Skip to content

ကမ္ဘာ့အလွန်၌ သက်ရှိဖြစ်ထွန်းမှုအား ရှာဖွေတွေ့ရှိခြင်းသည် ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်မည်လော?

နက္ခတ္တဗေဒ ပညာရှင်များသည် အခြားသော ကြယ်များ၏ ဂြိုဟ်ပတ်လမ်းကြောင်းတွင် ထောင်နှင့် ချီသောဂြိုဟ် များအား လေ့လာတွေ့ရှိလျက် ရှိပါသည်။ လက်ရှိ ကျွန်ုပ်တို့၏ ဂလက်ဆီတွင် ကမ္ဘာနှင့် ဆင်တူသော ဂြိုဟ်များ သန်းထောင်ပေါင်းများစွာ ရှိသည်ဟုခန့်မှန်း ထားကြပါသည်။ ထိုဂြိုဟ်များအနက် အချို့တွင် အသိဉာဏ်ရှိသော သက်ရှိများနေထိုင်နေကြပါသလား? ထိုအရာမှာ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းများနှင့်သိပ္ပံဆိုင်ရာအတွေးအမြင်အများစု တို့၏ ဆွေးနွေးရန် အချက်ပင်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာ့အလွန်သက်ရှိများ၏ အမှတ်အသားအရိပ်အရောင် များအား တွေ့ရှိထောက်လှမ်းမိခြင်း မရှိသေးသော်ငြားလည်း၊ ထိုသို့တွေ့ရှိခဲ့မည်ဆိုပါက ခရစ်ယာန်များအတွက် ၎င်းတွေ့ရှိခြင်းသည် မည်သို့ မှတ်ချက် ပြုစရာဖြစ်လာမည်နည်း။

အချို့သော ဘုရားတရား မယုံကြည်သူ အစွန်းရောက်ဘာသာမဲ့များ က ထိုသို့တွေ့ရှိခြင်းသည် ကိုးကွယ်ယုံကြည်မှုနှင့် သမ္မာကျမ်းစာကို မှားယွင်းကြောင်း သက်သေဖြစ်နိုင်ပြီး ဖျက်ဆီးပစ်နိုင်သည်ဟု အခိုင်အမာပြောဆိုနေကြသည်။

သို့သော်လည်း ကိုးကွယ်ယုံကြည်သူအများအား စစ်တမ်းကောက်ယူချက်အရ အများစုမှာ ထိုသို့ အသိဉာဏ်ရှိ သက်ရှိများရှိနိုင်သည်ဆိုသည့် အတွေးအခေါ်နှင့်ပတ်သက်၍ ထူးထူးခြားခြား တုန်လှုပ်ခြင်းမရှိဘဲ ၎င်းမှာ သူတို့၏ ယုံကြည်မှုအား ခြိမ်းခြောက်နိုင်သည်ဟု မမြင်ကြပေ။

John Glenn ကဲသို့သော အာကာသယာဉ်မှူးများသည် သူတို့ အာကာသသို့ သွားသည့်ခရီးက သူတို့အား အမှန်ပင် ဘုရားသခင်နှင့် ပိုနီးကပ်အောင် ခေါ်ဆောင်သွားခြင်း (သို့) ပို၍နက်နဲသော ယုံကြည်မှုဆီသို့ ခေါ်ဆောင်သွားကြောင်း တွေ့ရှိခဲ့ရသည်။ သမ္မာကျမ်းစာသည် အာကာသ စူးစမ်းလေ့လာရေး ထွန်းကားသောခေတ်(Space Age) နှင့် ဆက်စပ်နေဆဲဖြစ်သည်။ သမ္မာကျမ်းစာက စကြဝဠာတစ်ခုလုံးနှင့် သက်ရှိအားလုံးတို့၏ ဖန်ဆင်းရှင်ထာဝရဘုရားကို ဖော်ပြနေခြင်းသည် ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးနှင့် နေထိုင်ကြသော လူသားများအားလုံးထက် သာလွန်သော အဆိုကို ပြုလုပ်နေခြင်းပင် ဖြစ်ပါသည်။ သို့ပါသော်လည်း မေးစရာမေးခွန်းများစွာကျန်ရှိနေပါသေးသည်။

ခရစ်ယာန်များမေးလေ့ရှိသည့် ကမ္ဘာ့အလွန် သက်ရှိဖြစ်တည်မှု အကြောင်း ယေဘုယျမေးခွန်းများကို စဉ်းစားကြည့်ကြ ပါစို့။ ထိုသို့စဉ်းစားသည့်အခါ၊ လူသားမျိုးနွယ်၏ အရေးပါမှုသည် ကမ္ဘာပေါ်ရှိ ကျွန်ုပ်တို့အား ပြုတော်မူသော ဘုရားသခင်၏ လုပ်ဆောင်မှုများပေါ်တွင် အခြေခံသည်ဟူသော အချက်အား ပြန်လည်သတိရစေပါသည်။ ကျွန်တော်တို့ နေထိုင်သော ကမ္ဘာဂြိုဟ်ပေါ်မှာ ကျွန်တော်တို့ လူသားတွေကို ကယ်တင်ဖို့ရန် ဘုရားသခင် က ကျွန်တော်တို့ထဲက တစ်ယောက်အဖြစ် လူသားဇာတိကို ခံယူတော်မူခဲ့ပါသည်။ အခြားသော ဂြိုဟ်သားများ ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဘုရားသခင်၏ အမြင်တွင် ကျွန်ုပ်တို့လူသားများသည် အရေးပါသော အဓိပ္ပာယ်ရှိသော သူများသာဖြစ်ပါသည်။ ကျွနု်ပ်တို့သည် ကမ္ဘာ့အလွန်သက်ရှိဖြစ်တည်မှုများအား စူးစမ်းသိရှိနိုင်ပြီး ရှာတွေ့ခဲ့သည်ဖြစ်စေ၊ ရှာမတွေ့သည်ဖြစ်စေ  ဖန်ဆင်းတော် မူသော သက်ရှိအားလုံးအတွက် ဘုရား၏ဘုန်းတော်ကို ချီးမွမ်းနိုင်ပါသည်။

အခြားအပြင်တစ်ဖက်မှာ တစ်စုံတစ်ယောက် ရှိနေသလား?

ကျွန်ုပ်တို့သည် အဘယ့်ကြောင့် ယနေ့အထိ ဂြိုဟ်သားများအား မတွေ့ရှိသေးသနည်း၊ (ဥပမာ- Fermi Paradox)
ဂြိုဟ်သား သက်ရှိအဖွဲ့အစည်းများ ဘယ်လောက်များများရှိသနည်း (ဥပမာ- Drake Equation) စသည်တို့ကို ဆယ်စုနှစ် အတော်တော်များများကြာအောင် မှန်းဆ ဆင်ခြင်လာခဲ့ကြပါသည်။ အခြားသောဂြိုဟ်များရှိ အသိဉာဏ် ရှိသော မျိုးစိတ်များနှင့် ဆက်သွယ်နိုင်ခြင်းဆိုသောအရာသည် အကျွန်ုပ်တို့အတွက် လွန်စွာမှ ဆွဲဆောင်မှုရှိသော အရာပင်ဖြစ်ပါသည်။ သို့သော် များစွာသော အကြောင်းပြချက်များကြောင့် ထိုအရာနှင့် ကျွန်ုပ်တို့သည် အလွန်ပင် အလှမ်းကွာဝေးလျက်ရှိပါသည်။

ဂြိုဟ်သားများက ကျွန်ုပ်တို့အား မဆက်သွယ်သေး သလော?

