Skip to content

မျိုးစိတ်သစ်ဖြစ်ထွန်းစေတဲ့ အကြီးစား ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် (Macro-evolution) အတွက်သက်သေအထောက်အထားများ

 

ပြီးခဲ့တဲ့ အပိုင်း (၁) နဲ့ အပိုင်း (၂) မှာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် (Evolution) ဆိုတာ ထင်ကြေး၊ ခန့်မှန်းချက်သက်သက် မဟုတ်ဘဲ ခိုင်မာတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံထားတဲ့ သိပ္ပံအမှန်တရားတစ်ခု ဖြစ်တယ် ဆိုတာတွေ၊ အသေးစား ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်အတွက် ခိုင်လုံတဲ့ သက်သေအထောက်အထားများစွာ ရှိကြောင်းကို ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။ ဒီနေရာမှာ တချို့က “ပိုးဟပ်တွေ၊ ခြင်တွေ ဆေးယဉ်ပါးလာတာမျိုး၊ သတ္တဝါတွေက ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်အောင် အမွှေးအရောင်တွေ၊ အသားအရောင်တွေ ပြောင်းသွားတာလိုမျိုး အသေးစား ဆင့်ကဲပြောင်းလဲခြင်း (Micro-evolution) ကိုတော့ ယုံတယ်၊ ဒါပေမဲ့ အဲ့ဒီကနေ မျိုးစိတ်သစ် ဖြစ်လာတဲ့အထိ ကြီးမားတဲ့ ဆင့်ကဲပြောင်းလဲခြင်း (Macro-evolution) ကိုတော့ မယုံဘူး” လို့ ပြောတတ်ကြပါတယ်။ ဒါကို ရိုးရိုးလေး စဉ်းစားကြည့်ရအောင်။ ကိုယ့်အိမ်ရှေ့ကနေ ခြေလှမ်း (၁၀) လှမ်း လှမ်းနိုင်တယ်ဆိုတာကို လက်ခံရင် အဲ့ဒီလို ခြေလှမ်းမျိုးကိုပဲ မရပ်မနား ဆက်လျှောက်သွားရင် အချိန်တစ်ခုရောက်တဲ့အခါ မြို့တစ်မြို့ကနေ တစ်မြို့ကို ရောက်သွားနိုင်တယ်ဆိုတာကိုပါ ယုတ္တိဗေဒအရ လက်ခံရပါလိမ့်မယ်။ Micro ဆိုတာ ခြေလှမ်းလေးတွေဖြစ်ပြီး၊ အချိန်ကာလကြာလာပြီး အဲ့ဒီခြေလှမ်းလေးတွေ စုပုံသွားတဲ့အခါ Macro ဆိုတဲ့ ခရီးရှည်ကြီး ဖြစ်လာတာပါပဲ။

