“သုံးပါးတဆူ” ဆိုတာ ဘာလဲ။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ဆိုတာ ဘာလဲ။ How can 3 be 1? ခရစ်ယာန်တွေ ဘုရားသုံးဆူ (Three Gods) ကို ကိုးကွယ်ကြသလား? ဒီမေးခွန်းတွေအမြဲ ကြားဖူးကြတယ်မလား။ တချို့က တကယ်မသိလို့၊ သိနားလည်ချင်တဲ့စိတ်နဲ့ ရိုးသားစွာ မေးတာရှိသလို တချို့က တိုက်ခိုက်လိုစိတ်နဲ့ ငေါ့ပြီးမေးတာလည်း ရှိနိုင်တယ်။ မေးသူက ဘယ်လိုစိတ်နဲ့ပဲ မေးမေး စိတ်ရှည်စွာနဲ့ စေတနာ၊ မေတ္တာထားပြီး ချက်ကျလက်ကျ ရှင်းပြပေးရမှာ ကျွန်တော်တို့ ခရစ်ယာန်တွေရဲ့ ဝန်တာပဲ မဟုတ်ပါတကား။ ကျွန်တော်တို့ သခင်ခရစ်တော်မိန့်မှာခဲ့တဲ့အတိုင်း ပြုမူကျင့်ကြံနေထိုင်ပြီး မေးလာသမျှ မေးခွန်းတွေကို ချက်ကျလက်ကျ ဖြေကြားပေးလိုက်မယ်ဆိုရင် တကယ်သိလိုတဲ့သူတွေ၊ သာသနာတော်ကို စူးစမ်းလေ့လာနေသူတွေအတွက် အထောက်အကူဖြစ်နိုင်တယ် မဟုတ်လား။ ကိုယ်က ခြွင်းချက်မရှိ ဖြေပေးပါလျက် လက်မခံရင်ရော? ဒါဆို ဒီတိုင်း လစ်လျူရှုလိုက်ပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေပါ။ ကျွန်တော်ကိုယ်တိုင်က ခရစ်ယာန်မိသားစုမှ ကြီးပြင်းခဲ့ပေမယ့် သမ္မာကျမ်းစာကို သေချာ မလေ့လာ မဖတ်ရှုဖြစ်ခဲ့စဉ်က၊ အသင်းတော်ရဲ့ ထုံးတမ်းစဉ်လာနဲ့ သွန်သင်ချက်တွေကို ကောင်းစွာနားမလည်ခဲ့စဉ်က ထာဝရဘုရားသခင်ဟာ “သုံးပါးတဆူ” ဖြစ်တော်မူတယ်ဆိုတဲ့ အမှန်တရားကို တချိန်က စိတ်မကောင်းစွာပဲ ငြင်းပယ်ခဲ့မိဖူးပါတယ်။ သခင်ယေရှုဟာ ဘုရားသခင် မဟုတ်ဘူး ဆိုပြီးတော့တောင် နှုတ်နဲ့ပြစ်မှားစော်ကားမိခဲ့တဲ့အချိန်ထိရှိခဲ့ဖူးပါတယ်။ အဲ့လိုလူ ကျွန်တော်မျိုးက အခုတော့ သုံးပါးတဆူ ယုံချက်အတွက် ပြန်လည်ခုခံဖြေရှင်းပေးနေခြင်းကိုက ကျွန်တော် စိတ်မကူးခဲ့ဖူးတဲ့ အရာပါပဲ။ ကျွန်တော်ချစ်တဲ့ သခင်ယေရှုဘုရားရှင်ဟာ ကျွန်တော့်အပေါ် ခန္တီတော်နှင့် စောင့်ဆိုင်းတော်မူလျက် ကျေးဇူးတော်၊ ကရုဏာတော်နဲ့ သမ္မာတရားလမ်းခရီးတော်ကိုသိမှတ်နားလည်ယုံကြည်ကိုးကွယ်နိုင်အောင် ပြန်လည်ဆွဲခေါ်ပေးခဲ့တာကြောင့် ကျွန်တော် ခရစ်ယာန် ဖြစ်လာခဲ့ပါပြီ။ ဒါကြောင့် ဒီအရာကို သိချင်နေမည့်သူများအတွက် ကျွန်တော် ဒီဆောင်းပါးလေး ကြိုးစားရေးသားလိုက်ပါတယ်ခင်ဗျာ။
သုံးပါးတဆူတည်းသော ထာဝရဘုရား – ခရစ်ယာန်ယုံကြည်မှု၏ အသည်းနှလုံး
ခရစ်ယာန်ဘာသာ (Christianity) အကြောင်းကို Wikipedia မှာပဲ ရှာဖတ်ဖတ်၊ World Religion အကြောင်း အသေးစိတ်ရေးထားတဲ့စာအုပ်တွေမှာပဲ ရှာဖတ်ဖတ်၊ Encyclopedia မှာပဲ ရှာဖတ်ဖတ် ခရစ်ယာန်ဘာသာကို တဆူတည်းသော ထာဝရဘုရားကိုးကွယ်တဲ့ဘာသာတရား (Monotheism) အနေနဲ့သာ ဖော်ပြရေးသားထားကြတာကို အမြဲတွေ့ရမှာပါ။ ဘယ်တော့မှ ဘုရားသုံးဆူ (Tritheism) ကိုးကွယ်တဲ့အယူဝါဒ အဖြစ်သော်၎င်း၊ ဘုရားအများ (Polytheism) ကိုးကွယ်တဲ့အယူဝါဒအဖြစ်သော်၎င်း ဘယ်တော့မှ တွေ့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ် ဒီဘာသာကြီး ၃ ဘာသာကို “အဘအာဗြံဟံမှ ဆင်းသက်သော ဘာသာတရား” (Abrahamic Religions) ဆိုပြီး သမိုင်းပညာရှင်များက သတ်မှတ်ထားကြတာကို တွေ့ရမှာပါ။ “ဘုရားသုံးဆူကို ကိုးကွယ်ကြတာလား” ဆိုတဲ့ မေးခွန်းဟာ ကျွန်တော်တို့ ခရစ်ယာန်တွေ ရာစုနှစ်ပေါင်းများစွာ ကြားခဲ့ရတဲ့ မေးခွန်းပါ။ တကယ်တော့ ခရစ်ယာန်တွေက ဘုရားသုံးဆူကို ကိုးကွယ်တာ မဟုတ်ဘူး။ ဘုရားသခင်တဆူတည်းကိုပဲ ကိုးကွယ်ပါတယ်။ ဒါပေမယ့် ဒီဘုရားတဆူတည်းဟာ “ပုဂ္ဂိုလ်တော် သုံးပါး” (Three Persons) အနေနဲ့ နိစ္စထာဝရတည်ရှိတည်နေတော်မူပါတယ်။ ဒါက ဘာလဲ၊ ဘယ်လို ယုတ္တိကျနိုင်တာလဲ၊ သမ္မာကျမ်းစာနဲ့ သမိုင်းက ဘယ်လို သက်သေခံလဲဆိုတာကို ရှင်းလင်းပြတ်သားအောင် ရှင်းပြပါမယ်။