 ပန်းကန်ပြားပျံကဲ့သို့ အမျိုးအမည်မသိ ယာဉ်ပျံ (UFO) အစီရင်ခံချက်များ၊ လျို့ဝှက်အယူအဆများ(Conspiracy Theories) မှလွဲ၍ အခြားဂြိုဟ်သားများ ကမ္ဘာသို့ရောက်ရှိခြင်းနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရသော သက်သေအထောက်အထား မရှိပါ။ ပို၍ဖြစ်နိုင်ဖွယ်ရှိသည့်အချက်မှာ ဂလက်ဆီ တစ်လျှောက် ကွာဝေးစွာထုတ်လွှတ်နိုင်သော ရေဒီယိုလှိုင်းများမှ တဆင့် ဆက်သွယ်ခြင်းကို ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်တို့ လူသားများ၏ ဆက်သွယ်ရေးအချက်အလက်များ အာကာသထဲသို့ ရောက်ရှိနေသလို အကယ်၍ အခြား ဂြိုဟ်သားများ၏ အချက်အလက်များသည်လည်း အာကာသထဲကို ရောက်ရှိနေမည်ဆိုလျှင် မည်သို့ဖြစ်ပါမည်နည်း။ ကမ္ဘာ့ပြင်ပအသိဉာဏ်မြင့် မျိုးစိတ် ရှာဖွေခြင်း ( The Search for Extraterrestrial Intelligence -SETI) သည် ထိုသို့သော ပြင်ပအဆက်အသွယ်များအား သိပ္ပံနည်းကျ အပူတပြင်း ရှာဖွေနေသော အဖွဲ့အစည်းဖြစ်ပါသည်။ ယခုအထိ တွေ့ရှိမှု မရှိသေးသော်လည်း ရှာဖွေရေးအဖွဲ့များသည် ကောင်းကင်တခွင် ရေဒီယိုလှိုင်းများထုတ်လွှင့်ခြင်း အာရုံခံမှု ရှုတ်ထွေးအဆင့်မြင့်သော အချက်ပြခြင်းများဖြင့် အနှံ့အပြား ကြည့်ရှုခြေရာခံလျက်ရှိပါသည်။

ကမ္ဘာ့အလွန်ရှိ သက်ရှိများသည် ပေါများစွာရှိနေသလား၊ ရှားပါးစွာရှိနေသလား သို့မဟုတ် ရှိကိုမရှိကြသည်လား ကျွန်ုပ်တို့ မသိနိုင်ပါ။

အကျွန်ုပ်တို့ ဆက်လက် လေ့လာနိုင်ဖို့အတွက် ကျွန်ုပ်တို့မှာ သိပ္ပံအချက်အလက်အနည်းငယ် ရှိပါသည်။ သိပ္ပံပညာရှင်များသည် ကျွန်ုပ်တို့ ကမ္ဘာဂြိုဟ်ပေါ်ရှိ သက်ရှိများ၏ မူလအစ (The Origin of Life on Planet Earth) ကိုပင် နားလည်သဘောပေါက်ခြင်း မရှိသေးပါ။ ပထမဦးဆုံး သက်ရှိများ ကမ္ဘာဂြိုလ်သို့ မည်သို့မည်ပုံ ရောက်ရှိလာခဲ့သည်ကို မသိရှိရသေးပါ … သုသေတနပြု လေ့လာနေဆဲ ဖြစ်ပါသည်။

ခရစ်ယာန်များသည် ကျယ်ပြန့်သော အမြင်များအား လက်ခံထားကြပါသည်။ အချို့က ဘုရားသခင်သည် ကမ္ဘာပေါ် ရှိ အသိဉာဏ်ရှိသော သက်ရှိများအား အံ့သြဖွယ်တန်ခိုးဖြင့် တစ်ကြိမ်တစ်ခါတည်းဖန်ဆင်းခဲ့သည်ဟု ယုံကြည်ကြသည်။ အချို့က ခရစ်ယာန်ဘာသာတရားယုံချက်အပေါ်ကိုသာ အခြေခံပြီးပြောဆိုသော “ကမ္ဘာပေါ် ရှိ အသိဉာဏ်ရှိသော သက်ရှိများအား အံ့သြဖွယ်တန်ခိုးဖြင့် တစ်ကြိမ်တစ်ခါတည်းဖန်ဆင်းခဲ့သည်” ဟု ယတိပြတ် မခံယူထားကြသော်လည်း လက်ရှိအချိန် အထိ အခြားသော ဂြိုဟ်သားများ တွေ့ရှိမှုအား မကြားသိရသေးသောကြောင့် ကျွန်ုပ်တို့လူသားများသာ ရှိသည်ဟု ကောက်ချက်ချကြပါသည်။ အချို့ ခရစ်ယာန်များမှာမူ အသိဉာဏ်ရှိသော သက်ရှိများ မလွဲဧကန် တိုးတက်ပြောင်းလဲ နိုင်စေရန် အတွက် ဘုရားသခင်က ဤစကြဝဠာအား ပုံဖော်ထားပြီး ထိုသို့သော ရှင်သန်ခြင်းများအား အခြားသော နေရာများတွင်လည်း များစွာတွေ့ဖို့ရန် မျှော်လင့်နိုင်သည်ဟု ယုံကြည်ကြသည်။

ကမ္ဘာ့အလွန်တွင် ရိုးရှင်းသော သက်ရှိဖြစ်ခြင်း ရှိစေဦးတော့၊ အသိဉာဏ်ရှိသော သက်ရှိဖြစ်တည်ခြင်းမှာ အလွန်ပင် ရှားပါးနိုင်လောက်သည်။

ကမ္ဘာပေါ်တွင် ကမ္ဘာ့အပူချိန်လျော့ကျသွားပြီးနောက် ဆဲလ်တစ်ခုတည်းရှိ သက်ရှိ ဖြစ်ပေါ်လာခဲ့ပါသည်။ သို့သော် အဆိုပါ ဆဲလ်တစ်ခုတည်းရှိ သက်ရှိ မှ ဆဲလ်များစွာရှိ သက်ရှိအဖြစ် သို့မရောက်မီ နှစ် သန်းထောင်ပေါင်းများစွာ ကြာခဲ့ပါသည်။ အသိဉာဏ်ရှိသော သက်ရှိများဖြစ်တည်ခြင်းမှာမူ လွန်ခဲ့သော နှစ်ပေါင်း နှစ်သိန်း သာ ရှိပါသေးသည်။ ကမ္ဘာ့သမိုင်းကိုအခြေခံ၍ ကြည့်ပါက ကျွန်ုပ်တို့အနေဖြင့် ရှုပ်ထွေးသော သက်ရှိများထက် ရိုးရှင်းသော  သက်ရှိများ ရှိသော ဂြိုဟ်များကိုသာ တွေ့ရှိနိုင်ဖို့ များပါသည်။ အသိစိတ်၊ အသိဉာဏ်ရှိသော သက်ရှိများမှာ လွန်စွာ ရှားပါးပေလိမ့်မည်။

အသိဉာဏ်ရှိသော သက်ရှိများ ကမ္ဘာ့အလွန်တွင် ရှိစေဦးတော့၊ ထိုသူများသည် အကျွန်ုပ်တို့အား ဆက်သွယ်ချင်မှ ဆက်သွယ်ပေလိမ့်မည်။

လူသားများက ရေဒီယို လှိုင်း ထုတ်လွှင့်စက်၊ လက်ခံစက်များကို တီထွင်ခဲ့သည်မှာ နှစ်ပေါင်း ၁၅၀ ခန့် ရှိပြီဖြစ်သည်။ အခြားသော အသိဉာဏ်ရှိ ဂြိုဟ်သားများ သည် ထိုသို့သော နည်းပညာများ မရရှိသေးခြင်း သော်လည်းကောင်း၊ အခြားသော နည်းပညာများအဖြစ်သို့ ရွှေ့ပြောင်း အသုံးချနေခြင်းသော်လည်းကောင်း၊ လုံးဝကို စိတ်မဝင်စားခြင်း သော်လည်းကောင်း ဖြစ်နိုင်ပေလိမ့်မည်။

ဂြိုဟ်သားများက သတင်းစကားကို ပို့နေပါသော်လည်း ထိုဆက်သွယ်ခြင်းသည် အလွန်နှေးသော အပြန်အလှန် ပြောဆိုမှု ဖြစ်နိုင်ပါသည်။

ရေဒီယိုလှိုင်းများသည် အလင်းပုံစံဖြစ်သည်။ အလင်း သွားရာတွင်  အချိန်တစ်ခုလိုအပ်ပါသည်။ ကျွနု်ပ်တို့၏ နေအဖွဲ့အစည်း(Solar System) ပြင်ပရှိ ကမ္ဘာနှင့် အနီးဆုံး  ဂြိုဟ်(Exoplanet) သည် အလင်းနှစ် ၄ နှစ် ကျော်သွားရသော အကွာအဝေးတွင်ရှိပါသည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့ အတွက် ဂြိုလ်သားများရှိခဲ့သည်ရှိသော် အဖြေတစ်စုံတစ်ခု တန်ပြန်ရဖို့အတွက် ၈ နှစ်ကျော်ကြာမည် ဖြစ်ပါသည်။ ဂြိုဟ်အများစုသည် ပို၍ဝေးသော အကွာအဝေးတွင်ရှိပါသည်။ ဆယ်စုနှစ်အနည်းငယ်တိုင်းမှာ ကျွန်ုပ်တို့ သည် သတင်းစကားတစ်ခုတည်းဖြင့် အဓိပ္ပာယ်ရှိသော စကားဖလှယ်ခြင်းကို ရရှိနိုင်ပါမည်လော?

