Skip to content

အမေရိကား၏ ပြည်နယ်တစ်ခုဖြစ်သော California တွင် “Stop Sign” များစွာတွေ့ရသည်။ ထိုသင်္ကေတ၏ အဓိပ္ပါယ်မှာ ရပ်တန့်ရန်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရပ်ရမည်။ သင်မည်မျှပင် အလျှင်လိုနေစေဦးတော့ ဤ Sign နေရာသို့ ရောက်သည်နှင့် ဘီးလေးဘီးလုံး ရပ်တန့်ရမည်ဖြစ်သကဲ့သို့ သတ်မှတ်မျဥ်းအား မကျော်လွန်ရချေ။ ထိုအမှတ်အသား သင်္ကေတ၏ သတိပေးခြင်းသည် “To Stop, To Watch, and To Go” ပင် …

ရပ်တန့်နေစဥ်အချိန်တွင် ဘေး၊ ဘယ်ညာ သတိထားကာ ကြည့်ရမည်။ ရှေ့တွင် လမ်းကူးသူရှိသလား၊ အခြားကများ ဖြတ်သွားမည်လား စသဖြင့် ကြည့်ရှု သတိပြုပြီးမှသာလျှင် ပြန်လည်ထွက်ခွာရမည်ဖြစ်သည်။ ဤစည်းကမ်းများကို လိုက်နာမည်ဆိုလျှင်ဖြင့် အင်မတန်မှ စိတ်ချရကာ အန္တရာယ်ကင်းရှင်းနိုင်သည်မှာ အသေအချာပင် …

“အကျွန်ုပ် ဝမ်းနည်းခြင်းအားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။”
(ဆာလံကျမ်း ၁၁၉:၂၈)

ကျွန်ုပ်တို့၏ ဘဝတွင်လည်း ကောင်း မကောင်း၊ အဆင်ပြေ မပြေ၊ မသိ နားမလည်သည့်အချိန်၊ ဘယ်လမ်းသို့ သွားရမည် မသိ၊ ဘာကို ရွေးချယ်ရမည် မသိ၊ ဘာလုပ်ရမည် မသိ၊ ဘုရားသခင်၏ အလိုတော်ကို မသိ နားမလည် စသည့် ဒွိဟဖြစ်ခြင်းများစွာတို့နှင့် လွန်ဆွဲနေရသည့် အချိန် အခိုက်အတန့်များစွာ ရှိလာတတ်ပေသည်။ သို့သော်လည်း ဤသို့ လမ်းပျောက်သွားသည့် အခိုက်အတန့်မှာပင်လျှင် ဆာလံဆရာဆိုထားသည့် “နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေရန်” ဘုရားရှင်၏ မစခြင်းသည် ကျွန်ုပ်တို့အယောက်စီတိုင်းအပေါ်သို့ သက်ရောက်ပါစေသော … ကျွန်တော် ကျွန်မ အယောက်တိုင်းသည်လည်း ဆာလံဆရာဆိုသည့်အတိုင်း နှုတ်ကပတ်တော်ကို မျှော်လင့်ကြပါ၏ အဖဘုရား …

ထိုသို့သောအချိန်များတွင် မည်မျှပင် အလျှင်လိုနေစေကာမူ အရာအားလုံးကို ခေတ္တရပ်တန့်ရန်သည် အင်မတန်မှ လိုအပ်ပေသည်။ ထိုသို့ရပ်တန့်ပြီးလျှင် နှုတ်ကပတ်တော်ကိုလည်း ဆင်ခြင်နှလုံးသွင်းကာ ဆုတောင်းခြင်းဖြင့် စောင့်ဆိုင်းရပ်တန့်ခြင်း၊ အရာရာအား ပြန်လည်သုံးသပ်ကာ ဆင်ခြင်ကြည့်ရန်ဖြစ်သည်။ သို့နှင့် အသံတော်ကို နားစွင့်ကာ ဘုရားသခင်နှင့် အတူသွားလာခြင်းပင် …

 “နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏။”
(ဆာလံကျမ်း ၁၁၉:၁၀၅)

ဤသို့ဖြင့် ဦးတည်ရာမရသော ဒွိဟအခြေများမှ နှုတ်ကပတ်တော်အားဖြင့် အကျွန်ုပ်တို့၏ လမ်းခရီးများအား လင်းစေကာ ကျွန်ုပ်တို့၏ ရပ်တန့်ခြင်းသည် အဓိပ္ပါယ်ရှိလာ၍ အန္တရာယ်ကင်းပြီး မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အလိုတော်နှင့်ညီသည့် စောင့်ဆိုင်းရပ်တန့်ခြင်းဖြစ်မည်သာမက ဘုရားသခင်နှင့်သွားလာတတ်သော အသက်တာများလည်းဖြစ်လာချေမည်။ ထို့ကြောင့် အထက်ဖော်ပြပါ ဒွိဟအခြေအနေများ၊ စိတ်ပျက်အားငယ်ခြင်းများ၊ ရွေးချယ်ရခက်သည့်အခြေအနေများ စသဖြင့် ဆင်းရဲဒုက္ခများစွာ ခံစားနေကြရပါစေဦးတော့ “၁၁၉ ခုမြောက်သောဆာလံ အပိုဒ်ငယ် ၁၀၇” အတိုင်း “အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် အလွန်ဆင်းရဲခြင်းကို ခံနေကြရပါသော်လည်း နှုတ်ကပတ်တော်အတိုင်းသာ အသက်ရှင်စေတော်မူပါ” ဟုဆုတောင်းကာ ဆန္ဒပြုရင်း “Stop Sign Theology” တစ်ခုအား တင်ပြဝေမျှလိုက်ပါသည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။