Skip to content

မကြာခင်က “ကယ်တင်ခြင်းရပြီးသူများလည်း တဖန်ပြန်လည်ဆုံးရှုံးနိုင်သေးသည် ဟု ယုံတဲ့သူတွေရဲ့ ခံယူချက်ကို သိချင်ပါတယ်” ဟူသည့် စာတစောင်ကို Thy Logos မှ လက်ခံရရှိခဲ့ပါသည်။ အသင်းတော်သမိုင်းအရ ရိုမန်ကတ်သိုလစ်အသင်းတော်ကြီးနှင့် ပရိုတက်စတင့် အသင်းတော်ကြီးများကြားတွင် “ကယ်တင်ခြင်းသည် ရရှိပြီးမှ ပြန်လည်ဆုံးရှုံးနိုင်သည်” ၊ “ကယ်တင်ခြင်းသည် အမှန်တကန် ရရှိပြီးက မည်သည့်အခါတွင်မျှမဆုံးရှုံးနိုင်”

ဟူ၍ နှစ်ပေါင်းများစွာ အငြင်းပွားလာခဲ့ကြသည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်ပါသည်။ ယေဘုယျအားဖြင့် ရိုမန်ကတ်သိုလစ်အသင်းတော်က “ကယ်တင်ခြင်းသို့ရောက်ရန် ခရစ်တော်ကို ယုံကြည်ခြင်းတခုတည်းဖြင့် မလုံလောက်၊ အကျင့်ကျင့်ရန်လည်း လိုသေးသည်” ဟု ယုံကြည်သောကြောင့် “ကယ်တင်ခြင်း ရရှိပြီးမှ ပြန်လည်ဆုံးရှုံးနိုင်သေးသည်” ဟုသွန်သင်သင်ပြီး ပရိုတက်စတင့်အသင်းတော်အများစုက “ကယ်တင်ခြင်းသည် အမှန်တကန် ရရှိပြီးက မည်သည့်အခါတွင်မျှမဆုံးရှုံးနိုင်”ဟု သွန်သင်ကြသည်။ စာရေးသူအနေဖြင့် “ကယ်တင်ခြင်း ဆုံးရှုံးနိုင်သလား၊ မဆုံးရှုံးနိုင်ဘူးလား” ဟူသည့် အငြင်းပွားမှုအတွက်အဖြေကို ရိုးရှင်းသော Rhetorical မေးခွန်း ပြန်မေးခြင်းဖြင့် တင်ပြလိုပါသည်။ ထို Rhetorical မေးခွန်းမှာ အခြားမဟုတ်၊ ယခုဆောင်းပါး၏ ခေါင်းစဉ်ပင်ဖြစ်ပါသည်။ “ကယ်တင်ခြင်းကျေးဇူးသည် တခဏတာ လော၊ ထာဝရလော”

ဤမေးခွန်းအားဖြင့် ရိုးရှင်း၍ ကျိုးကြောင်းညီညွတ်ကာ သမ္မာနည်းကျသော အဖြေကို လွယ်ကူစွာထုတ်နုိင်ပါသည်။ အကယ်၍ ကယ်တင်ခြင်းကျေးဇူးသည် သခင်ယေရှုခရစ်တော်နှင့် တမန်တော်ကြီးများ၏ သွန်သင်ချက်များ(သမ္မာကျမ်းစာ) အရ တခဏတာသာဖြစ်သည်ဆိုလျှင် ပြန်လည်ဆုံးရှုံးနိုင်ပြီး ကယ်တင်ခြင်းကျေးဇူးသည် ထာဝရအတွက်ဖြစ်ပါက ပြန်လည်မဆုံးရှုံးနိုင်ကြောင်း ထင်ရှားလှပါသည်။ ဤအနုမာန(Hypothesis) သည် ရိုးရှင်းရုံသာမက ယုတ္တိဗေဒရှုထောင့်အရလည်း ကျိုးကြောင်းညီညွတ်မှုရှိေပသည်။ သခင်ယေရှုခရစ်တော်နှင့် တမန်တော်ကြီးများ၏ သွန်သင်ချက်များအရ မည်သည့်အနုမာနက အမှန်ဖြစ်မည်နည်းဆိုသည်ကို ဆက်လက်လေ့လာကြပါစို့။

အချို့သောခရစ်ယာန်ဟု ခံယူသောသူများသည် “ကယ်တင်ခြင်းသည် ရရှိပြီးမှ ပြန်လည်ဆုံးရှုံးနိုင်သည်” ဟူသည့် ယုံကြည်ချက်မျိုး အဘယ်ကြောင့်ရှိရသည်ကို မဖော်ပြမီ “ကယ်တင်ခြင်း ဆိုသည်မှာ အဘယ်အရာနည်း။” ထို့နောက် “ကယ်တင်ခြင်းကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။” ဆိုသည်ကို သမ္မာကျမ်းစာရှုထောင့်အရမှ ရှေးဦးစွာ ေဖာ်ပြလိုပါသည်။ ထို “ကယ်တင်ခြင်း” ဆိုသည့်အရာနှင့် “ကယ်တင်ခြင်းအား မည်ကဲ့သို့ရရှိနိုင်မည်နည်း” ဟူသည့် အရာနှစ်ခုကို ရှင်းလင်းပြတ်သားစွာ နားမလည်ပါက ဝိစိကိစ္ဆာနှင့်ကင်းသော ယုံကြည်ခြင်း၌ တည်နိုင်မည် မဟုတ်ေသာကြောင့် ဖြစ်ပါသည်။ “သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။” (ရောမ ၁၀ : ၁၇)

ခရစ်ယာန်ဘာသာ (ေခါ်) ခရစ္ယာန်ယုံကြည်ကိုးကွယ်မှု၏ အသည်းနှလုံး (ခေါ်) ပင်မယုံကြည်ခြင်းအုတ်မြစ်မှာ “သခင်ယေရှုခရစ်တော်” ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် ကျင့်ကြံပြုမူခြင်းများသည် သခင်ဘုရား၏ နှုတ်ကပတ်တော်နှင့် ဆုံးမဩဝါဒများ၌သာ အခြေတည်ထားပါသည်။ ထို့ကြောင့်ပင် သခင်ခရစ်တော်ကို ယုံကြည်သူများကို “ခရစ်ယာန်” များဟု ပတ်ဝန်ကျင်းက သမုတ်ခဲ့ခြင်းဖြစ်ပါသည်။ “ဗာနဗသည်လည်း ရှောလုကို ရှာလျက် တာရှုမြို့သို့သွား၏။ တွေ့လျှင်အန္တိအုတ်မြို့သို့ခေါ်ခဲ့၏။ထိုသူတို့သည် တနှစ်ပတ်လုံး ထိုအသင်းတော်နှင့်အတူ စည်းဝေး၍၊ လူများအပေါင်းတို့အား ဆုံးမဩဝါဒပေးကြ၏။ တပည့်တော်တို့သည်လည်း ခရစ်ယာန် ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိအုတ်မြို့၌ အဦးခံရကြ၏။” (တမန်တော်ဝတ္ထု ၁၁ : ၂၅၂၆)

ထို့အပြင် ခရစ်ဝင်ကျမ်းစာစောင် ()ကျမ်းနှင့် တမန်တော်ဝတ္ထု သည် သခင်ယေရှုခရစ်တော်၏ သက်တော်စဉ်၊ ပြုတော်မူခဲ့သော အံ့ဖွယ်နိမိတ်လက္ခဏာတော်များ၊ ဆုံးမဩဝါဒများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချဖွယ်ကောင်းသော သမိုင်းမှတ်တမ်းများဖြစ်ပြီး ကမ္ဘာပေါ်တွင် ကျမ်းမူ အစောင်ရေအများဆုံးရှိသော တခုတည်းေသာ ကျမ်းဂန်စာေပများဖြစ်ပါသည်။ အဘယ့်ကြောင့် ဓမ္မသစ်ကျမ်းစာ (ရှင်ပေါလု၏ ဩဝါဒစာစောင်များအပါအဝင်) သည် ယုံကြည်စိတ်ချဖွယ်ေကာင်းရပါသနည်း။ အကြောင်းမှာ ထိုကျမ်းစာစောင်များအားလုံးသည် သခင်ယေရှု၏ တမန်တော်များကြီးများနှင့် ရှင်ပြန်ထမြောက်ခြင်း၏ မျက်မြင်သက်သေအများအပြား သက်ရှိထင်ရှားရှိနေသေးသော ခရစ်သက္ကရာဇ် ပထမ ရာစုနှစ်အတွင်း၌ပင် မှတ်တမ်းတင်ရေးသားထားသော ကျမ်းစာများဖြစ်ကြသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် “ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း” ၊ “ကယ်တင်ခြင်း မည်ကဲ့သို့ ရရှိနိုင်မည်နည်း” ဟူသည့် မေးခွန်းများ၏ အဖြေအတွက် သခင်ယေရှု၏ နှုတ်ကပတ်တော်၊ တမန်တော်ကြီးများ၏ ဩဝါဒစာစောင်များဖြင့် အဖြေပေးလိုပါသည်။

