Skip to content

တခါတရံတွင် အမှတ်မထင် စနောက်ခြင်း သို့တည်းမဟုတ် ဘာရယ်မဟုတ် စကားရှာကာ နှုတ်ဆက်ပြောမိခြင်းအချို့ကြောင့် တဖက်လူ၏ အထင်လွဲခြင်းများကို ခံရတတ်သကဲ့သို့ စိတ်မကောင်းဖြစ်စေခြင်းကိုလည်း ဖြစ်ကောင်းဖြစ်စေတတ်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့၏ အသက်တာထဲတွင် မိမိ၏ပြောဆိုမိခဲ့သော ထိုအချိန်များကိုလည်း ပြန်လည်သုံးသပ်ကာ ဆင်ခြင်ခြင်းသည် အရေးကြီးသောအခန်းက္ဍတစ်ရပ်ပင် …

ခန့်မှန်းအရ မှတ်မိသလောက်ဆိုရလျှင်၂၀၁၉ ခုနှစ်ဝန်းကျင်တွင် ဖိတ်ကြားမှုတစ်ခုကြောင့် “Hotel” တစ်ခု၌ ပြုလုပ်သော “IT” ပညာရပ်ပိုင်းဆိုင်ရာ ပွဲတစ်ခုသို့ ကျွန်တော်တက်ရောက်ခဲ့သည်။ ထိုနေရာ၌ မိတ်ဆွေများနှင့်လည်း တွေ့ဆုံစကားပြောခဲ့ကြသည်။ ထိုမိတ်ဆွေများထဲမှ တစ်ဦးသည် စက်ဘီးကို အင်မတန်နှစ်သက်သူဖြစ်သည်။ ထို့ကြောင့် မိမိသည် နှုတ်ဆက်ရင်းနှင့် “စက်ဘီးနဲ့ပဲလား” ဟူသောမေးခွန်းကို ရယ်ရယ်မောမောပြောဆိုရင်း နှုတ်ခွန်းဆက်စကားခြွေလိုက်မိသည်။ သို့နှင့် အိမ်ပြန်ရောက်သည့်နောက် ညပိုင်းတွင် “Self Evaluation” လုပ်သည့်နောက် ထိုမိတ်ဆွေသာ သဘောပေါက်နားလည်မှု လွဲသွားမည်ဆိုလျှင်ဟူသည့် အတွေးတစ်ခုဝင်လာသည်။ ထို့ကြောင့် ကျွန်တော်လည်း ချက်ခြင်းသူ့ဆီသို့ ဆက်သွယ်ကာ တောင်းပန်၍ ရှင်းပြခဲ့လိုက်သည်။ ကျွန်ုပ်၏ ပြောဆိုခဲ့မိသော “စက်ဘီးနဲ့ပဲလား” ဆိုသည့် စကားသည် နှစ်ဘက်သွားနေကြောင်းကို ဆင်ခြင်မိသည့်နောက် သူသာ တမျိုးမြင်သွားလျှင် …

တစ်ရက်၌ ဘုရားကျောင်းသွားရန် ပြင်ဆင်ပြီးနောက်တွင် ထမင်းဟင်းချက်ထားသော အန်တီအား အချိန်မမီမှာစိုး၍ ကျွန်တော်မစားတော့ဘဲ စနောက်ခဲ့မိသည်။ အကြောင်းမှာ ထမင်းဟင်းချက်ထားသည်ကို မစားသွားလိုက်သဖြင့် စိတ်မကောင်းဖြစ်မည်စိုးသောကြောင့် ကျွန်ုပ်သည်လည်း ပြုံးပြုံးရွှင်ရွှင် ရယ်မောကာ “နေ့တိုင်းစားဖူးနေတာပဲ မစားတော့ပါဘူး” ဟု စနောက်ကာ ထွက်ခွာသွားခဲ့လေတော့သည်။ ထိုစကားသည် ဘာရယ်မဟုတ်သော်လည်း ပြန်လည်ဆင်ခြင်မိသည့်အခါ၌ စိတ်မကောင်းဖြစ်နိုင်ချေရှိသော စနောက်ခြင်းများဖြစ်နေမလားဟုပင် … သို့နှင့် နောက်ရက်ပိုင်းတွင် ပြန်လည်ကာ ရှင်းပြခဲ့သည်။ မစားသွားသဖြင့် စိတ်မကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် “နေ့တိုင်းချက်ကျွေးနေသည်ကို စားဖူးကြောင်းကို တင်စားသကဲ့သို့ ပြောကာ” စနောက်၍ စိတ်မကောင်းမဖြစ်အောင် ပြောဆိုခြင်းဖြစ်ကြောင်း ထိုစကားကြောင့် စိတ်မကောင်းများပိုဖြစ်ရမလားဟူ၍ ဆင်ခြင်မိသောကြောင့် ပြန်လည်ကာ ရှင်းပြခြင်းဖြစ်ကြောင်းဟုပင် …

ရှင်ယာကုပ်ဩဝါဒစာ ၁:၂၆
သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက်ဖြစ်၏။

ဤအကြောင်းအရာနှစ်ခုအား ယနေ့တွင်လည်း ထပ်မံ၍ ပြန်လည်ဆင်ခြင်မိကာ မိမိ၏စနောက်ခြင်း၊ ဘာရယ်မဟုတ်သော ပြောဆိုခြင်း၊ တနည်းအားဖြင့် မိမိ၏ နှုတ်လျှာပါးစပ်တို့ကြောင့် အခြားလူများ၏ အတွေး၌ တလွဲသဘောပေါက်စေမှု၊ အမျိုးမျိုးသော တွေးမြင်မှုများအားဖြစ်စေသကဲ့သို့ အထင်အမြင်လွဲမှားစေတတ်ပါလားဟု ဆင်ခြင်ကာ “Self Evaluation” တစ်ခုအား ပြန်လည်ကာ ဝေမျှလိုက်ပါတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။