (Body and Spirit) ကို သဟဇာတကျကျ ဖွင့်ပြနေခြင်းသာ ဖြစ်ပါတယ်ခင်ဗျာ။
ဒီလောက်ဆို “လူ” ဆိုတဲ့ အရာကိုပဲ သမ္မာကျမ်းစာကပြောထားတဲ့အမြင်နဲ့ သိပ္ပံကမြင်တဲ့အမြင် (၂) ခုက ဒင်္ဂါးပြားရဲ့ ပန်းနဲ့ခေါင်း မျက်နှာပြင် (၂) ဘက်လိုပဲဆိုတာကို သဘောပေါက်ပြီဆိုရင် ဒီဆောင်းပါးရဲ့ အဓိကအချက်ဖြစ်တဲ့ “ကျမ်းစာထဲက သမိုင်းဝင် ပထမဆုံးလူ အာဒံနဲ့ ဧဝက ဘယ်ကရောက်လာတာလဲ၊ အပြစ်တရား ကကော ဘယ်လို ဝင်လာတာလဲ၊ လူနဲ့ မျောက်က ရှေးဘုံဘိုးဘေး တူတယ်ဆိုရင် အပြစ်တရားက မျိုးရိုးဗီဇအရ ဘယ်လို ကူးစက်တာလဲ၊ သခင်ယေရှုရဲ့ ကယ်တင်ခြင်း ကျေးဇူးတော်ကကော ကျွန်တော်တို့ဆီ ဘယ်လို စီးဆင်းလာတာလဲ” ဆိုတဲ့ အချက်တွေကို စိတ်ရှင်းရှင်းနဲ့ အာရုံစိုက်လို့ရသွားပါပြီ။ ခရစ်ယာန်တွေအတွက် ခေါင်းအစားဆုံးဖြစ်စေတဲ့ ဒီမေးခွန်းတွေအတွက် ခေတ်သစ် ခရစ်ယာန် သိပ္ပံပညာရှင်တွေ၊ ဓမ္မပညာရှင်တွေနဲ့ ဒဿနပညာရှင်တွေက သိပ္ပံနဲ့လည်းမဆန့်ကျင်၊ သမ္မာကျမ်းစာနဲ့လည်း ကိုက်ညီမယ့် ချဉ်းကပ်မှုပုံစံ/ယူဆချက် (Models) တွေ အများကြီး စဉ်းစားအဖြေရှာခဲ့ကြရပါတယ်။ လက်ရှိ “ခရစ်ယာန်ယုံကြည်ခြင်းကို အကျိုးသင့်အကြောင်းသင့် ရှင်းလင်းတင်ပြခြင်း ဓမ္မပညာရပ်” (Christian Apologetics) လောကမှာ အခြေအခိုင်ဆုံးနဲ့ ယုတ္တိအကျဆုံး မော်ဒယ် နှစ်ခုကို ဒီအခန်းမှာ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီအထဲကမှ ပထမတစ်ခုက ဓမ္မပညာရှင် Dr. William Lane Craig ရဲ့ “သမိုင်းဝင် အာဒံ (The Historical Adam Model)” ဆိုတဲ့ ချဉ်းကပ်မှုပုံစံပါ။ ဆရာကြီးက ဘယ်လိုမြင်လဲဆိုတော့ လွန်ခဲ့တဲ့ နှစ် ၇၅၀,၀၀၀ နဲ့ ၁ သန်းကြားမှာ အာဒံနဲ့ ဧဝဆိုတာ တကယ်ရှိခဲ့တယ်ပေါ့။ ဘုရားသခင်က ဆင့်ကဲဖြစ်စဉ်နဲ့ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ရှေးဟောင်း လူသားမျိုးနွယ်စု (Homo heidelbergensis လို့ခေါ်တယ်) ထဲက နှစ်ယောက်ကို ရွေးချယ်ပြီး ဝိညာဉ် (soul) နဲ့ အသိဉာဏ် (cognitive capacity) အသစ်ကို သီးသန့် ထည့်ပေးလိုက်တာပေါ့။ အဲဒီကနေ သမိုင်းဝင် အာဒံနဲ့ ဧဝ ဖြစ်လာပြီး သူတို့ကနေမှတဆင့် ကျွန်တော်တို့ လက်ရှိ လူသားတွေ အကုန်လုံး ဆင်းသက်လာတယ်လို့ ဆိုတယ်။ ဒုတိယတစ်ခုကတော့ Computational Biologist ပညာရှင်ဖြစ်တဲ့ Dr. Joshua Swamidass ရဲ့ “မျိုးဆက်ဆင်းသက်မှုဆိုင်ရာ အာဒံနဲ့ ဧဝ” (The Genealogical Adam and Eve Model) ဆိုတဲ့ ချဉ်းကပ်မှုပုံစံ ဖြစ်ပါတယ်။ ဒီချဉ်းကပ်မှုပုံစံက ပိုတောင် စိတ်ဝင်စားဖို့ကောင်းပါသေးတယ်။ လူသားတွေက ဆင့်ကဲဖြစ်စဉ်အတိုင်း ဆင်းသက်လာတယ်ဆိုတာကို လက်ခံထားပေမယ့် လွန်ခဲ့တဲ့ နှစ် ၆,၀၀၀ လောက်က ဧဒင်ဥယျာဉ်ထဲမှာ အာဒံနဲ့ ဧဝကို ဘုရားသခင်က အသစ် (de novo) သီးသန့် ဖန်ဆင်းခဲ့တယ်လို့ ဆိုတယ်။ ခုနက ယူဆချက်လို ဝိညာဉ် (soul) နဲ့ အသိဉာဏ် (cognitive capacity) ကို ထည့်ပေးလိုက်တာမျိုးပေါ့။ သူတို့ အပြစ်လုပ်ပြီး ဥယျာဉ်ထဲက နှင်ထုတ်ခံရတဲ့အခါ အပြင်မှာ ရှိနှင့်နေပြီးသားဖြစ်တဲ့ လူသားတွေနဲ့ သွားပြီး သွေးနှောသွားကြတာပေါ့။ ဒီလိုဆိုတော့ ကျမ်းစာထဲက ကာဣန မိန်းမ ဘယ်ကရတာလဲ၊ မြို့တည်ဖို့ လူတွေဘယ်က ပေါ်လာလဲဆိုတာတွေကိုပါ ချက်ချင်း ရှင်းပြီးသားဖြစ်သွားတာပေါ့။ အဘ အာဒံနဲ့ အမိ ဧဝ ဟာ လူသားအားလုံးရဲ့ မျိုးရိုးဗီဇ (genetic) အရ ဘိုးဘေးတွေ မဟုတ်ရင်တောင် ဆွေစဉ်မျိုးဆက် (genealogical) အရတော့ ကျွန်တော်တို့အားလုံးရဲ့ ဘိုးဘေးတွေ ဖြစ်သွားပါတယ်။
“အပြစ်တရားက မျိုးရိုးဗီဇကနေ ဆင်းသက်လာတာဆိုရင်၊ အာဒံနဲ့ ဧဝက တခြားလူတွေနဲ့ သွေးနှောသွားတဲ့အခါ အဲဒီ ‘အပြစ်ဗီဇ’ က အကုန်လုံးဆီ ဘယ်လိုရောက်သွားမလဲ” ပေါ့။ ဇီဝဗေဒဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ရဲ့ သိပ္ပံအချက်အလက်တွေကို လက်ခံထားပါတယ်ဆိုရင်တောင် ဒီနေရာရောက်ရင် ခရစ်ယာန်တော်တော်များများ တစ်ဆို့သွားတတ်ကြပါတယ် (ကျွန်တော်ကိုယ်တိုင်လည်း နှစ်နဲ့ချီ ခေါင်းစားခဲ့ဖူးလို့ နားလည်ပါတယ်)။ ဒီပြဿနာကို Dr. Joshua Swamidass တို့လို ပညာရှင်တွေနဲ့ Dr. William Lane Craig တို့နဲ့ တခြား Reformed Theologians ဓမ္မပညာရှင်တွေက ခရစ်ယာန်တွေ မိရိုးဖလာအတိုင်း အမှုမဲ့၊ အမှတ်မဲ့ဖြစ်နေတတ်တဲ့အရာတွေကို အချက် သုံးချက်နဲ့ ရှင်းပြထားပါတယ်။ ပထမတချက်က အပြစ်တရား (Original Sin) ဆိုတာ DNA ထဲက မျိုးရိုးဗီဇ မဟုတ်ဘူးဆိုတဲ့ အချက်ပါ။ ကျွန်တော်တို့ခရစ်ယာန်တွေက “ဗီဇအပြစ်” လို့ သုံးနှုန်းလေ့ရှိပေမယ့် တကယ့်တမ်း ဓမ္မအတွေးအခေါ်အရ အပြစ်တရားဆိုတာ အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်လို့ရတဲ့ DNA တစ်ခု၊ ဆဲလ်တစ်ခု မဟုတ်ဘူးဗျ။ တကယ်လို့ ဗီဇအပြစ်တရား original sin ကသာ DNA ထဲမှာ ကိန်းအောင်းနေတဲ့ ရုပ်ဝတ္ထု (Physical) အရာဆိုရင် သိပ္ပံပညာရှင်တွေက မျိုးရိုးဗီဇ ပြုပြင်တဲ့ CRISPR လို နည်းပညာတွေနဲ့ အပြစ်တရားကို ကုသပစ်လို့ ရသွားမှာပေါ့။ ဒါကြောင့် ပညာရှင်တွေက အပြစ်တရားဆိုတာ “ဝိညာဉ်ရေးရာ အခြေအနေ (Spiritual Condition)” နဲ့ “ဘုရားသခင်နဲ့ ဆက်သွယ်မှု ပြတ်တောက်သွားတဲ့ အခြေအနေ (Fallen Status)” လို့ပဲ သတ်မှတ်ကြပါတယ်။ ဒုတိယတချက်က မျိုးရိုးဗီဇ (Genetic) နဲ့ ဆွေစဉ်မျိုးဆက် (Genealogical) ကွာခြားချက်ပါ။ အာဒံနဲ့ ဧဝဟာ လူသားအားလုံးရဲ့ မျိုးရိုးဗီဇ (genetic) အရ ဘိုးဘေးတွေ မဟုတ်ရင်တောင် ဆွေစဉ်မျိုးဆက် (genealogical) အရတော့ ကျွန်တော်တို့အားလုံးရဲ့ ဘိုးဘေးတွေ ဖြစ်သွားတယ်လို့ ဖတ်လိုက်ရတဲ့အခါ ခေါင်းရှုပ်သွားတယ် ဟုတ်? မရှုပ်သွားပါနဲ့ခင်ဗျ ..