ကျွန်ုပ်တို့ သတင်းစကားအား ဖလှယ်နိုင်သည်ဆိုဦးတော့ ဘာသာပြန်ခြင်းတွင် အခက်အခဲရှိပေလိမ့်မည်။

သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတော်တော်များများသည် ထိုပြဿနာကို ကျော်သွားကြသည်။ မတူညီသော ကမ္ဘာများမှ မတူညီသော မျိုးစိတ်များ၏ ဘာသာစကားများကို သာသာပြန်ခြင်းသည် ကမ္ဘာပေါ်ရှိ လူသားအသီးသီးတို့၏ မတူညီသော ဘာသာစကားများအား သာသာပြန်ခြင်းထက် လွန်စွာမှ ခက်ခဲပေလိမ့်မည်။  ပို၍ရှုပ်ထွေးသော ခေါင်းစဉ်များဖြစ်သည့် ဘာသာရေး၊ ဘုရားသခင် စသည့် အကြောင်းအရာများအတွက် အပြန်အလှန် မှန်ကန်စွာ နားလည်နိုင်မည်ဟု ကျွန်ုပ်တို့မှာ စိတ်ချယုံကြည်မှု ရှိပါသလား။ အထက်ပါ စိန်ခေါ်မှုအားလုံးကို ကျော်ဖြတ်နိုင်သည်ဆိုပါစို့။ ကမ္ဘာအပြင်ဘက်ရှိ အသိဉာဏ်ရှိ၊ အသိစိတ်ရှိ ပြီး ကျွန်တော်တို့နှင့် ဆက်သွယ်စကားပြောရန် လိုလားသော သက်ရှိတစ်ခုနှင့် ဆက်သွယ်မိပြီဆိုပါစို့။ ထိုအရာများကို အမှန်တကယ် အကောင်အထည်ဖော်ခြင်း မှာ မည်သည့်အရာများဖြစ်နိုင်မည်နည်း။ မေးခွန်းငါးခုကို စဉ်းစားကြည့်ကြပါစို့

 

၁။ အသိဉာဏ်ရှိသော ဂြိုဟ်သားများအား ကျွန်ုပ်တို့ မည်ကဲ့သို့ ဆက်သွယ်သင့်ပါသနည်း။

ကျွန်ုပ်တို့သည် သူတို့အား နားလည်ချင်မှ နားလည်နိုင်ပေလိမ့်မည်။ သို့သော် ခရစ်ယာန်များအနေဖြင့် သူတို့သည် လည်း အတူတကွဖန်ဆင်းခံရသူခြင်း ဖြစ်ပါသည်။ သူတို့အနေဖြင့် ကျွန်ုပ်တို့နှင့် ရင်းနှီးဖော်ရွေကောင်းဖော်ရွေမည်၊ ကွဲပြားကောင်း ကွဲပြားမည်။ ကြမ်းကြုတ်ကောင်း ကြမ်းကြုတ်ပေလိမ့်မည်။ သို့သော် အကယ်၍ သူတို့အမှန်ပင် တည်ရှိနေသည်ဆိုပါက၊ သူတို့သည်လည်း ကမ္ဘာပေါ်တွင် ဘုရားသခင် ဖန်ဆင်းခဲ့သောသက်ရှိများနည်းတူ အခြားတွင် ဘုရားသခင်ဖန်ဆင်းခဲ့သော ဖန်ဆင်းခံများသာဖြစ်ပေလိမ့်မည်။ ၂၀ ရာစု ခရစ်ယာန် ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဆရာကြီး ဘီလီဂရေဟမ် က ကျွန်တော့်ကတော့ အာကာသရဲ့အဝေးတစ်နေရာမှာ ကျွန်တော်တို့နဲ့တူတဲ့ အသိဉာဏ်ရှိတဲ့ သူတွေ ဘုရားသခင်ကို ကိုးကွယ်နေတယ်ဆိုတာ ခိုင်ခိုင်မာမာယုံကြည်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဟာ ထိုသူတွေကို ကြောက်ရွံ့စရာမလိုပါဘူး ၊ သူတို့တွေဟာလည်း ကျွန်တော်တို့လို ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်းတွေပါပဲ ဟု ပြောခဲ့ပါသည်။ ကျမ်းစာထဲက ထာဝရဘုရားသခင်သည် စကြဝဠာတစ်ခုလုံးရဲ့ သက်ရှိအားလုံး၏ ဘုရားသခင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သက်ရှိအားလုံးကို လေးစားမှုနှင့် ဂရုတစိုက် ဆက်ဆံဖို့လိုအပ်ပါသည်။       အသိဉာဏ်ရှိ ဂြိုဟ်သားများအကြောင်း တွေးတောကြံဆချက် အများစုတွင် ဘုရားသခင်အား ချန်လှပ်ထားခဲ့ဖြင်းသည် စိတ်မကောင်းစရာဖြစ်ပါသည်။ သိပ္ပံစိတ်ကူးရင် ဝတ္ထုများတွင် ကမ္ဘာ့အဓိက ဘာသာတရားတွေကို ဖော်ပြခဲပါသည်(Rarely mentioned)။ ထို့ပြင် သမ္မာကျမ်းစာထဲမှ ဘုရားသခင်သည် ဂြိုဟ်သားများ၏ ဘုရားသခင်လည်းဖြစ်တော်မူသည် ဆိုသည့် အချက်သည်  ပို၍ ဖော်ပြခံရခြင်း မရှိပါ။ အကယ်၍ ဘာသာရေးပါလာခဲ့ပါကလည်း လွန်စွာမှ ရှေးကျသည့် ကမ္ဘာဦး ဂြိုဟ်သားများ၏ ဘာသာရေးအဖြစ်ပုံဖော်ထားပြီး  လူသားနဲ့ကိုက်ညီသည့် ကိုးကွယ်မှု ပုံစံမျိုး မဟုတ်ပါ။

ထိုအရာများထဲမှ ခွျွင်းချက်တစ်ခုသည်  Mary Doria Russell ၏ The Sparrow ဝတ္ထုထဲ၌ သိပ္ပံပညာရှင် တစ်ဖွဲ့ နှင့် ဘရင်ဂျီဘာသာရေး အဖွဲ့ဝင်များ(Jesuit priests) အသိဉာဏ်ရှိ သက်ရှိများကို တွေ့ရန် အခြားဂြိုဟ်အား သွားရောက်ခြင်းပဲဖြစ်ပါသည်။ နောက်တစ်ခုမှာ CS.Lewis ၏ Space Trilogy ဖြစ်ပါသည်။ ထာဝရဘုရားကို သိသည့် အင်္ဂါဂြိုဟ် (Mars) နှင့် သောကြာဂြိုဟ် (Venus) ပေါ်မှာနေထိုင်သည့် သတ္တဝါတွေကို လူတစ်ယောက်က တွေ့ဆုံသည့် အကြောင်းဖြစ်ပါသည်။

၂။ ကမ္ဘာ့အလွန်မှာ ရှိတဲ့ သက်ရှိတွေအကြောင်း သမ္မာကျမ်းစာက ပြောထားခြင်းရှိပါသလား? 

