စာရေးသူ၏ အမှာစာနှင့် သက်သေခံချက်
“ဖန်ဆင်းခြင်းလား၊ ဆင့်ကဲပြောင်းလဲခြင်းလား – ခရစ်ယာန်များ သိပ္ပံပညာကို ဘယ်လို ရှုမြင်သင့်သလဲ” ဆိုတဲ့ Thylogos ရဲ့ ဒီဆောင်းပါးစီးရီးသစ်လေးကို မစတင်ခင်လေးမှာ စာရေးသူရဲ့ ကိုယ်ပိုင် ဘဝအတွေ့အကြုံတွေနဲ့ ဒီဆောင်းပါးတွဲကို ရေးသားဖြစ်ခဲ့ရတဲ့ အကြောင်းရင်းလေးတွေကို အရင်ဆုံး ပြောချင်ပါတယ်။
ဒီဆောင်းပါးတွဲက ဟိုးအရင်နှစ်တွေတုန်းက ThyLogos မှာ ထွက်ရှိခဲ့ဖူးတဲ့ Young Earth Creationism vs Old Earth Creationism (ကမ္ဘာပျို ဖန်ဆင်းခြင်း နှင့် ကမ္ဘာဟောင်း ဖန်ဆင်းခြင်း) ဆောင်းပါးတွေလို ပုံစံမျိုး သွားပါလိမ့်မယ်။ တကယ်တော့ ဒီဆောင်းပါးကို ရေးသားဖြစ်ခဲ့တဲ့ အဓိက အကြောင်းရင်းက စာရေးသူရဲ့ ဘာသာမဲ့ မိတ်ဆွေတွေဆီကနေ ရခဲ့တဲ့ သိပ္ပံဆိုင်ရာ စိန်ခေါ်မှုတွေနဲ့၊ သူတို့နဲ့ ဆွေးနွေးငြင်းခုန်ရင်းကနေ ရရှိခဲ့တဲ့ ဘဝသင်ခန်းစာတွေကြောင့်ပါပဲ။
ကျွန်တော်တို့ ခရစ်ယာန် အများစုဟာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် (Evolution) နဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို ကြားလိုက်ရတဲ့အခါ၊ သေချာ အချိန်ပေး လေ့လာပြီးမှ ကိုယ့်ရဲ့ ယုံကြည်မှုကို ရှင်းပြရမယ့်အစား Evolution ကို မျက်လုံးစုံမှိတ်ပြီး အပြစ်တင် ငြင်းဆန်တတ်ကြပါတယ်။ အဲဒီအခါ မယုံကြည်သူတွေ ရှေ့မှာ ခိုင်မာတဲ့ အချက်အလက် မရှိဘဲ စကားနိုင်လုသလို ဖြစ်ပြီး အရှက်ရစရာတွေ ဖြစ်ခဲ့ရဖူးပါတယ်။ ပိုဆိုးတာက ပညာတတ် အသိုင်းအဝိုင်းကြားမှာ တကယ့် ဧဝံဂေလိ သတင်းကောင်း ရောက်ဖို့အတွက်၊ ခရစ်ယာန်တွေရဲ့ အဲဒီလို အမြင်ကျဉ်းမြောင်းမှုက တံတိုင်းကြီး တစ်ခုသဖွယ် ဖြစ်လာတာကို စာရေးသူ နာကျင်စွာ သဘောပေါက်ခဲ့ရပါတယ်။
အရိုးသားဆုံး ဝန်ခံရရင်… အရင်တုန်းက စာရေးသူကိုယ်တိုင်လည်း အဲဒီအထဲမှာ ပါခဲ့တာပါပဲ။
နောက်ပိုင်း အဲဒီ ဘာသာမဲ့မိတ်ဆွေတွေရဲ့ ဆောင်းပါးတွေကို ဖတ်ရင်း၊ သူတို့နဲ့ ငြင်းခုန်ရင်းကနေ … ကိုယ်တစ်သက်လုံး သိထားခဲ့၊ ယုံထားခဲ့တာတွေဟာ ဟိုးအရင် ရှေးလူကြီးတွေ ပြောတာကိုပဲ အလွယ်တကူ နားယောင်ခဲ့တာပါလား ဆိုတာကို သတိထားမိလာတယ် (ရှေးလူကြီးတွေ ပြောသမျှ မှားတယ်လို့ လုံးဝ မဆိုလိုပါ)။ တကယ်တမ်း သမိုင်းကြောင်းတွေ၊ သိပ္ပံအထောက်အထားတွေကို အချိန်ယူပြီး နောက်ကြောင်းပြန် လိုက်စစ်ဆေးကြည့်လိုက်တော့မှ ဘာသာမဲ့ မိတ်ဆွေတွေ ထောက်ပြတဲ့ သက်ရှိတွေရဲ့ ဆင့်ကဲပြောင်းလဲခြင်း (Evolution) အထောက်အထားတွေဟာ တကယ်ပဲ မှန်ကန်နေတာကို မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရပါတယ်။