တကယ်တော့ ဗီဇ (DNA) ဆိုတာ မျိုးဆက် နည်းနည်းလောက် ကွာသွားတာနဲ့ ပျောက်သွားတတ်ပါတယ်။ ဥပမာ စာဖတ်သူမှာ အဖေနဲ့အမေ ရှိတယ်။ စာဖတ်သူရဲ့ DNA ဟာ အဖေ့ဆီက ၅၀%၊ အမေ့ဆီက ၅၀% လာတာပါ။ အဘိုးအဘွား ၄ ယောက်ဆီကဆိုရင် ၂၅% စီပဲ ပါတော့မယ်။ ဘေး၊ ဘီ၊ ဘင်၊ ဘောင် စသဖြင့် မျိုးဆက် ၁၀ ဆက်လောက် (နှစ် ၃၀၀ လောက်) နောက်ဆုတ်ကြည့်လိုက်ရင်၊ စာဖတ်သူရဲ့ Family Tree ထဲမှာ ဘိုးဘွားပေါင်း ၁၀၀၀ ကျော် ရှိနေပါလိမ့်မယ်။ အဲဒီ လူ ၁၀၀၀ စလုံးဟာ စာဖတ်သူရဲ့ “ဆွေစဉ်မျိုးဆက် ဘိုးဘွားတွေ” (Genealogical Ancestors) ၁၀၀ ရာခိုင်နှုန်း အစစ်အမှန်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ စာဖတ်သူရဲ့ DNA ကို စစ်ကြည့်လိုက်ရင် အဲဒီ လူ ၁၀၀၀ ထဲက တချို့သူတွေရဲ့ DNA တစ်စက်လေးမှ စာဖတ်သူဆီမှာ မပါလာတော့ပါဘူး၊ Fractional ကနေ Zero အထိ ဖြစ်သွားပါပြီ။ အဲဒီလို DNA မပါလာတော့တဲ့ ဘိုးဘွားတွေကို သိပ္ပံပညာမှာ Genetic Ghosts (ဒီအန်အေအရ မရှိတော့သော ဘိုးဘွားများ) လို့ ခေါ်ပါတယ်။ အရင်က ဘာသာမဲ့ သိပ္ပံပညာရှင်တွေက ခရစ်ယာန်တွေကို အမြဲလှောင်ပြောင်လေ့ရှိတဲ့ အချက်တစ်ခု ရှိတယ်။ “ဟေး… လက်ရှိ ကမ္ဘာပေါ်က လူသားအားလုံးရဲ့ DNA တွေကို စစ်ကြည့်လိုက်ရင် လွန်ခဲ့တဲ့ နှစ် ၆၀၀၀ လောက်က လူနှစ်ယောက်တည်း (အာဒံနဲ့ ဧဝ) ကနေ ဆင်းသက်လာဖို့ ဆိုတာ လူဦးရေ မျိုးရိုးဗီဇ (Population Genetics) အရ လုံးဝ (လုံးဝ) မဖြစ်နိုင်ဘူးကွ” လို့ ပြောခဲ့ကြတယ်။ အဲဒီအချိန်မှာ Dr. Swamidass က ဒီ “Genealogical vs Genetic” သဘောတရားနဲ့ အဲဒီပြဿနာကို ရှင်းထုတ်လိုက်တယ်။ ဒါကြောင့် …
စာဖတ်သူရဲ့ လွန်ခဲ့တဲ့ နှစ် ၃၀၀ က အဘိုးအဘွား တစ်ယောက်ဆီက DNA မျိုးရိုးဗီဇဟာ အခု စာဖတ်သူဆီမှာ တစ်စက်လေးမှ မပါတော့ပေမယ့် “ဆွေစဉ်မျိုးဆက် (Genealogy)” အရ ကြည့်ရင်တော့ အဲဒီလူဟာ စာဖတ်သူရဲ့ အဘိုးအဘွား အစစ်ပဲ၊ ငြင်းလို့ မရဘူး။ ဒီလိုပဲ အာဒံနဲ့ ဧဝဟာ လူသားအားလုံးရဲ့ DNA ဘိုးဘေး မဟုတ်ရင်တောင် သူတို့ကနေ ပေါက်ဖွားလာတဲ့ မျိုးဆက်တွေဟာ တစ်ကမ္ဘာလုံးကို ပြန့်နှံ့ပြီး သွေးနှောသွားတဲ့အတွက် အခုကမ္ဘာပေါ်မှာ ရှိတဲ့ လူတိုင်းရဲ့ ဆွေစဉ်မျိုးဆက်ပြဇယား (Family Tree) ထဲမှာ အာဒံနဲ့ ဧဝဆိုတဲ့ အမြစ်ဟာ သေချာပေါက်ပါနေပြီလို့ သိပ္ပံနည်းကျ တွက်ချက်ပြထားပါတယ်။ ဒါကြောင့် လူသားတိုင်းဟာ အာဒံဆီကနေ DNA ကို ဆက်ခံစရာ မလိုပါဘူး။
