ကျွန်ုပ်တို့ မြင်တွေ့ရလေ့ရှိသော လောကသဘာဝသည် သူတပါးအား မိမိ၏ ကူညီလုပ်ဆောင်ပေးခြင်းတန်ဖိုးကို တွက်ချက်လေ့ရှိသည်။ ချက်ခြင်းလုပ်ဆောင်ပေးခြင်းသည် တန်ဖိုးလျော့သည် တန်ဖိုးကျသည်ဟု ယူဆလေ့ရှိသည်။ လူတစ်ဦး၏ တောင်းဆိုမှုတစ်ခုအား လုပ်ပေးလျှင် ရနိုင်ပါသော်လည်း ချက်ခြင်း မိမိ၏အကူအညီရသွားလျှင် တန်ဖိုးကျသည် သို့တည်းမဟုတ် မိမိအား ဈေးပေါသည်ဟု ထင်မှတ်မည်စိုး၍ (အလုပ်ကိစ္စ၌ဖြစ်စေ၊ အကူအညီ၌ဖြစ်စေ စသဖြင့်) အချိန်ဆွဲလေ့ဆွဲထရှိကြသည်မှာ ဤလောက နိယာမတစ်ခုပင် …
အကူအညီပေးနိုင်ပါလျက် အချိန်ဆွဲခြင်း၊ လုပ်ဆောင်ပေးနိုင်ပါလျက် နောက်ရက်ရွှေ့ခြင်း၊ ချက်ခြင်း လုပ်ဆောင်ကူညီပေးနိုင်သော အခြေအနေ၊ အနေအထားများ ရှိနေပါသော်လည်း ခဏရွှေ့ကာ နောက်နေ့၊ နောက်ချိန် စသဖြင့် ရွှေ့ဆိုင်းလေ့ရှိခြင်းသည်မှာလည်း ဤလောက၏ သင်ကြားနည်းတစ်ခုပင် မဟုတ်ပါလား …
ထိုနည်းတူ မိမိ၏ လုပ်ဆောင်ပေးခြင်းသည် တန်ဖိုးကျခြင်း၊ ချက်ခြင်းလုပ်ပေးလျှင် ဈေးပေါခြင်း၊ အခြားသူမှ မိမိအား တန်ဖိုးမထားခြင်း အပါအဝင် မိမိမရှိလျှင် မဖြစ်၊ ငါမလုပ်ပေးလျှင် မရဆိုသည့် ဈေးကိုင်ခြင်းနှင့် ရွှေ့ဆိုင်းတတ်ကြခြင်းမှာလည်း ဤလောက၏ သင်ရိုးတစ်ပုဒ်ပင် …
သုတ္တံကျမ်း ၃:၂၈
အိမ်နီးချင်းကို ပေးစရာရှိလျက်ပင်၊ သွားတော့။ တစ်ဖန် လာဦးတော့။ နက်ဖြန်မှ ငါပေးမည်ဟု မပြောနှင့်။
သို့သော် မည်သို့ပင်ဆိုစေကာမူ သုတ္တံဆရာ၏ လမ်းညွှန်ချက်သည် “Benevolence” ဟူသော ကရုဏာ၊ စေတနာကို အဓိကထား၍ဆိုထားသည်ကို တွေ့ရသည်။ သင်နှင့်ကျွန်ုပ်တို့သည် တခါတရံ၌ “ငါ” ဟူသည့် လုပ်ဆောင်နိုင်ခြင်းနှင့် လုပ်ပေးနိုင်ခြင်း၊ တတ်နိုင်ခြင်းအပေါ်၌ ဈေးကိုင်ကာ နေ့ည ရွှေ့ဆိုင်း၍ သူတပါးအား အချိန်ဆွဲလေ့ရှိသူများလား … ယနေ့ ပြန်လည် ဆင်ခြင်ကြရအောင်လား။
သင်နှင့်ကျွန်ုပ်သည် ကူညီပေးနိုင်လျက်၊ လုပ်ဆောင်ပေးနိုင်လျက် အဆင်လည်းပြေနေပါလျက်နှင့် နေ့ညဥ့် အချိန်ယူရွှေ့ဆိုင်းသည့် အလုပ်မျိုးကို မလုပ်ကြဘဲ စေတနာ အရင်းခံကာ လုပ်ဆောင်ပေးသူဖြစ်စေရန်သည် ဤလောက၏ သင်ရိုးညွှန်းတန်းတစ်ခု မဟုတ်သော်လည်း နှုတ်ကပတ်တော်လာ သုတ္တံကျမ်း၏ နည်းဥပဒေသတစ်ခုပင်ဖြစ်သောကြောင့် အဆင်မပြေသည့်အချိန်၊ လုပ်ဆောင်ပေးရန် ခက်ခဲသည့်အဖြစ်၊ မည်သို့မျှ မဖြစ်နိုင်သည့် ငြင်းဆိုရမည့်အချိန်မျိုးမှ လွဲ၍ မိမိအတွက် အဆင်ပြေစွာ ကူညီပေးနိုင်သည့် “မိမိသည် လုပ်ဆောင်ပေးရမည့် နေရာ၌ ရှိလျှင် မရွှေ့ဆိုင်းကြစို့နဲ့ရယ်” …
ဤဆောင်းပါးအား ရေးနေရင်းဖြင့် သူတပါးအား ဦးစားပေးရန်၊ စာနာတတ်ရန်၊ စေတနာထား၍ ကူညီပေးတတ်ရန် သုတ္တံဆရာ၏ ဆိုရိုးအတိုင်း သွန်သင်ပေးခဲ့သော အဖဘုရား၏ ရင်ခွင်၌ အိပ်စက်အနားယူနေသူ မိမိ၏ အဖွားဖြစ်သူကိုပင် သတိရမိပါတော့သည်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။
