Skip to content

သိပ္ပံနှင့် ခရစ်ယာန်ယုံကြည်ခြင်းကို ဟန်ချက်ညီစွာ ပေါင်းကူးခြင်း

 

ကျွန်တော်တို့ ဒီဆောင်းပါးစီးရီး တစ်လျှောက်မှာ ခရီးတော်တော်ဝေးဝေး လျှောက်ခဲ့ကြပြီနော်။ အရောင်ပြောင်းသွားတဲ့ ပိုးဖလံလေးတွေကနေစပြီး၊ ခြေထောက်ပါတဲ့ ဝေလငါး ရုပ်ကြွင်းတွေ၊ သန္ဓေသားတွေရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်တွေကို အကျယ်တဝင့် ဖတ်ရှုနားလည်ခဲ့ကြတယ်။ သိပ္ပံပညာက “လူဟာ မျောက်ကနေ ဆင်းသက်လာတယ်” လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး၊ ဒီလို အရပ်စကားတွေက ဒဏ္ဍာရီတွေသာဖြစ်တယ်ဆိုတာတွေလည်း ရှင်းခဲ့ကြပြီ။ ဒီသိပ္ပံအသိတွေ ပိုရလာတဲ့အခါ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်သာ မှန်ရင် အာဒံရဲ့အပြစ်၌ကျရှုံးခြင်းနဲ့ သခင်ယေရှုဘုရားရဲ့ ရွေးနှုတ်ကယ်တင်ပေးခြင်း ကဏ္ဍက ဘယ်မှာလဲ ဆိုတဲ့ ယုံကြည်သူတွေ ခေါင်းအစားဆုံး မေးခွန်းတွေအတွက်ပါ သမ္မာကျမ်းစာအခြေပြု၊ ယုတ္တိကျပြီး ဖြစ်နိုင်ချေအရှိဆုံး ဒဿနအမြင်တွေနဲ့ ဝိစိကိစ္ဆာနဲ့ကင်းတဲ့ အဖြေတွေကို ရခဲ့ကြပြီ။ ဒီနောက်ဆုံးအပိုင်းဖြစ်တဲ့ “သိပ္ပံနှင့် ခရစ်ယာန်ယုံကြည်ခြင်းကို ဟန်ချက်ညီစွာ ပေါင်းကူးခြင်း” မှာတော့ လူတွေ အထင်လွဲအများဆုံး အချက်လေးတွေနဲ့ အငြင်းပွားဖွယ်ရာအဖြစ်ဆုံးမေးခွန်းလေးတွေကို ခေါင်းစဉ်တွေခွဲပြီး ဖြေရှင်းကာ ဒီဆောင်းပါးတွဲကို အဆုံးသတ်ချင်ပါတယ်။

၁။ Evolution ဟာ အရာရာရဲ့ အစကို ဖြေရှင်းပေးတဲ့ သီအိုရီ မဟုတ်ပါ

အများစုက Evolution လို့ ကြားလိုက်ရင် စကြာဝဠာကြီး ဘယ်လိုစဖြစ်သလဲ၊ နေ၊ လ၊ ကြယ်တွေ၊ ကျောက်တုံးတွေ ဘယ်လိုဖြစ်လာသလဲ၊ ဒါမှမဟုတ် “ပထမဆုံး သက်ရှိဆဲလ်လေး (Origin of life)” ဘယ်လို စတင် အသက်ဝင်လာသလဲ ဆိုတာတွေကိုပါ ဖြေရှင်းပေးတဲ့ သီအိုရီကြီးလို့ ထင်တတ်ကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။ Evolution Theory (ဆင့်ကဲဖြစ်စဉ်) ဆိုတာ ဇီဝဗေဒ (Biology) အဆင့် သက်သက်ကိုပဲ ပြောတာပါ။ “သက်ရှိတွေ ရှိနေပြီးသား” အခြေအနေကနေ၊ အဲဒီသက်ရှိတွေ အချိန်နဲ့အမျှ ဘယ်လို ကွဲပြား ပြောင်းလဲလာသလဲ ဆိုတာကိုပဲ လေ့လာတဲ့ သိပ္ပံသီအိုရီ ဖြစ်ပါတယ်။ ကဲ … အခုတော့ ကျောက်ဖြစ်ရုပ်ကြွင်း သက်သေတွေအရ သက်ရှိတွေက တစ်ပြိုင်နက်တည်း ဘွားကနဲ ပေါ်လာတာ မဟုတ်ဘဲ တစ်ခေတ်ပြီးတစ်ခေတ် နှစ်သန်းပေါင်းများစွာ ကြာမှ ဆင့်ကဲတိုးတက်လာတယ်ဆိုရင် ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်က ၆ ရက်နဲ့ ဖန်ဆင်းတယ်ဆိုတာကြီးနဲ့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလားလို့ တွေးစရာ ရှိလာပြီ မဟုတ်လား။

