Skip to content

ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ

ကာမဂုဏ်ရဲ့ အဓိပ္ပါယ်ကို လေ့လာကြည့်တဲ့အခါ စွဲလမ်းတပ်မက်ဖွယ်အာရုံ လို့တွေ့ရပါတယ်။ နောင်ကာလဆိုတဲ့ ခဲယဉ်းတဲ့ကာလမှာ ကာမဂုဏ်ခံစားခြင်းကိုနှစ်သက်သူတွေသာ များလာမယ်ဆိုတဲ့ သတိပေးချက်ဟာ တကယ်လည်း ပြည့်စုံလာပါတယ်။ စွဲလမ်းတပ်မက်ဖွယ်အာရုံ ကိုအသားပေးတဲ့ ဆွဲဆောင်မှုတွေနောက်ကိုသာ တမ်းတမ်းစွဲ လိုက်ကာ၊ နှစ်သက်ချစ်မြတ်နိုးလာကြပြီး၊ ထာဝရနှင့်ဆိုင်သောအရာများကိုတော့ တခါတလေ အပျင်းပြေ စိတ်ပြေလက်ပျောက်လုပ်ဆောင်သလိုမျိုးအနေအထားများနှင့်သာ နေရာပေးထားတတ်ကြသည်။ ဒါကြောင့် နှုတ်နှင့်သာဘုရားရှင်ကို နှစ်သက်သူများဖြစ်နေပြီလားဆိုတာကို သတိပြုဆင်ခြင်ကြည့်ကြရအောင်။

‭‭ရှင်ယောဟန်ဩဝါဒစာပထမစောင် ၄း၁၉
“ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို​ရှေ့​ဦး​စွာ ချစ်​တော်​မူ​သော​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်​ကို​ချစ်​ကြ၏။”

ဘယ်ကာမဂုဏ်ခံစားစရာတခုကမျှ ကျွန်ုပ်တို့ကို မချစ်ပါ။ သို့သော် ထိုကာမဂုဏ်ခံစားရာတို့ကို ကျွန်ုပ်တို့ချစ်နှစ်သက်ကြသည်။ စဉ်းစားကြည့်ပါ ကျွန်ုပ်တို့နှစ်သက်သောအရာတို့အတွက် ကျွန်ုပ်တို့တတွေ ကြိုးစားရှာဖွေ၊ အပတ်တကုတ်လုပ်ဆောင်တဲ့အခါ တက်မက်လိုချင်သောစိတ်လုံးဝမပါဘူးလို့ ပြောနိုင်ပါသလား။

“ကိုယ်တော့်ကိုပဲ လိုတယ်၊ ကိုယ်တော့်ပဲ ကိုချစ်တယ်” ဆိုတဲ့ ကျွန်ုပ်တို့မြွက်ဆိုတဲ့စကားလုံးတိုင်းက ဘုရားရှင်ကိုချစ်နှစ်သက်ခြင်း၊ ဘုရားရှင်ကိုပဲလုံးဝလိုချင်တက်မက်ခြင်းများ တကယ်ပဲ ဟုတ်ပါရဲ့လား။

ဘုရားသခင်ကတော့ ကျွန်ုပ်တို့ကိုရှေ့ဦးစွာချစ်ပါတယ်။ “ခဏနေမှ၊ နောက်မှ၊ အေးဆေးမှ ချစ်မယ်နော်” မဟုတ်ပါ။ ထိုသို့ ချစ်ခြင်းမေတ္တာရှင်ရဲ့ ချစ်ခြင်းကို ဦးစွာခံနေရလျက်ပင် သခင့်နာမတော်ကို နှုတ်ကခေါ်နေသော်လည်း စိတ်နှလုံးက ကျော်ခွကာ ကာမဂုဏ်ကိုချစ်မြတ်နိုးနေခြင်းက ဟန်ဆောင်ခြင်းမည်သည် မဟုတ်လော။ ကိုယ့်ကိုချစ်သောသူရဲ့နာမတော်ကိုမချစ်ဘဲ ကိုယ့်ကိုမချစ်သောအရာတို့ကို ပိုပြီးချစ်နေခြင်းကဖြစ်သင့်သလော။ ဆင်ခြင်ကြည့်ပါ ဒီကနေ့ကာလမှာ ကျွန်ုပ်တို့တတွေ ဘုရားကိုတကယ်မချစ်ကြပါဘူး။ ကိုယ့်ကိုယ်ကိုချစ်သောကြောင့်သာ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းထက် “ထိုအရာ”တွေကိုပိုပြီးနှစ်သက်ကာ ရှာနေကြတာကများလာပါသည်။ တရားဟောချက်များစွာဟာလည်း ကိုယ့်ရဲ့သွေးသားတောင့်တခြင်းများကိုသာ တင်းတိမ်စေမည့် လောဘနှင့်ယှဉ်သောတိုက်တွန်းမှုမျိုးတွေသာ များလာခြင်းကြောင့် ဘုရားရှင်၏ချစ်ခြင်းနှင့်ဘုရားရှင်ကိုချစ်ခြင်းများက လောကသားတွေအတွက် အပေါစားဆန်သယောင်ဖြစ်စေကုန်ကြသည်။ နှုတ်ကပတ်တော်ကိုမှောက်လှန်ခြင်းလို့ဆိုတဲ့အခါမှာ ချစ်တော်မူသောဘုရား၏နာမတော်အားဖြင့်ဆိုပြီး လောဘလွန်ကျုးခြင်းသဘောတွေကိုသာပြွတ်သိပ်ပြီး ထည့်ပေးလိုက်ခြင်းက သခင့်အပေါ်မှာ သာဓုသစ္စာရှိခြင်းကိုဖြစ်လာစေမှာ မဟုတ်ပါဘူး။ ဟောပြောနေတဲ့သူအပေါ်၌သာ ရှိသွားစေမှာပါ။ ကျွန်ုပ်တို့ကိုရှေ့ဦးစွာချစ်သောဘုရားသခင်နှင့်သူ့ရဲ့ချစ်ခြင်းက ကျွန်ုပ်တို့တတွေစွဲလမ်းတပ်မက် ခံစားချင်တဲ့အရာတွေထက် ပိုပြီးအလေးသာ၊ ကြီးမြတ်၊ ကောင်းမြတ်စုံလင်တာကို မမေ့လိုက်ပါနှင့်။