ကယ်တင်ခြင်းဆိုသည်မှာ အဘယ်နည်း”

ကယ်တင်ခြင်း” ၊ “ကယ်တင်သည်” ၊ “ကယ်ပါဦး” စသည့်စကားလုံးများသည် ကျွန်ုပ်တို့ နေ့ဓဒူဝ လုပ်ဆောင်မှုများ၌ပင် မကြာမကြာ ေပြာဆိုသွားစွဲလေ့ရှိကြသော ေဝါဟာရများဖြစ်ကြပါသည်။ အဓိပ္ပါယ်မှာ “ဘေးအန္တရာယ်” သို့မဟုတ် “အခက်အခဲတခုခု” သို့မဟုတ် “ပြဿနာတခုခု”မှ “လွတ်မြောက်စေခြင်း” ၊ “ဝဋ်ကျွတ်စေခြင်း” ဟူ၍ ဖြစ်ပါသည်။ ဤသို့ဆိုလျှင် သမ္မာကျမ်းစာမှ ဆိုလိုသော “ကယ်တင်ခြင်း” အကြောင်းကို ဆက်လက်လေ့လာကြပါစို့။

ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ၊ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။”(ရောမ ၅ : ၁၂)

ကျွနု်ပ်တို့၏ ကမ္ဘာဦး လူယောက်ျားနှင့် လူမိန်းမဖြစ်သော အာဒံနှင့် ဧဝ သည် ဘုရားသခင်ပေးထားသော လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကို မှားယွင်းစွာ အသုံးချပြီး စကားတော်အား နားမထောင်ဘဲ ဘုရားသခင်အား ဖီဆန်ခဲ့သောကြောင့် ထိုသူနှစ်ဦးတို့မှဆင်းသက်လာသော ကျွန်တော်တို့ လူသားမျိုးနွယ်တရပ်လုံးသည် ဘုရားသခင်နှင့် ကွဲကွာခဲ့ကြသည်။ ဖန်ဆင်းခံလူသားတို့တွင် ဘုရားသခင်၏ သဏ္ဍာန်တော် လုံးလုံးကွယ်ပျောက်သွားခဲ့ပြီး လူသားမျိုးနွယ်တရပ်လုံး၏ အသွေးအသားထဲတွင် မွေးရာပါဗီဇအပြစ် ဝင်လာခဲ့သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိ၍ သေခြင်းသို့ ရောက်ရကြသည်။ ဤသို့ဖြင့် လူသားတို့သည် သန့်ရှင်းမြင့်မြတ်သော ဘုရားသခင်၏ ပညတ်တော်များကို ပြည့်ဝစုံလင်စွာ စောင့်ရှောက်နိုင်ခြင်းမရှိတော့ဘဲ အပြစ်နှင့်ကင်းသော သန့်ရှင်းသည့်ဘုရားသခင်အား စိတ်တော်နှင့် မတွေ့စေနိုင်တော့ပါ။ လူသားမျိုးနွယ်တရပ်လုံးသည် မိမိတုိ့၏ အပြစ်မှ ကိုယ်ကိုကိုယ် မကယ်တင်နိုင်တော့ဘဲ ဘုရားသခင်၏ ကယ်မသနားတော်မူခြင်းကျေးဇူးကို အထူးလိုအပ်နေတော့သည်။

အပြစ်တရား၏အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတို့ သခင်ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။” (ရောမ ၆ : ၂၃)

ထို့ေကြာင့် အာဒံနှင့် ဧဝတို့မှ ဆင်းသက်လာသော ကျွနု်ပ်တို့၏ မေွးရာပါဗီဇအပြစ်နှင့် ထိုဗီဇအားဖြင့် မိမိတုိ့ပြစ်မှားမိသည့် ဒုစရိုက်အပြစ်များအတွက် ခံစားရမည့် ကြောက်မက်ဖွယ်ကောင်းသော ဘုရားသခင်၏ အမျက်တော်၊ အပြစ်စီရင်ခံရခြင်းနှင့် ထာဝရငရဲ၌ ကျခံရခြင်းမှ သခင်ေယရှုအားဖြင့် လွတ်မြောက်စေခြင်းဖြစ်ကာ ဘုရားသခင်နှင့် ရန်ငြိမ်းရသောအခွင့်၊ ဘုရားသားသမီးဖြစ်ရသောအခွင့် ကို ရရှိစေခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ အခွင့်ရရှိစေရန် “ထာဝရအသက်” လိုအပ်ပေသည်။ ထို့ေကြာင့် သမ္မာကျမ်းစာမှ ေဖာ်ပြသော “ကယ်တင်ခြင်း” ဆိုသည်မှာ သခင်ယေရှုအားဖြင့် ကျေးဇူးတော်ကြောင့် ရရှိသော “ထာဝရအသက်” ဖြစ်ကြောင်း ရှင်းလင်းစွာနားလည်နိုင်ပါသည်။ ဤသို့ဆိုလျှင်

ကယ်တင်ခြင်းကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။”

ဤမေးခွန်း၏ အဖြေနှင့် ပတ်သက်၍ နှစ်ပိုင်းခွဲ၍ဖော်ပြလိုပါသည်။ ပထမတပိုင်းမှာ တမန်တော်ကြီးများ၏ ဩဝါဒများမှ ဖြစ်ပြီး ဒုတိယတပိုင်းမှာ သခင်ယေရှု၏ နှုတ်တော်မှထွက်ရှိသော စကားတော်များမှ ဖြစ်ပါသည်။ စာေရးသူအနေဖြင့် ဤမေးခွန်းနှင့် ပတ်သက်၍ ကိုယ်ပိုင်အဖြေ၊ ကိုယ်ထင်ရာမြင်ရာ အဖြေများကို မပေးလိုပါ။ (အကယ်၍ တစုံတယောက်သောသူသည် ယခုစာအား ဖတ်နေသူအား ကယ်တင်ခြင်း မည်ကဲ့သို့ ရနိုင်မည်နည်းဟူသည့် မေးခွန်းနှင့် ပတ်သက်၍ အခြေအမြစ်မရှိသည့် သူ၏ ထင်ရာမြင်ရာ ယူဆချက်များကို လာ၍တင်ပြနေပါက လုံးဝ နားမထောင်ပါနှင့်၊ နားမယောင်ပါနှင့်ဟု မေတ္တာဖြင့် အသိပေးပါရစေ ) အကြောင်းမှာ “ကယ်တင်ခြင်းကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။” ဟူသည့် မေးခွန်းကို ကိုယ်တော်တိုင် ကယ်တင်ခြင်းပေးတော်မူသော သခင်ယေရှုခရစ်တော်ဘုရားနှင့် သခင်၏ တမန်တော်ကြီးများမှ လွဲ၍ မည်သူတဦးတယောက်ကမျှ မှန်ကန်တိကျစွာဖြေဆိုနိုင်မည် မဟုတ်သောကြောင့်ဖြစ်ပါသည်။

ပထမတပိုင်းဖြစ်သည့် တမန်တော်ကြီးများ၏ ဩဝါဒများမှ “ကယ်တင်ခြင်းကို မည်ကဲ့သို့ ရရှိနိုင်မည်နည်း။” ကို ဖြေဆိုပါမည်။