ဒါဆို မျိုးစိတ်သစ် ဖြစ်လာတဲ့အထိ ကြီးမားတဲ့ ဆင့်ကဲပြောင်းလဲခြင်း (Macro-evolution) တကယ်ဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး သိပ္ပံဆိုင်ရာအချက်အလက်တွေကို လေ့လာကြည့်ရအောင်။ အရင်ဆုံးဖော်ပြချင်တဲ့ သက်သေအထောက်အထားကတော့ ဓာတ်ခွဲခန်းထဲက E. coli ဘက်တီးရီးယားလေးတွေရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ပဲဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ၁၉၈၈ ခုနှစ်ကစပြီး E. coli ဘက်တီးရီးယားတွေကို ဓာတ်ခွဲခန်းမှာ ဆယ်စုနှစ်နဲ့ချီ ရေရှည် လက်တွေ့လေ့လာစမ်းသပ်မှုတွေ ပြုနေခဲ့တာပါ။ အထူးသဖြင့် ကမကထပြုပြီး ဦးဆောင်ခဲ့တဲ့ သိပ္ပံပညာရှင် Richard Lenski ရဲ့ အဲဒီစမ်းသပ်မှုကြီးကို သမိုင်းဝင် The Long-Term Evolution Experiment (LTEE) လို့ ခေါ်ပါတယ်။ ဒီနေရာမှာ “Evolution ဆိုတာ နှစ်သန်းပေါင်းများစွာ ကြာတာ မဟုတ်ဘူးလား၊ ဓာတ်ခွဲခန်းထဲမှာ ဘယ်လိုလုပ် မြင်ရမှာလဲ” လို့ မေးစရာရှိပါတယ်။ မှန်ပါတယ်။ သတ္တဝါကြီးတွေမှာဆိုရင် အကြီးစား ဆင့်ကဲဖြစ်စဉ်ကို မြင်ရဖို့ နှစ်သန်းချီ ကြာပေမယ့် ဘက်တီးရီးယားလေးတွေကတော့ အခြေအနေပေးရင် မိနစ် ၂၀ ဒါမှမဟုတ် နာရီဝက်လောက်တိုင်းမှာ မျိုးဆက်သစ်တစ်ခု (Generation) ပွားနိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ မျိုးဆက် သောင်းနဲ့ချီ ကြာမြင့်မယ့် ပြောင်းလဲမှုတွေကို လူ့သက်တမ်းအတွင်းမှာပဲ စောင့်ကြည့်လေ့လာနိုင်တာပါ။ တကယ်လည်း အဲဒီ ဓာတ်ခွဲခန်းထဲမှာ ဘက်တီးရီးယား မျိုးဆက်ပေါင်း ၃၁,၅၀၀ လောက် (အချိန်အားဖြင့် ၁၅ နှစ်ခန့်) ရောက်တဲ့အခါ အံ့သြစရာတစ်ခု ဖြစ်လာပါတယ်။ E. coli တွေဟာ ပုံမှန်အားဖြင့် အောက်ဆီဂျင်ရှိတဲ့ အခြေအနေမှာ Citrate (ဆစ်ထရိတ်) လို့ခေါ်တဲ့ ဓာတ်ကို အာဟာရအဖြစ် မစားသုံးနိုင်ပါဘူး။ ဒါဟာ သူတို့ရဲ့ မျိုးစိတ်ကို သတ်မှတ်ထားတဲ့ အဓိက ကန့်သတ်ချက် တစ်ခုပါ။ ဒါပေမဲ့ မျိုးဆက် ၃၁,၅၀၀ အရောက်မှာတော့ အရင်က လုံးဝမလုပ်နိုင်ခဲ့တဲ့ “Citrate ကို အောက်ဆီဂျင်ရှိတဲ့ အခြေအနေမှာ အာဟာရအဖြစ် စားသုံးနိုင်တဲ့ စွမ်းရည်အသစ်” တစ်ခု ရုတ်တရက် ပေါ်လာတာကို သိပ္ပံပညာရှင်တွေက မျက်မြင် တွေ့လိုက်ရပါတယ်။ ဒီမျိုးဆက် အရေအတွက်ဟာ လူတွေအတွက် တွက်ကြည့်ရင် နှစ်ပေါင်း ၆ သိန်းကျော်လောက်နဲ့ ညီမျှတဲ့ အချိန်ဖြစ်ပြီး၊ မျိုးရိုးဗီဇအသစ်၊ လုပ်ဆောင်ရည်အသစ် ဘယ်လို ပေါ်ပေါက်လာနိုင်လဲ ဆိုတာကို မျက်စိရှေ့မှာတင် ခိုင်ခိုင်မာမာ သက်သေပြလိုက်တာပဲ ဖြစ်ပါတယ်။ ဒါက သာဓက နည်းနည်းလေးတွေပဲ ရှိပါသေးတယ်။ အခြားသက်သေများစွာ ရှိပါသေးတယ်။ စိတ်ဝင်စားပါက ဆက်လက်လေ့လာစေချင်ပါတယ်။ Reference မှာလည်း သွားရောက်လေ့လာဖတ်ရှုလို့ရနိုင်မယ့် စာပေအရင်းအမြစ်တွေကိုလည်း ကျွန်တော်ပေးထားပါတယ်။