တစ်ချို့လူများသည် အခြားဂြိုဟ်များတွင် သက်ရှိများ ရှိသည်ဆိုသည့်အကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားခြင်း မရှိသည့်အတွက်ကြောင့် အသိဉာဏ်ရှိသည့် ဂြိုဟ်သားများကို ရှာဖွေတွေ့ရှိခြင်းဆိုသည့် ခေါင်းစဉ်အား မည်သည့်အကြောင်းနှင့်မျှ ပြောဆိုဆွေးနွေးစရာမရှိ ဟူ၍  ဆိုကြပါသည်။ သို့သော်လည်း ထိုနည်းတူ သမ္မာကျမ်းစာသည် စနေဂြိုဟ်၏ ကွင်း (Saturn’s rings) များ၊ အာကာသဟင်းလင်းပြင်ရှိ ကြယ်စု (Galaxy) များ၊ ဇီဝလက္ခဏာဆောင်သော ဓာတုပစ္စည်းများ (DNA) စသည့်အရာများကိုလည်း ဖော်ပြမထားသော်လည်း ခရစ်ယာန်များသည် ထိုအရာများကိုတော့ သုံးပါးတစ်ဆူ ဘုရားသခင်၏ ဖန်ဆင်းခြင်းတွေ အဖြစ် ယုံကြည်လက်ခံထား ကြပါသည်။ ကျမ်းစာ၏ အပိုင်းတော်တော်များများသည် ရည်ရွယ်ထားသည့် အပိုင်းကိုသာ သီးခြားဖော်ပြထားသည့် ပုံစံမျိုးဖြစ်ပါသည်။ ကျမ်းစကားတွေဟာ ကမ္ဘာပေါ်က သေးငယ်တဲ့ ပထဝီအနေအထားအပိုင်းတစ်ခုတွင် တည်ရှိသည့် မိသားစုတစ်စု ၏ မျိုးဆက်တစ်ခုအပေါ်တွင် ပြုတော်မူသည့် အမှုတော်ကိုသာ အလေးထားဖော်ပြထားခြင်းဖြစ်ပါသည်။

ကမ္ဘာပေါ်ရှိ အခြားတိုက်ကြီး(Continents) တွေမှာနေထိုင်သည့် လူမျိုးစုတွေ ကိုသော်လည်းကောင်း၊ ကမ္ဘာတစ်ခုလုံးအကြောင်းကို သော်လည်းကောင်း နားလည်အောင် ရှင်းလင်းဖော်ပြထားခြင်း မဟုတ်ပါ။  ရှေးခေတ် အရှေ့အလယ်ပိုင်းမှာရှိသော သင့်တော်သည့် ပထမဆုံး ပရိသတ်အစုအဝေးကိုသာ သင့်တော်သည့် နည်းလမ်း တစ်ခုနှင့် ဘုရားသခင်က မိမိကိုယ်ကို ဖွင့်ပြခဲ့ခြင်းဖြစ်ပါသည်။ သူတို့အတွက် မလိုအပ်ခဲ့သည့့် အကြောင်းအရာ သတင်းအချက် အလက်တွေကို ဖယ်ထားခဲ့ပါသည်။

သို့သော်လည်း သမ္မာကျမ်းစာသည် စကြဝဠာနှင့်ဆိုင်သော နယ်ပယ်ကိုလည်း အခိုင်အမာဖော်ပြပြောဆိုထားပါသည်။ ကမ္ဘာဦးအခန်းကြီး (၁)၊ ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး (၁)၊ ကောလောသဲအခန်းကြီး (၁) စသည်တို့တွင် ဘုရားသခင်သည် ချွင်းချက်မရှိ အရာအားလုံး၏ ဖန်ဆင်းရှင်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တမန်တော်ရှင်ပေါလု အနေဖြင့် ဘုရားသခင်၏ ဖန်ဆင်းခြင်းတန်ခိုးအာဏာကို လုံးဝဥဿုံ ရှင်းပြနိုင်ဖို့ရန် စကားလုံး ရှာမရဖြစ်ခဲ့ရပါသည်။ ဘုရားသခင်သည် တမန်တော်ရှင်ပေါလုခေတ် ရောမအင်ပါယာ အလွန်ရှိ အခြားသော သက်ရှိ အရာများနှင့် စပ်ဆိုင်မှုအနည်းငယ်မျှသာရှိသည်ဟူ၍လည်း မဆိုနိုင်ပေ။ ဤစာပိုဒ်များသည် ကမ္ဘာလောကကြီး အထဲရှိအရာများကိုသာမက အမ္ဘာ့အလွန်ရှိ အသိဉာဏ်ရှိသော သက်ရှိများအပါအဝင် အာကာသစကြဝဠာ တစ်ခု လုံးအား ပြောဆိုနေခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ ကောက်ချက်ချနိုင်ပါသည်။

၃။ ဂြိုဟ်သားများအား ရှာဖွေတွေ့ရှိခြင်းသည် လူသားများ၏ အရေးပါခြင်းအား လျော့ပါးသွားစေလိမ့်လော။ 

အခြားသောဂြိုဟ်တစ်ခုတွင် အခြားသောအသိဉာဏ်ရှိ သက်ရှိကို တွေ့ခဲ့မည်ဆိုပါက ထိုအရာက ကျွန်ုပ်တို့ ကိုယ်ကျွနု်ပ်တို့ ရှုမြင်သည့်အမြင်အား ပြောင်းလဲစေနိုင်မည်ဖြစ်ပါသလား။ အကယ်၍ ကျွန်ုပ်တို့ချည်းသာ ဘုရားသခင်၏ သားသမီများ မဟုတ်ခဲ့ပါလျှင် ကျွနိုပ်တို့နှင့် ဘုရားသခင်၏ ဆက်ဆံရေးသည် အဘယ်လို အဓိပ္ပာယ် သက်ရောက်ပါမည်နည်း။ ခရစ်ယာန်များကတော့ ၎င်းနှင့် ပတ်သက်၍ များစွာသောအဖြေများ ထုတ်ကြပါသည်။

အချို့သူများသည် ခရစ်ယာန် အယူလေ့လာခြင်းများထံမှ ကောက်နှုတ်၍ လူသားသာလျှင် စကြဝဠာတစ်ခုလုံးထဲက အသိဉာဏ်ရှိသော သက်ရှိဖြစ်သည်ဟု ဆိုပါသည်။ လူသားများသာလျှင် ကမ္ဘာပေါ်ရှိအခြားသောမျိုးစိတ်များ နှင့် မတူစွာ ဘုရားနှင့် ထူးခြားသော သီးခြားဖြစ်သော ရင်းနှီးကျွမ်းဝင်မှု ရှိသည်ဟု ဆိုပါသည်။ ထိုအရာအား ဆက်လက်၍ ပြောရမည်ဆိုလျှင် စကြဝဠာတွင်လည်း လူသားသာလျှင် သီးသန့် ဖြစ်သည်ဆိုသည့်အချက်ပင်ဖြစ်ပါသည်။ လူသားသည် ဘုရားသခင်နှင့် သီးသန့်ဖြစ်သော ရင်းနှီးကျွမ်းဝင်သည့် ဆက်ဆံရေး ရှိသည်။

အချို့သောသူများမှာ အလားတူခရစ်ယာန်အယူလေ့လာခြင်းများမှ ကောက်နှုတ်၍ လူသားသည် အသိဉာဏ်ရှိသော မျိုးစိတ်များထဲမှ တစ်ခုဖြစ်နိုင်သည်ဟု ကောက်ချက်ချကြပါသည်။ ဘုရားသခင်သည် လွန်စွာမှ ရက်ရောသော၊ ခမ်းနားကြီးကျယ်စွာ လုပ်ဆောင်တတ်သော သူ၏သဘာဝကို များစွာသော သက်ရှိပုံစံများအားဖြစ်စေသည့် ကမ္ဘာကို ဖန်ဆင်းတော်မူခဲ့ခြင်း၌ ကျမ်းစကားများအရ သိရှိနိုင်ပါသည်။ ထိုအရာသည်ပင်လျှင် ဆက်လက်ပြောရမည်ဆိုပါက အသိဉာဏ်ရှိသော သက်ရှိများစွာဖြင့် ကြွယ်ဝသော စကြဝဠာကို ဖန်ဆင်းခဲ့သည်ဆိုသည့် အချက်ပဲ ဖြစ်ပါသည်။