တမန်တော်ရှင်ပေတရု သွန်သင်သော ကယ်တင်ခြင်းရနိုင်မည့်နည်းလမ်း

ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ သခင်ယေရှုကတိတော်ထားတော်မူခဲ့သည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဆင်းကြွလာခဲ့သည်။ ထိုနေ့၌ တမန်တော်ကြီးများသည် သန့်ရှင်းေသာဝိညာဉ်တော်နှင့် ပြည့်လျက်ရှိကြသည်။ ထိုအခါ တကျိပ်တပါးသော တမန်တော်တို့နှင့်တကွ ရှင်ပေတရုသည်ထလျက်၊ ထိုသူတို့ကို ဧဝံဂေလိတရား စတင် ေဟာကြားပါတော့သည်။ ဤအချင်းအရာအပြည့်အစုံကိုသိလိုပါက တမန်တော်ဝတ္ထု အခန်းကြီး ၂ တွင် မှတ်တမ်းတင်ထားသည်။ ကိုယ်တိုင်ဖတ်ရှုလေ့လာပါ။ တမန်တော်ကြီး ရှင်ပေတရု၏ ဟောကြားချက်ကို နာပြီးသော် ကြားနာသူတို့သည် စိတ်နှလုံးပူပန်ခြင်းရှိ၍ “ညီအစ်ကိုတို့၊ အဘယ်သို့ပြုရပါမည်နည်း” ဟု ပေတရုမှစ၍ အခြားသောတမန်တော်တို့အား မေးမြန်းကြပါသည်။ တမန်တော်ဝတ္ထုကို ၂ တခန်းလုံးကို ဖတ်ရှုလေ့လာကြည့်ပါက “ကယ်တင်ခြင်းသို့ရောက်ရန် ကျွန်ုပ်တုိ့ ဘာလုပ်ရမည်နည်း” ဟု မေးမြန်းခြင်းဖြစ်ကြောင်း နားလည်နိုင်ပါသည်။ ထိုစဉ် တမန်တော်ရှင်ေပတရုက ဤသို့ဖြေကြားခဲ့သည်။ “သင်​တို့၏​အ​ပြစ်​ကို​လွတ်​စေ​ခြင်း​ငှာ နောင်​တ​ရ၍ တ​ယောက်​မျှ​မ​ကြွင်း၊ ယေ​ရှု​ခ​ရစ်၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို​ခံ​ကြ​လော့။ သို့​ပြု​လျှင် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​တည်း​ဟူ​သော ဆု​ကျေး​ဇူး​တော်​ကို ခံ​ရ​ကြ​လိမ့်​မည်။” ဟူ၍ဖြစ်သည်။ (တမန်တော် ၂ : ၃၈)

ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။ထို​သူ​များ​သည် တ​မန်​တော်​တို့၏ ဆုံး​မ​ဩ​ဝါ​ဒ​ကို​ခံ​ခြင်း၊ အ​ပေါင်း​အ​သင်း​ဖွဲ့​ခြင်း၊ မုန့်​ကို​ဖဲ့​ခြင်း၊ ပ​တ္ထ​နာ​ပြု​ခြင်း​တို့​ကို အ​မြဲ​ဆောင်​ရွက်၍ နေ​ကြ၏။” (တမန်တော် ၂ : ၄၁၄၂)

သာ၍ အံ့ဩစရာကောင်းသည့် အချက်မှာ တမန်တော် ၂ : ၄၇ ၌ “ကယ်တင်ခြင်းသို့ ေရာက်သောသူတို့ကိုလည်း နေ့စဉ်မပြတ် သခင်ဘုရားသည် သင်းဝင်ေစတော်မူ၏” ဟူ၍ ဖြစ်ပါသည်။ အကြောင်းမှာ သခင်ယေရှုဘုရားအား မိမိအသက်တာ၏ကယ်တင်ပိုင်ရှင်ဘုရားအဖြစ် လက်ခံယုံကြည်ပြီး ဗတ္တိဇံမင်္ဂလာကို ခံယူခြင်းဖြင့် ကယ်တင်ခြင်း (ထာဝရအသက်) ရရှိရုံသာမက တမန်တော်ကြီးများသည် ထိုသူတို့၏ နေ့စဉ်အသက်တာများအား ဆက်လက်စောင့်ကြည့်ခြင်းမရှိဘဲ သခင်ခရစ်တော်ကို ယုံကြည်သောသူများကို “ကယ်တင်ခြင်း သို့ေရာက်သောသူများ” အဖြစ် ချက်ခြင်း သတ်မှတ်ခဲ့သည့်အချက်မှာ အလွန်ပင် အံ့ဩစရာေကာင်းလှပါသည်။ ထို့ကြောင့် တမန်တော်ရှင်ပေတရု၏ သွန်သင်ချက်အရ ကယ်တင်ခြင်းသည် မိမိ၏ ကုသိုလ်ကောင်းမှုပြုနိုင်ခြင်း၊ သီလစောင့်နိုင်ခြင်းတို့ေကြာင့်မဟုတ်ဘဲ ယုံကြည်သောကြောင့် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း (ထာဝရအသက်) ရရှိခြင်းဖြစ်ကြောင်း လေ့လာသိရှိရသည်။

တမန်တော်ရှင်ယောဟန် သွန်သင်သော ကယ်တင်ခြင်းရနိုင်မည့်နည်းလမ်း

ရှင်ယောဟန်သည် အသက်အငယ်ဆုံးသော တမန်တော်ဖြစ်ပြီး သခင်ယေရှု၏ရှင်ပြန်ထမြောက်ခြင်း၏ မျက်မြင်သက်သေဖြစ်ရုံသာမက သခင်ယေရှုကားစင်တင်ခံရချိန်တွင် သစ္စာရှိစွာ ကျန်ရစ်ခဲ့သော တဦးတည်းသော တပည့်တော်ဖြစ်သည်။ ထို့အပြင် ရှင်ယောဟန်သည် မိမိကိုယ်ကို “ယေရှုချစ်တော်မူသောတပည့်တော်” ဟူ၍ သူ၏ ခရစ်ဝင်ကျမ်းစာစောင်၌ မကြာခဏသုံးစွဲလေ့ရှိသည်။ ထိုတမန်တော်ကြီးက ကယ်တင်ခြင်း မည်ကဲ့သို့ရနိုင်မည်နည်း ဟူသည့် မေးခွန်းနှင့် ပတ်သက်၍ ဤသို့ ဆိုထားသည်။

ဤ​ကျမ်း​စာ၌ ရေး၍​မ​ထား​သော အ​ခြား​နိ​မိတ်​လ​က္ခ​ဏာ​အ​များ​တို့​ကို​လည်း ယေ​ရှု​သည် တ​ပည့်​တော်​တို့​မျက်​မှောက်၌ ပြ​တော်​မူ၏။ယေ​ရှု​သည် ခ​ရစ်​တော်​ တည်း​ဟူ​သော ဘု​ရား​သ​ခင်၏​သား​တော် ဖြစ်​တော်​မူ​သည်​ကို သင်​တို့​သည် ယုံ​မည်​အ​ကြောင်း၊ ထို​သို့​ယုံ၍ နာ​မ​တော်​အား​ဖြင့် အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ ဤ​မျှ​လောက် ရေး​ထား​လျက် ရှိ​သ​တည်း။(ရှင်ယောဟန်ခရစ်ဝင် ၂၀ : ၃၀)

ရှေ့​ဦး​စွာ​က​ပင်​ဖြစ်၍၊ ငါ​တို့​သည် ကိုယ်​တိုင်​ကြား​လျက်၊ ကိုယ်​မျက်​စိ​နှင့်​မြင်​လျက်၊ စေ့​စေ့​ကြည့်​ရှု၍ လက်​နှင့် စမ်း​သပ်​ခဲ့​ပြီး​သော အ​ရာ​တည်း​ဟူ​သော အ​သက်​ရှင်​သော နှုတ်​က​ပတ်​တော်​နှင့်​ဆိုင်​သော​အ​ရာ​ကို သင်​တို့​အား ပြ​သ​ကြ၏။ထို​အ​သက်​သည် ထင်​ရှား​ခဲ့​ပြီ။ ငါ​တို့​လည်း မြင်​ရ​ကြ​ပြီ။ ခ​မည်း​တော်​နှင့် အ​တူ​ရှိ​ဖူး၍၊ ငါ​တို့​အား ထင်​ရှား​ခဲ့​ပြီး​သော ထို​ထာ​ဝ​ရ​အ​သက်​ကို၊ ငါ​တို့​သည် သင်​တို့​အား သက်​သေ​ခံ၍ ပြ​သ​ကြ၏။ငါ​တို့​သည် ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ သား​တော် ယေ​ရှု​ခ​ရစ်​နှင့်​လည်း​ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သည်​ဖြစ်၍၊ သင်​တို့​သည် ငါ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​ခြင်း​ငှာ၊ ငါ​တို့​ကြား​မြင်​ရ​သော​အ​ရာ​ကို သင်​တို့​အား​ပြ​သ​ကြ၏။သင်​တို့၏ ဝမ်း​မြောက်​စ​ရာ​အ​ကြောင်း စုံ​လင်​စေ​ခြင်း​ငှာ​လည်း၊ ဤ​အ​ရာ​များ​ကို ငါ​တို့​သည် ရေး​လိုက်​ကြ၏။ (ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၁ : )