ဘာကြောင့် ဒါဟာ Macro-evolution အတွက် သက်သေအထောက်အထား၊ တနည်းအားဖြင့် အရေးကြီးတဲ့ သဲလွန်စ ဖြစ်ရတာပါလဲ။ ဒီတွေ့ရှိချက်နဲ့ ပတ်သက်ပြီး သိပ္ပံပညာရှင်တွေနဲ့ ဝေဖန်သူတွေကြားမှာ အငြင်းပွားမှုလေးတွေတော့ ရှိပါတယ်။ တချို့က “ဒါဟာ E. coli ဘက်တီးရီးယား ကနေ E. coli ဘက်တီးရီးယားပဲ ပြန်ဖြစ်တာလေ၊ တခြား အကောင်ကြီး ဖြစ်သွားတာမှ မဟုတ်တာ၊ ဒါကြောင့် Micro-evolution ပဲ” လို့ ငြင်းကြပါတယ်။ ဒါပေမဲ့ ဇီဝဗေဒရှုထောင့်ကနေ သေချာကြည့်ရင် ဒါဟာ Macro-evolution ရဲ့ အင်ဂျင် (ယန္တရား) အလုပ်လုပ်ကြောင်း အခိုင်မာဆုံး ပြသလိုက်တဲ့ မျက်စိရှေ့တင်မြင်တွေ့နိုင်တဲ့သက်သေ၊ တနည်းအားဖြင့် တိကျတဲ့ သဲလွန်စ ဖြစ်နေလို့ပါပဲ။ အကြောင်းရင်းတွေကတော့ မျိုးစိတ်တစ်ခုရဲ့ ကန့်သတ်ချက်ကို ချိုးဖောက်သွားခြင်းကြောင့်ဖြစ်ပါတယ်။ သိပ္ပံပညာမှာ E. coli ဘက်တီးရီးယားကို အခြား ဘက်တီးရီးယား (ဥပမာ – Salmonella) တွေနဲ့ ဘယ်လိုခွဲခြား သတ်မှတ်လဲဆိုရင် “E. coli ဟာ အောက်ဆီဂျင်ရှိရင် Citrate ကို မစားနိုင်ဘူး” ဆိုတဲ့ အချက်နဲ့ သတ်မှတ်တာပါ။ အခု Lenski ရဲ့ စမ်းသပ်မှုမှာ အဲဒီ ဘောင်ကြီးကို ဖောက်ထွက်သွားပြီး၊ လုံးဝ မလုပ်နိုင်တဲ့ အရာတစ်ခုကို လုပ်နိုင်သွားတာပါ။ ပိုပြီးမြင်သာအောင် ပြောရရင် အသီးပဲစားတဲ့ သတ္တဝါကနေ အသားပါ စားတတ်တဲ့ သတ္တဝါအဖြစ် ကူးပြောင်းသွားသလိုမျိုး ကြီးမားတဲ့ ဇီဝကမ္မ အပြောင်းအလဲကြီး ဖြစ်သွားတာပါ။ နောက်တချက်က ခုနက နှစ်ရှည်စောင့်ကြည့်လက်တွေ့စမ်းသပ်မှုမှာ ရှုပ်ထွေးတဲ့ ဗီဇအသစ် ပေါ်လာခြင်း (Emergence of Novelty) ကြောင့်ဖြစ်ပါတယ်။ Macro-evolution ကို လက်မခံသူတွေက “Mutation (ဗီဇပြောင်းခြင်း) ဆိုတာ ရှိပြီးသား သတင်းအချက်အလက်တွေ ပျက်စီးသွားတာပဲ ရှိတယ်၊ အသစ်ထပ်တိုးလာတာ မရှိဘူး” လို့ ပြောလေ့ရှိပါတယ်။ အထူးသဖြင့် Answers In Genesis လို Young Earth Creationism အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေက ဝေဖန်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီစမ်းသပ်မှုမှာ Citrate စားနိုင်သွားတာဟာ ဗီဇတစ်ခုတည်း ရုတ်တရက် ပြောင်းသွားတာ မဟုတ်ပါဘူး။ မျိုးဆက် ထောင်ပေါင်းများစွာ ကြာတဲ့အထိ ဗီဇအပြောင်းအလဲ အဆင့်ဆင့် (Historical contingency) စုပုံလာပြီးမှ၊ အရင်က မရှိခဲ့တဲ့ သတင်းအချက်အလက် အသစ်၊ စွမ်းရည်အသစ် ပေါ်ထွက်လာတာပါ။ ဒါဟာ Macro-evolution ဖြစ်ဖို့ လိုအပ်တဲ့ “အချက်အလက်အသစ် ဖန်တီးနိုင်စွမ်း” ကို သဘာဝရဲ့ ရွေးချယ်မှုက လုပ်ပေးနိုင်တယ် ဆိုတာကို သက်သေပြလိုက်တာပါ။ ဆိုတော့ အနှစ်ပြန်ချုပ်ပြရရင် ဒီ E. coli လေးတွေဟာ ချက်ချင်းကြီး ခြေထောက်တွေ ထွက်လာပြီး အကောင်ကြီး ဖြစ်သွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ Macro-evolution ဖြစ်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ “လုံးဝ အသစ်ဖြစ်ပြီး ရှုပ်ထွေးတဲ့ ဇီဝလုပ်ဆောင်ချက်တွေ ဘယ်လို ပေါ်ပေါက်လာသလဲ” ဆိုတဲ့ လျှို့ဝှက်ချက်ကို လက်တွေ့ ဖြေရှင်းပြလိုက်တဲ့ အရေးကြီးဆုံး သဲလွန်စ သက်သေ ဖြစ်သွားလို့ပါပဲ။ ဒီတော့ မျက်စိရှေ့မှာ မြင်ရတဲ့ အပြောင်းအလဲလေးတွေ (Micro) ကနေတဆင့်၊ အချိန်ကာလရှည်လျားစွာ ဖြတ်သန်းလာတဲ့အခါ တကယ့်ကို မျိုးစိတ်အသစ်တွေ (Macro) ဖြစ်လာနိုင်တယ်ဆိုတာ ယုတ္တိကျသွားပါပြီ။

