Skip to content

ကျွန်တော်တို့သည် နားထောင်ချင်ရာနားထောင်တတ်သည့် ဓလေ့၊ တစ်ဖက်သတ်နားယောင်မိတတ်သည့် ထုံးစံတို့နှင့် ပြောချင်ရာပြောတတ်ကြသည့် ပါးစပ်ပေါက်များအား ပိုင်ဆိုင်ထားတတ်ကြသည်။ ဤသည်မှာ ကြီးမားသော ပဋိပက္ခတစ်ခုအား ပေါ်ပေါက်လာစေတတ်သော အန္တရာယ်တစ်ခုပင် … 

ကျွန်ုပ်တို့တွင် နားနှစ်ဖက်၊ ပါးစပ်ပေါက်တစ်ပေါက် ကိုယ်စီကိုယ်စီရှိကြသည်။ အကြောင်းမှာ နှစ်ဖက်စကားအား နားထောင်တတ်စေရန်နှင့် လိုအပ်ရာကိုသာ ပြောစေတတ်ရန်ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ထိုနားနှစ်ဖက်နှင့် မိမိနားထောင်ချင်ရာသာ နားထောင်ခြင်း၊ တဖက်သတ်စကားကိုသာ နားယောင်ခြင်းနှင့် ပြောချင်ရာကိုသာ စွတ်ပြောခြင်းတို့ကြောင့်ပင် မီးလောင်ရာလေပင့်ဖြစ်ကာ ပဋိပက္ခကြီးတစ်ခုအား ရင်ဆိုင်ရလေ့ ရှိတတ်ကြပေသည်။

လုပ်ငန်းခွင်၊ မိသားစု၊ အိမ်ထောင်၊ အသင်းတော်၊ သူငယ်ချင်းများအကြားထဲမှာပင်လျှင် ထိုအကျင့်စရိုက်များကြောင့် အပြတ်ပြတ်နှင့် နှာခေါင်းသွေးထွက်ခဲ့ကြရခြင်းတို့၏ အဓိကတရားခံသည် ထိုနားနှစ်ဖက်နှင့် ပါးစပ်ပေါက်တစ်ပေါက်ကြောင့်ပင် …

ထို့ကြောင့် နားထောင်ခြင်း အနုပညာသည် လုပ်ငန်းခွင်တွင်လည်း အရေးပါသကဲ့သို့ အသင်းတော်၊ မိသားစု၊ သူငယ်ချင်းများထဲတွင်ပင်လျှင် အရေးပါလှသည်နည်းတူ ဆွေးနွေးတိုင်ပင်ခြင်းအမှုတွင်လည်း အင်မတန်အရေးပါလှသော အခန်းကဏ္ဍပင်ဖြစ်သည်။ 

နားနှစ်ဖက်ပါရှိပါသော်လည်း တစ်ဖက်သတ်စကားများကိုသာ နားထောင်မိခြင်းကြောင့် ပဋိပက္ခကြီးထွားရခြင်း၊ ပါးစပ်ပေါက်မှ မဆင်မခြင်ပြောဆိုမိသဖြင့် ပဋိပက္ခကြီးထွားရခြင်းတို့သည် သတိပြုဆင်ခြင်စရာကောင်းလှသည်မဟုတ်ပါလား … ထိုနည်းတူ “Counseling” အခြေအနေအရပ်ရပ်တို့သည် ဤနားနှစ်ဖက်နှင့် ပါးစပ်ပေါက်တစ်ခုကြောင့် မီးကဲ့သို့လောင်စေခြင်း သို့တည်းမဟုတ် ရေကဲ့သို့ အေးစေခြင်းကို ဖြစ်တတ်စေသည်မှာ အသေအချာပင် …

ရှင်ယာကုပ်ဩဝါဒစာ ၁:၁၉
သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။

အချုပ်အားဖြင့်ဆိုရသော် ကျွန်ုပ်တို့၏ နားများသည် လိုရာဆွဲတတ်သောနား သို့တည်းမဟုတ် တဖက်သတ်စကားများအား နားထောင်သောနားများမဖြစ်ဘဲ ကြားတတ်သောနား၊ နားထောင်တတ်သောနားများဖြစ်စေ၍ ပါးစပ်ပေါက်များသည်လည်း ဆင်ဆင်ခြင်ခြင်ပြောဆိုတတ်သော ပါးစပ်များဖြစ်စေခြင်းသည် ပဋိပက္ခကြီးတစ်ခုအား ကြိုတင်ကာကွယ်ခြင်းလည်း ဖြစ်ချေတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။