စကားချီး
ThyLogos ရဲ့ Science ကဏ္ဍမှာ စာရေးသူ Christian Aung က ဇီဝဆင့်ကဲပြောင်းလဲခြင်း (Biological Evolution) နဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ အချက်အလက်တွေကိုသာမက၊ အဆိုပါဖြစ်စဉ်ကို လက်ခံလိုက်တဲ့အခါ ပေါ်ထွက်လာတဲ့ ဓမ္မအကြပ်အတည်း (Theological Dilemmas) တွေကိုပါ အကျယ်တဝင့် ဖြေရှင်းဆွေးနွေးပေးခဲ့ပြီး ဖြစ်ပါတယ်။ အထူးသဖြင့် သိပ္ပံပညာက သတ်မှတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ လူသား (Homo Sapiens) နဲ့ သမ္မာကျမ်းစာက သတ်မှတ်တဲ့ အသက်ရှင်သော လူ (Living Being) တို့ရဲ့ ကွာခြားချက်၊ အာဒံရဲ့ ကျရှုံးမှုနဲ့ ခရစ်တော်ရဲ့ ပြန်လည်ရွေးနှုတ်ကယ်တင်ခြင်း (Federal Headship) စတဲ့ နက်နဲတဲ့ ပဟေဠိတွေကိုပါ ရှင်းလင်းပေးခဲ့ပြီးပါပြီ။
ဒီနေ့မှာတော့ ThyLogos ရဲ့ စာရေးသူ John Wick က အဆိုပါ အခြေခံအုတ်မြစ်ပေါ်ကနေ ဆက်လက်ပြီး နောက်ထပ် စိတ်ဝင်စားဖွယ် ဒဿနရှုထောင့်တစ်ခုနဲ့ ချဲ့ထွင်တင်ပြပေးသွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် သက်ရှိတွေရဲ့ သမိုင်းကြောင်းကို “Earth Clock Timeline” ဆိုတဲ့ Cosmic Calendar နဲ့ နှိုင်းယှဉ်ပြပြီး၊ သက်ရှိတွေဟာ အသက်ရှင်ကျန်ရစ်ဖို့ (Survival of the fittest) ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဖြတ်သန်းလာခဲ့ပေမယ့် လူသားမျိုးနွယ်ဆီ ရောက်တဲ့အခါမှာတော့ ဘာကြောင့် “ကိုယ်ကျင့်တရား (Morality)” နဲ့ “အနစ်နာခံခြင်း (Sacrifice)” ဆိုတဲ့ သဘာဝတရားနဲ့ ဆန့်ကျင်တဲ့ ရွေးချယ်မှုတွေ ပေါ်ထွက်လာသလဲ ဆိုတဲ့ အချက်ကို အဓိက မီးမောင်းထိုးပြသွားမှာပါ။
Evolution ဆိုတဲ့ ဆင့်ကဲဖြစ်စဉ် ယန္တရားကြီးရဲ့ ရှင်သန်ရေးသက်သက်အတွက် ယှဉ်ပြိုင်မှု (Struggle for existence) နဲ့ ဖန်ဆင်းရှင် ဘုရားသခင်ပေးတဲ့ ဇီဝအသက် သို့မဟုတ် ဘဝရဲ့ ရည်ရွယ်ချက် (Purpose) တို့အကြားက ကွဲလွဲချက်ကို အတွေးသစ် အမြင်သစ်တွေနဲ့ ရှုမြင်နိုင်ဖို့ စာရေးသူ John Wick ရဲ့ ဆောင်းပါးကို ဆက်လက် လေ့လာဖတ်ရှုကြပါစို့။
ကမ္ဘာ့သမိုင်း ၂၄ နာရီထဲက နောက်ဆုံး ၄ စက္ကန့် နှင့် လူသား၏ ကံကြမ္မာ
သမ္မာကျမ်းစာမှာ ဖော်ပြတဲ့ “ဖန်ဆင်းခြင်း” (Creation) နဲ့ သိပ္ပံပညာရဲ့ “ဆင့်ကဲပြောင်းလဲခြင်း” (Evolution) အကြား အဓိက ဆွေးနွေးငြင်းခုံကြတဲ့ “လူ” နဲ့ “မျောက်” ကြားက မျိုးရိုးဗီဇ အပိုင်းကို စဉ်းစားကြည့်တဲ့အခါ သိပ္ပံရှုထောင့်အရ Evolution ဖြစ်စဉ်ဟာ ဆက်သွားနေတဲ့ (တနည်းဆိုရရင်) ဆက်လက်ဖြစ်နေဆဲ process ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ သူ့မှာ သက်ရှိတမျိုးမျိုးအတွက် အဆုံးစွန်ရောက်ရှိရမယ့် ဆုံးမှတ် (ဒါမှမဟုတ်) ကြိုတင် သတ်မှတ်ထားတဲ့ ပန်းတိုင်ဆိုတာမျိုး မရှိပါဘူး ။ ဥပမာ “ဆင့်ကဲ ပြောင်းလဲခြင်းဟာ ဆဲလ်တစ်လုံးထဲ ရှိတဲ့ သက်ရှိကနေ နှစ်သန်းပေါင်းများစွာ ကြာတဲ့အချိန်တွေ ဖြတ်သန်း ပြီး ယနေ့ခေတ် အသိဉာဏ်နဲ့ပြည့်စုံတဲ့ သက်ရှိလူသား အဆင့်ဖြစ်လာတဲ့အခါ သူ့ရဲ့ လုပ်ငန်းစဉ် ပြီးဆုံးသွားပြီဆိုတဲ့ သတ်မှတ်ချက်မျိုး ရှိမနေပြန်ပါဘူး။