Macro-evolution (အကြီးစား ဆင့်ကဲဖြစ်စဉ်) ကို ငြင်းပယ်သူတွေ (တချိန်က ကျွန်တော်ကိုယ်တိုင်) အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းက “ငါးကနေ ဖားဖြစ်သွားတာ၊ ခြေထောက်တွေ ထွက်လာပြီး တခြားအကောင်ကြီး ဖြစ်သွားတာကို မျက်မြင်ပြနိုင်လား” ဆိုတာမျိုးပေါ့။ သိပ္ပံပညာက ဒီနေရာမှာ ဘယ်လိုရှင်းပြလဲဆိုရင် အဲဒီလို အကြီးစား ပုံပန်းသဏ္ဍာန် အပြောင်းအလဲကြီးတွေ (Morphological changes) ဟာ မျိုးဆက်ပေါင်း သန်းနဲ့ချီ အချိန်ယူရတဲ့အတွက်၊ လူ့သက်တမ်းတိုတိုလေးအတွင်း ဓာတ်ခွဲခန်းထဲမှာ ငါးကနေ ခြေထောက်ထွက်လာတာကို မျက်မြင်လုပ်ပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါဆိုရင် အတိတ်ကာလက ဖြစ်ပျက်ခဲ့တဲ့ အဲ့ဒီလို မျိုးစိတ်အသစ် ပြောင်းလဲမှုတွေကို ဘယ်လို သက်သေပြမလဲ။ အတိတ်ကာလက အဲ့ဒီလို မျိုးစိတ်တစ်ခုကနေ နောက်တစ်ခုကို ပြောင်းလဲသွားတယ်ဆိုရင်၊ အဲ့ဒီခရီးရှည်ကြီးကို သက်သေပြနိုင်မယ့် အထောက်အထား ဓာတ်ပုံမှတ်တမ်းဟောင်းတွေ ရှိလို့လား။ ဒီမေးခွန်းအတွက် ကမ္ဘာမြေကြီးက ရေးမှတ်ထားတဲ့ကျောက်စာ သက်သေတွေက မပါမဖြစ်ပါပဲ။ အဲ့ဒီ မှတ်တမ်းတွေကို ကမ္ဘာမြေကြီးက ကျောက်လွှာတွေထဲမှာ ထာဝရ သမိုင်းစာအုပ်ကြီး တစ်အုပ်လို သိမ်းဆည်းပေးထားပါတယ်။ အဲဒါကို ကျွန်တော်တို့က “ကျောက်ဖြစ်ရုပ်ကြွင်း (Fossils)” လို့ ခေါ်ကြပါတယ်။ ကျောက်ဖြစ်ရုပ်ကြွင်းဆိုတာ လွယ်လွယ်နဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ အရင်ဆုံး သိထားရမှာက သတ္တဝါတစ်ကောင် သေသွားတိုင်း ရုပ်ကြွင်း ဖြစ်မလာပါဘူး။ သာမန်အားဖြင့် တောထဲမှာ အကောင်တစ်ကောင် သေသွားရင် အသားတွေ ပုပ်သိုးသွားမယ်၊ အရိုးတွေလည်း နေဒဏ် မိုးဒဏ်နဲ့ တဖြည်းဖြည်း ဆွေးမြည့် ပျောက်ကွယ်သွားမှာပါပဲ။ ရုပ်ကြွင်းတစ်ခု ဖြစ်လာဖို့ဆိုတာ အလွန်ရှားပါးတဲ့ တိုက်ဆိုင်မှုတွေ လိုပါတယ်။ သေတာနဲ့ တစ်ပြိုင်နက် ရွှံ့နွံတွေ၊ သဲတွေ ဒါမှမဟုတ် မီးတောင်ပြာတွေက အမြန်ဆုံး ဖုံးအုပ်သွားရမယ်။ အဲဒီလို လေလုံသွားတဲ့အခါ နှစ်သန်းပေါင်းများစွာ ကြာလာတာနဲ့အမျှ မြေအောက်ရေထဲမှာပါတဲ့ တွင်းထွက်ဓာတ် (Minerals) တွေက အရိုးတွေ၊ သွားတွေထဲကို တဖြည်းဖြည်း စိမ့်ဝင်သွားပြီး၊ မူလအရိုးတွေ၊ သွားတွေရဲ့နေရာမှာ ကျောက်တွေက အစားထိုး ဝင်ရောက်လာပါတယ်။ အဲဒီကနေမှ မြေငလျင်လှုပ်တာ၊ ရေတိုက်စားတာတွေကြောင့် သဘာဝအတိုင်း မြေပေါ်ကို ပြန်ပေါ်လာတာကြောင့်ပဲဖြစ်ဖြစ်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ မြေအနက်ကြီးတွေ တူးရင်းကနေဖြစ်ဖြစ် ကျွန်တော်တို့ ရှာတွေ့နိုင်တာပါ။ ဒါကြောင့် ရုပ်ကြွင်းဆိုတာ အတိတ်ကာလက သတ္တဝါတွေရဲ့ အလွန်တန်ဖိုးကြီးတဲ့ “ကျောက်ဆစ် ဓာတ်ပုံ” တွေ ဖြစ်နေတာပေါ့။ သိပ္ပံပညာရှင်တွေက ရုပ်ကြွင်းတွေကို ဘယ်လိုသုံးပြီး Evolution ကို သက်သေပြကြတာပါလဲ။