ပထမအပိုင်းအနေနဲ့ အခြေခံအယူအဆကို နားလည်အောင် ကြိုးစားကြည့်ရအောင်။
ခရစ်ယာန်တွေ ဘာပြောနေလဲ။ ခရစ်ယာန်အယူအဆက ရိုးရှင်းပါတယ်။
ဘုရားသခင်က တဆူတည်း ဖြစ်တော်မူတယ် (One God)
ဒါပေမယ့် ဒီတဆူတည်းသော ထာဝရဘုရားသခင်ဟာ ပုဂ္ဂိုလ်တော် သုံးပါး (Three Persons) အနေနဲ့ ထာဝရတည်ရှိတော်မူတယ်
ဒီပုဂ္ဂိုလ်တော်မြတ်သုံးပါးက “ခမည်းတော်၊ သားတော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော်” အနေနဲ့ ထင်ရှားတော်မူတယ်
ဒီပုဂ္ဂိုလ်တော်မြတ်သုံးပါးက ဘုရားတဆူတည်းရဲ့ သုံးပုံခွဲ မဟုတ်ဘူး၊ သုံးဘုရား မဟုတ်ဘူး
ဒီပုဂ္ဂိုလ်တော်မြတ်သုံးပါးက ဘုရားသခင့်ဇာတိတော်တစ်ခုတည်းကို မျှဝေဆောင်ယူပြီး၊ ထာဝရစဉ် အတူတကွ တည်ရှိကြတယ်။ အဓိကက “ဘုရား” နဲ့ “ပုဂ္ဂိုလ်” ဆိုတဲ့ စကားလုံးကို အာရုံစိုက်ထားပေးပါ။
အများအားဖြင့် သုံးပါးတဆူ ထာဝရဘုရားနဲ့ပတ်သက်ပြီး လူတော်တော်များများ နားလည်မှုလွဲတတ်တာလေးတွေက
အထင်လွဲမှု (၁) အချက် – “ခရစ်ယာန်တွေက ဘုရားသုံးဆူ ကိုးကွယ်တယ်”
အမှန်က – ဘုရားတဆူတည်းကိုပဲ ကိုးကွယ်တယ်။ ဒါပေမယ့် ဒီတဆူတည်းသောဘုရားသခင်က ပုဂ္ဂိုလ်တော် သုံးပါးအနေနဲ့ ထာဝရတည်ရှိတော်မူတယ်။
အထင်လွဲမှု (၂) အချက် – “ဘုရားတပါးတည်းက သုံးပုံခွဲဖြစ်နေတာပေါ့”
အမှန်က – အဲ့လို မဟုတ်ပါဘူး။ သုံးပုံခွဲဆိုတာက တပိုင်းကို ယူလိုက်ရင် အပြည့်အစုံ မရနိုင်ဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်တော် ၃ ပါးစလုံးက ဘုရားသခင့် ဇာတိတော် (Divine Nature) အပြည့်အစုံ ရှိကြတယ်။
အထင်လွဲမှု (၃) အချက် – “3 = 1 ဆိုတာ သင်္ချာအရ မဖြစ်နိုင်ဘူး၊ ကျိုးကြောင်းညီညွတ်မှုမရှိ၊ contradiction ဖြစ်တယ်”
အမှန်က – ခရစ်ယာန်တွေက 3 = 1 လို့ မပြောဘူး။ ပုဂ္ဂိုလ်တော်သုံးပါး (Three Persons) = တဆူတည်းသော ဘုရားသခင့်ဇာတိတော် (One Divine Nature) လို့ ပြောတာ။ ဒါက ကွဲပြားတဲ့ အမျိုးအစားနှစ်ခု (Different Categories) ဖြစ်လို့ contradiction မဟုတ်ဘူး။
ဒုတိယအပိုင်းအနေနဲ့ သင်္ချာ၊ သဘာဝတရားနဲ့ နားလည်အောင် ကြိုးစားကြည့်ရအောင်။
“How can 3 be 1?” ဆိုတဲ့ “ဘယ်လိုလုပ် ၃ က ၁ ဖြစ်နိုင်မှာလဲ” စတဲ့ မေးခွန်းဟာ တကယ်တော့ oversimplification လုပ်လွန်းတဲ့ မေးခွန်းမျိုးပါ။ မေးခွန်းမေးသူက ၁ တို့ ၃ တို့ ဆိုတာ သာမန်သင်္ချာနံပါတ်တွေသာ ဖြစ်တယ်လို့ ယူဆထားပုံရပါတယ်။ ဒါကြောင့် “How can 3 be 1?” လို မေးခွန်းမျိုးတွေမှာ ယုတ္တိပိုင်းအရ အားနည်းချက်လေးတွေရှိပါတယ်။ တကယ်တော့လေ သင်္ချာကိန်းဂဏန်းတစ်ခုရဲ့ အဓိပ္ပာယ်က ဂဏန်းနောက်က category (နောက်လိုက်နာမ်) အပေါ် မူတည်ပြီး လုံးလုံးကွဲပြားသွားပါလိမ့်မယ်။ ဒါကို သေချာနားလည်ဖို့ အရေးကြီးပါတယ်။ ဥပမာတချို့နဲ့ သိသာမြင်သာ နားလည်ရလွယ်အောင်နဲ့ ငြင်းမရနိုင်လောက်အောင် ယုတ္တိကျကြောင်း ကျွန်တော် ဥပမာ ၈ မျိုးလောက်နဲ့ ရှင်းပြချင်ပါတယ်။
ဥပမာ (၁) – “တစ်နိုင်ငံ” ဆိုပါစို့။
“၁ နိုင်ငံ” လို့ ပြောလိုက်ရင် “နိုင်ငံ” ဆိုတဲ့ category အရတော့ ၁ ပဲ
ဒါပေမယ့် ဒီ ၁ နိုင်ငံထဲမှာ လူသန်းပေါင်းများစွာ ရှိတယ်
နိုင်ငံ category မှာ ၁၊ လူပုဂ္ဂိုလ် category မှာ သန်းပေါင်းများစွာ
ဒါက contradiction မဟုတ်ဘူး၊ နိုင်ငံနဲ့ လူပုဂ္ဂိုလ်ဆိုတဲ့ category ကွဲလို့ပါ
ဥပမာ (၂) – “တစ်မိသားစု” ဆိုပါစို့။
“မိသားစု ၁ စု” ဆိုရင် မိသားစုဆိုတဲ့ category အရ ၁ စုပဲ
ဒါပေမယ့် မိသားစုဆိုတာ အနည်းဆုံး လူပုဂ္ဂိုလ် ၂ ယောက် (သို့) ပိုပြီး ရှိရတယ်
မိသားစု category မှာ ၁ ၊ ပုဂ္ဂိုလ် category မှာ ၁ မဟုတ်တော့ဘူး
ဒါက ပုံမှန်ပဲ၊ သဘာဝကျတယ်။
ဥပမာ (၃) – “တစ်ကုမ္ပဏီ” ဆိုပါစို့။