ကမ္ဘာပေါ်မှာ သက်ရှိစတင်ခဲ့တဲ့အချိန်က လွန်ခဲ့တဲ့ နှစ်သန်းပေါင်း သုံးထောင့်ငါးရာနဲ့ လေးထောင်ကြား (3.5 to 4 billion years) လောက်ကဖြစ်ခဲ့ပြီး ယနေ့ခေတ် လူသားမျိုးနွယ်စတင်ဖြစ်တည်ခဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသိန်း (300,000 year) လောက်ပဲရှိပါသေးတယ်။
ဒါကြောင့်မို့လို့ ယနေ့ခေတ် “လူသား” ရယ်လို့ စတင်ဖြစ်ပေါ်လာတဲ့ သက်တမ်းက ကမ္ဘာပေါ်မှာ ပထမဆုံး သက်ရှိ စတင်ခဲ့တဲ့ အချိန်ကနေ လက်ရှိအချိန်အထိ ဆင့်ကဲပြောင်းလဲလာခဲ့တဲ့ သက်တမ်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် ကြာမြင့်ချိန်ဟာ 0.01% အောက်မှာပဲ ရှိသေးတယ်လို့ ဆိုရမှာပါ။
သက်ရှိတွေရဲ့ သမိုင်းကြောင်းတစ်ခုလုံးကို အချိန်ကာလအပိုင်းအခြားအားဖြင့် နားလည်လွယ်အောင်၊ မြင်သာအောင် ၂၄ နာရီ အတွင်းဖြစ်ပျက်ခဲ့ပုံဆိုတဲ့ အမေရိကန် နက္ခတ္တဗေဒပညာရှင် Carl Sagan ရဲ့ နာမည်ကြော် Cosmic Calendar နဲ့ နှိုင်းယှဉ်ပြရမယ်ဆိုရင်
- ပထမဆုံးသက်ရှိဟာ ညသန်းခေါင်ယံ (၁၂ နာရီ) မှာ စတင်ဖြစ်ပေါ်ခဲ့ပြီး၊
- နောက်တစ်ရက်ကူးသွားပြီး ည ၁၀ နာရီ ခွဲ မှာ ဒိုင်နိုဆောတွေ ပေါ်လာမယ်။
- ပြီးတော့ သူတို့က ည ၁၁ နာရီနဲ့ မိနစ် ၄၀ လောက်မှာ မျိုးသုဉ်းသွားမယ်။
- လက်ရှိခေတ်လူသားတွေကတော့ ည ၁၁ နာရီ ၅၉ မိနစ် ၅၆ စက္ကန့် လောက်မှာမှ ပေါ်လာတာဖြစ်ပါတယ်။
ပြောရရင်တော့ လက်ရှိခေတ်လူသားတွေ သက်ရှိတွေရဲ့ Timelineထဲ ရောက်ရှိလာတာဟာ စက္ကန့်ပိုင်းပဲရှိသေးတယ် လို့ ပြောလို့ရပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် Evolution ဆိုတဲ့ ရထားကြီးအတွက် ယနေ့ခေတ် လူသားမျိုးနွယ်ဆိုတဲ့ ဘူတာဟာ သူ့အတွက် နောက်ဆုံး ဘူတာ မဟုတ်ပါဘူး၊ သူဟာ ဆက်သွားနေဦးမှာပါ။ လူသားတွေရဲ့ဘူတာဟာလည်း “ဆင့်ကဲပြောင်းလဲခြင်း” ရထားကြီးဆက်ထွက်သွားတာကို တစ်ချိန်မှာ လက်ပြနှုတ်ဆက်ရဦးမှာပါ။ ကျွန်တော်တို့က ယနေ့ခေတ် လူသားတွေ ဖြစ်လို့ မျောက်တွေနဲ့ ကျွန်တော်တို့ နဲ့ ယှဉ်ပြီး ပြောနေကြတာဖြစ်နိုင်သလိုနောက်လာမယ့် နှစ်သန်းပေါင်း ၁၀၀၀ လောက်မှာ ဘယ်လို လူသားမျိုး (သို့မဟုတ်) အသိဉာဏ်ရှိတဲ့ သက်ရှိဟာ “ဆင့်ကဲပြောင်းလဲခြင်း” ထဲမှာ ဆက်လက် ပါရှိ အသက်ရှင်နေပြီး သူတို့အတွက် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀၀ တုန်းက အသက်ရှင်နေထိုင်ခဲ့တဲ့ ယနေ့ခေတ် လူသား ကျွန်တော်တို့ကို မျောက်တွေ အဖြစ် (သူတို့အတွက် ကျွန်တော်တို့က မျောက်အဆင့် ဖြစ်ကောင်းဖြစ်နိုင်) ပြန်ပြောင်း ပြောဆိုကောင်း ပြောဆိုနေမှာ ဖြစ်ပါတယ်။
ဆိုလိုချင်တာက Evolution ဟာ လူသားရဲ့ အရေးပါမှုအကြောင်းကို လုံးဝ ပြောထားခြင်း မဟုတ်သလို လူသားမျိုးနွယ် အတွက် ရည်ရွယ်ချက်တစ်ခုခုဖြစ်စေ၊ ပန်းတိုင်တစ်ခုခုဖြစ်စေ ရှိတယ်ဆိုတဲ့ အရိတ်အမြွက်လေးတစ်ခုတောင် မတွေ့ ရပါဘူး။ Evolution process ကို လေ့လာနေတဲ့သူတွေကသာ “လူသား” တွေ ဖြစ်နေလို့ လူသားက အရေးပါနေ သယောင် ဖြစ်နေတာဖြစ်ပါတယ်။ တကယ်က Evolution ဖြစ်စဉ်တစ်ခုလုံးဟာ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်လာတယ် ဆိုတဲ့ Cause & Consequences Mechanism (အကျိုးအကြောင်း ဖြစ်တည်မှု ယန္တရား) ဆိုတဲ့ သဘာဝတရားရဲ့ Logic အတိုင်းသာ ရှိနေခဲ့ပြီး ဆက်ပြီးတော့လည်း ရှိနေဦးမှာ ဖြစ်ပါတယ်။
Survival (ရှင်သန်ရေး) လား၊ Purpose (ရည်ရွယ်ချက်) လား?