Image is credited to: Transitional fossils (UC Berkeley)

၁၆၆၉ ခုနှစ်မှာ ကက်သလစ် ခရစ်ယာန်ဘုန်းကြီးတပါးလည်းဖြစ်သူ နီကိုးလပ်စ် စတီနို (Nicholas Steno) ဆိုတဲ့ ပညာရှင်က “မြေကြီးကို တူးလိုက်ရင် အောက်ဆုံးလွှာက သက်တမ်းအရင့်ဆုံး (ရှေးအကျဆုံး) ဖြစ်ပြီး၊ အပေါ်ဆုံးလွှာက သက်တမ်းအနုဆုံး (နောက်အကျဆုံးပဲ)” ဆိုတဲ့ နိယာမကို စတင်ဖော်ထုတ်ခဲ့ပါတယ်။ နောက်ပိုင်း ၁၈၁၅ ခုနှစ်လောက်မှာ မြေတိုင်းပညာရှင် ဝီလီယံ စမစ် (William Smith) က ကျောက်လွှာတွေကို လိုက်တူးရင်း အံ့ဩစရာတစ်ခု သွားတွေ့တယ်။ အောက်ဆုံးမှာရှိတဲ့ နှစ်သန်းပေါင်း ၅၀၀ လောက်က ကျောက်လွှာတွေမှာ ရေမြှုပ်တွေ၊ ခရုတွေ လို ရိုးရှင်းတဲ့ အကောင်တွေရဲ့ ရုပ်ကြွင်းတွေကိုပဲ တွေ့ရတယ်။ အပေါ်လွှာကို ရောက်လာလေလေ ငါးတွေ၊ တွားသွားသတ္တဝါတွေ၊ ပြီးမှ နို့တိုက်သတ္တဝါတွေ ဆိုပြီး အစီအစဉ်တကျ ရှုပ်ထွေးလာတာကို တွေ့ရတယ်။ သဘောကတော့ အစောပိုင်း ကျောက်လွှာတွေထဲမှာ ယုန် လိုမျိုး ရှုပ်ထွေးတဲ့ နို့တိုက်သတ္တဝါ ရုပ်ကြွင်းကို လုံးဝ (လုံးဝ) သွားရှာမတွေ့နိုင်ပါဘူး။ ဒါဟာ သက်ရှိတွေဟာ တစ်ခါတည်း ပြိုင်တူ ပေါ်လာတာ မဟုတ်ဘဲ ရိုးရှင်းတဲ့ အဆင့်ကနေ ရှုပ်ထွေးတဲ့ အဆင့်ကို အချိန်နဲ့အမျှ အဆင့်ဆင့် ပြောင်းလဲလာတယ်ဆိုတာကို ငြင်းမရအောင် ညွှန်ပြနေတာပါ။ ဒီနေရာမှာ တချို့က ထပ်မေးကောင်းမေးကြလိမ့်မယ်။ “မျိုးစိတ် တစ်ခုကနေ နောက်တစ်ခု ပြောင်းသွားတာ မှန်ရင် အဲ့ဒီ နှစ်ခုကြားက ကြားခံအသွင်ကူးပြောင်းမှု သက်သေအထောက်အထားလိုမျိုး ‘တစ်ဝက်တစ်ပျက် အကောင် (Transitional Fossil)’ တွေ ပြစရာ ရှိလို့လား” ဆိုပြီးတော့ပေါ့။ အရင်တုန်းကတော့ ဒါဟာ ဆင့်ကဲပြောင်းလဲမှု သီအိုရီကို တိုက်ခိုက်ဖို့၊ လက်မခံငြင်းပယ်ဖို့ အကောင်းဆုံး အကြောင်းပြချက် သို့မဟုတ် လက်နက်တစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာ တိုးတက်လာတာနဲ့အမျှ အကောင်တစ်ကောင်ကနေ နောက်တစ်ကောင်ကို ကူးပြောင်းနေတဲ့ ကြားကာလက သတ္တဝါတွေရဲ့ ရုပ်ကြွင်းတွေ (Transitional Fossils) ကို သိပ္ပံပညာရှင်တွေ အများကြီး တူးဖော်တွေ့ရှိထားပါတယ်။ အထင်ရှားဆုံး ဥပမာကတော့ ဝေလငါးတွေရဲ့ သမိုင်းပါပဲ။ ဝေလငါးဟာ ရေထဲမှာ နေပေမဲ့ ငါးမဟုတ်ဘဲ နို့တိုက်သတ္တဝါဖြစ်နေလို့၊ ဆရာကြီး ချားလ်စ်ဒါဝင် က “ဝေလငါးတွေဟာ တစ်ချိန်က ကုန်းပေါ်မှာနေခဲ့တဲ့ ခြေလေးချောင်း နို့တိုက်သတ္တဝါကနေ ရေထဲကို ပြန်ဆင်းသွားတာ ဖြစ်ရမယ်” လို့ ဟောကိန်းထုတ်ခဲ့ဖူးပါတယ်။