ဒီကနေ့ ခရစ်ယာန်တော်တော်များများ ပြောတတ်ကြသည့်စကားလုံးက “ဆာငတ်” ခြင်းဆိုတဲ့စကားလုံးပါပဲ။ ဆာတယ် ငတ်တယ်ဆိုတာကိုခွဲခြမ်းကြည့်ရင် အစာတခုကိုလိုလားတောင့်တတယ်၊ မွတ်သိပ်တယ် ဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။ ဘုရားကိုဆာငတ်တယ်လို့ တဖွဖွတောင့်တသံတွေကို (အထူးသဖြင့်) ဒီနေ့ခေတ်နှင့်လူငယ်တွေ ပါးစပ်ဖျားမှာကြားနေရပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာက ခံစားချက်ပေါ်မူတည်ပြီးတော့သာ ဆာငတ်ကြတာများပါတယ်။ ဝတ်ပြုခြင်းအစီအစဉ်တွေနဲ့ သီချင်းသံတွေကြားမှာသာ စီးမြောတောင့်တခြင်းကသာပိုထင်ရှားပြီး၊ အခြားအချိန်တွေမှာတော့ အချိန်ပြည့်လောကနှင့်ဆိုင်တဲ့အရာတွေကိုဆာငတ်တောင့်တကာ ဘုရားရှင်ခမျာမစပေးဖို့သက်သက်ရှိနေခိုင်းသည့် အစေခံသာသာမျိုးဖြစ်လာကုန်ကြသည်။ ကျွန်ုပ်တို့တတွေဘုရားကိုချစ်တယ်၊ တောင့်တဆာငတ်တယ်ဆိုတဲ့အခါမှာ နှုတ်သက်သက်ကြီးဖြင့် လူတွေအထင်ကြီးစေမယ့်ပုံစံမျိုး၊ အပြောအဆိုအသုံးအနှုန်းမျိုးတွေရှောင်ကြဉ်ပြီး အမှန်အကန်အသက်ရှင်တတ်ဖို့ကပိုအရေးကြီးပါတယ်။

အပြောကောင်းတဲ့နောက်လိုက်တွေထက်၊ အသက်ရှင်မှုမှန်ကန်တဲ့အသက်တာကို ဘုရားရှင်ပိုနှစ်သက်တော်မူပါတယ်။

ဒီကနေ့လောကကြီးကတော့ ယုံကြည်သူခရစ်ယာန်ဆိုတာဘာလဲဆိုတာကို သူတို့ရဲ့လောကီစံနှုန်းတွေနှင့်တိုင်းတာတတ်တယ်ဆိုတာကို မမေ့ပါနှင့်။ သူတို့စံနှုန်းနှင့်ကိုက်ညီစွာ အသက်ရှင်နေမိပြီဆိုရင် ကိုယ့်ကိုကိုယ်သတိပြုပါလေ။ ဘုရားရှင်ကိုသိကျွမ်းစေပြီး နှစ်သက်မြတ်နိုးစေလာနိုင်သည့်အရာမှာ သမ္မာကျမ်းစာမှလွဲ၍ မည့်သည့်အရာမျှမရှိပါ။ ခရစ်ယာန်အမည်ခံပြီး လူရဲ့ကာမဂုဏ်ခံစားလိုစိတ်၊ တပ်မက်စိတ်၊ အလွဲအောင်မြင်ခြင်းတွေကို ဦးတည်စေသော နှုတ်ကပတ်တော်ကိုလိုရာဆွဲအနက်ဖွင့်သွန်သင်သော စာအုပ်စာပေများကိုရှောင်ရှားနိုင်ဖို့ရာ အထက်မှပညာရှိပါလေစေ။

ဒါကြောင့် ဘုရားရှင်ကိုအရာခပ်သိမ်းတို့ထက်နှစ်သက်နေသလော သို့တည်းမဟုတ် လောကအရာတို့ကိုနှစ်သက်သောကြောင့် ဘုရားရှင်ကိုအသုံးပြု၊ အသုံးချနေသလော ဆိုတာကို ဆင်ခြင်နိုင်မည်အကြောင်းနှိုးဆော်ရင်း

မေတ္တာဖြင့်