Skip to content

ဘုရားဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်သောသူ

“သိုးရေခြုံတဲ့ဝံပုလွေ”၊ “ဒေါင်းယောင်ဆောင်တဲ့ကျီး” စသည်ဖြင့် စကားအသုံးအနှုန်းတွေကိုကြားဖူးကြပါလိမ့်မယ်။ ထိုစကားတွေက လူတယောက်ဟာ မှန်ကန်တဲ့ပုံသွင်နဲ့ရှိနေတယ်လို့ထင်မြင်ရပေမယ့် တကယ်တမ်းကျတော့ သူ့အကျိုးအတွက် ထိုဟန်အမှန်နဲ့ဖုံးကွယ်ထားသည့်သဘောပင်။ ဝိညာဉ်ရေးရာမှာလည်း ထိုသို့သဘောမျိုးနဲ့လူများရှိပေသည်။ နောင်ကာလတည်းဟူသော ဤခဲယဉ်းသောကာလ၌ သင်နှင့်ကျွန်ုပ်အထူးသတိပြုဖို့ရာလိုအပ်ပေသည်။

“ခြား​နား​သော​ဩ​ဝါ​ဒ​ကို သင်​ပေး၍၊ ငါ​တို့​သ​ခင် ယေ​ရှု​ခ​ရစ်၏​စ​ကား​တည်း​ဟူ​သော စင်​ကြယ်​သော စ​ကား​ကို​လည်း​ကောင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့်​အ​ညီ ဖြစ်​သော ဩ​ဝါ​ဒ​ကို​လည်း​ကောင်း ဝန်​မ​ခံ​သော​သူ​မည်​သည်​ကား၊- မာ​န​နှင့်​ယစ်​မူး၍ အ​လျှင်း​နား​မ​လည်​ဘဲ၊ ပု​စ္ဆာ​အ​မေး​ကို ဆွေး​နွေး၍ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​သော​အား​ဖြင့် စိတ်​ပေါ့​သော​သူ​ဖြစ်၏။ ထို​သို့​ပြု​လျှင်၊ ငြူ​စူ​ခြင်း၊ ရန်​တွေ့​ခြင်း၊ သူ့​အ​သ​ရေ​ကို​ရှုတ်​ချ​ခြင်း၊ မ​နာ​လို​သော ကြံ​စည်​ခြင်း၊- စိတ်​နှ​လုံး​ယို​ယွင်း၍၊ သ​မ္မာ​တ​ရား​နှင့်​ကင်း​သော သူ​တို့၏ အ​ချည်း​နှီး​ဆွေး​နွေး​ခြင်း ဖြစ်​တတ်၏။ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ဟု သူ​တို့​သည် စိတ်​ထင်​ကြ၏။ ထို​သို့​သော​သူ​တို့​ကို ရှောင်​လော့။”
‭‭၁ တိမောသေ‬ ‭၆း၃-၅

ဘုရားကိုအားကိုးရင် အကျိုးထူးမယ်ဆိုတာ လူတိုင်းရဲ့စိတ်နှလုံးထဲမှာရှိနေကြမှာပါ။ ဘုရားတရားကိုင်းရှိုင်းရင် ဘုရားက ငါ့ကိုကောင်းကြီးပေးမယ်၊ ကြွယ်ဝစေမယ်၊ ကျေးဇူးပြုမယ် စသည်ဖြင့် အတွေး၊ ခံယူချက်များလည်း ရှိတတ်ကြမှာပါပဲ။ ဘုရားတရားကိုင်းရှိုင်းရင် တနည်း ဘုရားဝတ်၌မွေ့လျော်အသက်ရှင်ရင် အကျိုးစီးပွါးဖြစ်မယ် အထင်နဲ့ ကိုယ့်အကျိုးကိုရှေ့တန်းတင်သော မွေ့လျော်ခြင်းမျိုးကတော့ အဓိပ္ပါယ်မရှိပါ။ သခင်ယေရှုခရစ်တော်၏စင်ကြယ်သောဩဝါဒစကားများထက် ခြားနားသောဩဝါဒတွေကို ဒီကနေ့ သင်ပေးနေခြင်းက ကြားကာနာယူသူတို့အသက်တာအတွက် အင်မတန်မှအန္တရာယ်များလှပါတယ်။ ဘာကြောင့်လဲဆိုရင် ယေရှုခရစ်တော်၏စင်ကြယ်သောဩဝါဒစကားနှင့် ဆန့်ကျင်ဖက်သွန်သင်လိုက်ပြီဆိုကတည်းက အဆိပ်အတောက်ထက်မပိုတဲ့အရာဖြစ်သွားပြီဆိုတာပါပဲ။ ဒါကြောင့် ဒီကနေ့ယုံကြည်သူများရဲ့အသက်တာကိုဆင်ခြင်ကြည့်ရင် ဘုရားဝတ်၌မွေ့လျော်ခြင်းအကျိုးစစ်ထက် အပြင်သဏ္ဠာန်ရိုသေအထင်ကြီးစရာကိုသာ ပို၍အလေးသာနေတတ်ကြသည်။ မိုးမမြင်လေမမြင် သွေးနားထင် ရောက်နေသည့် အသက်တာ(စိတ်ပေါ့သောသူ) လို့ဆိုရရင် လွန်မည်ဟုမထင်ပါ။ ထိုသို့သောသူတို့ကို ရှောင်ပါ။ သမ္မာကျမ်းစာမှာ သတိပေးထားလျက်နှင့် သင်မရှောင်ရင် သင်လည်းထိုသို့သူတို့နှင့်ထူးမခြားနားပါပဲ။ ဘုရားရှင်ထက် သဘောထားပိုကြီးသူတွေမဖြစ်ချင်ပါနှင့်။ ဒါကြောင့် ကျွန်ုပ်တို့တတွေရဲ့ထာဝရဘုရားကို ကိုးကွယ်မွေ့လျော်ခြင်းက အပေါ်ယံသက်သက်၊ အရေခြုံသဘောမျိုးပဲရှိပြီး ထိုမွေ့လျော်ခြင်း၌ရှိသောတန်ခိုးပါမလာဘူး၊ ထိုတန်ခိုးရှိမှန်းလည်းမသိ စိတ်မဝင်စားကာနေမယ်ဆိုရင်တော့ အသက်တာကိုဆန်းစစ်သင့်ပေပြီ။