ထိုအချက်သည် ဘုရားသခင်၏ ကျွန်ုပ်တို့အပေါ်ထားသော ချစ်ခြင်းမေတ္တာကို ပျက်ပြယ်စေမည်မဟုတ်ပါ။ ဘုရားသခင်သည် မိမိဖန်ဆင်းသော မျိုးစိတ်တိုင်းအား ထူးခြားသောနည်းလမ်းဖြင့် ချစ်တော်မူသကဲ့သို့ တစ်ဦးချင်းစီ အားလည်း ချစ်တော်မူပါသည်။

ကျမ်းစာထဲက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးရဲ့ သက်ရှိအားလုံး၏ ဘုရားဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သက်ရှိအားလုံးကို လေးစားမှုနှင့် ဂရုတစိုက် ဆက်ဆံဖို့လိုအပ်ပါသည်။”  

ဘာသာရေးစူးစမ်းလေ့လာသူ နှင့် နက္ခတ္တဗေဒပညာရှင်ဖြစ်တဲ့ David Wilkinson က “လူသားများသည် ဘုရားသခင်နှင့် သီးသန့် ရင်းနှီးကျွမ်းဝင်မှု မရှိလျှင်တောင်မှ သူတို့သည် တမူထူးခြားသူများ ဖြစ်သည်” ဟု သူ့ရဲ့ “သိပ္ပံ၊ ဘာသာရေး နဲ့ ကမ္ဘာ့အလွန် အသိဉာဏ် စူးစမ်းရှာဖွေမှု” ဆိုတဲ့ နာမည်ကျော်စာအုပ်ထဲမှာဖော်ပြထားပါသည်။

အခြားသောသက်ရှိပုံစံများနှင့် များစွာသောအရာများကို မျှဝေလျက် (အသိဉာဏ် နှင့် အသိစိတ်များ အပါအဝင်) လူသားများသည် ဘုရားသခင်၏ သီးသန့်လုပ်ဆောင်တော်မူချက်များ၏ ဇာတ်ကြောင်းတွင် နစ်မြုပ်လျက်ရှိပါသည်။ ဤအရာသည် လူသား၏ ဘဝင်မြင့်စိတ်အား အယူခံပေးရန်မဟုတ်ချေ။ ၎င်းသည် ထူးခြားသောဆက်ဆံရေး ဖြစ်သော်ငြားလည်း သီးသန့်ဖြစ်သောအရာတစ်ခု မဟုတ်ပါ။

လူသားသည် အခြားသော အသိဉာဏ်ရှိသက်ရှိများအပေါ် အလေးထားခြင်း နှင့် ဘုရားသခင်၏ မေတ္တာကို မငြင်းပယ်ဘဲလျက် ထူးခြားသည်ဟု သတ်မှတ်နိုင်ပါသည်။

David Wilkinson က ဘုရားသခင်၏ လူသားထံ ပြုတော်မူသော တိကျသည့် အမူအရာများအား ရည်ညွှန်းခဲ့ပါသည်။

ဤအရာများသည် အကျွန်ုပ်တို့နှင့် ဘုရားသခင်အကြား ချွင်းချက်ဖြစ်သော ဆက်ဆံရေး ကို ထပ်ခါတလဲလဲပြ နေခဲ့ ပြီးဖြစ်ပါသည်။  ဘုရားသခင်သည် လူသားကို သူ၏ ပုံသဏ္ဍာန်တော်အတိုင်း ဖန်ဆင်းခဲ့ပါသည်။ ကျွန်တော်တို့ ဆန့်ကျင်ပုန်ကန်ခဲ့သော်လည်း ဆက်လက်၍ ချစ်တော်မူခဲ့ပြီး နောက်ဆုံးတွင် ကျွန်ုပ်တို့နှင့် အတူရှိရန် ကြွလာတော်မူခဲ့ပြီး ကျွန်ုပ်တို့အား ကယ်တင်ရန် အသေခံတော်မူခဲ့ပါသည်။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ဘုန်းအသရေနဲ့ ပတ်ရစ်လျက် ကမ္ဘာကို ဂရုစိုက်ရန် တာဝန်ပေးအပ်ခဲ့ပါသည် (ဆာလံ ၈) ။ အခြားသော အသိဉာဏ်ရှိ သက်ရှိများအား ဘုရားသခင် ဖန်ဆင်းခဲ့သည်ဖြစ်စေ၊ မဖန်ဆင်းခဲ့သည်ဖြစ်စေ၊ သူတို့ရှိခြင်း၊ မရှိခြင်းသည် လူသားများအား ချစ်သော ဘုရားသခင်၏ချစ်ခြင်းမေတ္တာအား (တနည်း) ဘုရား၏မျက်မှောက်တော်တွင် လူသား၏ အရေးပါခြင်းအား လုံး၀ လျော့သွားစေမည်မဟုတ်ပါ။

၄။ ဂြိုဟ်သားများအား ရှာဖွေတွေ့ရှိခြင်းသည် သခင်ယေရှု၏ လူ့ဇာတိခံယူခြင်းနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ သိရှိနားလည်ထားမှုအပေါ် တစ်နည်းတစ်ဖုံ ပြောင်းလဲစေနိုင်မည်လော။

သုံးပါးတစ်ဆူထာဝရဘုရား၌ ဒုတိယမြောက်ပုဂ္ဂိုလ်တော် ဖြစ်တော်မူသော သခင်ယေရှုခရစ်သည် ဘုရားဇာတိတော် ရာနှုန်းပြည့်ရှိသကဲ့သို့ ကျွနု်ပ်တို့ကမ္ဘာဂြိုဟ်၌ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ က လူသားစင်စစ်အဖြစ် လူ့ဇာတိခံယူတော်မူခဲ့ခြင်းသမိုင်းအဖြစ်အပျက်သည် ခရစ်ယာန်ဘာသာ၏ အသည်းနှလုံး ဖြစ်ပါသည်။ အကယ်၍ ဘုရားသခင်သည် အခြားသော ဂြိုဟ်တစ်လုံးလုံး၌ ဝိညာဉ်ရှိ အသိဉာဏ်မြင့် သက်ရှိများအား ဖန်ဆင်းတော်မူခဲ့သည်ရှိသော် သခင်ယေရှုသည် ထိုကဲ့သို့ သက်ရှိမျိုးစိတ်အဖြစ် ကျွနု်ပ်တို့ ကမ္ဘာဂြိုဟ်၌ လူ့ဇာတိခံယူတော်မူသကဲ့သို့ သူတို့ကမ္ဘာ၌လည်း ကြွဆင်းတော်မူခဲ့မည်လော။ သို့မဟုတ် လူ့ဇာတိခံယူတော်မူခြင်းသည် စကြဝဠာတစ်ခုလုံး၌ ကျွနု်ပ်တို့ ကမ္ဘာဂြိုဟ်လေးတစ်လုံး၌သာ ဖြစ်ပျက်ခဲ့သလော။

