Skip to content

ဒီနေ့ “မဟာသောကြာကြီးနေ့” (Good Friday) မှာ ညီအစ်ကိုမောင်နှမတွေအားလုံး သခင်ယေရှုရဲ့ အသေခံတော်မူခြင်းကို အောက်မေ့ဆင်ခြင်နေကြမယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့အတွက် သမိုင်းအချက်အလက်တွေ၊ ကျမ်းစာအထောက်အထားတွေ၊ ယုတ္တိဗေဒ၊ ဒဿနိဗေဒတွေနဲ့အတူ ခွန်အားယူစရာ၊ အောက်မေ့ဆင်ခြင်စရာ ဆောင်းပါးတစ်ပုဒ်ကို စာဖတ်သူများအား ဝေမျှပေးချင်ပါတယ်။

သမိုင်းတစ်လျှောက်မှာရော၊ တချို့သော အယူအဆတွေမှာပါ “သခင်ယေရှု လက်ဝါးကပ်တိုင်မှာ တကယ် အသေခံတော် မမူခဲ့ဘူး၊ မေ့မြောသွားရုံပဲ” ဒါမှမဟုတ် “တခြားတယောက်နဲ့ လူစားထိုးခံလိုက်ရတာ” ဆိုတဲ့ ဒဏ္ဍာရီယုံတမ်းစကား၊ မဟုတ်မမှန် ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်း (Conspiracy theories) တွေ ရှိခဲ့ဖူးပါတယ်။ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး သမိုင်းနဲ့ ဆေးပညာရှုထောင့်ကနေ ချက်ကျလက်ကျ အတူတကွ လေ့လာဆင်ခြင်ကြပါစို့။

ပထမအချက်အနေနဲ့ ရောမစစ်သားတွေအကြောင်း ကြည့်ရအောင်ပါ။ ရောမစစ်သားတွေဆိုတာ လူသတ်တဲ့နေရာမှာ၊ အထူးသဖြင့် ကားစင်တင် ကွပ်မျက်တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်တွေပါ၊ ဆရာတဆူပါ။ ကွပ်မျက်ရမယ့်သူ တကယ်မသေဘဲ အသက်ရှင်လျက် လွတ်သွားရင် သူတို့ကိုယ်တိုင် သေဒဏ်ပေးခံရမှာပါ။ ဒါကြောင့် သေချာပေါက် အသက်မထွက်မချင်း အလောင်းကို ဖြုတ်ချလေ့ မရှိပါဘူး။ သခင်ယေရှုလို တလောကလုံးသိနေတဲ့ အရေးကြီးပုဂ္ဂိုလ်တော်မြတ်သာ တကယ် အသေခံတော်မမူဘဲ လွတ်သွားဖို့ဆိုတာ သမိုင်းကြောင်းအရ ဘယ်လိုမှကို မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါပဲ။