“ရောင့်​ရဲ​သော​စိတ်​ပါ​လျှင်၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​သည် ကြီး​စွာ​သော အ​ကျိုး​စီး​ပွား​မှန်၏။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သည် ဤ​လော​က​ထဲ​သို့ အ​ဘယ်​အ​ရာ​မျှ​မ​ပါ​ဘဲ လာ​သည်​ဖြစ်၍၊ ထွက်​သွား​လျှင်​လည်း၊ အ​ဘယ်​အ​ရာ​ကို​မျှ ယူ၍ မ​သွား​နိုင်​ဟု ထင်​ရှား​လျက်​ရှိ၏။-”
‭‭၁ တိမောသေ‬ ‭၆း၆-၇

လူရယ်လို့ဖြစ်လာချိန်မှာ ဘာမှသယ်ယူမလာသလို၊ အချိန်ကုန်ဆုံးလို့ပြန်လည်ထွက်သွားချိန်မှာလည်း ဘာဆိုဘာမှယူမသွားနိုင်ပါဘူး။ သို့သော်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်းဟာ ရောင့်ရဲတဲ့စိတ်ပါမည်ဆိုလျှင် သေလွန်သည်ဖြစ်စေ အသက်ရှင်သည်ဖြစ်စေ အကျိုးကြီးလှပါတယ်။ ချစ်သောညီကိုမောင်နှမတို့အနေဖြင့် ဘယ်လိုအသင်းတော်မှာ၊ ဘယ်လိုမိဿဟာယမှာ၊ ဘယ်လိုပုံစံ၊ ဘယ်လိုအခန်းကဏ္ဠကနေဆက်ကပ်ပါဝင်နေပါစေ ရောင့်ရဲခြင်းပါတဲ့ဘုရားဝတ်၌မွေ့လျော်ခြင်းသဘောပါမလာဘူးဆိုရင်အချည်းအနှီးပါပဲ။ ဘုရားဝတ်၌မွေ့လျော်ပြီဆိုကတည်းက မွေ့လျော်ခြင်းတန်ခိုးကပါကိုပါရမှာပါ။ ချိန်းကြိုးမပါတဲ့ စက်ဘီးတစ်စီး၊ အင်ဂျင်မပါတဲ့ကားတစ်စီး ကိုမြင်ယောင်ကြည့်လိုက်ပါ။ တွန်းလို့တော့ရပါလိမ့်မယ် မောင်းနှင်လို့တော့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်ခြင်းဆိုတာ ကိုယ့်ကိုကိုယ်မဆန်းစစ်ခြင်းပါပဲ။ နောက်ပြီးဘုရားရှင်ကို သာမန်ကာလျှံကာ ကိုးကွယ်လိုက်ခြင်းမျိုးလည်းမဟုတ်ပေဘူးလား။ ဘုရားရှင်အလိုရှိတဲ့ ဘုရားဝတ်၌မွေ့လျော်ခြင်းက ဘုရားရှင်နှင့်စကားတော်ကို စိတ်ချခြင်း၊ ရောင့်ရဲခြင်းရှိခြင်းပေတည်း။ ထိုသို့စိတ်ချခြင်းက မွေ့လျော်ခြင်းအကျိုး၊ တန်ခိုးမဟုတ်ပေဘူးလား။

“ယေရှုခရစ်၏ တရားတော်နှင့်အညီ၊ ဘုရားဝတ်၌ မွေ့လျော်၍ နေခြင်းငှာ အလိုရှိသောသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းကို ခံရကြလိမ့်မည်။”
တိမောသေဩဝါဒစာ ဒုတိယစောင် ၃း၁၂