ဤအရာနှင့် ပတ်သက်၍ ခရစ်ယာန်များ၌ အမြင်အမျိုးမျိုးရှိကြပြန်သည်။ ခရစ်ယာန်အချို့က သခင်ယေရှုသည် ကမ္ဘာဂြိုဟ်၌ လူ့ဇာတိခံယူတော်မူသကဲ့သို့ အခြားသောဂြိုဟ်များ၌ အခြားသက်ရှိများကို ဘုရားသခင် ဖန်ဆင်းခဲ့မည်ဆိုပါက ကိုယ်တော်သည် ထိုမျိုးစိတ်တစ်မျိုးမျိုးအဖြစ် ဇာတိခံယူလိမ့်မည်ဟု ခံယူကြသည်။ ဤကဲ့သို့ ခံယူချက်မျိုးနှင့် ဆင်တူသည့်အရာကို အင်္ဂလိပ်စာရေးဆရာ C.S.Lewis သည် သူ၏ အခန်းဆက်ဝတ္ထုဖြစ်တဲ့ Narnia series ၏ The Last Battle တွင် Aslan ဆိုသည့် ဇာတ်ကောင်ကို ကမ္ဘာပေါ်ရှိ သခင်ယေရှုနှင့်ခိုင်းနှိုင်း၍ သရုပ်ဖော်ထားသည်။ ပုဂ္ဂိုလ်တစ်ခုတည်းက ဂြိုဟ်(Planet) အသီးသီးတွင် မတူကွဲပြားသော သက်ရှိမျိုးစိတ်အဖြစ် ဇာတိခံယူခြင်းဖြစ်သည်။ ထိုအယူရှိသော ခရစ်ယာန်များက သခင်ယေရှုသည် လူသားမျိုးစိတ် (တနည်း) လူသားစင်စစ်တစ်ဦးအဖြစ်  လူ့ဇာတိခံယူတော်မူခြင်းသည် ဘုရားသခင်က သူ၏မေတ္တာတော်ကို လူသားကို ဖော်ပြခြင်းဖြစ်သည့်အတွက် ဘုရားသခင်သည် အခြားသော ဂြိုဟ်တစ်လုံးလုံး၌ ဝိညာဉ်ရှိ အသိဉာဏ်မြင့် သက်ရှိများအား ဖန်ဆင်းခဲ့သည်ရှိသော် ကျွနု်ပ်တို့ ကမ္ဘာဂြိုဟ်၌ လူ့ဇာတိခံယူတော်မူသကဲ့သို့ သူတို့ကမ္ဘာ၌လည်း ကြွဆင်းတော်ခဲ့လိမ့်မူမည်ဟု ယုံကြည်ခြင်းသည် ကျိုးကြောင်းညီညွတ်ပါသည်ဟု ဆိုကြသည်။

အချို့သောခရစ်ယာန်များမှာမူ ခရစ်ယာန်ဘာသာသည် သခင်ယေရှုခရစ်တော်၏ လူသားခန္ဓာကိုယ်ဖြင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကို မီးမောင်းထိုးပြပြီး ထိုရှင်ပြန်ထမြောက်တော်မူရာ လူသားခန္ဓာကိုယ်နှင့်ပင် ခမည်းတော်ဘုရားသခင်၏ လက်ယျာတော်ဘက်၌ ထိုင်နေတော်မူသည်ဟု သမ္မာကျမ်းစာမှ သွန်သင်ထားသောကြောင့် သခင်ယေရှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကမ္ဘာဂြိုဟ်လေးတစ်လုံး၌သာ တစ်ကြိမ်တည်း လူသားဇာတိအဖြစ် ခံယူတော်မူသည်ဟု ခံယူကြသည်။ ဘုရားသခင်သည် ဤကမ္ဘာဂြိုဟ်ရှိ သက်ရှိများအားလုံးကို ချစ်တော်မူသကဲ့သို့ အခြားကမ္ဘာရှိ သက်ရှိများအားလုံးကိုလည်း ချစ်တော်မူမည်ဖြစ်သည်။ ထို့အပြင် ဘုရားသခင်သည် ဤကမ္ဘာဂြိုဟ်၌ပင် တခြားသက်ရှိမျိုးစိတ်အဖြစ်မဆင်းကြွခဲ့ဘဲ လူသားဇာတိအဖြစ်သာ ကြွဆင်းလာခဲ့ခြင်းမှာ လူသည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်တစ်ညီတည်း ဖန်ဆင်းခံထားရသောတစ်ခုတည်းသော သက်ရှိမျိုးစိတ် ဖြစ်သောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ကမ္ဘာ့အလွန်၌ အသိဉာဏ်မြင့် သက်ရှိမျိုးစိတ်ရှိခဲ့သော် ထိုသက်ရှိမျိုးစိတ်သည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် တစ်ညီတည်းဖန်ဆင်းခံထားရပြီး ထိုသက်ရှိတို့သည် လူသား အာဒံနှင့် ဧဝကဲ့သို့ ဘုရားသခင်၏ပညတ်တော်ကို လွန်ကြူးပြီး အပြစ်၌ကျရှုံးမှသာ ရွေးနှုတ်ကယ်တင်ရန်လိုအပ်ပေမည်။ သို့မဟုတ်လျှင် အပြစ်မှ ကယ်တင်ခြင်းမလိုအပ်တော့သည့်အတွက် သခင်ယေရှု မည်သည့် သက်ရှိမျိုးစိတ်ခံယူခြင်း၊ မယူခြင်းကိစ္စ ဆွေးနွေးငြင်းခုန်စရာပင် လိုမည် မဟုတ်ပေ။ စင်စစ် ဘုရားသခင်သည် အခြားကမ္ဘာဂြိုဟ်၌ အသိဉာဏ်မြင့် သက်ရှိများအားဖန်ဆင်းခဲ့သည်ရှိသော် ထိုသက်ရှိများအား ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် ဖန်ဆင်းခဲ့သလား၊ မဖန်းဆင်းခဲ့သလားဆိုတာကိုတော့ ဘုရားသခင်သာလျှင် သိနို်င်မည်ဖြစ်သည်။ ထို့ကြောင့် ဤခေါင်းစဉ်နှင့် ပတ်သက်၍ ခရစ်ယာန်များအကြားတွင် မတူကွဲပြားသော ခံယူချက်အသီးသီးရှိသော်လည်း ဤကမ္ဘာဂြိုဟ်လေး၌ သခင်ယေရှု လူ့ဇာတိခံယူတော်မူခဲ့ခြင်းနှင့် ဘုရားသခင်၏ ချစ်တတ်သဘောသဘာဝကို ဖော်ကြူးကြရာ၌ ဘုံတူသော ခံယူချက်ရှိကြကြောင်း တွေ့ရပါသည်။

၅။ ဂြိုဟ်သားများအား ရှာဖွေတွေ့ရှိခြင်းများ ရှိခဲ့မည်ဆိုလျှင် သခင်ယေရှု၏ ကားတိုင်ထက် တွင် သက်စွန့်အသေခံတော်မူခြင်း နှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ သိရှိနားလည်ထားမှုအပေါ် တစ်နည်းတစ်ဖုံ ပြောင်းလဲစေနိုင်မည်လော။

ခရစ်ယာန်ယုံကြည်ကိုးကွယ်မှု၌ သခင်ယေရှု၏ လူ့ဇာတိခံယူခြင်းအပြင် လူသားများ၏ အပြစ်ကိုယ်စား ကားတိုင်တော်ထက်တွင် အသက်စွန့်အသေခံကာ အပြစ်နွံမှ ရွေးနှုတ်ကယ်တင်ခြင်းသည်လည်း ခရစ်ယာန်ဘာသာ၏ ပင်မယုံကြည်ချက်များထဲမှ တစ်ခုဖြစ်ပါသည်။ ခရစ်တော်၏ အပြစ်မှ‌ရွေးနှုတ် ကယ်တင်ခြင်းသည် ဤကမ္ဘာဂြိုဟ်လေးတစ်လုံးတည်းရှိ လူသားမျိုးနွယ် တစ်ခုတည်းအတွက်သာလော။ တဖန် ဤမေးခွန်းနှင့် ပတ်သက်၍လည်း အမြင်အမျိုးမျိုးရှိကြပြန်ပါသည်။ ဖင်လန်လူမျိုး ခရစ်ယာန်ဓမ္မပညာရှင် Olli-Pekka Vainio က သူ၏ “Cosmology in Theological Perspective” စာအုပ်ထဲတွင် ဤအကြောင်းအရာနှင့်ပတ်သက်သော အမြင် (၄) မျိုးကို အောက်ပါအတိုင်း တင်ပြထားပါသည်။

၁။ ဂြိုဟ်သားများသည် လူသားများကဲ့သို့ အပြစ်တရား၌ မကျရှုံးခဲ့ပါ။ ထို့ကြောင့် သူတို့ကို သခင်ယေရှုမှ ရွေးနှုတ်ကယ်တင်ရန် မလိုပါ။