ဒါပေမဲ့ တစ်ခုပါပဲ… ဒီ Evolution မှန်ကန်နေတာကို အကြောင်းပြပြီး “ဒါကြောင့် ဘုရားသခင် မရှိဘူး“ လို့ သူတို့ ကောက်ချက်ချလိုက်တာကတော့ လုံးဝကို မမှန်ကန်ပါဘူး။ ဘာလို့ မမှန်ကန်ဘူးလို့ ပြောရတာလဲ ဆိုတာကို လာမယ့် ဆောင်းပါးတွဲတွေထဲမှာ အကျယ်တဝင့် ရှင်းပြထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာရေးသူရဲ့ အဲဒီ ဘာသာမဲ့ မိတ်ဆွေတွေကို တကယ့်ကို ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့်သာ မဟုတ်ရင် ဒီအကြောင်းအရာတွေကို ဒီလောက် သေချာ နက်နက်နဲနဲ လေ့လာဖြစ်ခဲ့မှာ မဟုတ်သလို၊ ကိုယ့်ရဲ့ အားနည်းချက်ကိုလည်း မြင်လာခဲ့မှာ မဟုတ်ပါဘူး။
“ယုံကြည်ခြင်း” ဆိုတာ စိန်ခေါ်မှုနဲ့ စမ်းသပ်ခြင်း စတာတွေ လိုအပ်တယ် မဟုတ်ပါလား။ ဒီအရာတွေကပဲ စာရေးသူတို့ရဲ့ ဘုရားသခင်အပေါ် “ယုံကြည်ခြင်း” ကြီးမားလာအောင် လေ့ကျင့်ပေးရာလည်း ရောက်တယ်လို့ ထင်ပါတယ်။
ဒီနေရာမှာ စာရေးသူ တစ်သက်လုံး မေ့လို့မရတဲ့ အဖြစ်အပျက်လေး တစ်ခု ရှိပါတယ်။
စာရေးသူမှာ ကိုရီးယားလူမျိုး ဘာသာမဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ သူက သာမန် ကိုရီးယားလူမျိုး မဟုတ်ပါဘူး၊ မြန်မာပြည်မှာ ခရစ်ယာန် သာသနာပြု (Missionary) မိသားစုကနေ မွေးဖွား ကြီးပြင်းလာလို့ မြန်မာစကားကို ရေရေလည်လည် ပြောတတ်တဲ့သူပါ။ တစ်နေ့တော့ အလုပ်ကအပြန်၊ မြို့ပတ်ရထားပေါ်မှာ သူနဲ့ စာရေးသူတို့ ဘုရားသခင် တည်ရှိခြင်းနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေး ငြင်းခုန်ဖြစ်ခဲ့ကြတယ်။ သူနဲ့ အဲဒီလို စကားစစ်ထိုးဖြစ်ခဲ့တာကလည်း ခရစ်ယာန်ဘာသာ သိပ်ပြီးမထွန်းကားလှတဲ့ မြန်မာပြည်မှာ ပင်ပန်းဆင်းရဲခံပြီး တကူးတက သာသနာလာပြုတဲ့ မိသားစုကနေ မွေးဖွားလာပြီးတော့မှ၊ သူကိုယ်တိုင်က ဘာသာမဲ့ ဖြစ်သွားတာကို စာရေးသူ စိတ်မကောင်းလွန်းလို့ပါ။ သူ့ ယုံကြည်ခြင်းကို ပြန်တည်ဆောက်ပေးချင်တာပါ၊ သို့သော် တည်ဆောက်ပေးခြင်းထက် အဆုံးစွန်ကို တွန်းပို့ပေးလိုက်မိသလိုတောင် ဖြစ်သွားတယ်ပဲ ပြောရပါလိမ့်မယ်။
