ခရစ်ယာန်အသက်ရှင်မှုမှာ တခါတရံ အသက်တာကို ပေါ့ပေါ့ပါးပါးလေး အသက်ရှင်ကြတဲ့အခိုက်အတန့်တွေ ရှိပါတယ်။ အဲ့အထဲက တခုကတော့ ဘုရားစကားနဲ့ပက်သက်ပြီး လွယ်လွယ်လေးဝန်ခံအသက်ရှင်ကြခြင်းပါပဲ။ လွယ်လွယ်လေးဝန်ခံအသက်ရှင်ကြတယ်ဆိုတာကို ပုံဖော်ပြရရင် ဘုရားကိုသိတယ်၊ ဘုရားကိုယုံတယ်၊ ဘုရားသခင်က ဘယ်လိုဘုရားဖြစ်တယ်ဆိုတာကို သိကျွမ်းသလိုပြောပြီး ဘုရားရဲ့သွန်သင် ဆုံးမ လမ်းပြ ပဲ့ပြင်ခြင်းတို့ကိုတော့ ခံယူခြင်း၊ လိုက်လျှောက်ခြင်းမရှိဘဲ အသက်ရှင်ခြင်းပါပဲ။
“အကြောင်းမူကား၊ သူတို့သည် ပညာအတတ်ကိုမုန်းကြ၏။ ထာဝရဘုရားကို ကြောက်ရွံ့သောသဘောကို အလိုမရှိကြ။” သုတ္တံကျမ်း ၁း၂၉
ကျွန်ုပ်တို့အားလုံးသိကြတဲ့အတိုင်းပါပဲ ဘုရားရှင်ဟာ လူသားတွေကို သူ့အားသိကျွမ်းစေချင်သောဘုရား ဖြစ်ပါတယ်။ ထိုသို့သိကျွမ်းခြင်းမှာလည်း ကျွန်ုပ်တို့လူသားတွေအနေနဲ့ သူရဲ့အဖြစ်တော်ကိုနားလည်နိုင်ဖို့ရာ တခုတည်းသောနည်းလမ်းက သူ့ထံမှာ အသက်တာကို လုံးဝအရှုံးပေး၊ အပ်နှံခြင်းပါပဲ။ တနည်းအားဖြင့် ဘုရားရှင်အား ကြောက်ရွံ့ခြင်းသဘောရှိခြင်းပါပဲ။ ကြောက်ရွံ့ခြင်းမရှိခြင်းက ဘုရားရှင်အား သာ၍သိကျွမ်းခြင်း၌ တိုးပွားလာစေမှာ မဟုတ်သလို၊ သိကျွမ်းစေမည့် ပညာအရာကိုလည်း မလိုလားခြင်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဘုရားရဲ့ပညာနဲ့သွန်သင်မှုတို့ကို မထီမဲ့မြင်ပြုခြင်းရှိတဲ့ လူမိုက်ရဲ့သဘောပါပဲ။ သုတ္တံကျမ်း အခန်းကြီး ၁ အငယ် ၇ မှာ ပညာရဲ့အချုပ်အခြာဟာ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းဖြစ်တယ်လို့ ရှင်းလင်းစွာ အစပြုဖော်ပြထားပါတယ်။ သို့ပေမယ့် အငယ် ၂၉ ရောက်လာချိန်မှာတော့ လူအများစုက အဲ့ဒီသဘောကို မရွေးချယ်ကြဘူးဆိုတာကို တွေ့မြင်ရပါတယ်။ ပညာအရာကို မထီမဲ့မြင်ပြုကာ ငြင်းပယ်ကြသည့်အဆင့်တင် မဟုတ်တော့ဘဲ၊ ငြင်းပယ်ရင်းကနေမှ မုန်းတီးတဲ့အဆင့်ထိ ဖြစ်သွားကြပါတော့တယ်။ ဒါကြောင့် ယုံကြည်သူခရစ်ယာန်များအနေဖြင့် အသက်တာမှာ ဆင်ခြင်သတိပြုစရာရှိပါတယ်။
“ဘုရားသားသမီးတွေကွ” လို့ နှုတ်ကနေ ပြောပြရသည်မှာ လွယ်ကူပေမယ့်၊ ဘုရားသားသမီးအဖြစ် အသက်ရှင်ခြင်းကတော့ မလွယ်ကူချေ။ မလွယ်ကူဟု ဆိုသည့်အခါ ဘာသာရေးထုံးတမ်းများဖြင့် ရှုပ်ထွေးခက်ခဲစေသည်ကို မဆိုလိုဘဲ ဘုရားရှင်၏ ရိုးရှင်းလှပ၍ ကောင်းမြတ်စုံလင်သော သွန်သင် ဆုံးမ လမ်းပြ ပဲ့ပြင်ခြင်းတို့ကို ခံယူဖို့ရာ နားထောင်လိုမှု မရှိခြင်းကို ဆိုလိုပေသည်။ ကျွန်ုပ်တို့အနေဖြင့် သခင်ယေရှုခရစ်တော်အား မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ပြီးသည့်နောက်တွင် ဘုရားရှင်၏ သွန်သင် ဆုံးမ လမ်းပြ ပဲ့ပြင်ခြင်းတို့ကို ရင်ဝယ်ပိုက်လျက် နာယူဝန်ခံသင့်ပေသည်။ ထိုသို့မဟုတ်ဘဲ မိမိစိတ်ကြိုက်အသက်ရှင်ခြင်းအား ခုံမင်နှစ်သက်သွားကာ ဘုရားရှင်၏ သွန်သင် ဆုံးမ လမ်းပြ ပဲ့ပြင်ခြင်းတို့ကို မုန်းတီး၍ အလိုမရှိသူများ ဖြစ်လာနိုင်ပေသည်။