ကမ္ဘာဦးလူသား အာဒံနှင့် ဧဝ တို့သာ စာတန်၏ သွေးဆောင်ခြင်း၌ မကျရှုံးခဲ့ဘဲ ဘုရားသခင်၏ ပညတ်တရားတော်ကို စောင့်ထိန်းနိုင်ခဲ့ပါက ယနေ့တွင် မည်ကဲ့သို့ အခြေအနေ၊ ပတ်ဝန်းကျင်၊ လူမှုအဖွဲ့အစည်း ဖြစ်နေမည်နည်းကို စဉ်းစာကြည့်ဖူးပါသလား။ ဟုတ်ပါသည် … အကယ်၍ အာဒံနှင့် ဧဝ သာ ကမ္ဘာဦးတွင် အပြစ်မကျူးလွန်ခဲ့ပါက ယနေ့ကျွန်ုပ်တို့ နားလည်ထားသော ကမ္ဘာ၊ လူမှုအဖွဲ့အစည်း၊ သဘာဝပတ်ဝန်းကျင်တို့နှင့်  များစွာ မတူကွဲပြားနေပေလိမ့်မည်။ ထိုကဲ့သို့ပင် ဂြိုဟ်သားများလည်း ဖြစ်နေနိုင်ပါသည်။ အကယ်၍ ဂြိုဟ်သားများသည် ကျွန်ုပ်တို့လူသားများကဲ့သို့ ဘုရားသခင်၏သဏ္ဍန်တော်နှင့် အညီ ဖန်ဆင်းခံထားရသော်လည်း အပြစ်၌ မကျရှုံးခဲ့ပါက သူတို့ကို အပြစ်မှ ရွေးနှုတ်ကယ်တင်ရန်လိုအပ်မည် မဟုတ်ပေ။ ထို့ကြောင့် ဤအမြင်သည် ကျိုးကြောင်းညီညွတ်မှုရှိသည်ဟု နားလည်နိုင်ပါသည်။ သို့သော် ဘုရားသခင်သည် ဂြိုဟ်သားများကို သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခဲ့သလား၊ မဖန်ဆင်းခဲ့ဘူးလား၊ သူတို့ အပြစ်ကျူးလွန်ခဲ့သလား၊ မလွန်ကြူးခဲ့ဘူးလားဆိုတာကိုတော့ ကျွန်ုပ်တို့ မသိနိုင်သည်ကိုတော့ နှိမ့်ချစွာဝန်ခံံရပေမည်။

ဂြိုဟ်သားများသည် လူသားများကဲ့သို့ အပြစ်တရား၌ ကျရှုံးခဲ့သည်။ သို့သော် ဂြိုဟ်သားများနှင့် ဘုရားသခင်ကြား ပတ်သက်ဆက်နွယ်မှုသည် ကျွန်ုပ်တို့နှင့် မတူကွဲပြားပါသည်။

ဤအမြင်တွင် ဂြိုဟ်သားနှင့် ဘုရားသခင်အကြား ပတ်သက်ဆက်နွယ်မှုသည် ကျွန်ုပ်တို့ နားလည်ထားပြီးသား ကျရှုံးကောင်းကင်တမန်များ(Fallen Angels) နှင့် ဘုရားသခင်ကြား ပတ်သက်ဆက်နွယ်မှုနှင့် ဆင်တူပါသည်။ ဘုရားသခင်သည် ကောင်းကင်တမန်များကို ဖန်ဆင်းခဲ့ပါသည်။ သူတို့ထဲမှ အချို့သည် စာတန်၏နောက်လိုက်၍ ဘုရားသခင်အား အာဏာဖီဆန်၊ ပုန်ကန်ခဲ့သည်။ သို့သော်လည်း လူသားများကဲ့သို့ အပြစ်ကျူးလွန်တာခြင်းတူသော်လည်း ကျရှုံးကောင်းကင်တမန်များအတွက် ဘုရားသခင်၏ ကယ်တင်ခြင်းစီမံကိန်းအကြောင်း သမ္မာကျမ်းစာထဲ၌ ကျွန်ုပ်တို့ တစ်ကြိမ်တစ်ခါမျှ မဖတ်ဖူးပေ။ ထို့ကြောင့် ကျရှုံးကောင်းကင်တမန်များကို ကယ်တင်ရန် ဘုရားသခင်၌ အစီအစဉ်မရှိကြောင်း ယေဘုယျအားဖြင့် နားလည်နိုင်သည်။ ဤအမြင်၌ ထိုကဲ့သို့ပင် ဂြိုဟ်သားများဖြစ်သည်။ အကယ်၍ ထိုဂြိုဟ်သားများသည် လူသားများကဲ့သို့ ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထားခြင်း မခံရပါက သူတို့အား ရွေးနှုတ်ကယ်တင်ရန် ထာဝဘုရား၌ အစီအစဉ်ရှိလိမ့်မည် မဟုတ်ဟူ၍ဖြစ်သည်။

။ ဂြိုဟ်သားများသည် လူသားများကဲ့သို့ အပြစ်တရား၌ ကျရှုံးခဲ့သည်။ သို့သော် ကမ္ဘာပေါ်၌ သခင်ယေရှုပြုခဲ့သော ရွေးနှုတ်ကယ်တင်ခြင်းသည် သူတို့အတွက်လည်း အကျုံးဝင်သည်။

ဤအမြင်တွင် သခင်ယေရှုခရစ်၏ အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းသည် စကြဝဠာတစ်ခုလုံးရှိ သက်ရှိအားလုံးအတွက် ကမ္ဘာဂြိုဟ်လေး(Planet Earth)၌သာ တစ်ကြိမ်တည်းနှင့် ပြီးမြောက်ခဲ့သည်ဟု ခံယူသည်။ သုံးပါးတစ်ဆူ ထာဝဘုရား၌ ဒုတိယမြောက် ပုဂ္ဂိုလ်တော်ဖြစ်သော သခင်ယေရှုသည် ဂြိုဟ်ပေါင်းများစွာ၌ ထပ်ခါထပ်ခါ အသေခံသည်ဆိုသည့် အယူကို ငြင်းပယ်ကြပါသည်။ ထိုကဲ့သို့ပင် သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းသည်လည်း ကမ္ဘာဂြိုဟ်လေး၌သာ တစ်ကြိမ်တည်းဖြစ်ပျက်ခဲ့သည်ဟု ခံယူကြသည်။ ဘုရားသခင်သည် ဣသရေလ(Israel)လူမျိုးများကို ကိုယ်တော်၏ လူမျိုးတော်အဖြစ် ရွေးကောက်တော်မူခဲ့သကဲ့သို့ စကြဝဠာတစ်ခုလုံးရှိ လူသားများကဲ့သို့ ကျရှုံးသက်ရှိများအားလုံးကို အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းအမှုကို ပြုဖို့ရန် ဤကမ္ဘာဂြိုဟ်လေးကို ရွေးကောက်တော်မူခဲ့သည်ဟု ခံယူကြသည်။ ထိုသို့ဆိုသော် ကမ္ဘာဂြိုဟ်၌ဖြစ်ပျက်ခဲ့သော သခင်ယေရှု၏ ရွေးနှုတ်ကယ်တင်ခြင်း အမှုပြီးမြောက်မှုကို ဂြိုဟ်သားများက မည်ကဲ့သို့ ကြားသိနိုင်မည်နည်း။ သခင်ယေရှုသည် တမန်တော်ရှင်ပေါလုကို ဒမသက်မြို့သွားရာလမ်း၌ ကိုယ်ထင်ရှား ဖွင့်ပြတော်မူသကဲ့သို့  ဂြိုဟ်သားများကိုလည်း ထိုနည်း၎င်း ထူးခြားသော ဗျာဒိတ်တော်များနှင့် ဖွင့်ပြကောင်းဖွင့်ပြနိုင်ပါသည်။ သို့မဟုတ် ဂြိုဟ်သားများသည် သခင်ယေရှုခရစ်တော်ကို အခြားသောနည်းလမ်း၊ အခြားသော အမည်နာမတစ်ပါးပါးဖြင့် သိမှတ်ယုံကြည်ကောင်းယုံကြည်နေနိုင်ပါသည်။ ဒါမှမဟုတ် ဂြိုဟ်သားများဆီသို့ အာကာသဖြတ်ကျော်၍ ဧဝံဂေလိသတင်းစကား ပျံ့နှံ့ရောက်ရှိရန် တာဝန်သည် ကျွန်ုပ်တို့ လူသားများ၌ တာဝန်ရှိတာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်ဟု အချို့က ခံယူကြပါသည်။