ဆွေစဉ်မျိုးဆက် (Genealogical) အရ ဆက်နွယ်နေတာနဲ့တင် အာဒံရဲ့ “အပြစ်တရား (Original Sin)” နဲ့ “ဝိညာဉ်ရေးရာ ကိုယ်စားလှယ်ဖြစ်မှု (Federal Headship)” ဟာ လူသားအားလုံးဆီကို ကူးစက်သက်ရောက်ဖို့ လုံလောက်သွားပါပြီ။ တတိယတချက်ကတော့ ခုနကပြောတဲ့ “ကိုယ်စားပြုခြင်း သဘောတရား” (Federal Headship) ဆိုတဲ့ concept ပါ။ ဒါက အရေးအကြီးဆုံး ခရစ်ယာန်ဓမ္မအတွေးအခေါ် သီယိုလော်ဂျီပဲ ဖြစ်ပါတယ်။ ရောမဩဝါဒစာ ၅:၁၂ အရ အာဒံဟာ လူသားအားလုံးရဲ့ “ကိုယ်စားလှယ် (Federal Head)” ဖြစ်ပါတယ်။ ဥပမာတစ်ခု ပေးရရင် ဘုရင်တစ်ပါးက စစ်ရှုံးပြီး သူ့နိုင်ငံကို လက်လွတ်လိုက်ရရင် နောက်ထပ် မွေးလာမယ့် သို့မဟုတ် နန်းဆက်ခံမယ့် သူ့ရဲ့ မျိုးဆက်တွေ (မင်းသား၊ မင်းသမီးတွေ) ဟာ ဘုရင့်ရဲ့ DNA အပြည့်အဝ မပါရင်တောင် “နန်းကျမျိုးဆက်” ဆိုတဲ့ အဆင့်အတန်းကို အလိုလို ရသွားသလိုမျိုးပဲ။ နောက်ထပ် ဥပမာတစ်ခုက နိုင်ငံသားဖြစ်ခွင့်ပေါ့။ မိဘတစ်ယောက်က နိုင်ငံသားဖြစ်ရင် သူ့ရဲ့ မျိုးဆက်အဖြစ် မွေးလာတဲ့ ကလေးဟာ သွေးဘယ်လောက်နှောနှော နိုင်ငံသားဖြစ်ခွင့်ကို ဆွေစဉ်မျိုးဆက်အရ အလိုလို ဆက်ခံရသလိုမျိုးပဲ။
အာဒံက ဘုရားသခင်ရှေ့မှာ လူသားအားလုံးရဲ့ ကိုယ်စားလှယ် ဖြစ်ပါတယ်။ သူ ကျရှုံးသွားတဲ့အခါ အဲဒီ ဝိညာဉ်ရေးရာ ကျဆင်းမှု၊ အပြစ်တရားရဲ့ အကျိုးဆက် (Original Sin) ဟာ အာဒံရဲ့ ဆွေစဉ်မျိုးဆက် (Genealogical descent) ထဲမှာ ပါဝင်တဲ့ လူသားအားလုံးဆီကို “ဝိညာဉ်ရေးရာအရ” သက်ရောက်သွားတာလို့ ဓမ္မပညာရှင်တွေက ရှင်းပြကြပါတယ်။ ဒါကြောင့် DNA ထဲမှာ အပြစ်ဗီဇတွေ တစ်ဆင့်ပြီးတစ်ဆင့် ကူးစက်လာတာမျိုး မဟုတ်ဘဲ အာဒံရဲ့ မိသားစုတော်စပ်မှုပြဇယား (Family Tree) ထဲမှာ ပါဝင်လာသူတိုင်းဟာ ဖောက်ပြန်ပျက်စီးခြင်း (Fallenness) ဆိုတဲ့ ဝိညာဉ်ရေးရာ အမွေကို ဆက်ခံရတာ ဖြစ်ပါတယ်။ ဒါကြောင့် အပြစ်တရားဆိုတာ DNA နဲ့ လက်ဆင့်ကမ်းတဲ့ ရောဂါပိုး မဟုတ်ပါဘူး။ အာဒံဟာ ကျွန်တော်တို့အားလုံးရဲ့ ဆွေစဉ်မျိုးဆက် ဘိုးဘေး (Genealogical ancestor) ဖြစ်တဲ့အတွက် သူရဲ့ ကျဆုံးခြင်း (Fall) ဟာ သူ့ရဲ့ မျိုးဆက်ဖြစ်တဲ့ လူသားအားလုံးအပေါ် ဝိညာဉ်ရေးရာ ကိုယ်စားပြုမှု (Federal Headship) အရ အလိုလို သက်ရောက်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီး Swamidass ရဲ့ The Genealogical Adam and Eve model ဟာ ခရစ်ယာန်တွေရဲ့ Original Sin အယူအဆနဲ့ လုံးဝ မငြိစွန်းဘဲ ဓမ္မဒဿနအရ ယုတ္တိကျကျ ဖြေရှင်းလို့ ရနေတယ်လို့ ပညာရှင်တွေက လက်ခံထားကြပါတယ်။ ဒီမော်ဒယ် နှစ်ခုစလုံးက ဘာကိုပြနေလဲဆိုတော့ လူသားတွေနဲ့ တခြားသတ္တဝါတွေကြားက ဇီဝဗေဒအရ ဆက်စပ်မှုကိုလည်း မငြင်းပယ်သလို သမိုင်းဝင် အာဒံနဲ့ ဧဝကနေ အပြစ်တရား ဝင်လာတယ်ဆိုတဲ့ ကျမ်းစာလာ အဓိကအချက်ကိုလည်း လုံးဝ ထိန်းသိမ်းထားနိုင်တယ်ဆိုတာပါပဲ။ တကယ်တော့ အာဒံနဲ့ ဧဝဟာ လူသားအားလုံးရဲ့ မျိုးရိုးဗီဇ (genetic) အရ ဘိုးဘေးတွေ မဟုတ်ရင်တောင် ဆွေစဉ်မျိုးဆက် (genealogical) အရတော့ ကျွန်တော်တို့အားလုံးရဲ့ ဘိုးဘေးတွေ ဖြစ်တယ်ဆိုတဲ့ concept ကသာ သမ္မာကျမ်းစာနဲ့အညီ ခရစ်ယာန် theology နဲ့ ပိုလို့တောင် အံဝင်ခွင်ကျဖြစ်နေပါသေးတယ်၊ တကယ်လို့ evolution ကို လက်မခံဘူးဆိုရင်တောင်မှပေါ့။ ဘာပဲဖြစ်ဖြစ်ပါ၊ ဘယ်မော်ဒယ်က ပိုမှန်တယ်လို့ အတိအကျ ပြောဖို့ခက်ပေမယ့် (ဘုရားသခင်ပဲ အတိအကျ သိနိုင်ပေမယ့်) သိပ္ပံနဲ့ သမ္မာကျမ်းစာဆိုတာ တကယ်တမ်းကျ ဆန့်ကျင်ဘက်တွေ မဟုတ်ဘဲ သေချာလေ့လာရင် သဟဇာတဖြစ်အောင် တွေးလို့ရတဲ့ နေရာတွေ အများကြီးရှိတယ်ဆိုတာကို ပြနေတာပေါ့ဗျာ။
ဒါဆို သခင်ယေရှုကလည်း လူသားအားလုံးရဲ့ ကိုယ်စားလှယ် (Federal Headship) ပဲလေနော် ..
ကိုယ်တော်ရဲ့ဖြောင့်မတ်ခြင်း (His Righteousness) ကိုကျ ကျွန်တော်တို့က ဗီဇလည်း မတော်စပ်၊ ဆွေစဉ်မျိုးဆက်လည်း မတော်စပ်ဘဲ ဘယ်လိုဆက်ခံရရှိတာလဲ။

ရောမဩဝါဒစာ ၅:၁၉ မှာတော့ “တစ်ယောက်သောသူ (အာဒံ) သည် နားမထောင်သောအားဖြင့်၊ လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ တစ်ယောက်သောသူ (သခင်ယေရှု) သည် နားထောင်သောအားဖြင့်၊ လူများတို့သည် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏” ဆိုတဲ့ကျမ်းစကားလည်း ရှိနေတာကိုး။ စာဖတ်သူက အရမ်းကိုမှ details သမား၊ ခရေစေ့တွင်းကျ စဉ်းစားတတ်တဲ့သူသာဆိုရင် ဒီအချက်ကိုလည်း ဆက်စပ်တွေးကြည့်မိမှာပဲ ဟုတ်? ဒီနေရာမှာ အာဒံ နှစ်ယောက်၊ ဆွေစဉ်မျိုးဆက်ပြဇယား နှစ်မျိုး ဆိုတာကို ဆင်ခြင်ကြည့်ရအောင်။ Two Adams / Two Family Trees ပေါ့။ ၁ ကော ၁၅:၄၅ မှာ တမန်တော်မြတ်ကြီး ရှင်ပေါလုက သခင်ယေရှုကို “နောက်ဆုံးသော အာဒံ (The Last Adam)” လို့ ပြောထားပါတယ်။ ပထမအာဒံ က ရုပ်ပိုင်းဆိုင်ရာ ဆွေစဉ်မျိုးဆက် (Physical Genealogy) ရဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။ သူ့ရဲ့ ဆွေစဉ်မျိုးဆက် (Lineage of Adam) ထဲကို ကျွန်တော်တို့က “ဇာတိပကတိအတိုင်း မွေးဖွားလာခြင်း (Physical Birth)” အားဖြင့် အလိုလို ရောက်သွားတယ်။ ဒါကြောင့် သူ့ရဲ့ ကျရှုံးမှုနဲ့ အပြစ်တရားကိုပါ ဆွေစဉ်မျိုးဆက်အရ အလိုလို အမွေရလိုက်တယ်။ နောက်ဆုံးသော အာဒံ (သခင်ယေရှု) ကတော့ ဝိညာဉ်ရေးရာ ဆွေစဉ်မျိုးဆက်သစ် (Spiritual Genealogy/ Lineage of Christ) ရဲ့ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆွေစဉ်မျိုးဆက်သစ်ထဲကိုတော့ လူအဖြစ် မွေးလာရုံနဲ့ အလိုလို ရောက်မလာဘူး။ အဲဒါကြောင့် သခင်ယေရှုက နိကောဒင်ကို “ဒုတိယအကြိမ် မွေးဖွားရမယ် (Born