ဒုတိယအချက်အနေနဲ့ ရှင်ယောဟန်ခရစ်ဝင် ၁၉:၃၃-၃၄ မှာ မှတ်တမ်းတင်ထားတဲ့ အဖြစ်အပျက်လေးကို ကြည့်ရအောင်။ သာမန်အားဖြင့် ရောမစစ်သားတွေမှာ ကားတိုင်ပေါ်က ကွပ်မျက်ခံရသူတွေ မြန်မြန်သေသွားအောင် ခြေသလုံးအရိုးတွေကို ရိုက်ချိုးတဲ့ ထုံးစံ (Crucifragium) ရှိခဲ့ပါတယ်။ ဆေးပညာအရ ပြောရရင် ကားတိုင်ပေါ်မှာ အသက်ရှူဖို့ဆိုတာ ခြေထောက်ကို အားပြုပြီး ကိုယ်လုံးကို အပေါ်တွန်းတင်မှ ရတာကြောင့်ပါ။ အရိုးကျိုးသွားရင် မတွန်းတင်နိုင်တော့ဘဲ အသက်ရှူကြပ်ပြီး မြန်မြန် သေဆုံးသွားတာပေါ့။ ဒါပေမဲ့ ကားစင်တင်ပြီး အချိန်အတန်အသင့်ကြာပြီးတဲ့နောက် စစ်သားတွေက သခင်ယေရှုထံတော်ဆီ လာပြီး စစ်ဆေးကြည့်တဲ့အခါ တကယ်ပဲ သက်တော်ချုပ်တော်မူပြီးသား ဖြစ်နေတာကို မြင်လို့ ခြေသလုံးရိုးတွေကို မချိုးတော့ပါဘူး။ သေချာအောင်လို့ နံဘေးတော်ကို လှံနဲ့ပဲ ထိုးလိုက်တဲ့အခါ သွေးနဲ့ရေတွေ ရောပြီး ချက်ချင်းထွက်လာတယ်လို့ ဆိုထားတယ်။ ဒါကို ခေတ်သစ်ဆေးပညာရှင်တွေက (JAMA လို နာမည်ကြီး အမေရိကန် ဆေးပညာဂျာနယ်တွေမှာတောင်) ဘယ်လိုထောက်ပြကြလဲဆိုရင် လှံနဲ့အထိုးခံရလို့ သွေးနဲ့ရေ ထွက်လာတယ်ဆိုတာ နှလုံးနဲ့ အဆုတ်တစ်ဝိုက်မှာ အရည်တွေ စုသွားပြီး နှလုံးရပ်သွားတဲ့ လက္ခဏာ (Hypovolemic shock နဲ့ Asphyxiation) ဖြစ်တယ်လို့ အတည်ပြုထားကြပါတယ်။ ဒါဟာ သခင်ယေရှု တကယ် အသေခံတော်မူခဲ့တယ် ဆိုတဲ့ ဆေးပညာသက်သေတစ်ခုပါပဲ။

ဒီအချက်ဟာ သမိုင်းနဲ့ ဆေးပညာရှုထောင့်က သက်သေအထောက်အထားဖြစ်သလို၊ ဓမ္မဟောင်းကျမ်းစာက ကြိုတင်ပရောဖက်ပြုချက်တွေ အတိအကျ ပြည့်စုံသွားတာလည်း ဖြစ်ပါတယ်။ ထွက်မြောက်ရာကျမ်း ၁၂:၄၆ မှာပါတဲ့ ပသခါသိုးသငယ်ရဲ့ အရိုးကို မချိုးရဘူးဆိုတဲ့ ပညတ်ချက် နဲ့ ဆာလံ ၃၄:၂၀ မှာပါတဲ့ “အရိုးတချောင်းမျှ … မကျိုးမပဲ့ရ” ဆိုတဲ့ ကျမ်းပိုဒ်တွေအတိုင်း သခင်ယေရှုဆီမှာ ကွက်တိပြည့်စုံသွားတာဟာ တကယ်ကို ကြွလာတော်မူသော မေရှိယအရှင်သခင်ဖြစ်တော်မူကြောင်း ခိုင်လုံတဲ့ ကျမ်းစာ သက်သေအထောက်အထားတွေ ဖြစ်သွားပါတယ်။