၂။ ကမ္ဘာဦးကျမ်းဟာ သိပ္ပံဖတ်စာအုပ် မဟုတ်ပါ

ဒီနေရာမှာ ကျွန်တော်တို့ ကျမ်းစာကို ဘယ်လို ရှုထောင့်ကနေ ဖတ်နေလဲ ဆိုတာက အရေးကြီးပါတယ်။ ကမ္ဘာဦးကျမ်း (Genesis) ကို ရေးသားခဲ့တဲ့ ပရောဖက်ကြီး ရှင်မောရှေဟာ ရှေးခေတ် ဣသရေလ(အစ္စရေး) လူမျိုးတွေကို “သိပ္ပံပညာ” (Science) သင်ပေးနေတာ မဟုတ်ပါဘူး၊ “ဘုရားတရား” (Theology) ကို သင်ပေးနေတာပါ။ အဲဒီခေတ်က လူတွေကို Carbon Dating အကြောင်းတွေ၊ နှစ်သန်းပေါင်း ဘယ်နှထောင်ဆိုတာတွေ၊ DNA အကြောင်း၊ Quantum Physics အကြောင်းတွေ သွားပြောပြလို့ နားလည်နိုင်မှာ မဟုတ်ဘူးလေ။ နေ၊ လ၊ ကြယ် တွေနဲ့ တိရစ္ဆာန်တွေကို ဘုရားလို ကိုးကွယ်နေတဲ့ ရှေးခေတ် အရှေ့အလယ်ပိုင်း လူ့အဖွဲ့အစည်းမှာ “အဲဒါတွေက ဘုရား မဟုတ်ဘူးနော်၊ ဖန်ဆင်းရှင် အဘထာဝရမြတ်စွာဘုရားသခင်ကသာလျှင် တဆူတည်းသော ငါတို့ရဲ့ ဘုရားသခင်၊ ဘေးလူတွေ ကိုးကွယ်နေတဲ့ နေ၊ လ၊ ကြယ်၊ နက္ခတာရာ၊ တိရစ္ဆာန်တွေဟာ ငါတို့ဘုရားသခင် ဖန်ဆင်းထားတဲ့ အရာတွေသာ ဖြစ်တယ်” ဆိုတဲ့ အဓိက သတင်းစကားကိုပေးဖို့ ကဗျာဆန်ဆန် စာပေအရေးအသား (Literary Framework) နဲ့ နားလည်လွယ်အောင် ရေးသားခဲ့တာသာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဟေဗြဲဘာသာစကားမှာ “နေ့ (Yom)” ဆိုတာကို ၂၄ နာရီလို့ သုံးသလို၊ “ခေတ်ကာလ တစ်ခု (Era / Epoch)” လို့လည်း သုံးလေ့ရှိပါတယ်။ ဒါကြောင့် သိပ္ပံပညာက ပြောတဲ့ နှစ်သန်းပေါင်းများစွာ ဆိုတာဟာ ကျမ်းစာရဲ့ အနှစ်သာရနဲ့ လုံးဝ မဆန့်ကျင်ပါဘူး။ ဒီအကြောင်းကို က ၂၀၂၂ ခုနှစ်က ThyLogos website မှာ စာရေးသူ ရေးသားခဲ့တဲ့ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒဆိုင်ရာ OEC ဆောင်းပါးတွဲ” ထဲမှာ အကျယ်တဝင့် ရှင်းပြထားပြီးဖြစ်ပါတယ်။ 

၃။ ယခုတိုင်အောင် အလုပ်လုပ်နေသော ဘုရားသခင် (ရှင်ယောဟန် ၅:၁၇)

ခရစ်ယာန်တွေကြားမှာ နောက်ထပ် ငြင်းခုန်လေ့ရှိတာက “ဘုရားသခင်က ၇ ရက်မြောက်နေ့မှာ အနားယူတော်မူတယ်လို့ ဆိုထားတော့၊ အခုခေတ်မှာ Evolution တွေ ဆက်ဖြစ်နေတယ်ဆိုရင် ဘုရားသခင်က မနားသေးလို့လား” ဆိုတဲ့ မေးခွန်းပါပဲ။ ဒီအတွက် အကောင်းဆုံး အဖြေကို သခင်ယေရှုကိုယ်တော်တိုင် ဖြေကြားပေးတော်မူခဲ့ဖူးပါတယ်။ ဥပုသ်နေ့ (အနားယူသောနေ့၊ အလုပ်မလုပ်ရသောနေ့) မှာ သခင်ယေရှုက အနာရောဂါငြိမ်းစေတဲ့အခါ ယုဒလူအုပ်ကြီးက လူတယောက် နာရာကနေ ကျန်းမာသွားတာကို ဝမ်းမြောက်ရမယ့်အစား၊ မေတ္တာတော်ဖြင့် ကုသပေးတော်မူတဲ့ သခင်ဘုရားကို ချီးမွမ်းရမယ့်အစား ပြစ်တင်စွပ်စွဲကြပါတယ်။ ဘာလို့ ဥပုသ်နေ့မှာ အလုပ်လုပ်တာလဲဆိုပြီးတော့ပေါ့။ အဲဒီအခါ သခင်ယေရှုက “ငါ့ ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍၊ ငါသည်လည်း လုပ်၏ ” လို့ (ရှင်ယောဟန် ၅:၁၇) မှာ ပြန်လည် ချေပတော်မူခဲ့ပါတယ်။ ဒါက ဘာကိုပြနေလဲဆိုတော့ ဘုရားသခင်ရဲ့ “အနားယူခြင်း (Rest)” ဆိုတာ အလုပ်တွေ အကုန်လုံး ရပ်ပစ်လိုက်ပြီး စက်တော်ခေါ် (အိပ်ပျော်) နေတာ မဟုတ်ပါဘူး။ စကြာဝဠာကြီး စတင်ဖြစ်တည်ဖို့ အခြေခံလုပ်ငန်းစဉ်တွေ (Inauguration) ကို ပြီးစီးသွားလို့ အခုချိန်မှာတော့ အဲဒီစနစ်ကြီးကို ဆက်လက် လည်ပတ် ထိန်းသိမ်းတဲ့ (Sustaining) အလုပ်ကို ပလ္လင်တော်ပေါ်ကနေ စိုးစံတော်မူပြီး ဆက်လုပ်နေတယ် ဆိုတဲ့ သဘောပါ။ သဘာဝတရားရဲ့ ရွေးချယ်မှု (Natural Selection) နဲ့ ဆင့်ကဲပြောင်းလဲမှု (Evolution) ဆိုတာတွေဟာ ဘုရားသခင်က သက်ရှိတွေကို ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အခုတိုင်အောင် ဆက်လက် လမ်းညွှန် ပုံဖော်ပေးနေတဲ့ “အသက်ဝင်နေသော ဖန်ဆင်းခြင်း ယန္တရား” တွေလို့ နားလည်နိုင်ပါတယ်။