“ကုမ္ပဏီ ၁ ခု” က စီးပွားရေးလုပ်ငန်းအရ ၁ ခုပဲ
ဒါပေမယ့် အဲဒီကုမ္ပဏီမှာ ဒါရိုက်တာ၊ မန်နေဂျာ၊ ဝန်ထမ်း ရာချီ၊ ထောင်ချီ ရှိနိုင်တယ်
လုပ်ငန်းအဖွဲ့ category မှာ ၁၊ လူပုဂ္ဂိုလ် category မှာ ထောင်ချီ
ဂျီဩမေတြီ ဥပမာတချို့ ကြည့်ရအောင်။
ဥပမာ (၄) – တြိဂံ (Triangle)
တြိဂံတစ်ခုမှာ အနားသုံးနား မဖြစ်မနေ လိုအပ်တယ်
အနားနှစ်နားနဲ့ပဲ ရှိရင် တြိဂံ မဖြစ်နိုင်ဘူး၊ တြိဂံလို့ကို ခေါ်လို့ မရဘူး။
သုံးနားရှိမှ တြိဂံတစ်ခု ပြီးပြည့်စုံတယ်
ဒါက contradiction မဟုတ်ဘူး၊ ဒါက တြိဂံရဲ့ သဘောသဘာဝပဲ
ဥပမာ (၅) – ကုဗ (Cube)
အံစာတုံး နဲ့ကစားဖူးကြတယ်မလား။ အားလုံး ကလေးဘဝကနေပဲ ကြီးပြင်းလာကြတာပဲ
ကုဗတုံးဟာ သုံးဖက်မြင် ဂျီဩမေတြီပုံစံတစ်ခုဖြစ်ပြီး သူ့မှာ အလျား၊ အနံ၊ အမြင့် ရှိတယ်
မျက်နှာပြင် (Faces) ၆ ခု ရှိပါတယ်။
အနား (Edges) ၁၂ ခု ရှိပါတယ်။ နှစ်ခုထိစပ်နေတဲ့မျက်နှာပြင်တွေရဲ့ ဘေးနားစပ်တွေပါ
ထောင့် (Vertices) ၈ ခု ရှိပါတယ်။ သုံးခုထိစပ်နေတဲ့အနားတွေရဲ့ ထောင့်စပ်တွေပါ
ဒီလိုဝိသေသလက္ခဏာ ကွဲပြားပေမယ့် ကုဗ တစ်တုံးတည်းပဲ ဖြစ်တယ်
ဒီဂုဏ်သတ္တိတွေ မရှိရင် ကုဗတုံး မဖြစ်နိုင်ဘူး
ဥပမာ (၆) – အချိန်
အချိန်မှာ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် သုံးမျိုး ရှိတယ်
ဒါပေမယ့် အချိန်က တစ်ခုတည်းပဲ
အချိန် ဆိုတဲ့ အရာ တခုတည်းမှာပဲ သုံးမျိုးကို ခွဲခြားမရဘူး၊ ဒါပေမယ့် တူလားဆို မတူညီကြဘူး
ဥပမာ (၇) – ရေ (Water)
H₂O က ရေ၊ ရေခဲ၊ ရေငွေ့ ဖြစ်နိုင်တယ်
အဲ့ ၃ မျိုးစလုံးက H₂O ဆိုတဲ့ ရေ တမျိုးတည်းပဲ
ဒီဥပမာတွေက ထာဝရဘုရားရဲ့ အဖြစ်တော်ကို ရှင်းပြဖို့ ပြီးပြည့်စုံတဲ့ သက်သေခံချက် မဟုတ်ပေမယ့် အခြေခံအယူအဆကို နားလည်ဖို့ အထောက်အကူဖြစ်နိုင်လို့ လူနားလည်လွယ်မယ့် ဥပမာအနေနဲ့ ပေးထားတာပါ။ ထာဝရဘုရားက ဒီလိုပုံစံအတိုင်းဖြစ်တယ်လို့ မဆိုလိုဘူး။
ဥပမာ (၈) – သင်္ချာကိန်းဂဏန်း ၁ သုံးလုံး၏ အခြေအနေ၊ ဒါ အရေးကြီးတယ်။
၁ + ၁ + ၁ = ၃ (ပေါင်းလဒ်အရ ၃ ဖြစ်ပါတယ်) ဒါကိုပဲ တချို့က “တွေ့လား၊ ၁ သုံးလုံးပေါင်းရင် ၁ ဖြစ်သလား .. ဟားဟားဟား” ငေါ့လေ့ရှိပါတယ်။ ဟုတ်ကဲ့ .. ဆန္ဒမစောပါနဲ့ဦး။ ဆက်ကြည့်ရအောင်။
၁ × ၁ × ၁ = ၁ (၁ သုံးလုံးက မြှောက်လဒ်အရ ၁ ဖြစ်နေတုန်းပဲ)
၁ ÷ ၁ ÷ ၁ = ၁ (၁ သုံးလုံးက စားလဒ်အရ ၁ ဖြစ်နေတုန်းပဲ)
၁ ^ ၃ = ၁ ( ၁ ကို ၃ ထပ်တင်ရင်တောင်မှ ၁ ဖြစ်နေတုန်းပဲ)“How can 3 be 1? ဖြစ်နိုင်မှာလဲ၊ ၁ သုံးလုံးပေါင်းရင် ၁ ဖြစ်လို့လားကွ” ဆိုတဲ့သူတွေကို ဒီမှာ ကျွန်တော် ဘာကို ပြချင်တာလဲ။ နံပါတ် ၁ ဆိုတဲ့ ရိုးရှင်းတဲ့ သင်္ချာကိန်းဂဏန်းလေး ၁ လုံးတောင်မှ အခြေအနေတမျိုးမှာ ၃ ဖြစ်နိုင်ပြီး အခြေအနေနောက်တမျိုးမှာ ၁ အနေနဲ့ ယုတ္တိကျစွာ ဆက်ရှိနေနိုင်သေးတာပဲ။ သင်နဲ့ကျွန်ုပ်ကိုးကွယ်တဲ့ ကြီးမြတ်တော်မူတဲ့ထာဝရဘုရားက ဘာလို့ ပုဂ္ဂိုလ်သုံးပါး ဘုရားတဆူ အနေနဲ့ မဖြစ်နိုင်ရမှာလဲ။ ဘုရားသခင်က သင့်ရဲ့ သင်္ချာကိန်းဂဏန်းထက်နိမ့်ကျလို့လား။ ထိုဘုရားရဲ့ဖြစ်အင်က ဂဏန်းသင်္ချာလောက် မစွမ်းလို့လား။ ဒါလေးကို စဉ်းစားစေချင်တာပါ။ ဒီဥပမာတွေက သုံးပါးတဆူထာဝရဘုရားရဲ့ နက်နဲဆန်းကြယ်မှု (The Mystery of the Holy Trinity) ကို အပြည့်အဝ ရှင်းပြနိုင်တာ မဟုတ်ဘူး။ ဘုရားသခင်ဟာ ကျွန်တော်တို့လို ဖန်ဆင်းခံ သတ္တဝါတွေထက် အတိုင်းအဆမရှိ သာ၍ ကြီးမြတ်သလို၊ ထိုအရှင်ရဲ့ သဘောသဘာဝတော်ကလည်း ကျွန်တော်တို့ရဲ့ ခံစားသိရှိမှု အတွေ့အကြုံတွေထက် ကျော်လွန်ပါတယ်။ ဒါပေမယ့် ဒီဥပမာတွေက “သုံးနဲ့တစ်” ဆိုတာ logic အရ ဆန့်ကျင်ဘက်မဟုတ်ဘူးဆိုတာ ပြသနိုင်ပါတယ်။ How can 3 be 1? ရဲ့ အဖြေကို ရပြီ ဟုတ်?
