Skip to content

တခါတလေမှာ မြင်နေရတဲ့အရာပေါ်ကို မူတည်ပြီး ဘုရားသခင်အသုံးပြုတယ် မပြုတယ်ကို ဆုံးဖြတ်မိတတ် တွေးထင်မိတတ်ကြတယ်။ မျက်မြင်ရတဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေနဲ့ တိုင်းတာခြင်း၊ အခြေအနေ နေရာဒေသတွေနဲ့ တိုင်းတာခြင်း၊ ပိုင်ဆိုင်မှု ဂုဏ်ဓန ဘာညာတွေနဲ့ တိုင်းတာခြင်းတွေကို အမျိုးမျိုးလုပ်တတ်ပြီး ဒီလိုတွေကမှသာ ဘုရားသခင် အရမ်းအသုံးပြုတာလို့ ထင်မိတတ် ယူဆမိတတ်ကြပြန်တယ်။ မြို့ပြက ဆရာကိုကြည့်ပြီး တောရွာက ဆရာကို မေ့၊ ဟိုဒီလှုပ်ရှားတဲ့ ဆရာကိုမြင်ပြီး ခက်ခဲတဲ့ ဆရာကို မမြင်၊ စင်ပေါ်က ဆရာကိုတွေ့ပြီး လမ်းဘေးက ဆရာကို ပစ်၊ မြင်ချင်ရာ မြင် တွေ့ချင်ရာ တွေ့ရင်း ထင်ချင်ရာထင် တွေးချင်ရာ တွေးလို့ ဘုရားသခင်အသုံးပြုတယ်လို့ ဆိုတတ်ကြပြန်တယ်။ ရှိနေတဲ့နေရာ ရှိနေတဲ့အရပ်ကလည်း ဘုရားသခင်အသုံးပြုရာအရပ်၊ လုပ်နေတဲ့အရာ လုပ်နေတဲ့ အလုပ်ကပင်လျှင် ဘုရားသခင်၏ အစေကို ခံနိုင်သလို ဘုရားသခင်၏ အသုံးတော်ကို ခံနိုင်သည်မှာ … ယောသပ်၏ နာကျင်ခြင်းထဲမှ စကားသံ၊ နေမာန်၏ ကျွန်မလေးထံမှ အရဲစွန့်တင်ပြမှု၊ ဧသတာ၏ အသက်စွန့် လျှောက်လဲချက်၊ ဓမ္မရာဇဝင် စတုတ္ထစောင် အခန်းကြီး ၇ မှ လူနူလေးယောက် စသဖြင့် သူတို့၏ ရှိသည့်နေရာ ရှိသည့်အရပ် ပြောသည့်စကားနှင့် လုပ်သည့် အလုပ်များသည်ပင်လျှင် ဘုရားသခင်၏ အသုံးပြုခြင်းပေတည်း …

ဧဖက်ဩဝါဒစာ ၄:၁၂
သန့်ရှင်းသူတို့ကို ပြင်ဆင်ခြင်းအလိုငှါ၊ ထိုသခင်သည် လူအချို့တို့ကို တမန်တော်အရာ၌၎င်း၊ အချို့ကို ပရောဖက်အရာ၌၎င်း၊ အချို့ကို သာသနာပြုအရာ၌၎င်း၊ အချို့တို့ကို သင်းအုပ်ဆရာ၊ ဆရာအရာ၌၎င်း၊ ခန့်ထားတော်မူ၏။

ထို့ကြောင့် အဓိက နားလည်ဖို့ရန်မှာ … မိတ်ဆွေနဲ့ ကျွန်တော်တို့ရဲ့ မျက်စိနဲ့ မြင်နေရတတ်သည့် “စင်ပေါ်မှာ ထင်ပေါ်တာတွေကိုလည်း ဘုရားသုံးပါတယ်
ဒီလိုပဲ လက်ရှိမှာတော့ မမြင်ရတတ်တဲ့ “နောက်ကွယ်မှာ မှောင်မိုက်နေလို့ ချောင်ကပ်နေပါတယ်ဆိုပြီးလည်း စိတ်မပျက်ပါနဲ့ … ဒါလည်း ဘုရားသုံးပါတယ်
သူ့ နေရာနှင့်သူ၊ သူ့ အငန်းအတာနှင့်သူ၊ သူ့ စေစားချက်အသီးသီးအတိုင်း မိမိတို့၏ စိတ်နှလုံးမှန်ကန်စွာဖြင့် လုပ်ဆောင်ကြရမည်မှာ ကျွန်ုပ်တို့၏ တာဝန်ပင်ဖြစ်သည်။ ဤအကြောင်းမှာလည်း ခရစ်တော်၏ ကိုယ်တည်းဟူသော ယုံကြည်သူ အစုအဝေးဖြစ်သည့် အသင်းတော်အား တည်ဆောက်နေခြင်းပင် မဟုတ်ပါလား …

တရားဟောမှ၊ စင်ပေါ်မှာ ထင်ပေါ်မှ၊ မစ်ရှင်တွေ လုပ်မှ စသဖြင့် တစ်ခုခုကို အကြီးအကျယ်လုပ်ပြမှ ဘုရားသုံးတာ မဟုတ်ဘဲ လက်ရှိကျွန်ုပ်တို့၏ ခက်ခဲရာကာလ၊ ငိုကြွေးရာ အချိန်၊ မှောင်မိုက်ရာအရပ်၊ ခြောက်သွေ့ရာဒေသ၊ တိတ်ဆိတ်ရာ နေရာပင်ဖြစ်လင့်ကစား ရှိနေတဲ့ နေရာလေး တစ်နေရာ၊ ပြောနေတဲ့ စကားလေး တစ်ခွန်း၊ လုပ်နေတဲ့ အလုပ်လေး တစ်ခုသည်ပင်လျှင် အလိုအပိုရယ် မရှိဘဲ “ဘုရားသခင်အတွက် အစေခံခြင်း” ဖြစ်သည်ကို စိတ်နှလုံးထဲမှ သိမှတ်စွဲလန်းရန်သာ လိုအပ်ပေသည်မှာ … “ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်၍ ဓမ္မဆရာ၏အမှုကို ပြုတတ်မည်အကြောင်း” ဟူသည့် ဧဖက်မှ သမ္မာတရားပင်ဖြစ်ကြောင်းကို ဆင်ခြင်နှလုံးသွင်းရင်း …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။