ဘု​ရား​သ​ခင်၏ ပ​ညတ်​တော်​ဟူ​မူ​ကား၊ သား​တော်​ယေ​ရှု​ခ​ရစ်​ကို ယုံ​ကြည်​ရ​မည်။ သား​တော် ပ​ညတ်​တော်​မူ​သည်​အ​တိုင်း၊ အ​ချင်း​ချင်း ချစ်​ရ​မည်​ဟူ​သော ပ​ညတ်​တော်​ပေ​တည်း။ (ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၃ : ၂၃)

လူ၏​သက်​သေ​ကို ယုံ​ရ​လျှင်၊ ဘု​ရား​သ​ခင်၏ သက်​သေ​တော်​ကို သာ၍ ယုံ​ဖွယ်​ရာ​အ​ကြောင်း​ရှိ၏။ ယ​ခု​ဆို​ခဲ့​ပြီး​သော သက်​သေ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​ကို သက်​သေ​ခံ​တော်​မူ​ချက် ဖြစ်​သ​တည်း။ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​သည်၊ မိ​မိ​အ​ထဲ၌ ထို​သက်​သေ​ကို​ရ၏။ ဘု​ရား​သ​ခင်​ကို မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မု​သား​အ​ပြစ်​တင်၏။ အ​ဘယ်​သို့​နည်း ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် မိ​မိ​သား​တော်၏​အ​ကြောင်း​မှာ သက်​သေ​ခံ​တော်​မူ​သော​စ​ကား​တော်​ကို ထို​သူ​သည် မ​ယုံ​ဘဲ​နေ၏။သက်​သေ​ခံ​တော်​မူ​ချက် ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ၍၊ ထို​အ​သက်​သည်​လည်း သား​တော်၌​ပါ၏။သား​တော်​ကို​ရ​သော​သူ​သည် အ​သက်​ကို​ရ၏။ ဘု​ရား​သ​ခင်၏​သား​တော်​ကို မ​ရ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။” (ရှင်ယောဟန်ဩဝါဒစာ ပဌမစောင် ၅ : ၁၂)

အထက်ပါကျမ်းချက်များအားလုံးသည် တမန်ေတာ်ရှင်ယောဟန်က သူ၏ခရစ်ဝင်ကျမ်းစာစောင်နှင့် ဩဝါဒစာစောင်များတွင် ဖော်ပြထားသော ကယ်တင်ခြင်းရရှိနုိင်မည့်နည်းလမ်းဖြစ်ပါသည်။ ကယ်တင်ခြင်းကို အပြစ်သားများအတွက် သခင်ေယရှု အသေခံတော်မူခြင်း၊ သင်္ဂြိုလ်ခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်းအားယုံကြည်၍ ကယ်တင်ပိုင်ရှင်သခင် အဖြစ် လက်ခံသောသူတိုင်း ရရှိနိုင်ကြောင်း ရှင်းလင်းစွာေဖာ်ပြထားသည်။ တမန်တော်ကြီးရှင်ပေတရုနှင့် ရှင်ယောဟန်တို့သည် သခင်ယေရှု၏သက်တော်စဉ်တလျောက်လုံးအတူရှိခဲ့ဖူးသည့် ရှင်ပြန်ထမြောက်ခြင်း၏ မျက်မြင်သက်သေများဖြစ်ကြပြီး ကယ်တင်ခြင်းမည်ကဲ့သို့ ရနိုင်မည်နည်း ဆိုသည်နှင့်ပတ်သက်၍ တမန်တော်နှစ်ဦးလုံး၏ သက်သေခံချက်များမှာ ကွဲလွဲမှု မရှိသည်ကို ထင်ရှားစွာတွေ့ရပါသည်။

တမန်တော်ရှင်ပေါလု သွန်သင်သော ကယ်တင်ခြင်းရနိုင်မည့်နည်းလမ်း

တမန်တော်ရှင်ပေါလုမှာ ရှင်ပေတရုနှင့် ရှင်ယောဟန်ကဲ့သို့ သခင်ယေရှုသက်တော်စဉ်တလျှောက်လုံးတွင် အတူရှိခဲ့ဖူးသည့် တပည့်တော်မဟုတ်သော်လည်း ဒမသက်မြို့သို့ သွားရာလမ်း၌ သေခြင်းမှ ထမြောက်တော်မူသော သခင်ယေရှုကို ဖူးတွေ့ခွင့်ရပြီးမှ အသက်တာပြောင်းလဲလာသော တမန်တော်သစ်ဖြစ်သည်။ သူသည် တချိန်က ခရစ်ယာန်အသင်းတော်ကို ညှင်းဆဲသော ဖာရိရှဲတဦးဖြစ်ပြီး သခင်ယေရှုအား ဖူးတွေ့ရပြီးနောက် ခရစ်ယာန်ဖြစ်လာကာ ဓမ္မသစ်ကျမ်းစာစောင်များကို အများဆုံးရေးသားခဲ့သော တမန်တော်ကြီးဖြစ်လာခဲ့သည်။ ရှင်ေပါလုသည် ဂျူးလူမျိုးမဟုတ်သော တပါးအမျိုးသားများသို့ ခရစ္တော်၏ သာသနာတော် ဧဝံဂေလိတရားတော်ကို အဓိကပျံ့ပွားစေခဲ့သော တမန်တော်ကြီးလည်းဖြစ်သည်။ ထိုတမန်တော် ရှင်ေပါလုက ကယ်တင်ခြင်း(ထာဝရအသက်)ကို ဤသို့ရနိုင်ေကြာင်း သူ၏ ဩဝါဒစာများ၌ အတိအလင်းဆိုထားသည်။

ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ဖြောင့်​မတ်​ရာ​သို့ ရောက်​မည်​အ​ကြောင်း၊ ပ​ညတ်​တ​ရား​သည် ခ​ရစ်​တော်​အား​ဖြင့် စုံ​လင်​ခြင်း​ရှိ၏။ (ရောမ ၁၀ : )

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ သင်​သည် သ​ခင်​ယေ​ရှု​ကို နှုတ်​ဖြင့်​ဝန်​ခံ၍၊ ဘု​ရား​သ​ခင်​သည် သူ့​ကို သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​ပြီ​ဟု စိတ်​နှ​လုံး​ထဲ၌ ယုံ​ကြည်​လျှင်၊ ကယ်​တင်​ခြင်း​သို့​ရောက်​လိမ့်​မည်။ (ရောမ ၁၀ : )

ရောမမြို့ရှိ အသင်းတော်သို့ တမန်တော်ရှင်ပေါလု ရေးသားပေးပို့သော ရောမဩဝါဒစာစောင်၌ ကယ်တင်ခြင်းကို သခင်ယေရှုအား ယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းသို့ ရောက်နိုင်ေကြာင်း ေဖာ်ပြထားသည်။

ထို့အပြင် တမန်တော်ရှင်ေပါလုသည် ဧဖက်မြို့ရှိ အသင်းတော်သို့ ပေးပို့သော ဩဝါဒစာေစာင်၌လည်း ဤသို့ဆိုထားပြန်သည်။

ယုံ​ကြည်​သော​အား​ဖြင့် ကျေး​ဇူး​တော်​ကြောင့် ကယ်​တင်​ခြင်း​သို့ ရောက်​ရ၏။ ကိုယ်​အ​လို​အ​လျောက် ရောက်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​သ​တည်း။ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။ (ဧဖက် ၂ : ၁၀)