၄။ သိပ္ပံကိုကြောက်လို့ ကျမ်းစာကို လိုက်ပြင်ဖတ်တာလား

ဒီနေရာမှာ ကမ္ဘာကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၆၀၀၀ ဝန်းကျင်ပဲ ရှိသေးတယ်လို့ ယုံကြည်ကြတဲ့ “ကမ္ဘာပျို ဖန်ဆင်းခြင်း ဝါဒ” ကို ယုံကြည်သူများ (Young Earth Creationists / YEC) ဆီကနေ မေးခွန်းတစ်ခု ထွက်လာတတ်ပါတယ်။ “ညီအစ်ကိုတို့က ခေတ်သစ် သိပ္ပံပညာရှင်တွေ ပြောတာတွေနောက်ကိုလိုက်ပြီး သူတို့ပြောတာတွေနဲ့ အတင်းကိုက်ညီအောင်လို့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ကိုယ့်လိုရာဆွဲပြီး (compromise) အနက်ပြန်နေတာ မဟုတ်ဘူးလား” ဆိုတဲ့ မေးခွန်းပေါ့။ ဒါ မေးသင့်မေးထိုက်တဲ့မေးခွန်းပါ။ တကယ်တော့ “သိပ္ပံပညာ ပေါ်လာလို့ ကျမ်းစာကို လိုက်ပြင်ဖတ်တယ်” ဆိုတဲ့ စွပ်စွဲချက်က သမိုင်းကြောင်းအရ လွဲမှားနေတယ်လို့ စာရေးသူ ထင်ပါတယ်ခင်ဗျ။ ဆရာကြီး ချားလ်စ်ဒါဝင်ရဲ့ ဆင့်ကဲပြောင်းလဲမှု သီအိုရီနဲ့ DNA နည်းပညာတွေဟာ ၁၈၀၀ ပြည့်နှစ်တွေ နောက်ပိုင်းရောက်မှ ပေါ်ပေါက်လာတာပါ။ ဒါပေမဲ့ အဲဒီ သိပ္ပံပညာတွေ မပေါ်ပေါက်ခင် နှစ်ပေါင်း ၁၄၀၀ ကျော်၊ အေဒီ ၄၀၀ ဝန်းကျင်ကတည်းက စိန့် ဩဂတ်စတင်း (St. Augustine) ဆိုတဲ့ အလွန်ထင်ရှားတဲ့ ဓမ္မပညာရှင်ကြီးတပါး ရှိခဲ့ပါတယ်။ ဒီနေရာမှာ YEC ညီအစ်ကိုတချို့က “စိန့်ဩဂတ်စတင်း ကိုယ်တိုင်က ကမ္ဘာကြီး သက်တမ်းရင့်တယ်လို့ မယုံခဲ့ဘူးလေ” ဆိုပြီး ထောက်ပြတတ်ကြတယ်။ အဲဒါ မှန်ပါတယ်။ အဲဒီခေတ်က အသိပညာအရ သူက ကမ္ဘာမြေကြီးရဲ့သက်တမ်းက နုသေးတယ်လို့ပဲ ထင်ခဲ့တာပါ။ အဲ့ဒီခေတ်ကာလတုန်းက ကမ္ဘာ့သက်တမ်းကို သိပ္ပံနည်းကျတွက်ချပြနိုင်တဲ့နည်းပညာတွေ မပေါ်သေးဘူးလေ။ ဒါပေမဲ့ YEC ညီအစ်ကိုတွေ သိပ်မပြောချင်တဲ့ အချက်က စိန့်ဩဂတ်စတင်းဟာ “ဘုရားသခင်က စကြဝဠာကြီးကို ၂၄ နာရီ ၆ ရက် အချိန်ယူပြီး ဖန်ဆင်းခဲ့တယ်” ဆိုတာကို လုံးဝ လက်မခံခဲ့ဘူး ဆိုတာပါပဲ။ စိန့်ဩဂတ်စတင်းက ဘုရားသခင်ဟာ အချိန်ကာလရဲ့ အပြင်ဘက်မှာ ရှိတဲ့အတွက် အရာအားလုံးကို မျက်စိတစ်မှိတ်အတွင်း တပြိုင်နက်တည်း (YEC ရဲ့ Young Earth model ထက်တောင် သက်တမ်းပိုတိုပါသေးတယ်) ဖန်ဆင်းလိုက်တာလို့ ယုံကြည်ခဲ့တာပါ။ “ကမ္ဘာဦးကျမ်းက ၆ ရက် ဆိုတာကို ကျွန်တော်တို့ နေ့စဉ် ဖြတ်သန်းနေတဲ့ ၂၄ နာရီလို့ တိုက်ရိုက် ကောက်ယူလို့ မရပါဘူး။ ဘုရားသခင်ရဲ့ ဖန်ဆင်းခြင်း နက်နဲမှုကို လူတွေ နားလည်အောင် ပုံဆောင်ချက် (Allegorical framework) အနေနဲ့ ရေးသားထားတာ ဖြစ်တယ်” လို့ ရှင်းလင်းစွာ ရေးသားခဲ့ဖူးပါတယ်။ စာရေးသူက စိန့်ဩဂတ်စတင်းကို ကိုးကားတာဟာ “ကမ္ဘာကြီး သက်တမ်းရင့်တယ်ဆိုတာ ဩဂတ်စတင်း သိတယ်” လို့ ပြောချင်လို့ မဟုတ်ပါဘူး။ ချားလ်စ်ဒါဝင် မမွေးခင် နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက၊ ကမ္ဘာဦးကျမ်းကို ၂၄ နာရီအတိအကျ (Literal) စာလုံးကောက် မဖတ်တဲ့ အလေ့အထဟာ ခရစ်ယာန်သမိုင်းမှာ ရှိခဲ့ပြီးသားဆိုတာကို ပြချင်လို့ပါ။ ဒါကြောင့် “သိပ္ပံကို ကြောက်လို့ အခုခေတ်မှ လိုက်လျောညီထွေဖြစ်အောင် အနက်ပြန်တယ် (Modern Compromise)” ဆိုတဲ့ စွပ်စွဲချက်ကြီးက အလိုလို ပျက်ပြယ်သွားပါပြီ။ ဒါ့အပြင် စိန့်ဩဂတ်စတင်းက