“သဘာဝရဲ့ရွေးချယ်မှု” Natural Selection ဆိုတာဟာလည်း အသက်ရှင်ကျန်ရစ်နိုင်စွမ်းအရှိဆုံး မျိုးစိတ်ကိုသာ ရွေးချယ်ပြီး ဆက်လက်ရှင်သန်သွားစေတဲ့ စနစ်တစ်ခုဖြစ်တာမို့လို့ “ရှင်သန်နိုင်ခြင်း” သည်သာ ထိုစနစ်ရဲ့ အနှစ်သာရ အကျိုးရလဒ်တစ်ခုဖြစ်ပြီး မည်သူမည်ဝါရှင်သန်ရမယ် ဆိုတဲ့ မျက်နှာသာပေး ကြိုတင်သတ်မှတ်ထားခြင်းမျိုး Natural Selection ထဲမှာ လုံးဝ ရှိမနေပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် သိပ္ပံပညာက တဆင့်သိရတဲ့ ဆင့်ကဲပြောင်းလဲခြင်းဟာ အသက်ရှင် ကျန်ရစ်နိုင်စွမ်းအရှိဆုံး သက်ရှိ မျိုးစိတ်တစ်ခု အသက်ရှင်နေရေး အတွက်ရှိနေခြင်းဆိုတဲ့ စံနှုန်း တစ်ခုတည်း သာရှိပြီး အဲထက် မပိုပါဘူး။
Evolution process ထဲက အဓိကကျတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ် တဲ့ “သဘာဝရဲ့ ရွေးချယ်မှု” Natural Selection ဆိုတဲ့ စနစ်ဟာ သက်ရှိမျိုးစိတ်တစ်ခု ကမ္ဘာပေါ်မှာ ဆက်လက်အသက်ရှင်နိုင်ဖို့အတွက် အဲဒီမျိုးစိတ်က သဘာဝနဲ့ လိုက်လျောညီထွေ ပြောင်းလဲဖို့လိုအပ်တာ (ဥပမာ၊ အရောင်ပြောင်းတာ၊ အစားအသောက် ပြောင်းစားနိုင်တာ၊ ရွှေ့ပြောင်းလှည့်လည်သွားလာတာ စသည်) အပြင်၊ မိမိအသက်ရှင်ဖို့အတွက် အခြားမျိုးစိတ်တစ်ခုခုကိုပါ ဖျက်ဆီးရမယ်၊ သတ်ဖြတ်ပစ်ရမယ် ဆိုတဲ့ အခြေအနေ မျိုးဆိုရင်လည်း လွတ်လွတ်လပ်လပ်ပဲ လုပ်ဆောင်နိုင်ဖို့ အခွင့်ပေးထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။
ဒီသဘောတရားဟာ Evolution ဖြစ်စဉ်ထဲက သက်ရှိမျိုးစိတ် အားလုံးအပေါ်မှာ တပြေးညီ သက်ရောက်နေတာဖြစ်လို့ Homo Sapiens မျိုးစိတ်တွေဖြစ်တဲ့ လူသားတွေဟာလည်း ထိုကဲ့သို့ မိမိမျိုးစိတ် ဆက်လက်ရှင်သန်နိုင်ဖို့ (Struggle for existence) အတွက် ဘာမဆို လုပ်ဆောင်နိုင်နေတဲ့သဘောဖြစ်ပါတယ်။ မျိုးစိတ် တစ်ခုက မိမိရဲ့ Survival Chance အတွက် အခြားမျိုးစိတ်တစ်ခုကို သတ်ဖြတ်ပစ်လိုက်ခြင်း၊ စားသုံးပစ်လိုက်ခြင်း၊ အဝေးကို မောင်းထုတ် ပစ်လိုက်ခြင်း၊ (ဥပမာ၊ ကျားက သမင်ကိုစားတယ်၊ မြွေက ဖားကိုစားတယ်၊ လူက ငါးမျှားပြီး ချက်စားတယ်၊ ထန်ကုန် လူလူချင်း ဇာတ်တူသား ပြန်စားတယ်ဆိုရင်တောင်)၊ ဒါ ဟာ မှန်တယ် မှားတယ် ဆိုတဲ့ ကိုယ်ကျင့်တရားဆိုင်ရာ နောက်ထပ်စံနှုန်း တစ်ခု ရှိမနေပါဘူး၊ ထို လုပ်ဆောင်မှုတွေအတွက်ကိုလည်း Evolution ဖြစ်စဉ်ကြီးက အလိုအလျောက် တားမြစ်ထားတာမျိုး လုံးဝ မရှိပါဘူး။
Evolution ဖြစ်စဉ်ဟာ သက်ရှိမျိုးစိတ်တစ်ခု “ဘယ်လို” အသက်ရှင်နိုင်မလဲ ဆိုတဲ့မေးခွန်းကိုသာ ဖြေကြားပေးတာ ဖြစ်ပြီး သက်ရှိမျိုးစိတ်တစ်ခု “ဘာ့ကြောင့်” အသက်ရှင်သင့်သလဲဆိုတဲ့ မေးခွန်းအတွက် သူ့မှာ အဖြေမရှိပါဘူး။
Evolution only gives the answer to the question “how life can continue to survive or live”, but it doesn’t answer the question “why should a life continue to live”.
သိပ္ပံရဲ့ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ထဲမှာ ဖော်ပြထားတဲ့ လူသား Homo Sapiens ရဲ့ သမိုင်းကြောင်းဟာ သက်ရှိ စတင်တဲ့ အချိန်ကနေစလို့ အဲ့ဒီလူသားက ယနေ့ခေတ်လူသား အဆင့်အထိ “ဘယ်လို” ဆင့်ကဲပြောင်းလဲပြီး အသက်ရှင်လာခဲ့သလဲဆိုတဲ့ အကြောင်းသာဖြစ်ပြီး သမ္မာကျမ်းစာတော်မြတ်ထဲက လူသားအာဒံရဲ့ အကြောင်းကတော့ လူသားမျိုးနွယ်တစ်ခု ဘာကြောင့် (ရည်ရွယ်ချက်နဲ့) အသက်ရှင်ဖြစ်တည်လာရသလဲဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။