တမန်တော်ရှင်ပေါလု၏ အခြားသောဩဝါဒစာများစွာလည်းရှိသေးသည်။ စာမူအလျားကို ထောက်ရှုသောအားဖြင့် အထက်ပါကျမ်းစာစောင်များသည် တမန်တော်ရှင်ပေါလု သွန်သင်သော ကယ်တင်ခြင်းရနိုင်မည့်နည်းလမ်းနှင့်ပတ်သက်၍ လုံလောက်သည်ဟု ယုံကြည်ပါသည်။

ပထမပိုင်းတွင် တမန်တော်ကြီးများ၏ ဩဝါဒစာများကို လေ့လာပြီးဖြစ်ပြီး ကယ်တင်ခြင်းရရှိနိုင်သည့်နည်းလမ်းနှင့် ပတ်သက်၍ တမန်တော်တပါးနှင့်တပါး ကွဲလွဲမှု မရှိကြောင်း ထင်ရှားစွာ တွေ့ခဲ့ပြီးဖြစ်ပါသည်။ ယခု ဒုတိယပိုင်းအနေဖြင့် သခင်ယေရှု၏ နှုတ်တော်ထွက်စကားတော်များကို ဆင်ခြင်နှလုံးသွင်းကြပါမည်။

သခင်ယေရှုခရစ်တော်ဘုရား သွန်သင်တော်မူသော ကယ်တင်ခြင်းရနိုင်မည့်နည်းလမ်း

ယေ​ရှု​က၊ ဒု​တိ​ယ​မွေး​ခြင်း​ကို မ​ခံ​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မ​မြင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို​သည်​ဟု ပြန်၍​မိန့်​တော်​မူ၏။နိ​ကော​ဒင်​က​လည်း၊ အ​သက်​ကြီး​သော​သူ​သည် မွေး​ခြင်း​ကို​အ​ဘယ်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ အ​မိ​ဝမ်း​ထဲ​သို့ တ​ဖန်​ဝင်၍ မွေး​ခြင်း​ကို ခံ​နိုင်​ပါ​မည်​လော​ဟု လျှောက်၏။ယေ​ရှု​က​လည်း၊ ရေ​နှင့် ဝိ​ညာဉ်​တော် မ​မွေး​သော​သူ​မည်​သည်​ကား၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​သို့ မ​ဝင်​ရ​ဟု ငါ​အ​မှန်​အ​ကန်​ဆို၏။”

နိ​ကော​ဒင်​က​လည်း၊ ဤ​အ​မူ​အ​ရာ​သည် အ​ဘယ်​သို့​ဖြစ်​နိုင်​ပါ​မည်​နည်း​ဟု လျှောက်​ပြန်​လျှင်၊တဖန်​ယေ​ရှု​က၊ သင်​သည် ဣ​သ​ရေ​လ​လူ​တို့​တွင် ဓ​မ္မ​ဆ​ရာ​ဖြစ်​လျက်​ပင် ဤ​အ​မှု​အ​ရာ​ကို မ​သိ​သ​လော။ မော​ရှေ​သည်​တော၌ မြွေ​ကို မြှောက်​ထား​သ​ကဲ့​သို့ လူ​သား​သည် မြှောက်​ထား​ခြင်း​ကို ခံ​ရ​မည်။အ​ကြောင်း​မူ​ကား၊ ထို​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည် ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​မည်​အ​ကြောင်း​တည်း။ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​သော​သူ​အ​ပေါင်း​တို့​သည်၊ ပျက်​စီး​ခြင်း​သို့​မ​ရောက်၊ ထာ​ဝ​ရ​အ​သက်​ကို ရ​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် မိ​မိ၌ တ​ပါး​တည်း​သော သား​တော်​ကို စွန့်​တော်​မူ​သည်​တိုင်​အောင် လော​ကီ​သား​တို့​ကို ချစ်​တော်​မူ၏။လော​ကီ​သား​တို့​အား အ​ပြစ်​စီ​ရင်​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည်​သား​တော်​ကို ဤ​လော​က​သို့ စေ​လွှတ်​တော်​မူ​သည်​မ​ဟုတ်။ လော​ကီ​သား​တို့​သည် ကိုယ်​တော်​အား​ဖြင့် ကယ်​တင်​ခြင်း​သို့​ရောက်​မည်​အ​ကြောင်း စေ​လွှတ်​တော်​မူ၏။သား​တော်​ကို​ယုံ​ကြည်​သော​သူ​သည် အ​ပြစ်​စီ​ရင်​ခြင်း​ကို မ​ခံ​ရ။ မ​ယုံ​ကြည်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်၌ တ​ပါး​တည်း​သော​သား​တော်​ကို မ​ယုံ​ကြည်​သော​ကြောင့် ယ​ခု​ပင် အ​ပြစ်​စီ​ရင်​ခြင်း​ကို​ခံ​ရ၏။” (ရှင်ယောဟန်ခရစ်ဝင် ၃ : ၃ – ၅၊ ၉၁၀၊ ၁၄၁၈)

ထို​နောက် တကျိပ်​တ​ပါး​သော​သူ​တို့​သည် စား​ပွဲ၌ လျောင်း​ကြ​စဉ်​တွင် ကိုယ်​တော်​ကို​ပြ​တော်​မူ၍၊ ထ​မြောက်​လျက်​ရှိ​သော ကိုယ်​တော်​ကို မြင်​သော​သူ​တို့၏ စ​ကား​ကို​မ​ယုံ​သော​ကြောင့် သူ​တို့​မ​ယုံ​တတ်​သော​စိတ်၊ ခိုင်​မာ​သော​စိတ်​ကို ဆုံး​မ၍ အ​ပြစ်​တင်​တော်​မူ​ပြီး​မှ၊သင်​တို့​သည် လော​ကီ​နိုင်​ငံ​အ​ရပ်​ရပ် ရှိ​သ​မျှ​သို့​သွား၍၊ ဝေ​နေ​ယျ​သ​တ္တ​ဝါ အ​ပေါင်း​တို့​အား ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ကြ​လော့။ယုံ​ကြည်၍ ဗ​တ္တိ​ဇံ​ကို​ခံ​သော​သူ​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​လ​တ္တံ့။ မ​ယုံ​ကြည်​သော​သူ​မူ​ကား အ​ပြစ်​စီ​ရင်​ခြင်း​ကို ခံ​ရ​လ​တ္တံ့။” (ရှင်မာကု ၁၆ : ၁၄၁၆)

ငါ​သည် ကောင်း​သော​သိုး​ထိန်း​လည်း​ဖြစ်၏။ ကောင်း​သော​သိုး​ထိန်း​သည် သိုး​တို့​အ​ဖို့​အ​လို​ငှာ မိ​မိ​အ​သက်​ကို စွန့်​တတ်၏။သိုး​များ​ကို​ပိုင်​သော သိုး​ထိန်း​မ​ဟုတ်၊ သူ​ငှား​ဖြစ်​သော​သူ​မူ​ကား၊ တော​ခွေး​လာ​သည်​ကို​မြင်​လျှင်၊ သိုး​တို့​ကို ပစ်​ထား၍ ထွက်​ပြေး​တတ်၏။ ငါ​သည် ကောင်း​သော​သိုး​ထိန်း​ဖြစ်၏။ ခ​မည်း​တော်​သည် ငါ့​ကို​သိ​တော်​မူ၍၊ ငါ​သည်​လည်း ခ​မည်း​တော်​ကို သိ​သ​ကဲ့​သို့ ငါ၏​သိုး​တို့​ကို ငါ​သိ၏။ ငါ့​သိုး​တို့​သည်​လည်း ငါ့​ကို​သိ​ကြ၏။ငါ​သည် ကိုယ်​အ​သက်​ကို သိုး​တို့​အ​ဖို့​အ​လို​ငှာ စွန့်၏။ငါ့​အ​သက်​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ။ ကိုယ်​အ​လို​အ​လျောက် ငါ​စွန့်၏။ ကိုယ်​အ​သက်​ကို စွန့်​ရ​သော​အ​ခွင့်​နှင့် နောက်​တ​ဖန် ကိုယ်​အ​သက်​ကို ယူ​ပြန်​ရ​သော​အ​ခွင့်​သည် ငါ၌​ရှိ၏။ ထို​အ​ခွင့်​ကို ခ​မည်း​တော်​သည် ပေး​တော်​မူ​ပြီ​ဟု မိန့်​တော်​မူ၏။