Image is credited to: ResearchGate (Reconstruction of the 48-million- year-old pakicetid archaeocete Pakicetus attocki)

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် ဖိလစ် ဂျင်ဂျရစ်ချ် (Philip Gingerich) တို့အဖွဲ့ဟာ ပါကစ္စတန်နိုင်ငံကနေ ‘ပါကီဆီးတပ်စ်’ (Pakicetus) လို့ခေါ်တဲ့ ရုပ်ကြွင်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ အဲ့ဒီရုပ်ကြွင်းက ကုန်းပေါ်မှာ လမ်းလျှောက်တဲ့ ခွေးအကြီးစား အရွယ် သတ္တဝါပါ။ Pakicetus လိုမျိုး အရင်က ကုန်းပေါ်မှာ လမ်းလျှောက်တဲ့ ကောင်တွေကနေ ခြေထောက်တွေ တဖြည်းဖြည်း တိုဝင်သွားပြီး ရေယက်တွေ ဖြစ်သွားတဲ့ ရုပ်ကြွင်း အဆင့်ဆင့်ကို အတိအကျ တွေ့ထားပြီး ဝေလငါးတွေဟာ အရင်က ခွေးတွေ၊ ဝံပုလွေတွေလို ကုန်းပေါ်မှာ လမ်းလျှောက်ခဲ့တဲ့ နို့တိုက်သတ္တဝါတွေကနေ ဆင်းသက်လာတယ်ဆိုတာကို ကောက်ချက်ချနိုင်ခဲ့ကြပါတယ်။ ပိုပြီး အံ့သြစရာ ကောင်းတာက အခုခေတ် သက်ရှိထင်ရှား ရှိနေတဲ့ ဝေလငါးတွေရဲ့ ခန္ဓာကိုယ် နောက်ပိုင်းထဲမှာ ဘာအသုံးမှ မဝင်တော့တဲ့ တင်ပါးဆုံရိုးနဲ့ နောက်ခြေထောက်ရိုး အကြွင်းအကျန်လေးတွေ (Vestigial pelvic bones) ရှိနေတုန်းပါပဲ။ ရေကူးတဲ့ ဝေလငါးမှာ ဘာလို့ ခြေထောက်ရိုးတွေ ရှိနေရတာလဲ ဆိုတဲ့ မေးခွန်းအတွက် အကောင်းဆုံး အဖြေက “အရင်က ခြေထောက်နဲ့ လမ်းလျှောက်ခဲ့တဲ့ အကောင်ကနေ ဆင်းသက်လာလို့” ဆိုတာပဲ ဖြစ်ပါတယ်။ အဲ့ဒီကနေတဆင့် သိပ္ပံပညာရှင်တွေဟာ နောက်ထပ် ကျောက်လွှာတွေထဲကနေ ခြေထောက်တွေ တဖြည်းဖြည်း တိုသွားပြီး ရေယက်တွေ ဖြစ်လာတဲ့ အဆင့်ဆင့်သော ကြားခံ ဝေလငါးရုပ်ကြွင်း (Ambulocetus, Dorudon) စတာတွေကို အစီအစဉ်တကျ ဆက်တိုက် ရှာတွေ့ခဲ့ကြပါတယ်။

Image is credited to: Archaeopteryx (Wikipedia)
Image is credited to: National Center For Science Education (Tiktaalik)

 

 

 

 

 

 

 

 

နောက်ထပ်ထင်ရှားတဲ့ သက်သေအထောက်အထားကတော့ ဒိုင်နိုဆောကနေ ငှက်အဖြစ် ကူးပြောင်းနေတဲ့ အဆင့်ဖြစ်တဲ့ Archaeopteryx ရုပ်ကြွင်းတွေပဲ။ သူက ငှက်လို အမွေးအတောင်တွေ ပါပေမဲ့ တွားသွားသတ္တဝါတွေလို သွားတွေ၊ အမြီးရိုးတွေ ပါနေတုန်းပဲ။ နောက်တစ်ခုက ငါးကနေ ကုန်းနေရေနေသတ္တဝါအဖြစ် ကူးပြောင်းတဲ့ Tiktaalik ရုပ်ကြွင်းတွေပေါ့။ ဒါဟာ တချိန်က “မရှိဘူး” လို့ ထင်ထားခဲ့တဲ့၊ တစ်ဆင့်ချင်း တဖြည်းဖြည်း ပြောင်းလဲလာတဲ့ “တစ်ဝက်တစ်ပျက် ကြားခံအကောင်” တွေ တကယ်ပဲ တည်ရှိခဲ့ကြောင်း ကမ္ဘာမြေကြီးက သက်သေခံလိုက်တာပါပဲ။ ၂၀၀၄ ခုနှစ်မှာ ရှာတွေ့ခဲ့တဲ့ ဒီရုပ်ကြွင်းဟာ Macro-evolution အတွက် အထင်ရှားဆုံး သက်သေတစ်ခုပဲ။ သူက ရေထဲက ငါးလိုမျိုး အကြေးခွံတွေ၊ ရေယက်တွေ (Fins)၊ ပါးဟက်တွေ ပါပေမယ့်၊ ကုန်းနေသတ္တဝါတွေလို လည်ပင်း၊ ပခုံး ဖွဲ့စည်းပုံတွေ ပါနေတယ်။ အံ့သြစရာ အကောင်းဆုံးက သူ့ရဲ့ ရှေ့ရေယက် အရိုးတွေထဲမှာ ကုန်းပေါ်တက်ဖို့ အားပြုရမယ့် လက်ကောက်ဝတ် အရိုး (Wrist bones) တွေနဲ့ လက်ချောင်းလို အရိုးလေးတွေ စတင် ဖြစ်ပေါ်နေတာကို အထင်အရှား တွေ့ရတယ်။ ဒါဟာ ရေယက်ကနေ ခြေထောက်အဖြစ် ကူးပြောင်းနေတဲ့ အလယ်အလတ် ကြားခံအဆင့်ကို တိတိကျကျ ပြသနေတာပဲ။

Image is credited to: Homology and Analogy (Sanibel Sea School)