ကဲ ဒါဆို ဒီအတွေးအခေါ်၊ အယူအဆ၊ ယုတ္တိတွေကို သုံးပါးတဆူဘုရားဇာတိတော်ကို လေ့လာဆည်ပူးတဲ့နေရာမှာ အသုံးချကြည့်လို်က်ရင် …
“Persons” (ပုဂ္ဂိုလ်တော်) category အရ ၃ ပါး
ခမည်းတော် ၁ ပါး
သားတော် ၁ ပါး
သန့်ရှင်းသောဝိညာဉ်တော် ၁ ပါး
“Divine Nature” (ဘုရားသခင့်ဇာတိတော်) category အရ ၁ ဆူတည်းပဲ
ဘုရားသခင့်ဇာတိတော် ၁ မျိုးတည်းကို ပုဂ္ဂိုလ်တော်သုံးပါးစလုံးက ထာဝရမျှဝေဆောင်ယူကြတယ်
အာဏာတန်ခိုးတော်၊ ဉာဏ်ပညာတော်၊ နိစ္စထာဝရတည်ရှိတည်နေမှု အားလုံးကို ထိုအရှင် သုံးပါးစလုံးက တူညီစွာ ပိုင်ဆိုင်ကြပါတယ်၊ ပုဂ္ဂိုလ်တပါးရဲ့ ဇာတိတော်က နောက်တပါးထက် မြတ်တယ်၊ ယုတ်တယ် ဆိုပြီး ထာဝရဘုရားမှာ မရှိဘူး။ ဥပမာဗျာ လူ့ဇာတိ (Human nature) မှာတောင်မှဗျာ … သင့်ရဲ့ အဖေက အိမ်မှာ သင့်ထက် ဝါကြီးပေမယ့် သင်ဟာ သင့်အဖေထက် rank နိမ့်လို့၊ ဝါနုလို့ဆိုပြီး လူ့ဇာတိကနေ တိရိစ္ဆာန်ဇာတိတမျိုးမျိုးကို ပြောင်းမသွားဘူး။ ထိုနည်း၎င်းပဲ သမ္မာကျမ်းစာထဲမှာ သားတော်က ခမည်းတော်ရဲ့ အလိုတော်ကို ဝန်ခံတာရှိမယ်၊ ဒါပေမယ့် အဲ့လို ဝန်ခံလို့ သားတော်ရဲ့ (Divine Nature) က ခမည်းတော်ရဲ့ (Divine Nature) ထက် နိမ့်မသွားဘူး။ Still same Nature ပဲ။
ဒါကြောင့်
ခရစ်ယာန်တွေက “၃ = ၁” လို့ မပြောဘူး
“ပုဂ္ဂိုလ်တော် ၃ ပါး = ဘုရားသခင့်ဇာတိတော် ၁ ဆူတည်း” (သုံးပါးတဆူ) Tri + Unity (Trinity) လို့ ပြောတာဖြစ်ပါတယ်ဗျ။
Category ကွဲလို့ contradiction မဖြစ်ဘူး အိုကေ?
ဒါကြောင့် “How can 3 be 1?” ဆိုတဲ့ မေးခွန်းက အဓိကအားနည်းချက်က category ကို မခွဲခြားတတ်တာပါ။ တကယ်တော့ နေ့စဉ်ဘဝမှာပင် ကျွန်တော်တို့က “၁” ဆိုတာကို အမျိုးမျိုးသော category တွေမှာ အဓိပ္ပာယ်ကွဲပြားစွာ သုံးနေကြပါတယ်။ မိသားစုတစုမှာ၊ အစုအဖွဲ့အနေနဲ့ ၁ ဖြစ်နေပေမယ့် ပုဂ္ဂိုလ်အနေနဲ့ များစွာရှိသလို၊ ထာဝရဘုရားသခင်လည်း ဘုရားသခင့်ဇာတိတော် ၁ ခုတည်းဖြစ်နေပေမယ့် ပုဂ္ဂိုလ်တော်အရ ၃ ပါး ရှိတယ်ဆိုတာ logic အပြည့်အဝ ကျပါတယ်ဗျာ။ ဟုတ်ပြီ .. ကျွန်တော်တို့ အခြေခံအယူအဆကို နားလည်လာပြီ။ How can 3 be 1 in what sense? ဆိုတာကိုလည်း သဘောပေါက်သွားပြီ။ ဒါဆို မပါမဖြစ် နောက်ထပ်သက်သေအထောက်အထားတခုကို တင်ပြဖို့အချိန်တန်ပြီ မဟုတ်လား။ တတိယပိုင်းကို ဆက်သွားရအောင်။
တတိယအပိုင်းအနေနဲ့ “သုံးပါးတဆူ” ထာဝရဘုရားနဲ့ ပတ်သက်လို့ ကျွန်တော်တို့မှာ သမ္မာကျမ်းစာ၊ ကျမ်းဂန်စာပေများအရ သက်သေခံချက် အထောက်အထား များစွာရှိထားနှင့်ပြီးဖြစ်ပါတယ်။
အရင်ဆုံး ရှေးပရောဖက်ပေါင်းများစွာကတဆင့် ထာဝရဘုရားသခင် ပေးသနားတော်မူတဲ့ ဓမ္မဟောင်းကျမ်းများက အရိပ်အမြွက်တွေကို ဆင်ခြင်ကြည့်ကြရအောင်။ ကျွန်တော် သုံးပါးတဆူ ငြင်းပယ်တဲ့သူကနေ သုံးပါးတဆူယုံကြည်တဲ့ ခရစ်ယာန် (Trinitarian) ဖြစ်သွားတာက ဓမ္မသစ်ကြောင့်ထက် ဓမ္မဟောင်းကျမ်းကြောင့်ဆိုရင် မအံ့ဩလိုက်ပါနဲ့။
ဓမ္မဟောင်းကျမ်းစာများ၌ တဆူတည်းသော ဘုရားသခင်ကို အလေးပေးပြောဆိုခြင်း
တရားဟောရာကျမ်း ၆:၄ – ၇ မှာ “အိုဣသရေလအမျိုး၊ နားထောင်လော့။ ငါတို့၏ ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်၊ နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့။ ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီးတို့အား ကြိုးစား၍သွန်သင်ရမည်။ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ၊ ခရီး၌သွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်”
ဒါက ခရစ်ယာန်တွေ ခြွင်းချက်မရှိ၊ အပြည့်အဝ ယုံကြည်သဘောတူ၊ အာမင်ထူးပါတယ် – ဘုရားသခင်က တဆူတည်းပါ။ အဲ့မှာ သုံးထားတဲ့ “တစ်ဆူတည်းသော” ဆိုတဲ့ စကားလုံးကို မူရင်း ဟီဘရူးစာလုံးမှာ “Echad” (אחד) လို့သုံးထားပါတယ်။ אחד ဆိုတာက စုစည်းထားတဲ့ တစ်ခုတည်း (composite unity) ဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့စကားလုံးပါ၊ ပကတိ တစ်ခုတည်း (absolute unity – yachid) မဟုတ်ဘူး။ နောက်ပြီး ဘုရားသခင်က အာဒံနဲ့ဧဝကို ဖန်ဆင်းပြီးတဲ့နောက်မှာ “ထိုသူနှစ်ယောက်တို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်” မိန့်ထားတဲ့နေရာလေး မှတ်မိကြတယ်မလား။ အဲ့မှာ သုံးထားတဲ့ တသားတကိုယ်တည်း (one flesh) ဆိုတဲ့စကားလုံးက one က မူရင်းဟီဘရူးမှာလည်း “Echad” ဆိုတဲ့ אחד စကားလုံးကို သုံးထားတာ။ လူနှစ်ယောက်က one flesh ဖြစ်ရလိမ့်မယ်ဆိုတာကို ထာဝရဘုရားဟာ တဆူတည်းဖြစ်တော်မူတယ်ဆိုတဲ့ တရားဟောရာကျမ်း ၆ : ၄ אחד နဲ့ တူညီတဲ့ composite unity ONE ကိုပဲ သုံးထားတာ အံ့ဩဖို့မကောင်းဘူးလား။