Again)” လို့ မိန့်ကြားခဲ့တာပေါ့။ ကဲ .. ဒါဆို DNA မတူဘဲ ဘယ်လို အမွေဆက်ခံမလဲ။ သွေးသားမတော်စပ်ဘဲ သခင်ယေရှုရဲ့ ဖြောင့်မတ်ခြင်းကို ဘယ်လို ဆက်ခံမလဲဆိုတာကို တမန်တော်မြတ်ကြီး ရှင်ပေါလုက တရားရေးရာ (legal status) အရရော၊ စိုက်ပျိုးရေး နည်းပညာ (agricultural analogy) သဘော၊ သဘာဝအရပါ ဥပမာ နှစ်ခု သုံးပြီး ရှင်းပြပေးခဲ့ပါတယ်။ ဒီကျမ်းချက်တွေကို ကျွန်တော် ဆင်ခြင်ကြည့်တဲ့အခါ တမန်တော်မြတ်ကြီး ရှင်ပေါလုဟာ ပညာအလိမ္မာနဲ့ပြည့်စုံပြီး သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အသုံးပြုခြင်းကို ဘယ်လောက်တောင်များစွာခံရလဲဆိုတာ ဆင်ခြင်မိပါတယ်။
တမန်တော်မြတ်ကြီး ရှင်းပြတဲ့ ပထမနည်းက မွေးစားခြင်း (Adoption) တရားရေးရာ (legal status) သဘောတရားအရ သွေးသားမတော်စပ်ဘဲ အမွေဆက်ခံလို့ရတယ်ဆိုတာကို ရောမ ၈:၁၅ မှာ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးအဖြစ် မွေးစားခံရတယ်လို့ ရှင်းပြထားပါတယ်။ လောက ဥပဒေမှာလည်း ကလေးတစ်ယောက်ကို တရားဝင် မွေးစားလိုက်ပြီဆိုရင် အဲဒီကလေးဟာ မိဘနဲ့ မျိုးရိုးဗီဇ (DNA) မတူရင်တောင် မိဘရဲ့ ပိုင်ဆိုင်မှု၊ အမွေအနှစ်နဲ့ အဆင့်အတန်း (Status) အားလုံးကို အလိုလို ဆက်ခံခွင့် ရသွားသလိုမျိုးပဲ။ နောက်တနည်းက ကိုင်းကူးဆက်ခြင်း (Grafting) နည်းနဲ့ ရှင်ပေါလုက ရှင်းပြခဲ့ပါတယ်။ ရောမ ၁၁ ထဲမှာကျတော့ သံလွင်ပင်အရိုင်းရဲ့ကိုင်းကို ယူပြီး သံလွင်ပင်ကောင်းမှာ သွားဆက်တဲ့ အကြောင်းပါတယ်။ ကျွန်တော်တို့က မူလသံလွင်ပင်နဲ့ ဗီဇမတူတဲ့ တောသံလွင်ပင်အရိုင်းကိုင်းတွေပါပဲ။ ဒါပေမယ့် ကြီးမြတ်တော်မူသော သခင်ယေရှုဘုရားဆိုတဲ့ အပင်ကောင်းကြီးဆီကို သွားဆက်လိုက်တဲ့အခါ အဲဒီအပင်က လာတဲ့ အသက်ရေနဲ့ အဆီအနှစ် (ဖြောင့်မတ်ခြင်း) တွေက ကျွန်တော်တို့ဆီကို အလိုလို စီးဆင်းလာတော့တာပဲ။ ဒါကြောင့် “ယုံကြည်ခြင်း” (faith) ဆိုတာ မျိုးရိုးပြောင်းတဲ့ လုပ်ငန်းစဉ်ပဲ။ ဆင့်ကဲဖြစ်စဉ်မှာ ဘုံဘိုးဘေးကနေ အကိုင်းအခက်တွေ ဖြာထွက်လာသလိုမျိုးပဲ ကျွန်တော်တို့က မူလက အာဒံရဲ့ အကိုင်းအခက်တွေ ဖြစ်နေတယ်။ ဒါပေမယ့် “ယုံကြည်ခြင်း” ဆိုတဲ့ အက်ရှင်ကို ယူလိုက်တဲ့အခါ ကျွန်တော်တို့ဟာ အာဒံရဲ့ သစ်ပင်ကနေ ပြတ်ထွက်သွားပြီး၊ ခရစ်တော်ဆိုတဲ့ သစ်ပင်သစ်မှာ သွားပြီး ပေါင်းစပ် (Grafting လုပ်) လိုက်သလို ဖြစ်သွားတယ်။ အဲဒီအခါမှာ သခင်ယေရှုက သူ့ရဲ့ဖြောင့်မတ်ခြင်းကို သန့်ရှင်းသော ဝိညာဉ်တော် (Holy Spirit) အားဖြင့် ကျွန်တော်တို့ထဲ ထည့်ပေးလိုက်တယ်။ ဒါဟာ ကျွန်တော်တို့ သွေးကြောထဲကို “ဝိညာဉ်ရေးရာ DNA အသစ်” ထည့်သွင်းပေးလိုက်တာနဲ့ အတူတူပဲ။