“မယုံကြည်သူ၊ သာသနာပလူတွေတောင် ကောင်းကောင်း သိနားလည်ထားတဲ့ သဘာဝတရား အမှန်တရားတစ်ခုကို၊ ခရစ်ယာန်တစ်ယောက်က ကျမ်းစာကို ကိုးကားပြီး အဓိပ္ပာယ်မရှိ ငြင်းဆိုနေမယ်ဆိုရင် ခရစ်ယာန်တွေ အရှက်ကွဲရုံတင်မကဘူး၊ ဧဝံဂေလိ သတင်းစကားကိုပါ ထိခိုက်စေတယ်”

လို့တောင် သတိပေးခဲ့ဖူးပါသေးတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို ဖတ်ဖို့ စာအုပ် နှစ်အုပ် ပေးထားတယ်လို့ ရှေ့မှာလည်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။ တစ်အုပ်က “သမ္မာကျမ်းစာဆိုတဲ့ စာအုပ်ကြီး” (Book of Scripture) ဖြစ်ပြီး၊ နောက်တစ်အုပ်က “သဘာဝတရားဆိုတဲ့ စာအုပ်ကြီး” (Book of Nature) ပါ။ The Book of Nature ကို ကျွန်တော်တို့က သိပ္ပံပညာနဲ့ ဖတ်ရှုနေတာဖြစ်ပါတယ်။ ဒီနှစ်အုပ်စလုံးကို ရေးသားတဲ့သူက ဘုရားသခင် တစ်ဆူတည်း ဖြစ်တဲ့အတွက် သိပ္ပံရဲ့ ခိုင်မာတဲ့ အထောက်အထားနဲ့ သမ္မာကျမ်းစာက တခုနဲ့တခုဆန့်ကျင်နေတယ်လို့ ခံစားရရင် အဲ့ဒါ ကျမ်းစာက မှားနေတာ မဟုတ်ပါဘူး။ “ကျမ်းစာအပေါ် ကျွန်တော်တို့ရဲ့ ကောက်ချက်ချ နားလည်မှု” (Interpretation) လွဲချော်နေတာသာ ဖြစ်ပါလိမ့်မယ်။

၅။ “Science doesn’t speak! Scientists do!”

