Skip to content

ကိုမျိုးကြီး၏ “3AM” သီချင်းအား နားထောင်တိုင်း နားထောင်တိုင်းတွင် စာသားတစ်ခုကို အမြဲတမ်းလိုလို မတင်မကျနှင့် နားမလည်သလိုလို နားလည်သလိုလိုနှင့်သာ နားထောင်ခဲ့သည်မှာ အကြိမ်ကြိမ် … “တမှေးမှ မရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” ဆိုသော နေရာရောက်တိုင်းရောက်တိုင်း “မိန်းမမရတဲ့ ငါ့ရဲ့ညတွေ ကုန်လွန်ခဲ့ပြီ” လို့သာကြားကြားမိခဲ့လေရဲ့ … ဒီနေ့ အဲဒီနေရာအရောက်မှာတော့ သေချာလေးသတိထားနားထောင်မိကာမှ စာသားအမှန်ကို သိခဲ့ရလေသည်။ ဤသို့ နားစွန်နားဖျားမှတဆင့် နားထောင်ခြင်း၏ အရေးပါခြင်းကို ထပ်လောင်းသင်ယူရင်း ပဋိပက္ခ၏ မြစ်ဖျားခံရာလည်းဖြစ်ကြောင်းကိုပါ ထပ်လောင်း ဝေမျှလိုက်ပါသည်။

တခါတရံတွင် နားထောင်တော့ နားထောင်နေတာပဲ၊ ဆိုလိုရင်း လွဲနေခြင်း၊ နားထောင်နေတာပဲ ကိုယ်ထင်ရာကို တွေးယူခြင်း၊ နားထောင်နေတာပဲ နားစွန်နားဖျားနှင့် ထင်ရာဖြည့်စွက်လိုက်ခြင်း၊ နားထောင်နေတာပဲ ကိုယ်လိုရာကို ဆွဲလိုက်ကြခြင်း၊ နားထောင်ပါတယ် ကိုယ့်အထင် ကိုယ့်အမြင်တွေနဲ့ ဖြည့်လိုက်ကြသော အခိုက်အတန့်၊  မိမိ၏အဓိပ္ပါယ်ဖွင့်ဆိုမှုပေါင်းများစွာအား ထည့်ပေါင်းလိုက်ကြသည့် အခိုက်အတန့်ပေါင်းများစွာတို့သည် ကျွန်တော်တို့အယောက်စီတိုင်း၌ ရှိတတ်ကြပေသည်။ ထိုကဲ့သို့ သာမန်ကာလျှံကာ နားထောင်ခြင်းသည် ပြဿနာ၏ အရင်းအမြစ်တစ်ခုလည်း ဖြစ်တည်လာတတ်သကဲ့သို့၊ တဖက်လူအတွက်လည်း မည်သို့မျှ အဆင်ပြေစရာ မရှိသည်မှာတော့ အမှန်ပါ။

ဤသို့မဆင်မခြင်နားထောင်ရင်း ကိုယ်ထင်ရာနှင့် ကိုယ့်စိတ်သဘောထား၊ မိမိ၏အဓိပ္ပါယ်ဖွင့်ဆိုချက်များ ရောနှောထည့်လိုက်ခြင်းကြောင့်လည်း ပဋိပက္ခများစွာ ကြီးထွားလာတတ်စေသည်မှာလည်း အမှန်ပင် … ထို့ကြောင့်လည်း ရှင်ယာကုပ်သည် နားကြားတတ်ပါစေဟု သတိပေးခဲ့သည်မဟုတ်ပါလား။ ချစ်မိတ်ဆွေ … ကျွန်ုပ်တို့အတွက်တော့ စကားပြောခြင်းထက် နားကြားခြင်းသည် သာ၍ လျှင်မြန်ဖို့အရေးကြီးသည်။

နားထောင်ခြင်းတိုင်း၌ ကိုယ်ကြားချင်ရာကြားခြင်းထက် သူတပါး၏ ဆိုလိုရင်း၊ ခံစားချက်၊ အခြေအနေတို့ကို ကြားဖို့သာ … ကျွန်ုပ်တို့၏အဓိပ္ပါယ်ဖွင့်ဆိုခြင်းထက် သူတပါး၏ ဆိုလိုရင်းသည် ဘာဆိုတာကိုသာ ကြားတတ်စေဖို့သည် ပဋိပက္ခတစ်ခုအား ဖြေရှင်းရာ၌ဖြစ်စေ၊ ဆွေးနွေးတိုင်ပင်ခြင်း၊ နားထောင်ပေးခြင်းတွင်ဖြစ်စေ၊ အခြားမည်သည့် နယ်ပယ်မျိုးတွင်ပင်မဆို အင်မတန်မှအရေးကြီးပေတော့သည်။

ရှင်ယာကုပ် ဩဝါဒစာ ၁:၁၉
“သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။”

ဘုရားရှင်ဆက်လက်စကားပြောပါစေ။