Skip to content

မာန်မာနနှင့်ယစ်မူးတယ်ဆိုတာဟာ ကိုယ့်ကိုကိုယ်အထင်ကြီးခြင်း လို့နားလည်ရပါတယ်။ ဘဝင်မြင့်တယ်၊ မာနကြီးတယ်ဆိုတာမျိုးက အခြားသူကိုကြည့်ခြင်းထက် ကိုယ့်ကိုယ်ကိုသာ ဗဟိုပြုတတ်သူလို့ဆိုရင်လည်း မမှားပါဘူး။ ကိုယ်ဘာလုပ်နိုင်တယ်၊ ကိုယ်ကဘယ်လိုအနေအထားရှိသလဲဆိုတာကို အားပြုအားယူကာ နှစ်ထောင်းအားရစွာဖြင့် စိတ်ကြီးဝင်တတ်တဲ့သဘောပါပဲ။ နောင်ကာလတည်းဟူသော ခဲယဉ်းသောအချိန်ကာလမှာ ဒီလိုမျိုးအသက်ရှင်ခြင်းကိုနှစ်သက်လာသူတွေများပြားလာပါတယ်။

ဖိလိပ္ပိဩဝါဒစာ ၂း၃
“ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော စိတ်ရှိ၍ တစ်ယောက်ကိုတစ်ယောက် ထင်မှတ်ကြလော့။”

လူတယောက်ဟာ ဘာဖြစ်လို့ မနှိမ့်ချနိုင်လဲဆိုရင် အဖြေကရှင်းပါတယ်။ ကိုယ့်ကိုယ်အထင်ကြီးတတ်ခြင်းဆိုတဲ့ မာနနှင့်ယစ်မူးနေလို့ပါပဲ။ ဒီကနေ့ ယုံကြည်သူခရစ်ယာန်များစွာလည်း မာန၌ယစ်မူးနေကြတာကိုပြန်လည်သတိပြုသင့်ပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် မှန်တဲ့အရာကိုတောင် မာနကြောင့်မှားတယ်လုပ်လာကြတာတွေမျိုးပေါ့။ အထူးသဖြင့် ရှင်းလင်းပြတ်သားတဲ့ ဘုရားရဲ့နှုတ်တော်ထွက်စကားကိုတောင်မှ ကိုယ့်ရဲ့မနှိမ့်ချတတ်တဲ့ မာနနှင့်ယစ်မူးကာ ဘဝင်မြင့်စိတ်ကြောင့် မှောက်လှန်သော တရားတွေအဖြစ်ဟောပြောလိုက်တာမျိုးတွေတောင်ရှိလာတတ်ကြပါတယ်။ ဒီလိုအဖြစ်မျိုးက အင်မတန်မှကြောက်စရာကောင်းပါတယ်။ ထိုသို့သောတရားဟောချက်တွေကို အာမင်များ မထူးခင်၊ ဟောပြောသူရဲ့စိတ်နေသဘောထားနှင့်အသက်တာ၊ ဟောပြောနေသောဒေသနာရဲ့အချက်အခြာသည် နှုတ်ကပတ်တော်နှင့်ညီသည်၊ မညီသည်ကို ဦးစွာစစ်ဆေးလိုက်ခြင်းက ကိုယ်တိုင်နှင့်ထိုဟောပြောနေသူကို အထင်ကြီးပြီးဘဝင်မြင့်စိတ်ဖြစ်သွားခြင်းထက် နှုတ်ကပတ်တော်၏ကောင်းမြတ်စုံလင်လှပခြင်းကိုသာ ချီးမွမ်း၍ဝမ်းမြောက်စေနိုင်မည်ဖြစ်သည်။ ထိုမှသာ နှုတ်ကပတ်တော်၏အချက်ချာတည်းဟူသော သခင့်ကိုချီးမြောက်ခြင်းအရာ၌သာ၍တိုးပွါးလာမည်ဖြစ်သည်။ ထို့အတူ အခြားသောယုံကြည်သူများကိုလည်း သခင်ဘုရားရှေ့၌တန်းတူညီသော စိတ်သဘောနှင့်လေးစားစွာဆက်ဆံနိုင်မည်လည်းဖြစ်သည်။

ဂလာတိဩဝါဒစာ ၅း၂၆
“အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်း ချုပ်ချယ်နှောင့်ယှက်ခြင်း၊ အချင်းချင်း ငြူစူခြင်းတို့ကို ရှောင်၍နေကြကုန်အံ့။”

ဒါကြောင့် ကိုယ့်ကိုကိုယ်အထင်ကြီးဘဝင်မမြင့်လာတတ်ဖို့ ရှောင်တတ်ပါစေ။ ထိုသို့သောအရာတွေကို အသက်တာမှာ အုပ်စိုးနေရာယူဖို့ အခွင့်မပေးလိုက်ပါနှင့်။ ထိုသို့သောအရာများက အသက်တာထဲကို လောကနှင့်လောကသားများကြောင့်တင်မကဘဲ ထောင်လွှားတတ်သော ယုံကြည်သူချင်းထဲမှလည်း လာတတ်ပေသောကြောင့် သတိပြုပါလေ။ ချစ်သောညီကိုမောင်နှမတို့ ကျွန်ုပ်တို့တတွေ ကိုယ့်ရဲ့အသက်တာကို အမြဲစစ်ဆေးဖို့ရာလိုအပ်ပါတယ်။ သို့တည်းမဟုတ်ဘဲ နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ လောကသားတွေနည်းတူ၊ လောကသားတွေထက်ပင်ပို၍ မာနထောင်လွှားသော အသက်တာဖြင့်အသက်မရှင်မိဖို့ရာ နှိမ့်ချခြင်း၌မွေ့လျော်နေပါမည်အကြောင်း

ကောရိန္သုဩဝါဒစာ ပဌမစောင် ၈း၂
“အကြင်သူသည်၊ ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်းမသိသေး။”

ကောရိန္သုဩဝါဒစာ ပဌမစောင် ၁ဝး၁၂
“ထိုကြောင့် အကြင်သူသည် မိမိတည်ကြည်လျက်နေသည်ဟု မိမိထင်မှတ်၏။ ထိုသူသည် မလဲခြင်းငှာ သတိပြုစေ။”

မေတ္တာဖြင့်