တတိယအချက်အနေနဲ့ ကျမ်းစာထဲမှာတင် မဟုတ်ဘဲ၊ ခရစ်ယာန် မဟုတ်တဲ့ ပြင်ပသမိုင်းပညာရှင်တွေရဲ့ မှတ်တမ်းတွေ ရှိပါတယ်။ ဒါကြောင့် သခင်ယေရှုအသေခံတော်မူခြင်း သမိုင်းသက်သေက ပိုလို့တောင် ခိုင်လုံသွားပါတယ်။ တက်စီတပ်စ် (Tacitus) လို ထင်ရှားတဲ့ ရောမသမိုင်းပညာရှင်တွေ၊ ဂျိုစီဖတ်စ် (Josephus) လို ယုဒ သမိုင်းဆရာတွေကပါ သခင်ယေရှုဟာ ပုန္တိပိလတ်မင်း လက်ထက်မှာ ကွပ်မျက်ခံခဲ့ရတယ်ဆိုတာကို သူတို့ရဲ့ သမိုင်းမှတ်တမ်းတွေမှာ အခိုင်အမာ ရေးသားခဲ့ကြပါတယ်။ သမိုင်းပညာရှင်တွေကြားမှာ သခင်ယေရှု ကားတိုင်တော်၌ ကွပ်မျက်ခံရပြီး အသေခံတော်မူခဲ့တယ်ဆိုတဲ့အချက်ကို ဘယ်သူမှ အငြင်းမပွါးကြပါဘူး။

၁ ကောရိန္သု ၁၅:၃ မှာ တမန်တော်မြတ်ကြီး ရှင်ပေါလုရေးခဲ့သလိုပဲ သခင်ခရစ်တော်ဟာ ကျမ်းစာလာတဲ့အတိုင်း ကျွန်တော်တို့ အပြစ်တွေအတွက် အသေခံတော်မူခဲ့တယ်။ ဒါ့အပြင် ရောမ ၅:၈ မှာလည်း “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။” ဆိုပြီး ထပ်လောင်းဖော်ပြထားပါသေးတယ်။ သခင်ယေရှု လက်ဝါးကပ်တိုင်တော်မှာ တကယ် အသေခံတော်မူခဲ့လို့သာ အပြစ်ကြွေးဆပ်ခြင်း အမှုတော်မြတ်ပြီးစီးပြီး ကျွန်တော်တို့အတွက် “ကယ်တင်ခြင်း” (Salvation) ဆိုတာ တကယ်ဖြစ်လာတာပါ။

စတုတ္ထအချက်အနေနဲ့ အပေါ်မှာပြောခဲ့တဲ့ သခင်ယေရှု လက်ဝါးကပ်တိုင်တော်မှာ အမှန်တကယ် အသေခံတော်မမူခဲ့ဘဲ တခြားတစ်ယောက်ကို လူစားထိုးလိုက်တယ်ဆိုတဲ့ ယုံတမ်းစကားတွေ၊ လုပ်ကြံဇာတ်လမ်းတွေလည်း ရှိကြပါသေးတယ်။ ဒီအယူအဆတွေရဲ့ ဇစ်မြစ်ကို ခြေရာပြန်ကောက်ကြည့်ရင် ခရစ်ယာန်သမိုင်းဦးပိုင်းက နောစတစ် (Gnostics) လို့ခေါ်တဲ့ မိစ္ဆာဒိဌိအယူလွဲအုပ်စုတွေဆီကနေ စတင်ခဲ့တာကို တွေ့ရပါလိမ့်မယ်။ သူတို့က ရုပ်ခန္ဓာဆိုတာ မကောင်းဘူး၊ ဝိညာဉ်မှသာ သန့်ရှင်းတယ်လို့ ယုံကြတာကိုး။ ဒါကြောင့် သန့်ရှင်းတဲ့ ဘုရားသခင်က ရုပ်ခန္ဓာနဲ့ ဆင်းရဲဒုက္ခမခံနိုင်ဘူး ဆိုပြီး ကားတိုင်ထမ်းဖို့ ကူညီခဲ့တဲ့ ရှိမုန် ဒါမှမဟုတ် တခြားတစ်ယောက်ယောက်ကို လူစားထိုးလိုက်တယ်လို့ လုပ်ကြံဇာတ်လမ်းတွေ စတင်ဖန်တီးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်း ရာစုနှစ်တွေ ကြာလာတဲ့အခါမှာ တခြားသော အယူဝါဒတွေကပါ ဒီအယူအဆကို ယူသုံးပြီး သခင်ယေရှု တကယ် အသေခံတော်မမူဘူး လို့ ပုံဖော်လာကြတာပဲ ဖြစ်ပါတယ်။