ကိုယ်တိုင် ဒီ Bible Interlinear မှာ မူရင်းဟီဘရူးကို ကျမ်းညွှန်းအတိကျနဲ့ သွားတိုက်စစ်ကြည့်ပါ။ ကျွန်တော် မှားရင် မှားကြောင်း သက်သေပြနိုင်ပါတယ်။
Genesis 2 : 24 – [https://biblehub.com/interlinear/genesis/2.htm]
Deuteronomy 6 : 4 – [https://biblehub.com/interlinear/deuteronomy/6.htm]
ဒီ ဟီဘရူး ( אחד ) စာလုံး ဟုတ်မဟုတ် ကိုယ်တိုင်ရှာဖွေစစ်ဆေးကြည့်ပါ။
နောက်ပြီး ဓမ္မဟောင်းကျမ်းရဲ့ ပရောဖက်ကြီး မောရှေနဲ့ ဟေရှာယတို့ရဲ့တခြားကျမ်းဂန်တွေမှာ ဘုရားသခင်ရဲ့ အများကိန်းသဘောသဘာဝဆန်ဆန် (Plural) ပုံစံလေးတွေလည်း ပေါ်လာခြင်းဖြစ်ပါတယ်။ ဒါက ခုနက אחד (Echad) ရဲ့ Composite Unity သဘောသဘာဝရှိတဲ့ ONE နဲ့ ဘာမှ ဆန့်ကျင်မနေဘူး။
ကမ္ဘာဦး ၁:၂၆ – “‘ တစ်ဖန်ဘုရားသခင်က၊ ငါတို့ပုံသဏ္ဌာန်နှင့် တညီတသဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ …” (ဘုရားသခင်က မိမိကိုယ်ကို “ငါတို့” plural ပုံစံ သုံးထားတာကို တွေ့ရပါတယ်)
ကမ္ဘာဦး ၁:၁-၂ – “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ လွတ်လပ်လဟာဖြစ်၏။ နက်နဲရာအရပ်ကို မှောင်မိုက်ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာလှုပ်ရှားတော်မူ၏”
ဟေရှာယ ၄၈:၁၆ – “ငါ့ထံသို့ ချဉ်းကပ်၍ ဤစကားကို နားထောင်ကြလော့။ ရှေ့ဦးစွာမှစ၍ တိတ်ဆိတ်စွာ မဟော။ အမှုဖြစ်စကာလ၌ ငါရှိ၏။ ယခုတွင် အရှင်ထာဝရဘုရားနှင့် ဝိညာဉ်တော်သည် ငါ့ကိုစေလွှတ်တော်မူ၏”
ဓမ္မဟောင်းကျမ်းမှာ တွေ့ရတဲ့ တခြားကောင်းကင်တမန်တွေနဲ့ လုံးဝမတူတဲ့ ထာဝရဘုရား၏ ကောင်းကင်တမန် (Angel of the Lord) ဆိုတဲ့ Unique Character ရှိတဲ့ တမန်ကလည်း အတော်လေးကို စိတ်ဝင်စားဖို့ကောင်းပါတယ်။
ကမ္ဘာဦး ၁၆:၇-၁၃ – ထာဝရဘုရား၏ကောင်းကင်တမန် ပေါ်လာပြီး ထိုသူကို ဟာဂရက “ကိုယ်တော်သည် ငါ့ကို မြင်တော်မူသော ဘုရားသခင်” လို့ ခေါ်ခဲ့ပါတယ် (အခန်းငယ် ၇ ကနေ ၁၃ ပြန်လည် ဖတ်ရှုစေချင်ပါတယ်၊ စာရှည်မှာစိုးလို့ paraphrase လုပ်ပြီးပဲအတိုချုပ် ဖော်ပြထားပါတယ်။
တရားသူကြီးမှတ်စာမှာလည်း ၁၃:၂၁-၂၂ မာနော်က ‘ထာဝရဘုရား၏ကောင်းကင်တမန်သည်၊ မာနော်လင်မယားတို့အား တစ်ဖန်မပေါ်လာ။ ထိုအခါ မာနော်သည် ထာဝရဘုရား၏ ကောင်းကင်တမန်ဖြစ်သည်ကို သိ၏။ မာနော်ကလည်း၊ ငါတို့သည် ဘုရားသခင်ကို မြင်ပြီ”လို့ ပြောခဲ့ပါတယ်
ဒီအရာက ဘုရားသခင်ကိုယ်တော်တိုင်ရဲ့ သီးခြားပေါ်ထွန်းမှုကို ညွှန်ပြတယ်
ဆက်လက်ပြီး ဓမ္မသစ်ကျမ်းစာစောင်တွေကို လေ့လာရင် ခရစ်ဝင်ကျမ်းစာစောင်တွေမှာဆိုလည်း သခင်ယေရှု၏ ဗတ္တိဇံခံခြင်းအဖြစ်အပျက်မှာ သုံးပါးတဆူ ထင်ရှားပေါ်ထွန်းတော်မူခြင်းကို မှတ်တမ်းတင်ထားပါတယ်။ ရှင်မဿဲ ၃:၁၆-၁၇ မှာ “(သခင်)ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်တွင်၊ ကောင်းကင်ဖွင့်လှစ်သဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်၍ ကိုယ်တော်အပေါ်၌ နားတော်မူသည်ကို မြင်ရ၍၊ ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏”
ဒီကျမ်းပိုဒ်မှာ
သားတော် ယေရှုသည် ဗတ္တိဇံခံယူနေတယ်
သန့်ရှင်းသောဝိညာဉ်တော် သည် ချိုးငှက်ကဲ့သို့ ဆင်းသက်နေတယ်
ခမည်းတော် သည် ကောင်းကင်က မိန့်မြွက်နေတယ်
ပုဂ္ဂိုလ်တော် ၃ ပါး တပြိုင်နက်တည်း ထင်ရှားပြတော်မူတယ်။ နောက်ပြီး သခင်ယေရှုဘုရားရဲ့ သွန်သင်ချက်တွေကို လေ့လာကြည့်ရင်လည်း ရှင်ယောဟန် ၁:၁-၃, ၁၄ မှာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူ ရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။- ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိ၏။- နှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ။ … ‘နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ” ။