အဲဒီအချိန်မှာ သူက စာရေးသူကို တကယ့်ကို မှတ်လောက်သားလောက် ဖြစ်သွားမယ့် စကားတစ်ခွန်း ပြောခဲ့ပါတယ်။ မှတ်မိသလောက် ပြန်ပြီး စကားစီရရင်…
“ညီအစ်ကိုပြောတဲ့ သိပ္ပံအချက်အလက်တွေက ခရစ်ယာန်ဘာသာရေးဘက်ကို ဘက်လိုက်ရေးထားတဲ့ အင်တာနက်စာမျက်နှာက ဟာတွေပါ။ တကယ်တမ်း သိပ္ပံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လေ့လာချင်ရင်၊ ခရစ်ယာန်တွေက ကိုယ့်ဘာသာရေးဘက်ကို ဘက်လိုက်ပြီး ရေးထားတဲ့ Apologetics Webpage တွေကိုပဲ ဖတ်နေမယ့်အစား၊ တကယ့် ပညာရှင်တွေ ရေးထားတဲ့ Authentic ဖြစ်တဲ့ Science Site တွေကို သွားဖတ်မှသာ ကိုယ့်အတွက် ပိုပြီး အကျိုးရှိမယ်။ ပြီးမှ ကျွန်တော်နဲ့ ဆက်ဆွေးနွေးပါဗျာ။” တဲ့။
အဲဒီအချိန်တုန်းကတော့ တော်တော်လေးကို အရှက်ကွဲခဲ့ရတာပေါ့ဗျာ။ ဒါပေမဲ့ အဲဒီ အရှက်ကွဲမှုကပဲ စာရေးသူကို မျက်စိပွင့်၊ နားပွင့် ဖြစ်သွားစေခဲ့ပြီး တကယ့် သိပ္ပံပညာရဲ့ အနှစ်သာရ အမှန်ကို ရှာဖွေတတ်သွားစေခဲ့တာပါ။
နောက်ထပ် စာရေးသူကို ဒီဆောင်းပါးတွဲ ရေးသားဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုကတော့ လွန်ခဲ့တဲ့ နှစ်များစွာက စာရေးသူရဲ့ အသင်းတော်ရဲ့ နွေရာသီ လူငယ်စခန်းချသင်တန်း (Summer Youth Camp) တစ်ခုမှာပါ။ ညီငယ် တစ်ယောက်က သိက္ခာတော်ရ ဆရာတော်တစ်ပါးကို မေးခွန်းတစ်ခု မေးခဲ့တယ်။
“ကျွန်တော်တို့ ယုံကြည်သူတွေက ဖန်ဆင်းခြင်းကို လက်ခံရမှာလား၊ ဆင့်ကဲပြောင်းလဲခြင်းကို လက်ခံရမှာလား။ တစ်ခုကိုပယ်ပြီး တစ်ခုကို ဖက်တွယ်ရအောင်လည်း နှစ်ဖက်စလုံးမှာ ယုံကြည်လက်ခံနိုင်စရာကောင်းတဲ့ အကြောင်းပြချက်တွေ ကိုယ်စီ ရှိနေကြတယ်ဆိုတော့၊ ဒီနယ်ပယ်နှစ်ခုကို ခရစ်ယာန်အသင်းတော်တွေက ဘယ်လိုရှုမြင်လဲ” တဲ့။
အဲဒီအချိန်ကစပြီး စာရေးသူလည်း ဒီ Science နဲ့ Christian Faith နယ်ပယ်ကြားက ပွတ်တိုက်မှုတွေကို အတော်လေး စိတ်ဝင်စားခဲ့ပါတယ်။
ဒီနေရာမှာ စာရေးသူ ကြိုပြီး စကားပလ္လင်ခံထားချင်တာလေး တစ်ခု ရှိပါတယ်။ စာရေးသူဟာ ဇီဝဗေဒပညာရှင် တစ်ယောက် မဟုတ်ပါဘူး။ ရုပ်ကြွင်းပညာရှင်၊ မျိုးရိုးဗီဇပညာရှင် တစ်ယောက်လည်း မဟုတ်ရပါဘူး။ ဒါပေမဲ့ အခု ဆက်လက် ရေးသားမယ့် အကြောင်းအရာတွေဟာ လွန်ခဲ့တဲ့ (၁၀) နှစ်တာ ကာလအတွင်း ကိုယ်တိုင် ဆုံတွေ့ခဲ့ရတဲ့ ပညာတတ် ဘာသာမဲ့ မိတ်ဆွေတွေနဲ့ ဆွေးနွေး