ဒီစွပ်စွဲချက်ကို ယုတ္တိဗေဒနဲ့ ဒဿနိကဗေဒအရ အလွယ်တကူ ချေဖျက်နိုင်ပါတယ်။ တကယ်တော့ ဘုရားသခင်ဆိုတာ သမ္မာတရား (The Truth) ဖြစ်ပါတယ်။ လိမ်လည်လှည့်စားတတ်တဲ့သူ (Deceiver) မဟုတ်ဘူး။ တကယ်လို့ ဘုရားသခင်ကသာ သခင်ယေရှုနေရာမှာ တခြားလူကို အသွင်ပြောင်းပြီး လူစားထိုးလိုက်တယ်ဆိုရင်၊ ဘုရားသခင်ဟာ တလောကလုံးကို လိမ်လိုက်တာပဲလေ။ တပည့်တော်ကြီးတွေ၊ မယ်တော်မာရိက အစ ဘာမှမသိဘဲ အလိမ်ခံလိုက်ရပြီး၊ အဲဒီအလိမ်အညာကြီးပေါ် အခြေခံပြီးမှ ခရစ်ယာန်ယုံကြည်ခြင်းကြီး ဖြစ်လာရတယ်ဆိုတဲ့ သဘောသက်ရောက်သွားပါမယ်။ ဒါဟာ အကြွင်းမဲ့ ကောင်းမြတ်မှန်ကန်တဲ့ ဘုရားသခင်ရဲ့ သဘာဝတော်နဲ့ လုံးဝကို ဆန့်ကျင်နေတဲ့ ယုတ္တိမတန်တဲ့ အယူအဆပဲ ဖြစ်ပါတယ်။ နောက်ပြီး လက်ဝါးကပ်တိုင်တော် ခြေရင်းမှာ သခင်ယေရှုရဲ့ မိခင် မယ်တော်မာရိနဲ့ တပည့်တော်ကြီး ယောဟန်တို့ ကိုယ်တိုင် ရှိနေခဲ့ကြပါတယ်။ ကိုယ့်သားအရင်း၊ ကိုယ့်ဆရာအရင်းကို အနီးကပ်ကြည့်နေတဲ့ သူတွေက လူစားထိုးထားတာကို မသိဘဲနေပါ့မလား။ နောက်ပြီး သခင်ဘုရားကို သေစေချင်လွန်းလို့ အနီးကပ်စောင့်ကြည့်နေတဲ့ ယုဒဘာသာရေးခေါင်းဆောင်တွေ၊ ကွပ်မျက်တဲ့နေရာမှာ ဆရာတဆူဖြစ်တဲ့ ရောမစစ်သားတွေကိုပါ လှည့်စားဖို့ဆိုတာ ယုတ္တိဗေဒအရ လုံးဝကို အခြေအမြစ်မရှိတဲ့ စိတ်ကူးယဉ်ဇာတ်လမ်း သက်သက်ပါပဲခင်ဗျ။

