ရောင့်ရဲခြင်းရှိတတ်စေရန် ရှင်ပေါလုသတိပေးခဲ့ရုံမျှမက ချမ်းသာသောသူ သို့တည်းမဟုတ် ငွေရတတ်သောသူများကိုလည်း မိန့်မှာထားခဲ့သည်မှာ “Command those who are rich” ဆိုသည့်စာသားသည် သက်သေပင် …
အများသောအားဖြင့် ချမ်းသာသူများ၊ ငွေရတတ်သူများသည် မိမိတို့၏ ခွန်အားကြောင့်ဟု ထင်မြင်တတ်ကြသဖြင့် ထိုသို့မဖြစ်ကြစေရန်သော်လည်းကောင်း၊ မိမိတို့၏ ကြွယ်ဝချမ်းသာခြင်းများအပေါ်၌ ဂုဏ်ယူဝင့်ကြွားခြင်း၊ မာနထောင်လွှားခြင်း မရှိကြစေရန်လည်းသော်လည်းကောင်း၊ ဤသို့သောသူများသည် မိမိတို့၏ ပိုင်ဆိုင်မှုများအပေါ်၌သာ ကိုးစားတည်ဆောက်လေ့ရှိတတ်ကြသဖြင့် ထိုမမြဲသော စည်းစိမ်များကို မကိုးစားကြဖို့ရန် အထူးသတိပေး ပညတ်ထားစေရန် တိမောသေအားမှာကြားနေခြင်းဟုလည်း ဆိုရပေအံ့ … ဤမျှလောက်နှင့်ပင် ရပ်သွားစေဘဲ စည်းစိမ်ချမ်းသာထက် ဘုရားသခင်ကိုမြင်စေတတ်ရန်၊ သူတပါးအား ကျေးဇူးပြုခြင်းများကိုလည်း လုပ်ဆောင်တတ်စေရန် သွန်သင်ခိုင်းသေး၏။
တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၆:၁၇
ဤဘဝ၌ ငွေရတတ်သောသူတို့သည် မာန်မာန စိတ်နှင့် ကင်းလွတ်၍၊ မမြဲသောစည်းစိမ်ကို မကိုးစားဘဲ၊ ငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ်ဝစွာ ပေးသနားတော်မူသော၊ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကိုးစားရမည်အကြောင်းနှင့်၊
မိမိတို့အဘို့ ဘဏ္ဍာဆည်းပူးရာတွင်လည်း လောကီဘဏ္ဍာထက် ကောင်းကင်ဘဏ္ဍာကို သာ၍ ဆည်းပူးတတ်စေရန် သွန်သင်ခဲ့ခြင်းသည် “သံချေး၊ ပိုးရွ မဖျက်ဆီး၍ သူခိုးမထွင်းမဖောက် မခိုးမယူရာ ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့” ဟူသည့် ကျမ်းစာလာသည်ကိုပင် သတိရစေပေသည် မဟုတ်ပါလား။
လောကစည်းစိမ်ချမ်းသာများသည် “သောက်လေသောက်လေ ငတ်မပြေ” ဟု ဆိုရိုးရှိသည်အတိုင်း ပင်လယ်ရေအလား တပ်မက်ခြင်း အတောမတတ်နိုင်ဖြစ်တတ်ကြသည်။ အချို့ကလည်း ရှင်လုကာ အခန်းကြီး “၁၂” တွင်တွေ့ရသော သူဌေးကြီးအလား မသေချာမရေရာသော မနက်ဖြန်များစွာအတွက်သာ စုသိမ်းခြင်းများစွာတို့ကို လုပ်တတ်ကြကာ ဝေမျှခြင်းပင် မရှိတတ်ကြချေ။ ထို့ကြောင့် “စွန့်ကြဲချင်သော စေတနာ စိတ်ရှိခြင်း” ဟုပင် တိမောသေအား ဆက်လက်၍ တိတိကျကျဆိုထားပေသည် မဟုတ်ပါလား။
“Sharing is Caring” ဟု ကျွန်ုပ်တို့ဆိုတတ်ကြသော်လည်း ဤလောကကြီးထဲတွင် ဖြစ်လေ့ရှိသော “A Penny Saved is a Penny Earned” များဖြစ်နေပြီလား … ဤသို့ဆိုသောကြောင့် ငွေစုခြင်းကို မှားသည်ဟုဆိုလိုခြင်းမဟုတ်ပေ။ သို့သော်လည်း ခရစ်ယာန်အသက်တာသည် “Sharing, Giving” ပေးလှူတတ်သော၊ မျှဝေတတ်သော အသက်တာဖြစ်သည်။ “Taking” ရယူခြင်းသာလုပ်ဆောင်တတ်သည့် အသက်တာ၊ “Give and Take” အသက်တာ မဟုတ်သည်ကိုတော့ သတိရရန်ဖြစ်ပါသည်။ (ကျွန်ုပ်တို့၏ အတွေးများသည် “A Penny Saved is a Penny Earned” ဖြစ်နေလျှင် “A Penny Shared is a Penny Earned” ဟုပြောင်းလဲဖို့ရန်လိုအပ်သည်ဟု ‘Gary W. Demarest’ ၏ ‘The Preacher’s Commentary’ Vol: 32 တွင် ဆိုထားသည်ကို တွေ့ရပါသည်။)
ထို့ကြောင့် မိမိသည် ချမ်းသာသောသူ၊ ငွေရတတ်သောသူဖြစ်လျှင် ထိုအပေါ်၌ ယစ်မူးခြင်းမရှိစေရန်၊ မာန်မာနမရှိစေရန် သတိပြုရုံသာမက ထိုစည်းစိမ်းများအပေါ် မကိုးစားဘဲ ဘုရားသခင်အား ကိုးစားရန် လိုအပ်ပေသည်။ ဤမျှလောက်ပင်မကသေးဘဲ လောကီဘဏ္ဍာနှင့် ကောင်းကင်ဘဏ္ဍာကိုလည်း ခွဲခြားသိရုံသာမက ခွဲခြားဆည်းပူးတတ်စေရန်နှင့် “စွန့်ကြဲချင်သော စေတနာ စိတ်ရှိခြင်း” ဟုဆိုထားသည်အတိုင်း “Sharing” လုပ်တတ်သော ယုံကြည်သူများ ဖြစ်ကြစေရန်လည်း အရေးကြီးသည်မှာ တိမောသေအား ပညတ်ထားလော့ဟုဆိုသည့် ရှင်ပေါလု၏ စာချွန်လွှာသည် သက်သေတစ်ခုပင်ဖြစ်ချေတော့သည် မဟုတ်ပါလား …
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
Gentle Reminder:
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။