ဒီလောက်ဆိုရင် “ကျမ်းစာထဲက သမိုင်းဝင် ပထမဆုံးလူ အာဒံနဲ့ ဧဝက ဘယ်ကရောက်လာတာလဲ”၊ “အပြစ်တရားက မျိုးရိုးဗီဇကနေ ဆင်းသက်လာတာဆိုရင်၊ အာဒံနဲ့ ဧဝက တခြားလူတွေနဲ့ သွေးနှောသွားတဲ့အခါ အဲဒီ ‘အပြစ်ဗီဇ’ က အကုန်လုံးဆီ ဘယ်လိုရောက်သွားမလဲ”၊ “သခင်ယေရှုကလည်း လူသားအားလုံးရဲ့ ကိုယ်စားလှယ် (Federal Headship) ပဲလေနော် .. သူ့ဖြောင့်မတ်ခြင်းကိုကျ ကျွန်တော်တို့က ဗီဇလည်း မတော်စပ်၊ ဆွေစဉ်မျိုးဆက်လည်း မတော်စပ်ဘဲ ဘယ်လိုဆက်ခံရရှိတာလဲ” စတဲ့ ဒီအငြင်းပွားဖွယ်၊ ခေါင်းအစားဆုံးမေးခွန်းတွေရဲ့အဖြေတွေကို ရလိုက်ပြီ ဟုတ်? Praise The LORD! Hallelujah! ဒါကြောင့် ဘုရားသခင်က အမိဝမ်းထဲမှာ DNA စနစ်၊ ဆဲလ်ကွဲတဲ့ စနစ်တွေ (ယန္တရား) ကို သုံးပြီး လူတစ်ယောက်ကို အနုစိတ် ပုံဖော် ဖန်ဆင်းသလိုပဲ၊ ကမ္ဘာဦးကျမ်းမှာ လူကို “မြေမှုန့်” (ကမ္ဘာပေါ်က သဘာဝ ဒြပ်စင်များ) ကနေ အသုံးပြုပြီး ဆင့်ကဲဖြစ်စဉ် (Evolution) ဆိုတဲ့ ရှည်လျားတဲ့ ဇီဝယန္တရားကြီးနဲ့ လူသားတွေရဲ့ ခန္ဓာကိုယ်ကို စေ့စပ်စွာ ပုံဖော်ခဲ့တယ်လို့ ကျွန်တော်တို့ ယုံကြည်သူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း မြင်ကြည့်လို့ ရပါတယ်။ တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာ မဟုတ်ဘဲ လက်ဝဲဘက်နဲ့ လက်ယာဘက်လို အံဝင်ခွင်ကျ ဖြစ်နေတာပါ။ ကမ္ဘာကြီးက နှစ်သန်းပေါင်းများစွာ ကြာခဲ့ပြီ၊ ဆင့်ကဲဖြစ်စဉ်တွေ ရှိခဲ့တယ်ဆိုရင် ခရစ်ယာန်တော်တော်များများ (တချိန်က ကျွန်တော်ကိုယ်တိုင်) ချက်ချင်း ငြင်းတတ်တဲ့ နောက်ထပ်အချက်တွေက “ရောမ ၅:၁၂ မှာ အာဒံ အပြစ်လုပ်မှ သေခြင်းတရား ဝင်လာတယ်လို့ ပြောထားတယ်။ အာဒံ မတိုင်ခင်ကတည်းက တိရစ္ဆာန်တွေ သေနေတယ်၊ ရောဂါဘယတွေ ရှိနေတယ် ဆိုရင် ဘုရားသခင် ဖန်ဆင်းထားတဲ့ ‘အလွန်ကောင်းသော’ ပြီးပြည့်စုံတဲ့ ကမ္ဘာကြီး (Perfect world) ဆိုတာ မဖြစ်နိုင်တော့ဘူး” ဆိုတဲ့ အတွေးပါပဲ။ နောက်ပြီး “ကမ္ဘာဦးကျမ်းက (၆) ရက် ဖန်ဆင်းခြင်းကို ဘယ်လို နားလည်ရမလဲ။ ခုလိုတွေရှင်းပြနေတာကရော သိပ္ပံကိုကြောက်လို့ ကျမ်းစာကို လိုရာဆွဲ အနက်ပြန်နေတာလား၊ သိပ္ပံက ရှာဖွေတွေ့ရှိချက်အသစ်တွေ တွေ့တိုင်း ကျမ်းစာ အနက်ဖွင့်တာ လိုက်ပြောင်းနေရဦးမှာလား” ဆိုပြီး တချို့မေးကောင်းမေးကြပါလိမ့်မယ်။ ဒီအကြောင်းအရာကိုတော့ နောက်ဆုံးအခန်းဖြစ်တဲ့ “သိပ္ပံနဲ့ ခရစ်ယာန်ယုံကြည်ခြင်းကို ဟန်ချက်ညီစွာ ပေါင်းစပ်ခြင်း” ဆိုတဲ့ခေါင်းစဉ်မှာ တင်ပြသွားရင်း စာရေးသူရဲ့ “ဖန်ဆင်းခြင်းလား၊ ဆင့်ကဲပြောင်းလဲခြင်းလား – ခရစ်ယာန်များ သိပ္ပံပညာကို ဘယ်လို ရှုမြင်သင့်သလဲ” ဆောင်းပါးတွဲကို အဆုံးသတ်လိုက်ပါတော့မယ်ခင်ဗျာ။