ဆောင်း​ကာ​လ​ဖြစ်၍ အင်္ကဲ​နိ​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ခံ​ကြ​သော​အ​ခါ၊ယေ​ရှု​သည် ဗိ​မာန်​တော်​နား​မှာ ရှော​လ​မုန်​က​နား​ပြင်၌ စင်္ကြံ​သွား​တော်​မူ​စဉ်​တွင်၊ယု​ဒ​လူ​တို့​သည် ကိုယ်​တော်​ကို​ဝန်း​ရံ၍၊ သင်​သည် အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး ငါ​တို့​ကို ယုံ​မှား​စေ​မည်​နည်း။ ခ​ရစ်​တော်​မှန်​လျှင် အ​တည့်​အ​လင်း​ပြော​ပါ​ဟု ဆို​ကြ၏။ယေ​ရှု​က​လည်း၊ ငါ​ပြော​ပြီ။ သင်​တို့​သည် မ​ယုံ​ကြ။ ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ငါ​ပြု​သော​အ​မှု​တို့​သည် ငါ၏​သက်​သေ​ဖြစ်​ကြ၏။သို့​သော်​လည်း သင်​တို့​သည် မ​ယုံ​ကြ။ အ​ဘယ်​ကြောင့် မ​ယုံ​ကြ​သ​နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် ငါ့​သိုး​တို့ အ​ဝင်​မ​ဟုတ်။ အ​ထက်​က ငါ​ပြော​သည်​အ​တိုင်း၊ငါ့​သိုး​တို့​သည် ငါ့​စ​ကား​သံ​ကို​နား​ထောင်၍ ငါ့​နောက်​သို့​လိုက်​ကြ၏။ ထို​သိုး​တို့​ကို ငါ​သိ၏။ထာ​ဝ​ရ​အ​သက်​ကို​လည်း ငါ​ပေး၏။ ထို​သိုး​တို့​သည် ပျက်​စီး​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​လက်​မှ​မ​နုတ်​မ​ယူ​ရာ။ထို​သိုး​တို့​ကို ငါ​၌​အပ်​ပေး​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​ခ​မည်း​တော်၏​လက်​မှ မ​နုတ်​မ​ယူ​နိုင်​ရာ။ ငါ​သည် ငါ့​ခ​မည်း​တော်​နှင့် တ​လုံး​တ​ဝ​တည်း​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။” (ရှင်ယောဟန်ခရစ်ဝင် ၁၀ : ၁၁၁၂၊ ၁၄၁၅၊ ၁၈၊ ၂၂၃၀)

အထက်ပါ ကျမ်းချက်များသည် သခင်ယေရှု ကိုယ်တိုင်မိန့်တော်မူခဲ့သော နှုတ်ကပတ်တော်များဖြစ်ပြီး စာရေးသူ၏ ကိုယ်ပိုင် အပိုစာသားတလုံးမျှ မပါဝင်ပါ။ သခင်မိန့်တော်မူသောစကားတို့ကို မှတ်တမ်းတင်ထားသော ကျမ်းစာများသည် မတူညီသောကျမ်းစာစောင်များဖြစ်ကြသော်လည်း တခုနှင့်တခုနှင့် ကိုက်ညီမှုရှိနေသည်ကို ထင်ရှားစွာတွေ့ရပါသည်။ အထက်ပါ ကျမ်းစာများ၌ သခင်ယေရှုသည် ကြားနာသူတို့ နားလည်စေရန် ပုံဆောင်ချက်အမျိုးမျိုးကို အသုံးပြုထားသည်။ ကိုယ်တော်တိုင် သိုးထိန်းအဖြစ်ေဖာ်ပြထားပြီး ယုံကြည်သူများကို ကိုယ်တော်၏ သိုးလေးများအဖြစ် ပုံေဖာ်ထားသည်။ ဒုတိယမွေးခြင်းဆိုသည်မှာလည်း သားဖွားခြင်းဖြင့် နားလည်မြင်သာအောင် ပုံေဖာ်ထားသည်ကို တွေ့ရပါသည်။ ထို့အပြင် သခင် သုံးသော အသုံးနှုန်းများကို သေချာလေ့လာကြည့်ပါ။

ဒုတိယ မွေးခြင်း

အ​သက်​ကြီး​သော​သူ​သည် မွေး​ခြင်း​ကို​အ​ဘယ်​သို့​ခံ​နိုင်​ပါ​မည်​နည်း။ အ​မိ​ဝမ်း​ထဲ​သို့ တ​ဖန်​ဝင်၍ မွေး​ခြင်း​ကို ခံ​နိုင်​ပါ​မည်​လော။ ဓမ္မဆရာ နိကောဒင်က ပထမမွေးခြင်းကို ကောင်းကောင်းနားလည်သည်။ မွေးဖွားခြင်းကို ခံရပြီးသောသူတိုင်းသည် အမိဝမ်းထဲသို့ တဖန်ပြန်ဝင်၍မရပေ။ တနည်းဆိုသော် မွေးဖွားပြီးသောသူသည် မမွေးဖွားခင် အခြေအနေသို့ တဖန်ပြန်သွား၍မရပေ။ ထို့အတူ ဒုတိယမွေးခြင်း ဖြစ်သည်။ ပထမမွေးခြင်းသည် အမိဝမ်းတွင်း၌ ဖြစ်ပြီး ဒုတိယမွေးခြင်းသည် သခင်ယေရှုခရစ်တော်၌ ဖြစ်သည်။ ထို​သူ(ယေရှု)​ကို ​လက်​ခံ​သ​မျှ​သော သူ​တည်း​ဟူ​သော ကိုယ်​တော်​ကို ယုံ​ကြည်​သော​သူ​တို့​အား၊ ဘု​ရား​သ​ခင်၏ သား​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ထို​သား​တို့​မူ​ကား၊ လူ​မျိုး​နှင့်​စပ်​ဆိုင်၍ ဖွား​သော​သား​မ​ဟုတ်။ မေ​ထုန်​သံ​ဝါ​သ​အား​ဖြင့် ဖွား​သော​သား​မ​ဟုတ်။ လူ​အ​လို​အ​လျောက် ဖွား​သော​သား​မ​ဟုတ်။ ဘု​ရား​သ​ခင်​ဖွား​တော်​မူ​သော​သား ဖြစ်​သ​တည်း။

နှုတ်​က​ပတ်​တော်​သည်​လည်း လူ​ဇာ​တိ​အ​ဖြစ်​ကို​ခံ​ယူ၍၊ ကျေး​ဇူး​တော်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​လျက် ငါ​တို့​တွင် တည်​နေ​တော်​မူ​သည်​ဖြစ်၍၊ ခ​မည်း​တော်၌ တပါး​တည်း​သော​သား​တော်၏ ဘုန်း​ကဲ့​သို့ သူ၏​ဘုန်း​တော်​ကို ငါ​တို့​သည် မြင်​ရ​ကြ​ပြီ။” (ရှင်ယောဟန်ခရစ်ဝင် ၁ : ၁၂ – ၁၄)

သင်သည် သခင်ယေရှုကို အသက်တာ၏ ကယ်တင်ပိုင်ရှင် ဘုရားအဖြစ် ယုံကြည်ပါ၏ေလာ။ ယုံကြည်ပါက သင်သည် ဘုရားသခင် ဖြစ်ဖွားစေသောသူ ဖြစ်သွားပါပြီ။ ဘုရားသခင်၏ သားသမီးဖြစ်သွားပါပြီ။ စာရေးသူ၏ ထင်မြင်ယူဆချက် မဟုတ်ပေ။ အသင်းတော်၏ ဦးေခါင်းဖြစ်တော်မူသော သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူခဲ့ခြင်းဖြစ်ပါသည်။ သင်သည် ယုံကြည်သူမှန်လျှင် ဒုတိယမွေးခြင်းကို ခံရပြီးသောသူဖြစ်ပေသည်။ မွေးဖွားပြီးသောသူသည် မမွေးဖွားခင် အခြေအနေသို့ တဖန်ပြန်သွား၍ ရပါ၏ေလာ။ မရပါ။ အမိဝမ်းထဲ၌ ပထမမွေးဖွားခြင်းသည် လူတိုင်း အလွယ်တကူ နားလည်၊ မြင်လွယ်သော ထင်ရှားသော အချက်အလက်ပင်ဖြစ်ပါသည်။ ထို့ပြင် သင်​တို့​သည် ဖောက်​ပြန်​ပျက်​စီး​တတ်​သော မျိုး​စေ့​အား​ဖြင့် ဖြစ်​ဖွား​သည်​မ​ဟုတ်၊ မ​ဖောက်​ပြန်​မ​ပျက်​စီး​တတ်​သော မျိုး​စေ့​တည်း​ဟူ​သော အ​သက်​ရှင်၍ အ​စဉ်​အ​မြဲ​တည်​တော်​မူ​သော ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တော်​အား​ဖြင့် ဖြစ်​ဖွား​သော​ကြောင့်ဖြစ်ပါသည်။ (ရှင်ပေတရု ဩဝါဒစာ ပဌမစာ ၁ : ၂၂ – ၂၃)