မှတ်ချက်။ သမ္မာကျမ်းစာရဲ့ လူကို ဖန်ဆင်းခြင်းအကြောင်းရေးသားထားတဲ့အရာဟာ ဘာ့ကြောင့်ဖန်ဆင်းသလဲ ဆိုတဲ့ အပိုင်းကိုသာ သိစေလိုတဲ့သဘောနဲ့ ရေးထားတာဖြစ်ပြီး သိပ္ပံနည်းကျ ဘယ်လိုဖန်ဆင်းထားသလဲ ဆိုတာကို ဖော်ပြထားတာ မဟုတ်ပါဘူး။ သိပ္ပံတွေ့ရှိချက် Evolution အရ လူသားဟာ အဆင့်ဆင့် ပြောင်းလဲပြီး နောက်ဆုံး ယနေ့ခေတ် လူသားအနေနဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတစ်ခုထဲ ဝင်လာတဲ့အခါကျမှ လူသားတွေကပဲ ပြန်ပြီးသတ်မှတ်လိုက်တဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ခရစ်ယာန်တွေအနေနဲ့ သမ္မာကျမ်းစာတော်မြတ်က လူကို မြေမှုန့်ကနေဖန်ဆင်းပြီး ဇီဝအသက် မှုတ်သွင်းတယ် ဆိုတဲ့ ဖော်ပြချက်အပိုင်းလေးကိုပဲ ကြည့်ပြီး “အဲလို ဖန်ဆင်းလိုက်တာပဲလေ” လို့ တစ်ဖက်ပိတ် ခံယူလိုက်လို့ လုံးဝ မရပါဘူး။
ရည်ရွယ်ချက်မဲ့ ရှင်သန်ခြင်းနှင့် ဖန်ဆင်းခံ လူသား၏ တန်ဖိုး
Evolution Mechanism ကို ပြန်ဆက်ရရင် အသက်ရှင်နိုင်ရေး ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အားလုံးဟာ သဘာဝအတိုင်း Permissible ဖြစ်နေတာ ဖြစ်ပါတယ်။ ထို့ထက်မက “ကမ္ဘာမီးလောင်၊ သားကောင်ချနင်း” ဆိုသလို အပေါ်မှာပြောခဲ့တဲ့အတိုင်း မိမိရဲ့ အသက်ရှင်ရေး အတွက် တူညီတဲ့ မျိုးစိတ်အချင်းချင်းကိုတောင်မှ မိမိအသက်နဲ့ ယှဉ်လာရင် သတ်ဖြတ် စားသောက်တာမျိုးတွေ ရှိပါတယ်။ ဒါဟာ လူ့သမိုင်းမှာလည်း တကယ်ရှိခဲ့ပါတယ်။ ၇၅၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်တွင်းစစ်တွင်းက Suiyang မြို့တိုက်ပွဲမှာ ထန်မင်းဆက် စစ်သူကြီး ကျန်းရွှန်းဟာ မြို့ကို ကာကွယ်ဖို့ စားနပ်ရိက္ခာပြတ်လတ်သွားတဲ့အတွက် သူ့ရဲ့ ကိုယ်လုပ်တော်ကို အရင်ဆုံးသတ်ပြီး စစ်သားတွေကို ကျွေးခဲ့ပါတယ်။ နောက်သမိုင်းတခုကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားနိုင်ငံ၊ လီနင်ဂရက်မြို့ (ယနေ့ စိန့်ပီတာစဘတ် မြို့) မှာပါ။ ၁၉၄၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ဟစ်တလာရဲ့ ဂျာမန်တပ်တွေက မြို့တခုလုံးကို ဝိုင်းရံခဲ့ပြီးတဲ့နောက် မြို့ကို ဗုံးကြဲပြီး အငတ်ထားသတ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ စက်တင်ဘာလ ၈ ရက်နေ့မှာ ဂျာမန်လေတပ်က မြို့ရဲ့ ပင်မရိက္ခာသိုလှောင်ထားတဲ့ ဘာဒါယက်ဗ် (Badayev) ဂိုဒေါင်ကြီးတွေကို ဗုံးကြဲဖျက်ဆီးပစ်လိုက်ကြပါတယ်။ နောက်ပိုင်း ရုရှားပြည်သူတွေတွေဟာ အငတ်ဘေးဆိုက်တဲ့အခါ လူတွေဟာ ခွေး၊ ကြောင်၊ သားရေတွေကို ပြုတ်စားရာကနေ နောက်ဆုံး လူသားချင်း ဇာတ်တူသားပြန်စား (Cannibalism) တဲ့အထိ လူ့သမိုင်းမှာ တကယ်ဖြစ်ပျက်ခဲ့ဖူးပါတယ်။ ဒါကြောင့် သက်ရှိတွေက လူသားအပါအဝင်ပေါ့လေ၊ မိမိရဲ့ မိသားစု၊ မိမိ မျိုးစိတ် ဆက်လက်ရှင်သန်နိုင်ဖို့ (Struggle for existence) အတွက် ဘာမဆို လုပ်ဆောင်နိုင်တဲ့သဘောပါပဲ။ ဒါကို မှန်ပါတယ်၊ မှားတယ်ဆိုပြီး evolution process နဲ့ သွားပြောလို့ မရပါဘူး။ ဒါကြောင့် Evolution process ဟာ ရည်ရွယ်ချက်တစ်ခုတည်းရှိပြီး ရိုးရှင်းပါတယ်၊ ပြီးတော့ ရက်စက်ပါတယ်၊ ရဲရင့်ဖို့လည်း လိုပါတယ်၊ အဲလိုမှသာ အသက်ရှင်တဲ့ မျိုးစိတ်အဖြစ်ကျန်ရစ်နိုင်မှာဖြစ်ပါတယ်။
ဒါဆိုရင် Evolution process ကို သိပ္ပံနည်းကျ လက်ခံထားတဲ့ ယနေ့ခေတ် လူသားတွေအတွက် စဉ်းစားစရာတစ်ခုက လက်ရှိလူသား မျိုးနွယ်က မိမိတို့မျိုးနွယ်တစ်ခုလုံးသော်၎င်း လူမျိုးတစ်ခုခုသော်၎င်း ဆင့်ကဲ ပြောင်းလဲခြင်းဖြစ်စဉ် ထဲမှာ ဆက်လက် အသက်ရှင်ကျန်နိုင်ဖို့ အခြားသော မျိုးစိတ်တခုခု (သို့) လူသားမျိုးနွယ် အချင်းချင်း သတ်ဖြတ် စားသောက်မယ်ဆိုရင် အဲလို လုပ်ဆောင်ခြင်းဟာ Evolution Process ရဲ့ Mechanism အတိုင်းသွားနေတာဖြစ်ပေမယ့် “အဲလို လုပ်ဆောင်ခြင်းသည် လုပ်သင့်တဲ့အရာတစ်ခု ဖြစ်သလား?” ဒါမှမဟုတ် “အဲလိုလုပ်ခြင်းကို တားမြစ်သင့်လား?” ဆိုတဲ့ မေးခွန်းက တခြားမျိုးစိတ်တွေမှာ မထွက်လာဘဲ လူသားမျိုးစိတ်မှာမှ ပေါ်ထွက်လာခြင်းဟာ ထူးခြားနေတယ် မဟုတ်ပါလား။