ကိုးကားထားသော စာပေအရင်းအမြစ်များ
-
- ကမ္ဘာဦးကျမ်း ၂:၇ (ဆရာကြီး ယုဒသန်ဘာသာပြန် မြန်မာသမ္မာကျမ်းစာ)
- ရှင်မဿဲ ၁၆:၂၆ (ဆရာကြီး ယုဒသန်ဘာသာပြန် မြန်မာသမ္မာကျမ်းစာ)
- ၁ ကော ၁၅:၄၅ (ဆရာကြီး ယုဒသန်ဘာသာပြန် မြန်မာသမ္မာကျမ်းစာ)
- ရောမ ဩဝါဒစာ အခန်းကြီး ၅၊ အခန်းကြီး ၁၁ (ဆရာကြီး ယုဒသန်ဘာသာပြန် မြန်မာသမ္မာကျမ်းစာ)
- What does it mean to be human? By Jon Farrar (BBC Earth). Link: https://www.bbcearth.com/news/what-does-it-mean-to-be-human
- Human Being | Mental Health, Emotions & Behaviour (Britannica). Link: https://www.britannica.com/topic/human-being
- What Does It Mean to Be Human? (ScienceDirect). Link: https://www.sciencedirect.com/topics/immunology-and-microbiology/human
- The Psychology of Herding Behavior (PsychoTricks). Link: https://psychotricks.com/the-psychology-of-herding-behavior/
- Instinct and the Origins of Mind and Behavior (Oxford University Press). Link: https://academic.oup.com/edited-volume/62246/chapter-abstract/550975941?redirectedFrom=fulltext#550975941
- “The Herd Instinct” by Boris (Bruce) Kriger. Link: https://medium.com/@krigerbruce/the-herd-instinct-ba9baec609c0#_Toc216875164
- “Mere Christianity” by C.S.Lewis. Link: https://www.amazon.sg/Mere-Christianity-C-S-Lewis/dp/0007461216
- The Genealogical Adam and Eve (The Bible Project). Link: https://bibleproject.com/podcasts/genealogical-adam-and-eve/
- The Genealogical Adam and Eve (Wikipedia). Link: https://en.wikipedia.org/wiki/The_Genealogical_Adam_and_Eve
- The Historical Adam. Link: https://www.maybegodpod.com/maybe-god-episode-56-william-lane-craig
Highly Recommended Books on these topics
-
- “The Genealogical Adam and Eve — The Surprising Science of Universal Ancestry” by Dr. S. Joshua Swamidass. Link: https://www.amazon.sg/Genealogical-Adam-Eve-Surprising-Universal/dp/151400383X?dplnkId=3d735268-3e17-4cf7-91a5-02917d3f35cb&nodl=1
- “In Quest of the Historical Adam: A Biblical and Scientific Exploration” by Dr. William Lane Craig. Link: https://www.amazon.sg/Quest-Historical-Adam-Scientific-Exploration/dp/080287911X