မူလအကောင်နဲ့ လုံးဝမတူတော့တဲ့ မျိုးစိတ်သစ် (New Species) တစ်ခု အဖြစ် ကွဲထွက်သွားတဲ့ Macro-evolution ဖြစ်စဉ်အတွက် နောက်ထပ်သက်သေအထောက်အထားတွေကတော့ ခန္ဓာကိုယ် တည်ဆောက်ပုံ တူညီမှုများ (Homologous Structures) ပဲဖြစ်ပါတယ်။ လူရဲ့လက်၊ လင်းနို့ရဲ့ အတောင်ပံ၊ ဝေလငါးရဲ့ ရှေ့ရေယက် (Flipper) နဲ့ ခွေးရဲ့ ရှေ့လက်တွေကို ကြည့်ရင် အပြင်ပန်း အသုံးဝင်ပုံချင်း လုံးဝမတူကြပေမဲ့ လက်မောင်းရိုး၊ လက်ဖျံရိုး စတာတွေလို အတွင်းပိုင်း အရိုးတည်ဆောက်ပုံ အခြေခံက အတိအကျကို ဆင်တူနေတာ တွေ့ရပါတယ်။  ဝေလငါးရဲ့ရေယက်အပြားကြီးရဲ့ အတွင်းပိုင်းကို ဓာတ်မှန်ရိုက်ကြည့်လိုက်ရင် လူတွေလိုပဲ လက်မောင်းရိုး၊ လက်ဖျံရိုး၊ လက်ကောက်ဝတ်ရိုးနဲ့ လက်ချောင်းရိုးလေးတွေ အစီအစဉ်တကျ ပါနေတာကို အံ့ဩစရာ တွေ့ရမှာပါ။ ဒါဟာ တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ ဘုံဘိုးဘေး (Common ancestor) တစ်ခုတည်းကနေ ဆင်းသက်လာပြီး ကိုယ့်ပတ်ဝန်းကျင်နဲ့အညီ ပုံစံကွဲသွားကြတယ်ဆိုတဲ့ သက်သေပါ။ နောက်ပြီး သတ္တဝါတွေမှာ အရင်ဘိုးဘွားတွေခေတ်က သုံးခဲ့ပေမဲ့ အခုချိန်မှာ အသုံးမဝင်တော့တဲ့ အစိတ်အပိုင်း (Vestigial Structures) တွေ ကျန်နေပါသေးတယ်။ ဥပမာ – ဝေလငါးတွေဟာ ရေထဲမှာပဲ နေတော့ နောက်ခြေထောက် မရှိတော့ပေမဲ့ သူတို့ခန္ဓာကိုယ်ထဲမှာ တင်ပါးဆုံရိုး (Pelvic bone) အကြွင်းအကျန်လေးတွေ ရှိနေတုန်းပါပဲ။ လူတွေမှာဆိုရင်လည်း အမြီးရိုး (Tailbone)၊ အံဆုံးသွား တွေ ကျန်နေတာမျိုးပေါ့။ ဒါဟာ အတိတ်က အဲ့ဒီအစိတ်အပိုင်းတွေကို အသုံးပြုခဲ့တဲ့ ဘိုးဘွားတွေဆီကနေ ဆင်းသက်လာတယ်ဆိုတဲ့ အထောက်အထားတွေပါပဲ။ ဒါကြောင့် ရုပ်ကြွင်းပညာရှင်တွေက ဒီလို ကျောက်စာမှတ်တမ်းတွေကို ကြည့်ပြီး ‘သတ္တဝါတွေဟာ တူညီတဲ့ ဘုံဘိုးဘေး မျိုးနွယ်စု တစ်ခုတည်း (common ancestor) ကနေ အကိုင်းအခက်တွေလို ဆင်းသက်လာတဲ့ မိသားစုဝင်တွေပါ’ လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သိပ္ပံပညာဆိုတာ သက်သေတစ်ခုတည်းနဲ့ ရပ်မနေပါဘူး။ တကယ်လို့ ဒီကျောက်ဖြစ်ရုပ်ကြွင်းတွေ ပြောတဲ့ သမိုင်းမှတ်တမ်းက မှန်ကန်တယ်ဆိုရင် အဲဒီ သတ္တဝါတွေရဲ့ ခန္ဓာကိုယ်ထဲက “DNA သွေးစစ်ချက်” ကရော ဘာပြောနေမလဲ။ အရိုးတွေက ပြောတဲ့ သမိုင်းနဲ့ DNA က ပြောတဲ့ သမိုင်း တိုက်ဆိုင်မှု ရှိပါ့မလား။ ဒီအကြောင်းအရာတွေကိုတော့ အပိုင်း (၄) မှာ သွေးကြောထဲက သမိုင်းမှတ်တမ်းတွေနဲ့ မျောက်ကနေ လူဖြစ်တာလားဆိုတဲ့ မေးခွန်းတွေအကြောင်းကို ဆက်လက် တင်ပြသွားပါမယ်။

ကိုးကားထားသော စာပေအရင်းအမြစ်များ