ဒီလို သဘာဝတရားကြီးက သူ့အလိုလို ဆန်ခါတင် ရွေးချယ်ပြီး ဆင့်ကဲပြောင်းလဲ (Evolve) လာတာ မှန်တယ်ဆိုရင် … ဒီဖြစ်စဉ်ကြီးထဲမှာ ဘုရားသခင်ရဲ့ နေရာ၊ အခန်းကဏ္ဍက ဘယ်မှာလဲ။ ဘာသာမဲ့ (Atheist) တချို့ကတော့ “ဆင့်ကဲဖြစ်စဉ် ယန္တရား ရှိနေတဲ့အတွက် အရာအားလုံးဟာ ကျပန်း (Random) ဖြစ်တည်မှုသက်သက်ပဲ၊ ရည်ရွယ်ချက် မရှိဘူး၊ ဖန်ဆင်းရှင် မလိုဘူး” လို့ ကောက်ချက်ချတတ်ကြတယ်။ ဒီနေရာမှာ BioLogos ဆိုတဲ့ Evolutionary Creationism  အဖွဲ့အစည်းက ခွဲခြားပြထားတဲ့ အလွန်အရေးကြီးတဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ “Evolution as a Scientific Theory” (သိပ္ပံသီအိုရီ အနေနဲ့ ဆင့်ကဲဖြစ်စဉ်) နဲ့ “Evolution as a Worldview” (ကိုယ်ပိုင်ခံယူချက် ဒဿန အနေနဲ့ ဆင့်ကဲဖြစ်စဉ်) ဆိုတာ လုံးဝ မတူဘူး ဆိုတာပါပဲ။ Dr.Frank Turek အမြဲပြောသလိုပဲ “Science doesn’t speak! Scientists do!” ။ ဒီ Quote ရဲ့ အဓိက ဆိုလိုရင်းက “သိပ္ပံပညာ (Science) ဟာ အချက်အလက် (Data) သက်သက်သာ ဖြစ်တယ်။ သိပ္ပံဆိုတဲ့ အချက်အလက် တွေဟာ သူ့ဘာသာသူ ဘာကောက်ချက်မှ မချဘူး၊ Neutral ဖြစ်တယ်၊ အဲဒီ အချက်အလက်တွေကို ယူပြီး ကိုယ်ပိုင် ဒဿန (Worldview) တွေ ရောနှောကာ အနက်ပြန် (Interpret) နေတာက လူသား သိပ္ပံပညာရှင်တွေသာ ဖြစ်တယ်” ဆိုတာကို ထိထိမိမိ ပြောချင်တာပါ။ တွေ့ရှိလာတဲ့ DNA အချက်အလက်တွေ၊ ရုပ်ကြွင်းတွေဟာ သူတို့ဘာသာသူတို့ “ဘုရားသခင် မရှိဘူး” လို့ အော်မပြောပါဘူး။ အဲဒီ သိပ္ပံအချက်အလက်တွေကို ယူပြီး “ဖန်ဆင်းရှင် မရှိဘူး” လို့ ကောက်ချက်ချတာဟာ သိပ္ပံပညာ မဟုတ်တော့ပါဘူး။ အဲဒါဟာ ဘာသာမဲ့ သိပ္ပံပညာရှင်တွေက သူတို့ရဲ့ ကိုယ်ပိုင် ဒဿန (Philosophy/Worldview) ကို သိပ္ပံနောက်ကွယ်မှာ ပုန်းကွယ်ပြီး ဘုရားသခင်ကို ပုံဖျက်ဖို့ အလွဲသုံးစားလုပ်နေတာသာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ရပ်ဟာ သိပ္ပံနည်းလည်း မကျသလို၊ ဒဿနိက (Philosophy) ဘက်က ကြည့်ရင်လည်း လုံးဝ ယုတ္တိမကျပါဘူး။

၆။ သက်မဲ့ကနေ သက်ရှိဖြစ်လာတယ်ဆိုတဲ့ အယူအဆ (Abiogenesis) ရဲ့ ပြဿနာများ

ဒီနေရာမှာ ဘာသာမဲ့တွေက ယုံကြည်သူတွေကို “ခင်ဗျားတို့က သိပ္ပံပညာက မရှင်းပြနိုင်သေးတဲ့ ကွက်လပ်တွေ တွေ့တိုင်း ဘုရားသခင် လုပ်တာပါ ဆိုပြီး “ဘုရားသခင်”နဲ့ လိုက်ဖြည့်ဖာထေးနေတာပါကွာ (God of the gaps fallacy)” လို့ စွပ်စွဲတတ်ကြတယ်။ (God of the gaps fallacy ဆိုတာကို သိလိုပါက ၂၀၂၁ ခုနှစ်က ThyLogos website မှာ စာရေးသူ ရေးသားခဲ့တဲ့ “ခရစ်ယာန်တို့ မကျူးလွန်သင့်သော God-of-the-gaps Fallacy” ထဲမှာ အကျယ်တဝင့် ရှင်းပြထားပြီးဖြစ်ပါတယ်။

ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် သူတို့ကိုယ်တိုင်ကလည်း “မသိနားမလည်သေးတဲ့အရာရာတိုင်းအတွက် သဘာဝတရားနဲ့ (Nature of the gaps fallacy) အစားထိုးခြင်း” ဆိုတဲ့ ယုံကြည်မှုထဲမှာ ပိတ်မိနေကြတာပါပဲ။ သက်မဲ့ ဓာတုပစ္စည်းတွေကနေ အသက်ရှင်တဲ့ ပထမဆုံးဆဲလ်လေး ဘယ်လိုဖြစ်လာလဲ (Abiogenesis) ဆိုတာကို လက်ရှိ သိပ္ပံပညာနဲ့ လုံးဝ သက်သေမပြနိုင်သေးပါဘူး။ တချို့က ၁၉၅၃ ခုနှစ်က သိပ္ပံပညာရှင် Stanley Miller နဲ့ Harold Urey တို့ လုပ်ခဲ့တဲ့ Miller-Urey Experiment စမ်းသပ်မှုကြီးကို ပြပြီး ဓာတ်ခွဲခန်းထဲမှာ သက်ရှိဖန်တီးနိုင်ပြီလို့ အထင်လွဲတတ်ကြပါတယ်။ ဒါက ဘာသာမဲ့တချို့ဘက်ကနေ “ကြည့်စမ်း၊ ဓာတ်ခွဲခန်းထဲမှာ သက်ရှိကို ဖန်တီးပြနိုင်ပြီ” ဆိုပြီး မှားယွင်းစွာ အလွဲသုံးစား လုပ်လေ့ရှိတဲ့ စမ်းသပ်မှုကြီးပါ။ စမ်းသပ်မှုကြီးမှာ ဘာတွေ လုပ်ခဲ့တာလဲ၊ ဒီ စမ်းသပ်မှုက ဘယ်လောက် Powerful ဖြစ်လဲ။ သူတို့က ကမ္ဘာဦးအစက လေထုလို့ သူတို့ယူဆထားတဲ့ ဓာတ်ငွေ့တွေ (ဥပမာ – Methane, Ammonia, Hydrogen, Water vapor) ကို ဖန်ပေါင်းချောင်ထဲ ထည့်ပြီး မိုးကြိုးပစ်တဲ့ အခြေအနေကို ပုံဖော်ဖို့ လျှပ်စစ်ဓာတ်လွှတ် (Spark) ပေးခဲ့ပါတယ်။ ရက်အနည်းငယ် ကြာတဲ့အခါ အဲဒီ အရည်တွေထဲမှာ ပရိုတင်းတည်ဆောက်ဖို့ လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (Amino Acids) ဆိုတဲ့ အခြေခံ ဓာတုပစ္စည်းလေးတွေ အလိုလို ဖြစ်လာတာကို တွေ့ခဲ့ရပါတယ်။ အဲဒီခေတ်ကတော့ ဒါဟာ သက်မဲ့ကနေ သက်ရှိဖြစ်လာဖို့ အကြီးမားဆုံး သက်သေပဲ ဆိုပြီး ကမ္ဘာကျော်သွားခဲ့တာပါ။ ဒါပေမဲ့ ခေတ်သစ် သိပ္ပံပညာရှင်တွေ သေချာလေ့လာကြည့်တဲ့အခါ ဒီစမ်းသပ်မှုဟာ “သက်ရှိ” ကို ဖန်တီးနိုင်ခဲ့တာ လုံးဝ မဟုတ်ဘဲ ကြီးမားတဲ့ ပြဿနာတွေ ရှိနေတာကို တွေ့လာရပါတယ်။ ပထမတချက် လေထုဖွဲ့စည်းပုံ မှားယွင်းနေတာပါ။ Miller သုံးခဲ့တဲ့ ဓာတ်ငွေ့တွေ (Reducing atmosphere) ဟာ ကမ္ဘာဦးအစ လေထုမှာ တကယ်ရှိခဲ့တဲ့ ဓာတ်ငွေ့တွေ မဟုတ်ဘူးဆိုတာကို နောက်ပိုင်း ဘူမိဗေဒပညာရှင်တွေက အခိုင်အမာ သက်သေပြခဲ့ပါတယ်။ တကယ့် ကမ္ဘာဦး လေထု (Carbon dioxide နဲ့ Nitrogen များတဲ့ လေထု) နဲ့ ပြန်စမ်းသပ်ကြည့်တဲ့အခါ အမိုင်နိုအက်ဆစ် လုံးဝနီးပါး ထွက်မလာတော့ပါဘူး။ အမိုင်နိုအက်ဆစ် ဆိုတာ အသက်ရှင်တဲ့ ဆဲလ် မဟုတ်ပါဘူး။ ဘာနဲ့တူလဲဆိုတော့ အိမ်ဆောက်ဖို့ အုတ်ခဲလေးတွေ ရလာရုံသက်သက်ပါပဲ။။ အဲဒီ အမိုင်နိုအက်ဆစ်လေးတွေ အစီအစဉ်တကျ ပေါင်းစပ်သွားမှ ပရိုတင်း ဖြစ်လာမှာပါ။ ဓာတ်ခွဲခန်းထဲမှာ မှန်ပြွန်လေးတစ်ခု ရသွားတာနဲ့ အဲဒီမှန်ပြွန်ကနေ အလိုလို ကွန်ပျူတာတစ်လုံး ဖြစ်လာဖို့ မဖြစ်နိုင်သလိုမျိုးပါပဲ။