ဒီလို သခင်ယေရှု တကယ် အသေခံတော်မမူဘူး၊ လူ့ဇာတိနဲ့ ဆင်းရဲဒုက္ခ မခံခဲ့ဘူးဆိုပြီး ငြင်းပယ်တာဟာ သာမန်မှားယွင်းတဲ့ အယူအဆတစ်ခုလောက်တင် မဟုတ်ဘူး၊ အန္တိခရစ် (Antichrist) ရဲ့ လက္ခဏာစစ်စစ် ဖြစ်နေပါသေးတယ်။ ရှင်ယောဟန်သြဝါဒစာ ပထမစောင် ၄:၂-၃ နဲ့ ဒုတိယစောင် ၁:၇ တွေမှာ “ယေရှုခရစ်သည် လူ့ဇာတိကိုခံယူ၍ ကြွလာတော်မူကြောင်းကို ဝန်မခံသောသူ” ဟာ လှည့်စားတတ်သောသူနဲ့ အန္တိခရစ်ဖြစ်တယ်လို့ တမန်တော်မြတ်ကြီး ရှင်ယောဟန်က ရှင်းရှင်းလင်းလင်း သတိပေးထားပါတယ်နော်။ သခင်ယေရှုဟာ ကိုယ်ခန္ဓာတော်နဲ့ တကယ် အသေခံတော်မူ မှသာ ကျွန်တော်တို့အတွက် အပြစ်လွှတ်ခြင်းနဲ့ ကယ်တင်ခြင်းဆိုတာ ရှိလာမှာကိုး။ ဒီအဓိကကျတဲ့ ကယ်တင်ခြင်း စီမံကိန်းကြီးကို ဖျက်ဆီးပြီး ယုံကြည်သူတွေကို လမ်းလွဲသွားစေချင်တာဟာ စာတန်နဲ့ အန္တိခရစ်ရဲ့ အဓိက ရည်ရွယ်ချက်ပဲလေ။

ပဉ္စမအချက်အနေနဲ့ နောက်ထပ် မကြာခဏ ကြုံရတတ်တဲ့ အမြင်လွဲမှားမှုတစ်ခုကိုလည်း ထည့်သွင်းရှင်းပြချင်ပါတယ်။ အဲဒါကတော့ ကျမ်းစာထဲက “ဆရာကြီးယုဒသန်မြန်မာသမ္မာကျမ်း” မှာပါတဲ့ “သုံးရက်” ဆိုတဲ့စကားလုံး၊​ အထူးသဖြင့်  “မြန်မာ့စံမီသမ္မာကျမ်း” မှာ ‘သုံးရက်နှင့် သုံးည’ (ရှင်မဿဲ ၁၂ : ၄၀) ဆိုတဲ့ စကားလုံးကို ကြည့်ပြီး သောကြာနေ့မှာ အသေခံတော်မူတာ မဖြစ်နိုင်ဘူးဆိုတဲ့ အယူအဆပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ နားလည်ရမယ့် အရေးကြီးတဲ့အချက်က ပထမရာစု ယုဒလူမျိုးတွေရဲ့ အချိန်တွက်ချက်ပုံ (Jewish inclusive reckoning) ပါပဲ။ ယုဒထုံးစံအရ နေ့တစ်နေ့ရဲ့ အစိတ်အပိုင်းလေး တစ်ခုကိုပဲဖြစ်ဖြစ် အပြည့်အဝ တစ်ရက် (တစ်ရက်နဲ့တစ်ည) လို့ ရေတွက်လေ့ရှိပါတယ်။