တခါတရံမှာ ဒုက္ခဆင်းရဲများက လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုများစွာကျသွားစေတတ်ပါတယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တော့လောက်အောင် ဖြစ်သွားတာမျိုး အခြေအနေအထိပင်ဖြစ်တတ်ပါသေးတယ်။ ထူးခြားချက်တခုက ထိုသို့အကျပ်အတည်းအခြေအနေ၊ အဆိုးအဝါးဆုံးပုံစံမျိုးကနေ မြဲမြံခိုင်မာတဲ့စိတ်သဘောကိုဖြစ်စေနိုင်ခြင်းက သာသာယာယာအခြေအနေကနေဖြစ်နိုင်တာထက် ပိုပြီးအလေးသာတယ်ဆိုတာကိုသတိပြုမိပါတယ်။ ဘုရားဝတ်၌မွေ့လျော်ခြင်းသည်လည်းထိုထက်မကလေးနက်ပါပေတယ်။ ဘာကြောင့်လဲဆိုရင် ဘုရားဝတ်၌မွေ့လျော်ခြင်းအလို့ငှါ ထိုလမ်းကိုရွေးချယ်ပြီဆိုရင် ကိုယ်မလိုချင် မနှစ်သက်သည့်အရာများကို ဦးစွာမျှော်လင့်ထားရပေမည်။ သို့သော်ပြဿနာက ဘုရားကိုရွေးချယ်ရင်၊ နာခံရင် ကောင်းစားမယ်၊ ချမ်းသာမယ်၊ ကျန်းမာမယ် ဆိုသည့် အပေါင်းလက္ခဏာဆောင်သယောင်ရှိသည့် လောဘတပ်မက်ခြင်းနှင့်ယှဉ်သောဩဝါဒနှင့်သာ မွေ့လျော်စေလိုသည့် သွန်သင်ချက်များက ဒုနှင့်ဒေးရှိနေသည်ပင်။ မွေ့လျော်ခြင်းတန်ခိုးကိုမရှာဘဲ မွေ့လျော်ခြင်းအကျိုးကိုသာရှာလာကြသည်။ မွေ့လျော်ခြင်းအဖိုးအခကို မပေးလိုဘဲ မွေ့လျော်ခြင်းတန်ခိုးကိုငြင်းပယ်လာကြသည်။ သက်သာလောနိတ်အသင်းတော်၏ နှုတ်ကပတ်တော်အသံ၊ ယုံကြည်ခြင်း ကျော်စောထင်ရှားပြီး အရပ်ရပ်ကို ပျံနှံ့ခြင်းက အပေါ်ယံမွေ့လျော်ခြင်းတော့မဟုတ်ပေ။ အကျိုးများဖို့အတွက်အယောင်အဆောင်ခြင်းမျိုး မဟုတ်ကြပါ။ အမှန်အကန်ပြောင်းလဲမွေ့လျော်ကာ တန်ခိုးနှင့်အသက်ရှင်ခြင်းဖြစ်သည်။ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်မွေ့လျော်ခြင်းတန်ခိုး သည် သခင်ခရစ်တော်၏စင်ကြယ်သောဩဝါဒစကားတော်ကို ခံယူကာ၊ ပုံသက်သေအတိုင်းလိုက်လျှောက်ခြင်းပေတည်း။

ချစ်သောညီကိုမောင်နှမတို့ ကျွန်ုပ်တို့ရဲ့အပေါ်ယံစိတ်ခံစားချက်ကို တောက်လောင်စေမည့် နှိုးဆော်ခြင်းတွေကိုကြားရ၊ ခံယူရဖို့ရာ လွယ်ကူပါတယ်။ သို့သော်လည်း ဘုရားဝတ်၌ဧကန်မွေ့လျော်လျက်၊ ထိုမွေ့လျော်ခြင်း၏တန်ခိုးတော်နှင့် အသက်တာကိုအသက်ရှင်လျက် သခင့်၏ကျေးဇူးတော်၊ ကရုဏာတော်၊ ဂုဏ်တော်၊ ဘုန်းတော်၊ ကောင်းမြတ်ခြင်းတို့ကိုမြင်တွေ့စေခြင်းအလို့ငှါမှာတော့ ဘုရားရှင်၏စင်ကြယ်သော သမ္မာတရားနှုတ်ကပတ်တော်စစ်မှလွဲ၍အခြားမရှိပါကြောင်းကို ဝိညာဉ်တော်သည်အကုန်စင်သွန်ပြတော်မူသည် ဆိုတာကို နောင်ကာလတည်းဟူသော ခဲယဉ်းသောကာလမှာ ဆင်ခြင်သတိပြုပါမည်အကြောင်း တိုက်တွန်းနှိုးဆော်ရင်း

မေတ္တာဖြင့်