ဒီထက် ပိုဆိုးတဲ့၊ သိပ္ပံပညာရှင်တွေ ခေါင်းအကိုက်ရဆုံး အကြီးမားဆုံး ပြဿနာတစ်ခု ရှိသေးတယ်။ အဲဒါကတော့ Chirality (လက်ဝဲရစ်၊ လက်ယာရစ်) ပြဿနာ ပါပဲ။ ရှင်းအောင်ပြောရရင် ကျွန်တော်တို့ရဲ့ ဘယ်လက်နဲ့ ညာလက်ကို မှန်ထဲမှာ ကြည့်ရင် ပုံစံတူပေမယ့်၊ အပေါ်အောက် ထပ်တူကျအောင် ထပ်ကြည့်လို့ မရဘူးလေ။ အဲဒီလိုပဲ သက်ရှိတွေကို တည်ဆောက်ထားတဲ့ ဓာတုမော်လီကျူးလေးတွေမှာလည်း ဘယ်လက်လှည့် (L-form) နဲ့ ညာလက်လှည့် (D-form) ဆိုပြီး နှစ်မျိုး ကွဲနေပါတယ်တဲ့။ အံ့သြစရာအကောင်းဆုံးက သက်ရှိတွေရဲ့ ပရိုတင်းတွေကို တည်ဆောက်ထားတဲ့ အမိုင်နိုအက်ဆစ် (Amino Acids) တွေ အားလုံးက ၁၀၀ ရာခိုင်နှုန်း ဘယ်ဘက်လှည့် (Left-handed) တွေချည်းပဲ ဖြစ်နေပြီး၊ DNA ကြိုးကြီးကို တည်ဆောက်ထားတဲ့ သကြား (Sugars) မော်လီကျူးတွေကျတော့ ၁၀၀ ရာခိုင်နှုန်း ညာဘက်လှည့် (Right-handed) တွေချည်းပဲ သီးသန့်ဖြစ်နေတာပါ။ ပြဿနာက သဘာဝအတိုင်း သက်မဲ့ ဓာတုတုံ့ပြန်မှုကနေ ပေါင်းစပ်ရင် ဘယ်နဲ့ညာ ၅၀/၅၀ အချိုးညီ (Racemic mixture) အမြဲ ရောထွက်လာပါတယ်။ အကြွေစေ့ပစ်ရင် ခေါင်းတစ်ဝက် ပန်းတစ်ဝက် ထွက်လာသလိုပေါ့။ ၅၀/၅၀ ရောနေတဲ့ သမုဒ္ဒရာရေပူကြီး (Prebiotic soup) ထဲကနေ ဘယ်ဘက်လှည့် အမိုင်နိုအက်ဆစ်တွေကို သီးသန့် ရွေးထုတ်ပြီး ပရိုတင်းဖြစ်အောင်၊ ညာဘက်လှည့် သကြားတွေကို သီးသန့်ရွေးထုတ်ပြီး DNA ဖြစ်အောင် အသိဉာဏ်မဲ့ သဘာဝတရားကြီးက ဘယ်လိုလုပ် စစ်ထုတ်ပေးလိုက်သလဲ။ တကယ်လို့ ၅၀/၅၀ ရောနေတဲ့အထဲကနေ DNA ကြိုးလေး တည်ဆောက်နေတုန်း၊ မှားပြီး ဘယ်ဘက်လှည့် သကြားလေး တစ်လုံးလောက် ကြားညှပ်ပါသွားတာနဲ့ အဲဒီ DNA ကြိုးကြီးက ဆက်လိမ်လို့မရတော့ဘဲ ချက်ချင်း ပြိုကွဲသွားမှာပါ (Fatal Error)။ ဘာသာမဲ့တချို့က ဥက္ကာပျံတွေပေါ်ကနေ ပါလာတာတို့ (Meteorites)၊ သလင်းကျောက်တွေ သံလိုက်စက်ကွင်းတွေ (CISS) ကြောင့် တစ်ဖက်တည်း စုသွားတာတို့ ဆင်ခြေပေးတတ်ကြတယ်။ ဒါပေမဲ့ ဥက္ကာပျံမှာ တွေ့တာက ၂ ရာခိုင်နှုန်းလောက်ပဲ ပိုများတာမို့လို့ ၁၀၀ ရာခိုင်နှုန်း သန့်စင်သွားတဲ့ အကြောင်းရင်းကို မဖြေရှင်းနိုင်သလို၊ ဓာတ်ခွဲခန်းထဲမှာတောင် ၁၀၀ ရာခိုင်နှုန်း သန့်စင်အောင် ခွဲထုတ်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ (အသိဉာဏ် လိုအပ်တဲ့) လုပ်ငန်းစဉ် ဖြစ်နေပါတယ်။ သဘောကဗျာ .. ဒီလို သက်ရှိဖြစ်ထွန်းစေမယ့် ပရိုတင်းတွေကို တည်ဆောက်ထားတဲ့ အမိုင်နိုအက်ဆစ်လေးရဖို့ အရေးကို ဉာဏ်ရည်မြင့်မားတဲ့ လူသားတဦးရဲ့ တိကျသေချာပြီး အသေးစိတ်တဲ့ ဓာတ်ပြုလှုံဆော်ပေးမှုကို လိုအပ်နေတာကို ကြည့်ရုံနဲ့ ဖန်ဆင်းရှင်ဆိုတဲ့ ဉာဏ်ရည်မြင့်မားမှု အနန္တဖြစ်တော်မူတဲ့ ပုဂ္ဂိုလ်တော်မပါဘဲ အသိဉာဏ်မဲ့ သဘာဝတရားချည်းသက်သက်ကပဲ သူ့အလိုလို သက်ရှိဖြစ်ထွန်းစေတယ်ဆိုတာကြီးကို လက်ခံဖို့က faith ဆိုတဲ့ “ယုံကြည်ခြင်း” ဆိုတာကြီးကို ပိုလို့တောင် လိုအပ်နေသေးတယ် မဟုတ်ပါလား။