ယေရှုခရစ်တော် = ဘုရားသခင်၏ အသက်ရှင်သော နှုတ်ကပတ်တော်

ထာ​ဝ​ရ​အ​သက်​ကို​လည်း ငါ​ပေး၏။

– “အသက်ဟူသည့် အရာကိုတော့ အထူးေဖာ်ပြရန် လိုလိမ့်မည် မဟုတ်ဟု စာရေးသူ ယူဆပါသည်။ အသက် ဆိုသည့် စကားလုံးကို လူတိုင်းနားလည်ပါသည်။ ထာဝရဟူသည့် အသုံးအနှုန်းသည် အစဉ်အမြဲ၊ အစဉ်မပြတ်၊ အဆုံးမရှိစသည်တို့ကို ရည်ညွှန်းထားခြင်းဖြစ်ပါသည်။ ထာဝရအား ရည်ညွှန်းသည့် အင်္ဂလိပ်စာလုံးများဆိုလျှင်လည်း လူတိုင်းမြင်သည်နှင့် စာလုံး၏ အနှစ်သာရအဓိပ္ပါယ်ကို ကွင်းကွင်းကွက်ကွက် မြင်တတ်ကြပါသည်။ ဥပမာ Always, Eternal, Everlasting, Eternally, Permanently စသည်တို့ ဖြစ်ကြပါသည်။ ထိုအရာများအတွက် ပိုမိုလေးနက်စေသည့်အရာမှာ ငါပေး၏ဟူသည့် စကားပင်ဖြစ်ပါသည်။ ဩဇာ အာဏာတော်ပါသည်ကို ထင်ရှားစွာ တွေ့ရပါသည်။ ဘယ်သူမှ ပေးတာမဟုတ်ဘူး။ ငါပေးတာကွာ ပေါ့။ သခင် ပေးသည်ေပါ့။ ကျမ်း​ပြု​ဆ​ရာ​နည်း​တူ မ​ဟုတ်၊ အ​စိုး​ရ​သော သူ​နည်း​တူမိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။ ထိုသခင်သည် မည်ကဲ့သို့သော သခင်ဖြစ်ပါသနည်း။

ငါ​သည် ကိုယ်​အ​သက်​ကို သိုး​တို့​အ​ဖို့​အ​လို​ငှာ စွန့်၏။ငါ့​အ​သက်​ကို အ​ဘယ်​သူ​မျှ မ​လု​မ​ယူ။ ကိုယ်​အ​လို​အ​လျောက် ငါ​စွန့်၏။ ကိုယ်​အ​သက်​ကို စွန့်​ရ​သော​အ​ခွင့်​နှင့် နောက်​တ​ဖန် ကိုယ်​အ​သက်​ကို ယူ​ပြန်​ရ​သော​အ​ခွင့်​သည် ငါ၌​ရှိ၏။သခင်ယေရှုသည် ဤကဲ့သို့သော ဩဇာအာဏာတော် ကြီးမားသည့် သခင်မျိုးပါ။ ဘုရားတကာတို့၏ ဘုရား၊ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်ပါ။ မည်သည့်အရာက သင့်ကို ဘုရားပေးသည့် ကယ်တင်ခြင်းအား ပြန်လည်ဆုံးရှုံးနိုင်ပါသည်ဟု လှည့်စားနေပါသေးသနည်း … မိတ်ဆွေ။ အမြဲသတိရပါ … ကယ်တင်ခြင်းကို သင်ကရယူနိုင်သည် မဟုတ်ပါ။ ဘုရားသခင်ဘက်က ပေးခြင်းဖြစ်ပါသည်။ ဘု​ရား​သ​ခင် သ​နား​တော်​မူ​ရာ ဖြစ်​ပါသ​ည်။ (ဧဖက်ဩဝါဒစာ ၂ : )

ဘုရားသခင်သည် ထာဝရအသက်ကို သင်၏ အကျင့်ပေါ်မူတည်၍ ပေးမည် ဆိုပါက သခင်ယေရှုဘုရားသည် ဤလောကသို့ကြွဆင်းလာကာ သင်၏ အပြစ်အတွက် ကိုယ်စားအသေခံစရာပင် လိုအပ်မည် မဟုတ်ပါ (ဂလာတိဩဝါဒစာ ၂ : ၂၁) ထို့အပြင် ဆန့်ကျင်ဘက်မပြုသော နိယာမ” (The Law of Non-contradiction) အရ ထိုကဲ့သို့သော ပြန်လည်ဆုံးရှုံးနိုင်သည့် အသက် မျိုးကို ထာဝရဟူသည့် စကားလုံးဖြင့် လုံးဝ ပူးတွဲအသုံးပြု၍ မရပါ။ တွဲသုံးပါက လုံးဝန်းသော စတုရန်းဟူသည့် စကားစုကဲ့သို့ ပင် အဓိပ္ပါယ် မရှိသည့် စကားစုမျှသာဖြစ်သွားပေလိမ့်မည်။ ဘုရားသခင်သည် သင်၏ ကျင့်ကြံခြင်းအပေါ် မူတည်၍ ကယ်တင်ခြင်းအား ပေးလိုက်၊ ပြန်ရုပ်သိမ်းလိုက် လုပ်မည်ဆိုပါက ယာယီအသက် ဟူ၍သာ သုံးနှုန်းရပေမည်။ သမ္မာကျမ်းစာတခုလုံးတွင် ခရစ်တော်အားဖြင့် ဘုရားပေးသည့် အသက်ကို ထာဝရအသက်ဟုသာ သုံးနှုန်းထားသည်ကို သတိရစေချင်ပါသည်။ ဤသို့ဆိုလျှင် အချို့က သခင့်ကို ယုံကြည်သည် ပြောပြီး မိမိကြိုက်နှစ်သက်သလို နေထိုင်အသက်ရှင်လို့ရသလား။ ဒုစရိုက်ပြုလို့ရသလားဟူ၍မေးကောင်းမေးနိုင်သည်။ စင်စစ် ဆန့်ကျင်ဘက်မပြုသော နိယာမ” (The Law of Non-contradiction) အရ သခင်ဘုရားအားယုံကြည်သူဖြစ်ခြင်းနှင့် ဒုစရိုက်ပြုခြင်းသည် ဆန့်ကျင်ဘက်ဖြစ်နေသည့်အတွက် လုံးဝန်းသော စတုရန်းပုံကို ဆွဲပြနိုင်သလား ဟူသော မေးခွန်းကဲ့သို့ အဓိပ္ပါယ်မရှိသော မေးခွန်းဖြစ်ပါသည်။ သို့သော် ဤအကြောင်းအရာနှင့် ပတ်သက်၍ ကျွန်တော်တို့ ThyLogos တွင် ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလောဟူသည့် ခေါင်းစဉ်ဖြင့် ဆောင်းပါးရှည်တပုဒ်ထွက်ရှိပြီးသားဖြစ်ပါသည်။ ဤအကြောင်းအရာသည် ကျယ်ပြန့်သည့်အတွက် သပ်သပ်ဆေွးနွေးရမည့် အခြားခေါင်းစဉ်တခုဖြစ်သည့်အတွက် ဤဆောင်းပါးတွင် မဆွေးနွေးပါ။