ရှင်ယောဟန် ၁၀:၃၀ မှာ သခင်ယေရှု မိန့်တော်မူခဲ့ရာမှာလည်း “ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်” ဟူ၍ဖြစ်ပါတယ်။
ရှင်ယောဟန် ၁၄:၉-၁၀ မှာလည်း “(သခင်)ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ ဆိုရသနည်း … ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော” ဟု မိန့်ခဲ့ပါတယ်။
ရှင်ယောဟန် ၁၄:၁၆-၁၇, ၂၆ မှာ သန့်ရှင်းသောဝိညာဉ်တော် ကြွဆင်းလာမည့်အကြောင်းကိုလည်း သခင်မိန့်မှာခဲ့ပါတယ်။ “ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈာယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။- ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။- ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်”
ရှင်မဿဲ ၂၈:၁၉ မှာ သခင်ယေရှုရဲ့ ထင်ရှားတဲ့ အဆိုအမိန့်တွေထဲက တခုဖြစ်တဲ့ မဟာ စေစားချက်ကြီး (Great Commission) မှာလည်း “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့် ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့” လို့ မိန့်ခဲ့ပါတယ်။ သတိပြုရမှာက နာမတော် (singular – တစ်ပါးတည်းသောနာမတော်)၊ ဒါပေမယ့် ပုဂ္ဂိုလ်တော် ၃ ပါး။ ဘာလို့ သခင်ယေရှုက အဲ့လို မိန့်ခဲ့တာလဲ၊ မထူးဆန်းပါဘူး။ ထာဝရဘုရားက သုံးပါးတဆူ ဖြစ်တော်မူတယ်ဆိုတာကို သခင် အထပ်ထပ် ဖွင့်ပြတော်မူပေးခဲ့ပြီးပြီလေ။
သခင်ယေရှုနောက်ပိုင်း တမန်တော်မြတ်ကြီးတွေခေတ်ကာလမှာလည်း ဩဝါဒစာစောင်တွေမှာဆိုရင်လည်း ဒီလိုတွေ တွေ့ရသေးတာပဲ။ တမန်တော်မြတ်ကြီး ရှင်ပေါလုရဲ့ ၂ ကော ၁၃:၁၄ မှာ ‘သခင်ယေရှုခရစ်၏ ကျေးဇူးတော်လည်းကောင်း၊ ဘုရားသခင်၏ မေတ္တာတော်လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယတော်လည်းကောင်း၊ သင်တို့အပေါင်း၌ ရှိစေသတည်း။ အာမင်။ ကောရိန္သုဩဝါဒစာဒုတိယစောင်ပြီး၏။’ ဆိုပြီး သုံးပါးတဆူထာဝရဘုရား နာမတော်မြတ်၌ ကောင်းချီးမင်္ဂလာပေးလျက် ဩဝါဒစာစောင်ကို အဆုံးသတ်ထားပါတယ်။
တမန်တော်မြတ်ကြီး ရှင်ပေတရုရဲ့ ၁ ပေတရု ၁:၂ မှာလည်း “ယေရှုခရစ်၏တမန်တော် ငါပေတရုသည်၊ နားထောင်ခြင်းကျေးဇူး၊ ယေရှုခရစ်၏ အသွေးတော်နှင့် ဖျန်းခြင်းကျေးဇူးကို ခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို့ရောက်၍၊ ခမည်းတော် ဘုရားသခင်၏ အနာဂတံသဉာဏ်တော်အတိုင်း ရွေးကောက်တော်မူသော သူတည်းဟူသော၊ ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို့၌ ကွဲပြားသော ဧည့်သည်အာဂန္တုတို့ကို ကြားလိုက်ပါ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌များပြားပါစေသော” ဆိုပြီး သုံးပါးတဆူ ထာဝရဘုရားနာမတော်၌ ဆုတောင်းမေတ္တာပို့သလျက် ကောင်းချီးမင်္ဂလာပေးခြင်းနဲ့ ဩဝါဒစာစောင်ကို အစချီထားတာကို တွေ့ရပါတယ်။ ဒါဆို သခင်ယေရှုဘုရားက ချစ်၍ ဘုရားရှင်ကိုယ်တိုင်က အသင်းတော်အာဏာတော်ကို အပ်နှင်းပေးခဲ့တဲ့ တမန်တော်ခေါင်းဆောင်ကြီး ရှင်ပေတရုရော၊ နောက်မှ တမန်တော်ဖြစ်လာပြီး ဓမ္မသစ်ကျမ်းစာစောင်ရဲ့ ဩဝါဒစာစောင်အများစုကို ရေးသားပြုစုခဲ့တဲ့ တမန်တော်မြတ်ကြီး ရှင်ပေါလုရော က တသမတ်တည်းသော ယုံကြည်ချက်တူကို ဝန်ခံသွန်သင်ခဲ့တာကို တွေ့ရပါတယ်။
တဆူတည်းသောထာဝရဘုရားကို သုံးပါးတဆူဖြစ်ကြောင်း ယုံဖို့ ဘာလို့ အရေးကြီးသလဲ
ဘုရားကို မှန်မှန်ကန်ကန် ကိုးကွယ်ဆည်းကပ်ဖို့ ဘာလို့ အရေးကြီးလဲဆိုရင် ကျွန်တော်တို့ ဝိညာဉ်ကယ်တင်ခြင်းခံရဖို့ အတွက် အရေးကြီးလို့ဖြစ်ပါတယ်။ တကယ်လို့ သခင်ယေရှုက ဘုရားသခင် မဟုတ်ဘူးဆိုရင်
သခင့်ရဲ့ အသေခံတော်မူခြင်းက ကျွန်တော်တို့အပြစ်တွေကို မဖြေရှင်းပေးနိုင်ဘူး (သာမန်လူတယောက်ရဲ့ဝိညာဉ်တခုတည်းက သမုဒ္ဒရာသဲလုံးနဲ့အမျှ များပြားလှတဲ့ လူ့အသက်ဝိညာဉ်ပေါင်းများစွာကို မရွေးနှုတ်၊ မကယ်တင်ပေးနိုင်ဘူး၊ ဘုရားအသက်တော်ကမှ လုံလောက်တယ်)
သာမန်လူတယောက်က အပြစ်ဖြေရာယဇ် မဖြစ်နိုင်ဘူး၊ သိုး၊ နွား၊ ဆိတ်ရဲ့ အသွေးက အပြစ်ကို မပြေနိုင်ရာ။ ဘုရားသခင်၏အသွးတော်သာလျှင် ပြေစေနိုင်၏ (ဟေဗြဲ ၁၀:၄)
နောက်ပြီး ထာဝရဘုရားသခင်က လူ့ဇာတိခံယူတော်မူတယ်ဆိုတဲ့ Christmas အမှန်တရားကို (Incarnation) ငြင်းပယ်ခြင်း ဖြစ်သွားတယ်