ငြင်းခုန်ခဲ့တဲ့ အတွေ့အကြုံတွေကနေတစ်ဆင့်၊ စာရေးသူကိုယ်တိုင် အချိန်ပေး လေ့လာဆည်းပူးပြီး နားလည်ထားသလောက်ကို အတတ်နိုင်ဆုံး ကြိုးစား စုစည်းတင်ပြထားတာပါ။ ပညာရှင် မဟုတ်ပေမဲ့၊ အခြေအမြစ်မရှိ လျှောက်ရမ်းပြောနေတာမျိုး မဟုတ်ဘဲ တကယ့် ခိုင်မာတဲ့ သိပ္ပံအထောက်အထားတွေကို အခြေခံပြီး မိမိတတ်စွမ်းသလောက် အချက်အလက်ကျကျ ရေးသားသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီဆောင်းပါးစီးရီးလေးကို အဓိက ရည်ရွယ်တဲ့ စာဖတ်ပရိသတ်တွေကတော့ …
- ပထမ တစ်အုပ်စုက – ဆင့်ကဲပြောင်းလဲမှု (Evolution) ကို သေချာ မလေ့လာဘဲ ခါးခါးသီးသီး ငြင်းဆန်တတ်ကြတဲ့ ခရစ်ယာန် ညီအစ်ကို မောင်နှမများနဲ့
- ဒုတိယ တစ်အုပ်စုက – Evolution ကို အကြောင်းပြပြီး “ဘုရားသခင် မလိုတော့ဘူး၊ မရှိဘူး” လို့ ကောက်ချက်ချတတ်တဲ့ ဘာသာမဲ့ မိတ်ဆွေများ အတွက်ပဲ ဖြစ်ပါတယ်။
စာရေးသူရဲ့ ခရစ်ယာန် ညီအစ်ကို မောင်နှမတွေကို လေးစားစွာဖြင့် တိုက်တွန်းချင်တာကတော့၊ ကိုယ် မသိသေးတဲ့ အကြောင်းအရာ တစ်ခုဆိုရင် သေချာ သိအောင် အရင်လေ့လာပြီးမှ ခုခံကြပါစို့။ မသိရင် ခေါင်းမာမာနဲ့ စကားနိုင်လုနေတာထက် “ငါ ဒါကိုတော့ သေချာ မသိသေးဘူး၊ လေ့လာကြည့်ပါဦးမယ်” လို့ ရိုးသားစွာ ဝန်ခံလိုက်တာကမှ သခင်ခရစ်တော်ရဲ့ စိတ်သဘောထားနဲ့ ပိုပြီး ညီညွတ်ပါတယ်။ စာရေးသူကိုယ်တိုင်လည်း ဟိုးအရင်က အဲဒီလို ခေါင်းမာခဲ့ဖူးပြီး၊ အရှက်ကွဲခဲ့ရတဲ့ သင်ခန်းစာတွေကနေတစ်ဆင့်မှသာ ဒီလို ရိုးရိုးသားသား ဝန်ခံတတ်ဖို့ ခက်ခက်ခဲခဲ သင်ယူလာခဲ့ရတာပါ။
ဒီဆောင်းပါးလေးဟာ သိပ္ပံပညာနဲ့ ပတ်သက်ပြီး တွေဝေနေတဲ့ ယုံကြည်သူတွေ အတွက်ရော၊ ခရစ်ယာန်တွေဟာ အထောက်အထားမဲ့ ယုံတမ်းစကားတွေကိုပဲ လက်ခံနေကြတာပါလို့ ထင်နေတဲ့ ဘာသာမဲ့ မိတ်ဆွေတွေအတွက်ပါ တံခါးပေါက်သစ် တစ်ခု (သို့မဟုတ်) တံတားတစ်စင်းသဖွယ် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။
မကြာခင်မှာ အပိုင်း (၁) – “သီအိုရီ” ဆိုတာ ထင်ကြေးသက်သက်ပဲလား။ (သိပ္ပံနယ်ပယ်က သီအိုရီ သဘောတရားနဲ့ Evolution ကို မိတ်ဆက်ခြင်း) ကို ThyLogos website မှ တဆင့် တပတ်ကို ဆောင်းပါး နှစ်ပုဒ်နှုန်းနဲ့ တင်ဆက်ပေးသွားပါမယ်။ စောင့်မျှော် ဖတ်ရှုပေးကြပါဦးခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
Copyright ©️ λόγος