ထို​သိုး​တို့​သည် ပျက်​စီး​ခြင်း​နှင့် အ​စဉ်​မ​ပြတ် ကင်း​လွတ်​ကြ​လိမ့်​မည်။

သခင့်ကို ယုံကြည်သူတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည် ဟူ၍ဖြစ်သည်။ အစဉ်မပြတ် ဟူသည့် စကားလုံးအနှုန်းအသုံးကို အာရုံစိုက်ပေးပါ။ ထိုစကားလုံးသည် ရှေ့က ပြောခဲ့သည့် ထာဝရအသက်နှင့် ဆက်စပ်နေပါသည်။ သခင့်သိုးတို့သည် အဘယ်ကြောင့် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်နိုင်ကြပါသနည်း။ အဘယ့်ကြောင့် ဆိုသော် သခင့်သိုးတို့သည် သခင့်လက်တော်ထဲ၌ လုံခြုံစွာရှိနေသောကြောင့်ဖြစ်ပါသည်။ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​လက်​မှ​မ​နုတ်​မ​ယူ​ရာ။သခင့်လက်တော်ထဲ၌ ရှိနေသည်ဆိုသည့်တချက်တည်းဖြင့်ပင် လုံေလာက်နေပါသည်။ သို့သော် သခင်က ဤသို့ ထပ်၍ အာမခံချက်ပေးထားသေးသည်။ ထို​သိုး​တို့​ကို ငါ​၌​အပ်​ပေး​တော်​မူ​သော ငါ့​ခ​မည်း​တော်​သည် ခပ်​သိမ်း​သော​သူ​တို့​ထက် ကြီး​မြတ်​တော်​မူ​သည်​ဖြစ်၍၊ အ​ဘယ်​သူ​မျှ ထို​သိုး​တို့​ကို ငါ့​ခ​မည်း​တော်၏​လက်​မှ မ​နုတ်​မ​ယူ​နိုင်​ရာ။ ငါ​သည် ငါ့​ခ​မည်း​တော်​နှင့် တ​လုံး​တ​ဝ​တည်း​ဖြစ်​သည်

ခမည်းတော်ဘုရားသခင်၏လက်တော်နှင့် သခင်ယေရှုဘုရား၏ လက်တော်မှ သခင့်သိုးတို့ကို အဘယ်သူမျှ မနုတ်ယူနိုင်ပါဟု သခင်မှ အထပ်ထပ်အာမခံချက်ပေးထားသည်ကို သိပါလျက်နှင့် ကယ်တင်ခြင်းဆုံးရှုံးနိုင်ပါသည်ဟု သင်ယုံကြည်နေလျှင် သို့မဟုတ် သူတပါးအား ကယ်တင်ခြင်းဆံုးရှုံးနိုင်သေးသည်ဟု သွန်သင်နေလျှင် စာရေးသူအနေဖြင့် သင့်အားမေးချင်ပါသည်။ သင်သည် သခင်ယေရှုဘုရားထက် သာ၍ကြီးမြတ်ပါသလော။ သင်သည် ခမည်းတော်ဘုရားသခင်ထက် သာ၍ မြင့်မြတ်ပါသလော။ ဘုရားရှင်၏စကားတော်အား မှောက်လှန်စိန်ခေါ်သောသော သင်ကား၊ အဘယ်သူနည်း။

နိဂုံး

အချုပ်အားဖြင့်ဆိုရသော် ခရစ်ယာန်ယုံကြည်မှုတခုလုံးသည် စင်စစ် သခင်ယေရှုခရစ်တော်ဘုရား၏ နှုတ်တော်ထွက်စကားတော်များနှင့် တမန်တော်ကြီးများတို့၏ သွန်သင်လမ်းပြမှုတို့တွင် အခြေပြုတည်ဆောက်ထားသော ယုံကြည်မှုတခုဖြစ်ပါသည်။ သခင်ယေရှုသည် အသင်းတော်၏ ဦးေခါင်းဖြစ်သည်။ သခင်ယေရှုဘုရားနှင့် တမန်တော်ကြီးများက ကယ်တင်ခြင်းသည် အခြေအနေများပေါ်မူတည်သည့် ခဏတာမျှသာ ဖြစ်သည်ဟု သွန်သင်ခဲ့သလော၊ ထာဝရတည်သည်ဟု သွန်သင်ခဲ့သလော။ ဆောင်းပါးတခုလုံးတွင် ကယ်တင်ခြင်းသည် သခင်ယေရှုဘုရားကို မိမိအသက်တာ၏ ကယ်တင်ရှင်ဘုရားအဖြစ် လက်ခံယုံကြည်သည့်နေ့မှစ၍ ထာဝရအသက်ရရှိပြီး ထာဝရဟူသည့်အတိုင်း မည်သည့်အခါမျှ ပြန်လည်ဆုံးရှုံးတော့မည် မဟုတ်ကြောင်း ေဖာ်ပြခဲ့ပြီးဖြစ်ပါသည်။ သို့သော် အချို့သော ခရစ်ယာန်အမည်ခံ အဖွဲ့အစည်းများက ကယ်တင်ခြင်းသည် မိမိ၏ အကျင့်ပေါ်မူတည်၍ ပြန်လည်ဆုံးရှုံးနိုင်သေးသည်ဟု အဘယ့်ကြောင့်ယုံကြည်နေကြပါသနည်း။ အကြောင်းမှာ ဟေဗြဲဩဝါဒစာ အခန်းကြီး ၆ ရှိအချို့သော ကျမ်းချက်များကြောင့်ဖြစ်ပါသည်။ အချို့ကလည်း ရှင်ယောဟန်ခရစ်ဝင် ၁၅ : ၆ တပုဒ်တည်းကို ကွက်ယူကာ ဆိုလိုရင်းကို နားလည်အောင်မလုပ်တော့ဘဲ ကယ်တင်ခြင်းဆုံးရှုံးနိုင်ကြောင်း ဤကျမ်းစာများက သက်သေခံနေသည်ဟု လွဲမှားစွာသွန်သင်ကြပါသည်။ စင်စစ် သခင်ခရစ်တော်နှင့် တမန်တော်ကြီးများ၏ သွန်သင်ချက်များနှင့် ဆန့်ကျင်သွေဖီသော မည်သည့် ဩဝါဒမျိုးမဆို အယူလွဲဩဝါဒအဖြစ် ကျမ်းစာအရသတ်မှတ်နိုင်ပါသည်(ဂလာတိ ဩဝါဒစာ ၁ : )သင်​တို့​အား​ငါ​ဟော​ပြော​သော ဧ​ဝံ​ဂေ​လိ​တ​ရား​မှ​တ​ပါး အ​ခြား​သော​ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် ဟော​ပြော​သော်​လည်း​ကောင်း၊ ကောင်း​ကင်​ဘုံ​မှ​လာ​သော ကောင်း​ကင်​တ​မန် ဟော​ပြော​သော်​လည်း​ကောင်း၊ ဟော​ပြော​သော​သူ​သည် ကျိန်​တော်​မူ​ခြင်း​ကို​ခံ​စေ။ထို့ကြောင့် အပိုင်း () တွင် ဟေဗြဲဩဝါဒစာ အခန်းကြီး ၆ ၏ နောက်ခံသမိုင်းများနှင့် ကယ်တင်ခြင်းရပြီးသူများလည်း တဖန်ပြန်လည်ဆုံးရှုံးနိုင်သေးသည် ဟု ယုံကြည်ကြသည့်သူများ၏ ခံယူချက်များကို ဆက်လက်လေ့လာကြပါမည်။

ဘု​ရား​သ​ခင်​သည် ငါ​တို့​အား ထာ​ဝ​ရ​အ​သက်​ကို ပေး​တော်​မူ၍၊ ထို​အ​သက်​သည်​လည်း သား​တော်၌​ပါ၏။သား​တော်​ကို​ရ​သော​သူ​သည် အ​သက်​ကို​ရ၏။ ဘု​ရား​သ​ခင်၏​သား​တော်​ကို မ​ရ​သော​သူ​မူ​ကား အ​သက်​ကို​မ​ရ။”

ဆက်စပ်လေ့လာရန်

– “ယုံကြည်ခြင်းအားဖြင့် ငါတို့သည် ပညတ်တရားကို ပယ်ကြသလော” – Thy Logos’ article