၄။ ဂြိုဟ်သားများသည် လူသားများကဲ့သို့ အပြစ်တရား၌ ကျရှုံးခဲ့သည်။ သို့သော် သခင်ယေရှု၏ ဇာတိခံယူခြင်းနှင့် အသေခံ ရွေးနှုတ်ကယ်တင်ခြင်းသည် ဂြိုဟ်သားများ၏ ကမ္ဘာပေါင်းများစွာ၌လည်း ဖြစ်ပျက်ခဲ့သည်။

ဤအမြင်တွင် သခင်ယေရှုသည် အခြားဂြိုဟ်ပေါင်းများစွာ၌ သက်ဆိုင်ရာ သက်ရှိမျိုးစိတ်တို့၏ ဇာတိခံယူရုံမက ထိုဂြိုဟ်သားများ၏ အပြစ်အတွက်လည်း အသေခံခဲ့သည်ဟု ဆိုသည်။ ဤအယူရှိသူတို့သည် ဘုရားသခင်က ကမ္ဘာပေါ်၌သာ လူ့ဇာတိခံယူကာ အသေခံပြီးအသွေးသွန်းပြီး အခြားကမ္ဘာရှိသက်ရှိများအတွက်လည်း အကျုံးဝင်သည်ဟု ခံယူခြင်းမှာ မိုက်မဲရာကျသည်ဟု ငြင်းဆိုကြပါသည်။ သမ္မာကျမ်းစာထဲ၌ ဘုရားသခင်သည် သန့်ရှင်းမြင့်မြတ်တော်မူပြိး ချစ်ခြင်းမေတ္တာကြီးမားသောအရှင် ဖြစ်သောကြောင့် ဂြိုဟ်သားများအတွက်လည်း သူတို့၏ ကမ္ဘာ၌ တူညီသော အမှုကို ပြုပေးလိမ့်မည်ဟု ခံယူကြသည်။

ထို့ကြောင့် ထိုကဲ့သို့သော မေးခွန်းများသည် ခရစ်ယာန်ယုံကြည်ကိုးကွယ်မှုအတွက် စိန်ခေါ်မှုအချို့ဖြစ်သော်လည်း စိတ်ပျက်အားငယ်ရန်လို မလိုအပ်ပေ။ ကျွန်ုပ်တို့အတွက် သေချာသည့် အမှန်တရားမှာ ဘုရားသခင်၏ တစ်ပါးတည်းသော သားတော် သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကို အပြစ်မှကယ်တင်ရန် လူ့ဇာတိခံယူခဲ့ပြီး ကားတိုင်ထက်တွင် အသေခံအသွေးသွန်းခဲ့ကာ (၃) ရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်ခဲ့သည် ဆိုသည့်အချက်ပင်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဘုရားသခင်ဖန်ဆင်းတော်မူသည့် သက်ရှိတိုင်းကို တန်ဖိုးထားသင့်သည်။

ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်တော်မူသည်။ ထို့ကြောင့် ကိုယ်တော်သည် အလိုတော်ရှိတော်မူသည့်အတိုင်း လွတ်လပ်စွာ ဖန်ဆင်းတော်မူလိမ့်မည်။ ကျွန်ုပ်တို့၏ အိမ်ဖြစ်သည့် ကမ္ဘာဂြိုဟ်လေး၌ပင် အဏုကြည့်မှန်ပြောင်းကို မတီထွင်နိုင်ခဲ့ခင် အချိန်ထိ သာမန်မျက်စိ(Naked eyes)ဖြင့် မမြင်နိုင်တဲ့ အလွန်သေးငယ်လွန်းတဲ့ အဏုဇီဝမျိုးစိတ်ပေါင်းများစွာ ရှင်သန် တည်ရှိနေကြကြောင်း ကျွန်ုပ်တို့ မသိရှိခဲ့ကြပေ။ ထိုနည်း၎င်းပင် အနာဂတ်တွင် ရှာဖွေတွေ့ရှိလာနိုင်သည့် ကမ္ဘာပြင်ပမှ သက်ရှိများကို တန်ဖိုးထားရပါမည်။ ခရစ်ယာန်များအနေဖြင့် သိပ္ပံပညာရှင်တွေကို “အခြားသော ဂြိုဟ်တွေပေါ်ရှိ သက်ရှိများအား စူးစမ်းရှာဖွေခြင်း” နှင့် “ကမ္ဘာပေါ်ရှိ သက်ရှိတို့၏ မူလအစ”  စသည်တို့ကို သုတေသနပြုလေ့လာသည့် အရာမှာ ထောက်ခံအားပေးနိုင်ပါသည် ။ ထို့အပြင်  ထိုတွေ့ရှိမှုများ ဖြစ်မလာခင်မှာ ဓမ္မပညာရှင်များကိုလည်း အဆိုပါရှာဖွေတွေ့ရှိမှုတွေအပေါ် ပြုမူလုပ်ဆောင်ရမည့်အရာများကို ချင့်ချိန်တွေးဆထားဖို့ကိုလည်း တိုက်တွန်းအားပေးနိုင်ပါသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပြင်ပ၌ မည်သည့်အရာကိုပဲ ရှာတွေ့တွေ့ ကျွန်ုပ်တို့ ကြိုဆိုရမည်၊ တန်ဖိုးထားရမည်။ အနာဂတ်တွင် ရှာဖွေတွေ့ရှိလာနိုင်သည့် ကမ္ဘာပြင်ပမှ သက်ရှိများကို တန်ဖိုးထားသောစိတ်၊ ဂရုစိုက်လိုသောစိတ်၊ နှိမ့်ချသောစိတ်၊ အရာရာကို စူးစမ်းသိလိုသောစိတ်တို့ဖြင့် ဘုရားသခင်၏ ဖန်ဆင်းခြင်းလက်ရာတော်များကို အတူတကွ ဖော်ထုတ်လေ့လာကြကာ ထိုအရှင်၏ ဘုန်းတော်ကို ချီးမွမ်းကြ ပါစို့။

ရောမ ၁၁း၃၃-၃၆

“ဘုရားသခင်၏ပညာနှင့် ဥာဏ်တော်သည် အလွန်ကျယ်ဝန်း နက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍ မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်းမတွေ့မမှီနိုင်။ ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင် ဘက်ပြုသနည်း။ ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရ ဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဘူးသနည်း။  ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲက၎င်း၊ ကိုယ်တော်အားဖြင့်၎င်း၊ ကိုယ်တော်အဘို့ အလိုငှါ၎င်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။”

ကမ္ဘာပြင်ပရှိ သက်ရှိများအား ရှာပုံတော်ဖွင့်ခြင်းနှင့် ပတ်သက်၍ သိပ္ပံဆိုင်ရာ အထောက်အထား အချက်အလက်များရှိပါသည်။ ထိုရှာပုံတော်ဖွင့်ခြင်းနှင့် ပတ်သက်၍ သိပ္ပံပညာရှင်များ မည်သည့်အရာများကို သိရှိထားပြီးပြီလဲဆိုသည်ကို အတူတကွ ဆက်လက်လေ့လာကြပါစို့။

မှတ်ချက်။   ။ Web view/ Desktop view တွင် အောက်ပါ Infographic ပုံများကို ( ဝဲ မှ ယာ) သို့ အစဉ်လိုက် ဖတ်ပါ။ သို့သော် Mobile view/Phone View တွင် (အထက် မှ အောက်) သို့ အစဉ်လိုက်တိုင်း ဖတ်နိုင်ပါသည်။