သက်ရှိတွေ အသက်ရှင်ကျန်ရစ်ဖို့ တစ်ခုတည်းကိုသာ ဦးစားပေးတဲ့ ရည်ရွယ်ချက်နဲ့ Evolution ယန္တရားကြီးထဲ နှစ်သန်းပေါင်း ထောင်ချီ မျိုးစိတ်ပေါင်းသန်းချီ ဖြတ်သန်း စီးဆင်းလာခဲ့တဲ့ ဆင့်ကဲပြောင်းလဲခြင်း မြစ်ရေက လူသားမျိုးနွယ်ဆီ ရောက်တော့မှ “ငါ / ငါ့မျိုးစိတ် အသက်ရှင်ဖို့ တခြားမျိုးစိတ် ပျက်သုဉ်းသင့်ရဲ့လား၊ ငါအသက်ရှင်ဖို့ တခြားလူကို ဖျက်ဆီးသင့်ရဲ့လား” ဆိုတဲ့ မြစ်ရေစီးနဲ့ ဆန့်ကျင်တဲ့ ရွေးချယ်မှုကို မေးခွန်းထုတ်လာတာဟာ ဘာကြောင့်ပါလဲ။
ကျားက သမင်ကိုစားတာ၊ မြွေကဖားကို မြိုတာ၊ လင်းယုန်ငှက်က မြွေကို သတ်စားတာတွေဟာ Evolution ရဲ့ အခြေခံ Survival Needs ကို ထင်ဟပ်နေတာဖြစ်ပြီး ဒီလိုလုပ်ဆောင်ခြင်းတွေကို အသိဉာဏ်ပိုမြင့်တဲ့ လူသားတွေက ဒါဟာ သဘာဝရဲ့ အစာကွင်းဆက်ဖြစ်တယ်၊ ဒုစရိုက်လွန်ကျူးနေတာမဟုတ်ဘူး ဆိုတဲ့ အလွယ်ပဲ မှတ်ချက်ပေးကြပေမယ့်၊ လူသားမျိုးနွယ်အချင်းချင်း အလားတူ လုပ်ဆောင်နေကြတဲ့အရာတွေကိုတော့ ဒုစရိုက်မှုအနေနဲ့ သတ်မှတ်ပြီး အပြစ် ဒဏ်ပေးကြတယ်။ တားမြစ်ကြတယ်၊ လုပ်ဆောင်သူတွေကို လူဆိုးလို့ သတ်မှတ်ကြတယ်။ အမှန်ဆို Evolution Process အရ လူသားမျိုးနွယ်ဟာလည်း သက်ရှိမျိုးစိတ်တစ်ခုသာဖြစ်တဲ့ အတွက် တိရိစ္ဆာန်တွေလိုပဲ ဆင့်ကဲပြောင်းလဲ ခြင်းဖြစ်စဉ်ကြီးရဲ့ ရည်ရွယ်ချက်နဲ့ ဟန်ချက်ညီနေတာပဲ မဟုတ်ဘူးလားလို့ မေးစရာရှိပါတယ်။
Evolution Process ကို လေ့လာတဲ့အခါ လုပ်သင့်လား၊ မလုပ်သင့်လား ဆိုတဲ့ idea တစ်ခုမှ မပါပါဘူး၊ ရှာလို့လည်း မတွေ့ပါဘူး၊ ရှိလည်း ရှိမနေပါဘူး၊ သူ့မှာ တစ်ခုပဲရှိပါတယ်၊ အဲဒါကတော့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၅၀၀ လောက်ကနေ ယနေ့အထိ ကြားကာလမှာ အသက်ရှင်လာခဲ့မျိုးစိတ်တွေဟာ အသက်ရှင်နိုင်ဖို့ တစ်ခုအတွက်ကိုပဲ သူတို့ လုပ်နိုင်တဲ့အရာ ဘယ်အရာကိုမဆို လုပ်ခဲ့ကြတာချည်းပါပဲ။ အဲ့အရာသည်ပင်လျှင် သူတို့ရဲ့ တစ်ခုတည်းသော လုပ်နေရတဲ့အရာ ဖြစ်နေလို့ပါပဲ။ လုပ်နေရတယ် လို့ ဘာလို့ပြောရလဲဆိုရင် အဲလိုမှမလုပ်ရင် မျိုးသုဥ်းပျောက်ကွယ် သွားမှာမို့လို့ပါ။ ဆိုတော့ အဲဒီစနစ်ထဲမှာ အနစ်နာခံခြင်း၊ စွန့်လွှတ်ခြင်း၊ ချစ်ခြင်း၊ လိုက်နာခြင်း၊ စည်းစောင့်ခြင်း စတာတွေ တစ်ခုမှ မရှိပါဘူး။ “အပြစ်” တို့ ၊ “ဒုစရိုက်”တို့ ဆိုတာလည်း မရှိပါဘူး။ အပြစ်မကင်းတဲ့ စိတ်တို့၊ အပြစ်ဒဏ် ခံရမှာ ကြောက်တဲ့စိတ်တို့လည်း မရှိပါဘူး။
Evolution ယန္တရား နှင့် သမ္မာကျမ်းစာလာ အာဒံ
ဒီလောက်အထိရောက်လာပြီဆိုရင်တော့ Evolution ထဲက လူသား Homo Sapiens နဲ့ သမ္မာကျမ်းစာ ထဲက လူသား Adam နဲ့ ကြားက ကွာခြားချက် ကွဲလွဲချက်တွေကို ဆက်ပြီးဆွေးနွေးကြည့်ရအောင်။
အထက်မှာပြောခဲ့သလိုပဲ Evolution အရ လူသားဟာ မိမိရဲ့အသက်ရှင်ရေးအတွက် ဘာမဆိုလုပ်ဆောင်နေခဲ့မှာဖြစ်ပြီး မိမိအသက်ရှင်သန်ရေး ရည်ရွယ်ချက်ကလွဲလို့ တခြားဘာကိုမှ လုပ်သင့် မလုပ်သင့် ချင့်ချိန်နေမှာ မဟုတ်ပါဘူး။
ဒါပေမယ့် လူ “အာဒံ” ကိုတော့ သမ္မာကျမ်းစာမှာ ဘုရားသခင်သည် မြေမှုန့်ကနေ ဖန်ဆင်းပြီး ဇီဝအသက်ကိုမှုတ်သွင်း တော်မူတဲ့အခါ လူဟာ “အသက်ရှင်သော သတ္တဝါဖြစ်တယ်” လို့ ဆိုပါတယ်။ ဒီနေရာမှာ ကွာခြားချက်တစ်ခုကို တွေ့ရပါ တယ်။ Evolution ထဲက သက်ရှိတွေဟာ ဆဲလ်တစ်ခုထဲရှိစဉ်ကတည်းက သက်ရှိလို့ သိပ္ပံက သတ်မှတ်ထားပြီးသားပါ။ Homo Sapiens အဆင့်ရောက်လာမှ သက်ရှိဖြစ်လာတာ မဟုတ်ပါဘူး၊ ကျမ်းစာမှာကတော့ လူသားကို မြေမှုန့်နဲ့ ဦးစွာ ဖန်ဆင်းပြီး၊ ဇီဝအသက်ကိုမှုတ်သွင်းပြီးတဲ့အခါ မှသာ လူသည် အသက်ရှင်သော သတ္တဝါဖြစ်တယ်လို့ ဆိုထားတာ တွေ့ရပါတယ်။