ဒါပေမယ့် တကယ်လို့ သခင်ယေရှုက ဘုရားသခင်ဖြစ်မယ်ဆိုရင်
ဘုရားသခင်ကိုယ်တော်တိုင် လူသားတွေရဲ့ ကယ်တင်ရှင် ဖြစ်လာတယ် (ဟေရှာယ ၇ : ၁၄)
ကားတိုင်မှာ အဖိုးအနဂ္ဃထိုက်တန်တဲ့ ကိုယ်စားပေးဆပ်ခြင်း၊ အပြစ်ဖြေပေးခြင်းကို ဖြစ်စေတယ်
ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော်ကို အပြည့်အဝ မြင်တွေ့ရတယ် (ရောမ ၅ : ၆ – ၈)
နောက်ထပ် ဘာလို့ အရေးကြီးသေးလဲဆိုရင် ချစ်ခြင်းမေတ္တာအတွက်ကြောင့်မို့ ဖြစ်ပါတယ်။ “ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏” (၁ ရှင်ယောဟန် ၄ : ၈)
God is Love. စဉ်းစားကြည့်ပါ ဘုရားသခင်ကိုယ်တော်၌ကိုက ချစ်ခြင်းမေတ္တာဖြစ်တယ်တဲ့။ ချစ်ခြင်းမေတ္တာက ဘုရားရဲ့ဇာတိတော်နဲ့ ခွဲမရဘူး။ အရှင်မြတ်ရဲ့ ဖြစ်အင်ပဲ။ တကယ်လို့များ ထာဝရဘုရားသခင်က သုံးပါးတဆူ မဟုတ်ဘဲ လုံးဝပုဂ္ဂိုလ်တပါးတည်းပဲ (Unitary) နိစ္စထာဝရဖြစ်မယ်ဆိုရင် ဘာဆိုဘာမျှ ဖန်ဆင်းခြင်း မရှိခင်က သူက ဘယ်သူ့ကို ချစ်ခဲ့လဲ? အဲ့လို စဉ်းစားကြည့်ဖူးပါသလား။ ချစ်ခြင်းမေတ္တာက ဆက်ဆံရေး လိုအပ်တယ်။ အနည်းဆုံး agent ၂ ယောက် လိုအပ်တယ်။ ချစ်တဲ့သူရယ်၊ အချစ်ခံရသူရယ်။ တယောက်တည်းကိုယ့်ဘာကိုပဲ ချစ်နေတယ်ဆိုရင် အဲ့ဒါ အချစ်မဟုတ်တော့ဘူး။ အဲ့ဒါ အတ္တဖြစ်သွားပြီ။ ဘာမျှမရှိခင် ဘုရားသခင်က ပုဂ္ဂိုလ်တပါးတည်းပဲဆိုရင် ချစ်ခြင်းမေတ္တာဆိုတဲ့ သူ့ရဲ့ ဖြစ်အင်က အလုပ်မဖြစ်တော့ဘူး။ ဘုရားဇာတိတော်ပျက်ပြီ။ ဒါဟာ Strict motheism သမားတွေအတွက် ဓမ္မစိန်ခေါ်ချက်တခုပဲ။ ကျွန်တော်တို့ ခရစ်ယာန်တွေလို Trinitarian mothesim သမားတွေအတွက် မည်သည့် ဓမ္မစိန်ခေါ်ချက်မှ မရှိပါ။ That’s the Beauty and Mystery of Holy Trinity ပါပဲ။ ဒါပေမယ့် သုံးပါးတဆူဘုရားသခင်က
ထာဝရကာလတစ်လျှောက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ဟာ တပါးနဲ့တပါး နိစ္စထာဝရ ချစ်ခြင်းမေတ္တာ ရှိခဲ့တယ်
ချစ်ခြင်းမေတ္တာက ဘုရားသခင်ရဲ့ အဓိကဖြစ်အင်ဇာတိတော်ပဲ
ကျွန်တော်တို့က ဒီချစ်ခြင်းမေတ္တာရဲ့ ဝိညာဉ်ရေးရာမိသားစုထဲကို ကျေးဇူးတော်အားဖြင့် ဖိတ်ခေါ်ခြင်းခံရပါတယ်
နိဂုံးအနေနဲ့ကတော့ …
သုံးပါးတဆူတည်းသော ထာဝရဘုရားကို ယုံကြည်ကိုးကွယ်ဆည်းကပ်ခြင်းက ခရစ်ယာန်ယုံကြည်ချက်ရဲ့ အသည်းနှလုံးပါ။ ပင်မ အုတ်မြစ်၊ အသက်သွေးကြောပဲ ဖြစ်ပါတယ်။ ဘုရားသခင်ကို သုံးပါးတဆူ လို့ မယုံကြည်ရင် ခရစ်ယာန် မဟုတ်ပါဘူး။
ဒီ သုံးပါးတဆူ ယုံကြည်ချက်က နှုတ်ကပတ်တော် သမ္မာကျမ်းစာတော်မြတ်ကို အခြေခံထားတယ်။ တမန်တော်ကြီးများမှ ဆင်းသက်လာတဲ့ Apostolic Tradition or faith ဖြစ်တယ်။
၎င်းဟာ
✓ သင်္ချာအရ logic ကျတယ်၊ 3 = 1 မဟုတ်ဘူး၊ ပုဂ္ဂိုလ် ၃ ပါး = ဘုရား ၁ ဆူတည်း
✓သဘာဝတရားမှာ ဆင်တူအရာတွေ ရှိတယ်၊ တြိဂံမှာ သုံးနား၊ အချိန်မှာ သုံးမျိုး
✓ကျမ်းစာက ရှင်းလင်းစွာ သွန်သင်ထားတယ် – ဓမ္မဟောင်းက အရိပ်အမြွက်၊ ဓမ္မသစ်က ပြတ်သားစွာ မှတ်တမ်းတင်ထားတယ်။
✓သမိုင်းက အတည်ပြုထားတယ်၊ တမန်တော်ကြီးများခေတ်ကတည်းက လက်ဆင့်ကမ်းယုံကြည်ခဲ့တဲ့ ပင်မယုံချက်များထဲမှ တချက်၊ ဒီယုံချက်ကို နိုင်စင်းကောင်စီက တီထွင်လိုက်တာဆိုပြီး စွပ်စွဲချက်တွေက သမိုင်းမသိသူတွေ လျှောက်ရွှီးတာ။
✓ကယ်တင်ခြင်းအတွက် မရှိမဖြစ်၊ သခင်ယေရှုက ဘုရားသခင် မဟုတ်ရင် ကယ်တင်ခြင်း မရှိနိုင်ဘူး
သုံးပါးတဆူ ယုံကြည်ချက်က နက်နဲတဲ့ အရာပါ။ ကျွန်တော်တို့က အတိုင်းအတာတခုထိ နားလည်နိုင်သလောက် ကြိုးစားနားလည်လို့ရနိုင်ပေမယ့် အပြည့်အဝတော့ နားမလည်နိုင်ပါဘူး။ ဒါက အံ့သြစရာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့က ဘုရားသခင်ကို အပြည့်အဝ နားလည်နိုင်မယ်ဆိုရင် သူက ဘုရားသခင် မဟုတ်တော့ဘူး။ လူ့ဉာဏ်နဲ့ အကုန်အစင်နားလည်လို့ရရင် ကျွန်တော်တို့ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ ဆင်းတု တခုထက် မပိုဘဲနေသွားလိမ့်မယ်။ ဘုရားသခင်ကို ဘုရားသခင်ရဲ့ ဖြစ်အင်အတိုင်း အရှိကိုအရှိတိုင်း မှန်ကန်စွာ ယုံရမယ်၊ လက်ခံရမယ်၊ ဆည်းကပ်ရမယ်၊ ကိုးကွယ်ရမယ်၊ နာခံရမယ်။
ဒါပေမယ့် ဒါက logic နဲ့ ဆန့်ကျင်ဘက် မဟုတ်ဘူး။ ဒါက logic ကို ကျော်လွန်တဲ့ beyond logic ဖြစ်ပါတယ်။ ဒါက ထာဝရဘုရားရဲ့ စွန့်လွှတ်အနစ်နာခံတော်မူခြင်း၊ ချစ်ခြင်းမေတ္တာနဲ့ ကျမ်းစာပြည့်စုံခြင်းဖြစ်ပါတယ်။ ဒါက ကယ်တင်ဖို့ ကျွန်တော်တို့ဆီကို လူ့ဇာတိခံကြွဆင်းလာခဲ့တဲ့ ဘုရားသခင် စင်စစ် ဖြစ်တော်မူပါတယ်။ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားအပေါင်းတို့ကို ချစ်တော်မူတဲ့ ဘုရားသခင် ဖြစ်တော်မူပါတယ်။ ဒါက သမ္မာတရားကို အကြွင်းမဲ့သွန်သင်လမ်းပြပေးနေတဲ့ ဥပဇ္ဈာယ်ဆရာ တည်းဟူသော ဘုရားသခင်ဖြစ်တော်မူပါတယ်။
“ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။- လောကီသားတို့အား အပြစ်စီရင်ခြင်းငှာ၊ ဘုရားသခင်သည်သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသည်မဟုတ်။ လောကီသားတို့သည် ကိုယ်တော်အားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်အကြောင်း စေလွှတ်တော်မူ၏။- သားတော်ကိုယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တစ်ပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။- အပြစ်စီရင်ခြင်းကို ခံရကြောင်းကား၊ အလင်းသည် ဤလောကသို့ဝင်၍၊ လူတို့သည် မကောင်းသောအကျင့်ကို ကျင့်သောကြောင့်၊ အလင်းထက် မှောင်မိုက်ကို သာ၍နှစ်သက်ကြ၏။- ဆိုးယုတ်သောအကျင့်ကို ကျင့်သောသူအပေါင်းတို့သည် အလင်းကိုမြင်ပြင်း၍ မိမိတို့အကျင့်၌ အပြစ်ပါသည်ကိုမထင်ရှားစေခြင်းငှာ အလင်းသို့ မချဉ်းကပ်ကြ။- သမ္မာတရားကို ကျင့်သောသူမူကား၊ မိမိအကျင့်တို့သည် ဘုရားသခင်၏အလိုတော်နှင့် ညီသည်ကို ထင်ရှားစေခြင်းငှာ အလင်းသို့ချဉ်းကပ်သည်ဟု ဟောတော်မူ၏”
(ရှင်ယောဟန် ၃:၁၆-၂၁)
ဒီဆောင်းပါးမှာ ထာဝရဘုရားသခင်ဟာ သုံးပါးတဆူဖြစ်ကြောင်းကို သမ္မာကျမ်းစာအရ၊ သမိုင်းအရ၊ logic အရ ကျွန်တော်လေ့လာဆည်းပူးထားသလောက်၊ ကျွန်တော် နားလည်သလောက် ပြန်လည်ဝေမျှပေးထားပါတယ်။ ကိုယ်တိုင်လည်း စိတ်နှလုံးအကြွင်းမဲ့ ယုံကြည်ကိုးကွယ်ဆည်းကပ်ပါတယ်။ “မင်းတို့ဟာကလည်း ရှုပ်လိုက်တာကွာ၊ ငါတို့က ရိုးရိုးလေးပဲ၊ ထာဝရဘုရားက ပုဂ္ဂိုလ်တပါးတည်းပဲ လို့ယုံတာ ဘယ်လောက်ရှင်းလိုက်သလဲ simple ဖြစ်လိုက်သလဲ” ဆိုပြီးဂုဏ်ယူပြောဆိုလေ့ရှိတဲ့ ဓမ္မမိတ်ဆွေများကို စဉ်းစားစေချင်တာက စကြဝဠာ၊ အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သအုပ်စိုးတော်မူတဲ့အရှင်က complex ဖြစ်တာ၊ နက်နဲဆန်းကြယ်ရှုပ်ထွေးတာဟာ ဖြစ်သင့်တဲ့အရာပဲ မဟုတ်ပေဘူးလားခင်ဗျာ။ ဘုရားသခင်ကို ကိုယ်တော့်ရဲ့ ဇာတိတော် အရှိအတိုင်း ယုံကြည်ကိုးကွယ်ဆည်းကပ်ပါမှ ကိုးကွယ်ခြင်းမှန်မှာ မဟုတ်ပေဘူးလား။ စစ်မှန်သောဘုရားသခင်ဟာ မိတ်ဆွေထင်သလောက် မရိုးရှင်းပါဘူး၊ ရှုပ်လိုက်တာကွာ၊ ခက်လိုက်တာကွာ၊ ရိုးစင်းတာပဲ ယုံမယ်ကွာဆိုရင် ဒါဟာ မိမိစိတ်ကူးနဲ့ပုံဖော်ထားတဲ့ စိတ်ကူးယဉ်ဆင်းတု တဆူထက် မပိုတော့ဘူးလေ၊ ကိုယ်ကပဲ ဘုရားကို ကိုယ့်စိတ်ကြိုက် ဖန်ဆင်းလိုက်တာနဲ့ မတူနေဘူးလား။ ထာဝရဘုရားသခင်ကို လူ့ဉာဏ်နဲ့အကုန်အစင်နားမလည်နိုင်ပေမယ့်လို့ ကိုယ်တော်ဟာ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော တဆူတည်းသောဘုရားသခင်ဖြစ်တယ်လို့သာ ယုံကြည်ကိုးကွယ်ဆည်းကပ်လိုက်ပါ။ ဒါက ရှုပ်ထွေးတဲ့ အယူအဆ ဖြစ်ပေမယ့် ဘုရားသခင်က ကျွန်တော်တို့ကို ဘယ်လောက်ချစ်တော်မူကြောင်း ပြသတဲ့ အလှပဆုံးသော တရားတော်လည်း ဖြစ်ပါတယ်။ 🙏
နှစ်ခြင်းခရစ်ယာန်ဖြစ်ပေမယ့် ထာဝရဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းသော ကျွန်တော်နှစ်သက်တဲ့ ကက်သလစ်ခရစ်ယာန် Doxology ဆုတောင်းစာလေးနဲ့ အဆုံးသတ်ချင်ပါတယ်။
ဂလိုရီယာပါထရီ
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်အား ဘုန်းတော်၊ ဂုဏ်တော်ရှိပါစေ။ အစအဦးက ဘုန်းတော်၊ ဂုဏ်တော်ရှိသည်အတိုင်း ယခုမှစ၍ ကမ္ဘာအဆက်ဆက်ရှိပါစေ။ အာမင်။
“သုံးပါးတဆူ ထာဝရဘုရားသခင်” နဲ့ပတ်သက်ပြီး ပိုမို အသေးစိတ်နားလည် သိရှိလိုပါက စာရေးဆရာ John Wick ဘာသာပြန်ရေးသားထားသော “သန့်ရှင်းသော သုံးပါးတဆူ ထာဝရဘုရား” ဆိုတဲ့ ဆောင်းပါးတွဲကို ဖတ်ရှုလေ့လာနိုင်ပါတယ်။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Christian Aung နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။