ဒါကြောင့် သောကြာနေ့ မွန်းလွဲပိုင်း (ပထမနေ့)၊ စနေနေ့ တစ်ရက်လုံး (ဒုတိယနေ့) နဲ့ တနင်္ဂနွေနေ့ မနက်ပိုင်း (တတိယနေ့) ဆိုပြီး ရက်တစ်ပိုင်းစီ ပါဝင်နေတာကို ကျမ်းစာခေတ် အသုံးအနှုန်းအရ ‘သုံးရက်နဲ့ သုံးည’ လို့ သုံးနှုန်းတာပါ။ ဥပမာအနေနဲ့ ဧသတာ ၄:၁၆ နဲ့ ၅:၁ မှာလည်း ဒီလို ရေတွက်ပုံမျိုးကို တွေ့နိုင်ပါတယ်။ နောက်ပြီး ခရစ်ဝင်ကျမ်း ၄ ကျမ်းထဲမှာ အစောဆုံးနဲ့ ခရစ်ယာန် မဟုတ်တဲ့ကျမ်းပညာရှင်တွေကြားမှာပါ ခိုင်မာမှုအဆင့်အတန်းမြင့်မားတဲ့ ခရစ်ဝင်ကျမ်းဖြစ်တဲ့ ရှင်မာကု ၁၅:၄၂ မှာ “ထို​နေ့​ကား အ​ဖိတ်​နေ့​တည်း​ဟူ​သော ပ​ရ​က္ကု​နေ့ ဖြစ်​သော​ကြောင့်” လို့ အတိအလင်း ရေးသားမှတ်တမ်းတင်ထားတဲ့အတွက်သခင်ယေရှု အသေခံတော်မူတဲ့ နေ့ဟာ ဥပုသ်နေ့အကြိုနေ့ Preparation Day – သောကြာနေ့ ဖြစ်တယ်ဆိုတဲ့ အစဉ်အလာဟာ ကျမ်းစာနဲ့ရော သမိုင်းနဲ့ပါ အညီညွတ်ဆုံးပါပဲ။ တကယ်တော့ ဒီ “သုံးရက်နဲ့ သုံးည” ဆိုတဲ့ စကားလုံးအပြင် “သုံးရက်မြောက်သောနေ့” ဆိုတဲ့ အဓိပ္ပာယ်တူ စကားလုံးတွေနဲ့ ရှင်ပြန်ထမြောက်မယ့်အကြောင်း မှတ်တမ်းတင်ထားတဲ့ တခြားကျမ်းပိုဒ်တွေလည်း ရှိပါသေးတယ်ဗျာ။ ဥပမာ၊ ရှင်မဿဲ ၂၇:၆၃၊ ရှင်မာကု ၈:၃၁၊ ရှင်လုကာ ၂၄:၄၆၊ ၁ ကောရိန္သု ၁၅:၄။

ဘယ်လိုပဲဖြစ်ဖြစ် အရေးအကြီးဆုံးကတော့ သခင်ယေရှု ဘယ်နေ့မှာ အသေခံတယ်ဆိုတဲ့ ငြင်းခုံမှုတွေထက်၊ ကျွန်တော်တို့အတွက် တကယ်ပဲ အသေခံတော်မူခဲ့ပြီး တကယ် ရှင်ပြန်ထမြောက်ခဲ့တယ် ဆိုတဲ့ အချက်ပါပဲ။ မဟာသောကြာနေ့ (Good Friday) ဆိုတာက တစ်ကမ္ဘာလုံးက ခရစ်ယာန်တွေ တညီတညွတ်တည်း အောက်မေ့ဆင်ခြင်ဖို့ သတ်မှတ်ထားတဲ့ နေ့တစ်နေ့ ဖြစ်တဲ့အတွက် ဒီလိုနေ့လေးမှာ အတူတကွ ကျေးဇူးတင်ချီးမွမ်းကြရင်း အဓိကနဲ့ သာမညကို ခွဲထားတာသာ အကောင်းဆုံးပါပဲဗျာ။

ဒါကြောင့် ဒီနေ့ သန့်ရှင်းသော “မဟာသောကြာကြီးနေ့” (Good Friday) မှာ၊ မဟုတ်မမှန်တဲ့ ဒဏ္ဍာရီတွေကို ခိုင်လုံတဲ့ သမိုင်းနဲ့ ကျမ်းစာအမှန်တရားတွေနဲ့ ဖယ်ရှားပြီး၊ ကျွန်တော်တို့အတွက် ကားတိုင်ထက်၌ အသက်ပေးတော်မူခဲ့တဲ့ သခင်ယေရှုဘုရားရဲ့ ကြီးမားတဲ့ မေတ္တာတော်ကို အောက်မေ့သတိရကာ ကျေးဇူးတော်ချီးမွမ်းရင်း သခင်ဘုရား ရှင်ပြန်ထမြောက်ရာနေ့မြတ်ကို အတူတကွ စောင့်ကြိုကြပါစို့။