ဖန်ဆင်းခြင်းရဲ့ အစောပိုင်း ကာလ (ရက်) တွေမှာ ပထမရက်ကနေ စတုတ္ထရက်နေ့အထိ သက်မဲ့အရာတွေကိုသာ ဖန်ဆင်းခဲ့တာတွေ့ရပါတယ်။ (ကမ္ဘာဦး ၁ : ၃ – ၁၉) ။ စတုတ္ထရက်နေ့အထိ သက်ရှိတစ်ကောင်မှ မရှိသေးတာကို တွေ့ရပါတယ်။ ပဉ္စမနေ့ရောက်တဲ့အခါမှ တိရစ္ဆာန်တွေကို ဖန်ဆင်းတယ်လို့ ဖော်ပြပါတယ်။ ပဉ္စမနေ့မှာ ဖန်ဆင်းတဲ့ သတ္တဝါတွေကို အသက်ရှင်တယ်လို့ ကျမ်းစာက သီးသန့်ပြောမထားပေမယ့် “အသက်ရှိ သတ္တဝါတွေပဲဖြစ်တယ်” ဆိုတာ အလိုလိုနားလည်ရပါတယ်။ ဒါပေမယ့် ဆ ဋ္ဌ မ နေ့မှာတော့ ဘုရားသခင်ဖန်ဆင်းတဲ့ လူသားဆိုတဲ့ သတ္တဝါတစ်မျိုးဟာ ထူးခြားပါတယ်။ ဘာလို့လဲဆိုရင် ဘုရားက သူ့ကို တခြားသတ္တဝါတွေနဲ့ မတူတဲ့ပုံစံအဆင့် ၂ ဆင့်နဲ့ ဖန်ဆင်းခဲ့တာ ဖြစ်ပါတယ်။ ဖန်ဆင်းခြင်းရဲ့ အစောပိုင်းရက်တွေမှာ သတ္တဝါတွေကို ဆိုင်ရာကျင်လည်ရာ ရေနဲ့ မြေကြီးကနေ တစ်ဆင့်တည်း မွေးဖွားစေခဲ့တာဖြစ်ပေမယ့် လူသားကို ဖန်ဆင်းတဲ့အခါ မှာတော့ အရင်ဦးစွာ ကိုယ်ခန္ဓာကို မြေကြီးနဲ့ ပုံသွင်းတယ်ဆိုတာကို ဖော်ပြထားပါတယ်။ အဲဒီ Idea ကို reflect ဖြစ်တဲ့ ကျမ်းစကားလည်း ရှိပါတယ်။
ဘယ်လိုပဲ ကျမ်းစကားကို ပုံဆောင်ချက်အနေနဲ့ ပဲ ယူပါစေ၊ တစ်ဆင့်တည်း နဲ့ အပြီး ဖန်ဆင်းတာမျိုး မဟုတ်ဘူး ဆိုတာတွေ့ရပါတယ်။ ပထမအဆင့်အနေနဲ့ ပုံသွင်းတယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။ ဒုတိယအဆင့်အနေနဲ့ အသက် ကို ပေးတာဖြစ်ပါတယ်။
ကျမ်းညွှန်း ‘ ထို နောက်၊ ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် မြေ မှုန့် ဖြင့် လူ ကို ဖန် ဆင်း ၍၊ သူ၏ နှာ ခေါင်း ထဲ သို့ ဇီ ဝ အ သက် ကို မှုတ် တော် မူ လျှင်၊ လူ သည် အ သက် ရှင် သော သ တ္တ ဝါ ဖြစ် လေ ၏။ ‘
ဒီနေရာမှာ သိပ္ပံရဲ့ ဆင့်ကဲဖြစ်စဉ်ထဲက လူသားအနေနဲ့ ကြည့်မယ်ဆိုရင် လူသားဖြစ်လာဖို့လိုအပ်တဲ့ အရာအားလုံးဟာ ကမ္ဘာမြေပေါ်ကနေပဲ လာပါတယ်။ Homo Sapiens ဖြစ်လာဖို့ လိုအပ်တဲ့ Material အားလုံးဟာ သူ့အရင် ဘိုးဘေး မျိုးစိတ် တွေထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ အာဒံကတော့ အပိုင်း ၂ ပိုင်းနဲ့ ဖွဲ့စည်းထားတာကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ ပထမအပိုင်းကတော့ မြေမှုန့်ဖြစ်ပါတယ်။ အဲ့အပိုင်းက ကမ္ဘာမြေကြီးကနေ ရပါတယ်။ ကမ္ဘာမြေကြီး ကနေ ရတယ်လို့ဆိုတဲ့အခါ သိပ္ပံရှုထောင့်ရဲ့ ဆင့်ကဲဖြစ်စဉ်ထဲက သက်ရှိတွေကို ဖွဲ့စည်းထားတဲ့ Materials ဒြပ်စင်တွေပါပဲ။ ဒုတိယတစ်ပိုင်းကတော့ ကမ္ဘာမြေကြီးကလာတဲ့အပိုင်း မဟုတ်ပါဘူး။ အရာအားလုံးကိုဖန်ဆင်းဖြစ်ပေါ်စေတဲ့ ဖန်ဆင်းရှင် ထာဝရဘုရားကိုယ်တော်တိုင်ရဲ့ အထံတော်ကနေ လာတဲ့ “အသက်” ပဲဖြစ်ပါတယ်။
ကွဲလွဲချက်ကတော့ ဒါပါပဲ။ မိမိလုပ်ချင်တဲ့ ဆန္ဒကိုချိုးနှိမ်ပြီး မလုပ်ဘဲနေတာမျိုး ၊ မိမိ အသက်ဆုံးရှုံးမှာသိလျက်နဲ့ တစ်ခြားခုခုအတွက် စတေးခံ၊ အနစ်နာခံလုပ်ဆောင်ပေးခြင်းမျိုး၊ ရုပ်ပိုင်းဆိုင်ရာ ရှင်သန်ခြင်းကို ငြင်းပယ်ပြီး မမြင်ရတဲ့ ရည်ရွယ်ချက်တစ်ခု၊ တန်ဖိုးတစ်ခုအတွက် ရွေးချယ်မှုတစ်ခုကို လုပ်ဆောင်ရတာမျိုး၊ စတာတွေဟာ သမ္မာကျမ်းစာထဲ က လူသားအာဒံကို Evolution process ထဲက Homo Sapiens တွေနဲ့ ကွာခြားသွားစေပါတယ်။
သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ “လူသား” ကိုဖန်ဆင်းခြင်းဟာ ပန်းတိုင်ရှိပါတယ်။ ရည်ရွယ်ချက်လည်း ရှိပါတယ်။ သက်ရှိကို ဘာကောင်နဲ့ပဲ စခဲ့စခဲ့ “လူသား” ကိုသာ အရေးအကြီးဆုံး အနေနဲ့ Highlight လုပ်ထားတာကို တွေ့ရပါတယ်။ ပြီးတော့ သိပ္ပံအရ ဆင့်ကဲပြောင်းလဲခြင်းက “လူသားမျိုးနွယ်” Homo Sapiens ဟာ Evolution process ရဲ့ နောက်ဆုံး stage လုံးဝမဟုတ်ပေမယ့် သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ “လူသား” ကတော့ ဖန်ဆင်းရှင်ရဲ့ အပြီးသတ်ဖန်ဆင်းထားပြီး ဖြစ်တဲ့ ပြီးပြည့်စုံတဲ့သက်ရှိသတ္တဝါ ဖြစ်ပါတယ်။ သူ့အတွက် ရည်ရွယ်ချက် ရှိသလို လုပ်ဆောင်ချက်လည်း ရှိပါတယ်။ ခရီးလမ်းအဆုံးမှာလည်း ရောက်ရှိရမယ့် ပန်းတိုင်ရှိပါတယ်။ နောက်ဆုံးအနေနဲ့ ဖန်ဆင်းရှင်ရဲ့ ပုံသ ဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခြင်းခံထားရတဲ့ လွတ်လပ်တဲ့စိတ်သဘောပါတဲ့ ကိုယ်ကျင့်တရားရှိ သတ္တဝါ (Moral Being) ပဲဖြစ်ပါတယ်။
သိပ္ပံက မဖြေပေးသော လူသားတို့၏ “ဘာကြောင့်” ဆိုသည့် မေးခွန်း
အားလုံးကို ခြုံငုံပြီး ပြန်ကြည့်မယ်ဆိုရင်တော့ သိပ္ပံပညာရဲ့ ဆင့်ကဲပြောင်းလဲခြင်း (Evolution) ဖြစ်စဉ်ကြီးက ကျွန်တော်တို့လူသားတွေရဲ့ ရုပ်ခန္ဓာ (သမ္မာကျမ်းစာက ဆိုတဲ့ “မြေမှုန့်” အပိုင်း) ဒီကမ္ဘာပေါ်မှာ “ဘယ်လို” ရပ်တည်ရှင်သန်လာခဲ့သလဲ ဆိုတာကို ရှင်းပြပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အသက်ရှင်ကျန်ရစ်ရေး (Survival) သက်သက်ဆိုတဲ့ ယန္တရားကြီးက ကျွန်တော်တို့ “ဘာကြောင့်” အသက်ရှင်ရသလဲ ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ မပေးနိုင်ပါဘူး။
ကမ္ဘာ့သမိုင်း ၂၄ နာရီ Timeline ရဲ့ နောက်ဆုံး ၄ စက္ကန့်လေးကျမှ ပေါ်လာတဲ့ လူသားတွေကို တိရစ္ဆာန်တွေနဲ့ ကွဲပြားသွားစေတာ၊ ကိုယ်အသက်ရှင်ဖို့ထက် ပိုကြီးမြတ်တဲ့ အနစ်နာခံခြင်းတွေ၊ ကိုယ်ကျင့်တရား (Morality) တွေကို နားလည်သွားစေတာဟာ ဖန်ဆင်းရှင်ကိုယ်တော်တိုင် မှုတ်သွင်းလိုက်တဲ့ “ဇီဝအသက်” ကြောင့်ပါပဲ။ သိပ္ပံက ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဇာစ်မြစ်ကို “မြေမှုန့်” ပါလို့ ထောက်ခံပေးနေတဲ့အချိန်မှာ၊ သမ္မာကျမ်းစာကတော့ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ တန်ဖိုးဟာ ဘုရားသခင်ဆီကလာတဲ့ “ဇီဝအသက်” ကြောင့်ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း သက်သေခံနေပါတယ်။
ဒါကြောင့် လူသား အာဒံ (Adam) ဆိုတာ Evolution ရထားကြီးပေါ်ကနေ ရည်ရွယ်ချက်မရှိဘဲ ကျပန်းဆင်းသက်လာတဲ့ ခရီးသည်တစ်ယောက်၊ ဒါမှမဟုတ် ကိုယ်အသက်ရှင်ဖို့အတွက် သူများကို ဖျက်ဆီးမယ့် Homo Sapiens သက်သက် လုံးဝမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ဟာ ဖန်ဆင်းရှင်ရဲ့ ပုံသဏ္ဌာန်တော်အတိုင်း ဖန်ဆင်းခံထားရပြီး ချစ်ခြင်းမေတ္တာ၊ အနစ်နာခံခြင်းတွေနဲ့အတူ ရည်ရွယ်ချက်ရှိရှိ အသက်ရှင်ရမယ့် ကိုယ်ကျင့်တရားရှိတဲ့ သတ္တဝါ (Moral Being) တွေအဖြစ်သာ ဆက်လက် လျှောက်လှမ်းသွားကြရမှာပဲ ဖြစ်ပါတော့တယ်။
နိဂုံး
ဒါကြောင့်မို့လို့ တချို့က “Evolution သီအိုရီ မှန်လို့ ဘုရားသခင် (ဖန်ဆင်းရှင်) မရှိနိုင်တော့ဘူး” လို့ ကောက်ချက်ချနေကြတာဟာ တကယ်တော့ ယုတ္တိမတန်တဲ့ လွဲမှားမှုတစ်ခုသာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Evolution ဆိုတာ ရုပ်ပိုင်းဆိုင်ရာ “မြေမှုန့်” ကနေ လူသားအဖြစ် “ဘယ်လို” (How) ရှင်သန်ရပ်တည်လာသလဲဆိုတဲ့ သဘာဝတရားရဲ့ ယန္တရား (Mechanism) ကိုသာ ရှင်းပြနိုင်တာဖြစ်ပြီး၊ ဘုရားသခင်ပေးတော်မူတဲ့ “ဇီဝအသက်” ကြောင့် လူသားတစ်ယောက် “ဘာကြောင့်” (Why) အသက်ရှင်သင့်သလဲ ဆိုတဲ့ ဝိညာဉ်ပိုင်းဆိုင်ရာ၊ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ရည်ရွယ်ချက်ကို လုံးဝ မဖျက်ဆီးနိုင်၊ မငြင်းပယ်နိုင်လို့ပါပဲ။ ပြောရရင် သိပ္ပံပညာက ပန်းချီကားတစ်ချပ်မှာ ဘယ်လို ဆေးရောင်တွေ၊ စုတ်ချက်တွေ သုံးထားသလဲဆိုတာကို ရှင်းပြနိုင်ရုံနဲ့ ပန်းချီဆရာ မရှိဘူးလို့ ငြင်းလို့မရသလိုမျိုးပါပဲ။ သက်ရှိတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဆင့်ကဲဖြစ်စဉ်ကြီး ရှိနေခြင်းဟာ ဖန်ဆင်းရှင် ဘုရားသခင် မရှိဘူးဆိုတာကို သက်သေပြနေတာ လုံးဝမဟုတ်ဘဲ၊ သူဖန်ဆင်းထားတဲ့ နက်နဲလှတဲ့ သဘာဝတရားရဲ့ ယန္တရားကြီးကို ကျွန်တော်တို့ သိပ္ပံနည်းကျ မြင်တွေ့ခွင့်ရနေတာသာ ဖြစ်ပါတယ်။ ရှေ့အခန်းတွေမှာတုန်းက စာရေးသူ Christian Aung တင်ပြထားတဲ့ Dr. Joshua Swamidass ရဲ့ “မျိုးဆက်ဆင်းသက်မှုဆိုင်ရာ အာဒံနဲ့ဧဝ” (The Genealogical Adam and Eve Model) ဆိုတဲ့ ချဉ်းကပ်မှု ပုံစံမှာ စဉ်းစားစရာတခုက လွန်ခဲ့တဲ့ နှစ် ၆,၀၀၀ လောက်ကမှ အာဒံနဲ့ဧဝ ကို အသစ်ဖန်ဆင်းပြီး ဘုရားသခင်က ဝိညာဉ် (Soul) နဲ့ အသိဉာဏ် (cognitive capacity) ထည့်ပေးလိုက်တယ်ပေါ့။ ပြီးတော့ ဥယျာဉ်အပြင်ဘက်ကို နှင်ထုတ်ခံရပြီး အပြင်မှာရှိနှင့်နေပြီးသားဖြစ်တဲ့လူသားတွေ နဲ့ ယူကြတယ်ဆိုတဲ့အချက်မှာ .. အပြင်မှာရှိနှင့်နေပြီးသား လူသားတွေဆိုတာ သူပြောသလို ဘုရားက အသစ်ဖန်ဆင်းလိုက်တဲ့ အာဒံနဲ့ဧဝနဲ့ လုံးဝမဆိုင်ဘဲ (တနည်း) ဝိညာဥ် (Soul) နဲ့ အသိဉာဏ် (Cognitive capacity) မရှိသေးတဲ့ လူသားဆိုရင် ကာ ဣ န မ ယားက ဝိညာဉ်လည်းမရှိ အသိဉာဏ်လည်းမရှိတဲ့ အတွက်ကြောင့် မျောက်သာသာ သတ္တဝါတွေထဲက တစ်ကောင်ကောင် လိုမျိုးပဲဖြစ်နေမှာ မဟုတ်ဘူးလားပေါ့?
နောက်တစ်ချက်က Dr. Joshua Swamidass ရဲ့ အပြောအတိုင်း ကာ ဣ နမယားလို လူသားလို့ မသတ်မှတ်ရသေးတဲ့ သတ္တဝါက အာဒံ နဲ့ ဧဝရဲ့ သားဖြစ်တဲ့ ကာ ဣ န လက်ထပ်ပေါင်းသင်းလိုက်ရုံနဲ့ အာဒံရဲ့ Genealogy or Bloodline ထဲအလိုလို ဝင်သွားမှာ မဟုတ်တဲ့အတွက် (Social context အရဆိုရင်တော့ သူမက အာဒံရဲ့ part of the family ဖြစ်သွားမှာဖြစ်ပေမယ့်၊ biological အရကတော့ “မယား” က “ခင်ပွန်းမိသားစု” ရဲ့ သွေးသားတော်စပ်တဲ့မျိုးရိုးဆင်းသက်တဲ့ descendant ဖြစ်သွားမှာ မဟုတ်ဘူး။ ဒီလိုဆိုရင် ဗီဇအပြစ် (original sin) က ကာ ဣ န ရဲ့ မယားအပေါ်မှာ သက်ရောက်မှာမဟုတ်ဘူးလို့ ဆိုလို့ရနေမလားပေါ့ စဉ်းစားစရာရှိမယ်ထင်ပါတယ်။ ဒါကိုပဲ ကာ ဣ န နဲ့ ယူလိုက်လို့ (အတူနေလိုက်လို့) သက်ရောက်ပါတယ်လို့ ဆိုပြန်ရင်လည်း ဗီဇအပြစ် က AIDS ရောဂါလို လိင်ကတဆင့် ကူးသလားလို့ မေးစရာရှိလာပြန်တယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတာက Dr. Swamidass ရဲ့ တကယ့် မူရင်းသီအိုရီမှာ အဲဒီလို လွဲမှားစွာ ကောက်ချက်ချမိတတ်တဲ့ အချက်တွေကို ဇီဝဗေဒအရရော၊ ဓမ္မပညာ (Theology) အရပါ ကွက်လပ်မရှိအောင် ယုတ္တိကျကျ ဖြေရှင်းထားပြီး ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာဦးကျမ်းနဲ့ သိပ္ပံပညာကို အငြိမ့်ညောင်းဆုံး ပေါင်းစပ်ပေးထားတဲ့ ဒီသီအိုရီရဲ့ တကယ့်အနှစ်သာရ အစစ်အမှန်က ဘာလဲ? DNA နဲ့ ဆွေစဉ်မျိုးဆက် (Genealogy) ကြားက လှည့်ကွက်ကရော ဘာလဲ?
ဒီအကြောင်းအရာတွေကို Thylogos ဝက်ဘ်ဆိုက်ကနေ “ဆင့်ကဲပြောင်းလဲခြင်း (Evolution) ထဲက အာဒံနဲ့ ဧဝ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးစီးရီး ရှည်အဖြစ် မကြာခင်မှာ စာရေးသူ Christian Aung မှ အသေးစိတ် အပြည့်အစုံ ရှင်းလင်းတင်ပြပေးသွားဖို့ ရှိပါလိမ့်မယ်။ အခု ဆောင်းပါးထဲက မေးခွန်းတွေအတွက် တကယ့်ကို သိသင့်သိထိုက်တဲ့ အဖြေတွေကို အဲဒီ ဆောင်းပါးစီးရီးမှာ ဆက်လက် စောင့်မျှော်ဖတ်ရှုနိုင်ကြောင်း သတင်းပါးအပ်ပါတယ်။
⚠️ ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John Wick နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။