“ဘုရားသခင်အားသာ၍ သိကျွမ်းလိုပါ၏” ဟု ဆိုသောအရာသည် ဘုရားရှင်အား ကြောက်ရွံ့ခြင်းဖြင့်သာ ရုပ်လုံးကြွ၊ လှပပေါ်လွင်စေပါတယ်။ သိကျွမ်းခြင်းသည်လည်း နာခံခြင်းနှင့်တကွ အချိုးကျနေခြင်းကလည်း လိုအပ်လှသောကြောင့် ယနေ့မျက်မှောက်ခေတ် ခရစ်ယာန်များအနေဖြင့် ဘုရားရှင်အား ကြောက်ရွံ့ရိုသေခြင်းမရှိသော အသက်တာကို အသက်မရှင်မိဖို့ရာလည်းကောင်း၊ လောကအလယ်မှာ ပုံမဖော်မိဖို့ရာလည်းကောင်း သတိပြုရန်လိုအပ်ပါတယ်။ ယနေ့ ကျွန်ုပ်တို့ ခရစ်ယာန်အသိုင်းအဝန်းထဲ၌ ဘုရားရှင်အားကြောက်ရွံ့တတ်ခြင်းနှင့် ထိုကြောက်ရွံ့ခြင်းမှလာသောပညာအားဖြင့် ဘုရားရှင်၏စကားတော်အား နာခံလိုက်လျှောက်၍ အသက်ရှင်ခြင်းတို့သည် နည်းပါးလာနေသည်ကို သတိပြုမိပါသလား။ အပတ်စဥ် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းလာခြင်း၊ အလှူငွေပုံမှန်ထည့်ခြင်း၊ အသင်းတော်တွင် ပါဝင်လုပ်ဆောင်ခြင်းတို့ဖြင့် အချို့တို့မှာ ကျေနပ်နေကြပြီး၊ ဘုရားသခင်ကိုသာ၍ သိကျွမ်းလာစေဖို့ရာ ဘုရားရှင်၏စကားတော်ကိုနာခံခြင်းအရာ၌ လျော့ရဲလာနေသည်ကိုတော့ လျစ်လျူရှုနေကြသည်။
အချို့သော ဆက်ကျော်သက်လေးများဆိုရင်ဖြင့် ကျက်မှတ်ထားသောကျမ်းစာမှတပါး ရိုးရှင်းသည့်သမ္မာကျမ်းစာအမေးတခုကိုပင် သိနားလည်ခြင်း မရှိကြချေ။ အချို့ဆိုလျှင် ဘုရားစကားအား နာခံခြင်းပင် မဆိုထားနှင့်၊ မိဘ ဆရာသမားတို့၏ စကားကိုပင် မခံယူလိုကြပေ။
ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ဘုရားသခင်အား ကြောက်ရွံ့ခြင်းကင်းပြီး ပညာအတတ်ကို ရွံမုန်းလျက်နှင့် ဘုရားရှင်အား သိကျွမ်းသည်ဟု အပေါ်ယံအားဖြင့် အဟုတ်လုပ်၊ စတိုင်ထုတ်နေသည့် အသက်ရှင်မှုအားပြန်လည်ဆန်းစစ်သင့်နေပေပြီ။ သုတ္တံကျမ်းလာ ပညာစကားများအား နေ့စဉ်သမ္မာကျမ်းစာဖတ်ခြင်းပြီးမြောက်ဖို့ရာအတွက် ကွက်လပ်ဖြည့်ခြင်းမျိုး မဖြစ်စေကြဘဲ အသက်တာမှာ လွတ်ဟာနေသော ဘုရား၏စကားကိုနာခံလျက် ကိုယ်တော်ရှင်မြတ်အား သိကျွမ်းခြင်းငှါ တိုးပွားစေသော ဆင်ခြင်နှလုံးသွင်းမှုမျိုး ဖြစ်စေဖို့ရာပြင်ဆင်နိုင်ကြမည်အကြောင်း တိုက်တွန်းခွန်အားပေးပါရစေ။
“ငါဆုံးမသောစကားကိုနားထောင်၍ ပြောင်းလဲကြလော့”
မေတ္တာဖြင့်
⚠️ ယခုဆောင်းပါးသည် မူရင်းစာရေးသူဖြစ်သော ဆရာ Broshay နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူများ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။

