Skip to content

ယနေ့တိုင်အောင် စာတန် အလုပ်လုပ်နေသေးပါသလား။

စာတန် – ပုန်ကန်သူ သို့မဟုတ် စွပ်စွဲသူ လို့ အဓိပ္ပါယ်ရတယ်။ သမ္မာကျမ်းစာထဲမှာ စာတန်ကို အခြားအမည်နာမတွေအမျိုးမျိုးနဲ့ ခေါ်ဝေါ်ဖော်ပြထားတာကိုလည်း တွေ့ရတယ်။ အဲဒီနေရာမှာ သတိထားမိတာက သူ့ကို ညွှန်းဆိုတဲ့ နာမည်တွေဟာ သူ့ရဲ့ လုပ်ရပ်တွေ/သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေအပေါ် မူတည်ပြီးတော့ ခေါ်ဆိုတာဖြစ်တယ်။

ကမ္ဘာဦးအစက ဧဒင်ဥယျာဉ်ထဲမှာပင်လျင် ပထမဆုံး လူသားနှစ်ဦးဖြစ်တဲ့ အာဒံနဲ့ဧဝကို စာတန် လှည့်စားခဲ့တဲ့ အကြောင်းကိုလည်း ဖတ်ဖူး၊ ကြားဖူးမယ်လို့ ယုံကြည်ပါတယ် (ကမ္ဘာဦးကျမ်း၊ ၃)။ ဓမ္မ ေဟာင်းကျမ်း ခေတ်အဆက်ဆက်မှာလည်း စာတန်ဟာ စိတ်အားထက်သန်စွာ ဘုရားသခင်နဲ့ ဘုရားသခင်ရဲ့ အကြံအစည်တွေကို တိုက်ခိုက်နေတယ်ဆိုတာ တွေ့မြင်ရပါတယ်။ အရိုးရှင်းဆုံး သို့မဟုတ် လူသိအများဆုံး ဥပမာပေးရမယ်ဆိုရင်တော့ ယောဘဝတ္ထု ၁း၆-၁၂ နဲ့ ၂း၁-၇ ထဲမှာ စာတန်ဟာ ဘုရားသခင်ကို စိန်ခေါ်လျက် ဘုရားသခင်ရဲ့လူ ယောဘကို သွေးဆောင်ဖြားယောင်းခွင့်သာမက ခန္ဓာကိုယ်၌ အနာတွေပေါက်စေတဲ့အထိ လုပ်ဆောင်ခွင့်ရခဲ့ပါတယ်။

ဓမ္မသစ်ကျမ်းထဲကို ရောက်လာတော့ ယေရှုမွေးဖွားလာမည့်အကြောင်းကို ဖျက်ဆီးဘို့ရန်အလို့ငှါ အကြိမ်ကြိမ် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့တယ်ဆိုတာကိုလည်း တွေ့မြင်ရပြန်တယ်။ အဲဒီအကြံအစည် မအောင်မြင်လို့ ယေရှု သဲကန္တရထဲမှာ ရက်ပေါင်းလေးဆယ်လုံးလုံး အစာရှောင်ပြီးနောက်မှာလည်း ကောက်ကျစ်စွာ ပြန်လည် သွေးဆောင်ကာ ဘုရားသခင်ကို ပြစ်မှားဖို့ ကြိုးစားခဲ့ပြန်တယ် (မဿဲ ၄း၁-၁၁)။ အောင်မြင်မှုတော့ မရသွားပါဘူး။ သို့သော် စာတန်ဟာ သူ့ရဲ့ ကြိုးစားမှုကို ရပ်တပ် မသွားပါဘူး။ ယေရှုရဲ့ သက်တော်တော်စဉ် တစ်လျှောက်လုံးမှာ စာတန်က အခွင့်အခါကောင်းတွေကို ချောင်းမြောင်းကာ အမျိုးမျိုး တိုက်ခိုက်ခဲ့တယ်ဆိုတာကို တွေ့မြင်ရပါတယ်။ ယေရှုကိုယ်တိုင်က သူ့ကို ဤလောကရဲ့ ဘုရင်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ် (ယော ၁၂း၃၁၊ ၁၄း၃၀)။

တမန်တော်ကြီးတွေကစ စာတန်ရဲ့ လုပ်ဆောင်အားထုတ်မှုတွေကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရသလို သူတို့ကို ဘုရားသခင် ပေးအပ်ထားတဲ့ သိုးစုတွေအနေနဲ့လည်း စာတန်ရဲ့ လုပ်ရပ်တွေနဲ့ အကြံအစည်တွေကို သတိထားဖို့ တိုက်တွန်းထားတာတွေကို အကြိမ်ကြိမ် တွေ့မြင်ရပါတယ်။ ရှင်ပေါတရုက “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်၊ ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” ဆိုပြီးတော့ စာတန်ဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ ဆိုတာကို သတိပေးထားပါတယ်။

ရှင်ပေါလုကလည်း “သို့မဟုတ်လျှင်၊ စာတန်သည် ငါတို့ကိုနိုင်မည်ဟု စိုးရိမ်စရာရှိ၏။…” ဟု သတိပေးက ယုံကြည်သူများသည် စာတန်နှင့်အပေါင်းအပါ (နတ်ဆိုးများ) နှင့် ရင်ဆိုင်နေကြရသည့်အကြောင်း၊ ထိုတိုက်ပွဲတွင် မည်သည့် တန်ဆာများ ဝတ်ဆင်ထားကြရမည်ကို “ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူ သော လက်နက်စုံကိုယူဆောင်ကြလော့။ သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်း ဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။ မာရ်နတ်ပြစ်ခတ်သော မီစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကို လည်းခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကို၎င်း၊ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ထားကို၎င်း ယူကြလော့” ဆိုပြီး သတိပေး နိုးဆော်ထားပါတယ်။

ရှင်ယာကုပ်ကလည်း “ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်” ဆိုပြီးတော့ တိုက်တွန်းထားပြန်တယ် (ယာကုပ် ၄း၇)။

ဒါကြောင့်မို့ “ယနေ့မှာ စာတန်အလုပ်လုပ်နေပါသလား” ဆိုတဲ့ မေးခွန်းကိုပဲ ပြန်ဖြေရမယ်ဆိုရင် “ဟုတ်ကဲ့ စာတန် အလုပ်လုပ်နေပါတယ်။ ”

“စာတန် အလုပ်မလုပ်တော့ပါဘူး၊ အလုပ်မလုပ်နိုင်တော့ပါဘူး၊ ယုံကြည်သူတွေ အပေါ်မှာ ဘာမှ မလုပ်နိုင်တော့ပါဘူး” ဆိုပြီးတော့ ယုံကြည်သူတွေ ထင်မှတ်လာအောင်ကို စာတန်အလုပ် လုပ်နေပါတယ်။

သမ္မာသတိရှိလျက်၊ ဘုရားသခင်ပြင်ဆင်တော်မူသော စစ်လက်နက်စုံများကို ဝတ်ဆင်ကာ စာတန်ကို ဆီးတားကြပါစို့။