ဒါ့အပြင် Dr. James Tour လို ကမ္ဘာ့ထိပ်တန်း နာနိုနည်းပညာရှင်၊ ဓာတုဗေဒပညာရှင်တွေ ထောက်ပြတဲ့ Abiogenesis အတွက် သဘာဝတားဆီးမှုတွေလည်း ရှိနေပါသေးတယ်။ ရေထဲမှာ ပရိုတင်းကြိုးတွေ ပေါင်းစပ်ဖို့နေနေသာသာ ရှိပြီးသားကြိုးတွေတောင် ပြန်ပြိုကွဲသွားတတ်တယ် (The Water Paradox)။ နောက်ပြီး DNA ရှိမှ ပရိုတင်း (Enzyme) တွေ အလုပ်လုပ်နိုင်သလို၊ အဲဒီ DNA ကို ဖတ်ဖို့လည်း ပရိုတင်းတွေ လိုအပ်ပြန်တယ်။ ကြက်ဥနဲ့ ကြက်မ ပြဿနာလို စနစ်နှစ်ခုလုံး တပြိုင်နက်တည်း အလိုလို ပေါ်လာဖို့ဆိုတာ ယုတ္တိမတန်ဘူးလေ။ ဒီအခက်အခဲတွေကို ခရစ်ယာန် ပညာရှင်တွေသာမက ဘာသာမဲ့ သိပ္ပံပညာရှင်ကြီးတွေ ကိုယ်တိုင်ကပါ ဝန်ခံထားရပါတယ်။ DNA ကို ရှာတွေ့ခဲ့တဲ့ နိုဘယ်ဆုရှင် Francis Crick ဆိုရင် သက်ရှိ အလိုလိုဖြစ်လာဖို့ အရမ်းခဲယဉ်းလွန်းလို့ ဂြိုဟ်သားတွေက လာလုပ်သွားတာလို့တောင် လွှဲချယူဆခဲ့ရပါတယ် (ဒီမှာလည်း ဘာတွေ့ရလဲဆိုတော့ ဖန်ဆင်းရှင်ဆိုတဲ့ ဘုရားသခင်ကို မယုံကြည်ချင်တဲ့အခါ ဒီလိုသက်ရှိဖြစ်ထွန်းစေဖို့ “အသိဉာဏ်” ဆိုတဲ့ အရာလိုအပ်နေတာကို ဘုရားမဲ့ဝါဒီဆရာကြီးတောင် သဘောပေါက်လို့ တခြား ဉာဏ်ရည်မြင့် သက်ရှိလို့ သူယူဆတဲ့ ဂြိုဟ်သားဆိုတဲ့အရာကို လွှဲချခဲ့ရတာပါပဲ)။ ၂၀ ရာစုရဲ့ ဩဇာအကြီးဆုံး ဘာသာမဲ့ ဒဿနပညာရှင်ကြီး Antony Flew ဆိုရင် ၂၀၀၄ ခုနှစ်မှာ ဖန်ဆင်းရှင်တပါးပါးတော့ ရှိလိမ့်မယ် (Deism) လို့ ပြောင်းလဲယုံကြည်သွားခဲ့တယ်။ သူ့ကို ပြောင်းလဲစေခဲ့တာက DNA ထဲက ရှုပ်ထွေးတဲ့ သတင်းအချက်အလက်တွေနဲ့ အသိဉာဏ်မဲ့ သဘာဝတရားကနေ သက်ရှိဖြစ်လာတယ်ဆိုတာ ယုတ္တိဗေဒအရ လုံးဝ မဖြစ်နိုင်တော့လို့ပါပဲ။ ကမ္ဘာကျော် ရူပဗေဒပညာရှင် Paul Davies ကလည်း သက်မဲ့ ဓာတုပစ္စည်း (Hardware) ကနေ သက်ရှိ ဇီဝဗေဒ (Software) ဆီ ကူးပြောင်းဖို့ သဘာဝတရားမှာ ဘာနိယာမမှ မရှိဘူးလို့ အတိအလင်း ထောက်ပြခဲ့ပါတယ်။

၇။ တကယ်လို့များ Abiogenesis ကို သက်သေပြနိုင်ခဲ့ရင်ရော (What If?)

ဒီနေရာမှာ တကယ့်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဒဿနမေးခွန်းတစ်ခု ထွက်လာပါတယ်။ “တကယ်လို့များ အနာဂတ်မှာ သိပ္ပံပညာက သက်မဲ့ကနေ သက်ရှိ အလိုလိုဖြစ်လာတာ (Abiogenesis) မှန်ကန်ကြောင်းကို ရာနှုန်းပြည့် သက်သေပြနိုင်ခဲ့ရင်ရော … ဖန်ဆင်းရှင်ရဲ့ အခန်းကဏ္ဍက မှေးမှိန်ပျောက်ကွယ်သွားတော့မှာလား။ ဘုရားသခင်က Mechanism တစ်ခု ထပ်သုံးပြန်ပြီလို့ ပြောပြီး အဆုံးမရှိတဲ့ တူတူပုန်းတမ်းကစားပွဲ (Infinite Loop) ကြီး ဖြစ်မနေဘူးလား” ဆိုတဲ့ စိုးရိမ်မှုမျိုးပါ။ ခရစ်ယာန်တစ်ယောက်အနေနဲ့ ဒီအတွက် လုံးဝ စိုးရိမ်စရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ မျက်လှည့်မှော်ဆရာ မဟုတ်လို့ပါ။ မျက်လှည့်မှော်ဆရာတစ်ယောက်ရဲ့ လှည့်ကွက် (Mechanism) ကို သိသွားရင် သူက အထင်ကြီးစရာ မကောင်းတော့ပါဘူး။ ဒါပေမဲ့ ဘုရားသခင်ဆိုတာ လှည့်ကွက်တွေနဲ့ ဖန်ဆင်းတာ မဟုတ်ဘဲ နိယာမတွေကို ပြဋ္ဌာန်းတဲ့သူ (Lawgiver) ဖြစ်ပါတယ်။ သိပ္ပံပညာက သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခုကို ရှာတွေ့သွားတိုင်း God of the gaps fallacy လို ဘုရားသခင်က ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်ရတာမျိုးလည်း မဟုတ်ပါဘူး။ “ဩော်… ဘုရားသခင်က ဒီလို အနုစိတ်တဲ့ နိယာမကြီးကို သုံးပြီး ဖန်ဆင်းခဲ့တာကိုး” ဆိုပြီး ကိုယ်တော်ရဲ့ အနန္တ ဉာဏ်ပညာတော်ကို ပိုပြီး နားလည်သွားတာပါ။ တကယ်လို့ သက်မဲ့ ဓာတုပစ္စည်းလေးတွေက သူ့ဘာသာ ပေါင်းစပ်ပြီး စဉ်းစားဆင်ခြင်နိုင်တဲ့ သက်ရှိတွေ ဖြစ်လာအောင် “သဘာဝတရားက သူ့အလိုလို အလုပ်လုပ်နိုင်တယ်” ဆိုရင်တောင် … ဒီစကြာဝဠာကြီးရဲ့ ဓာတုဗေဒနဲ့ ရူပဗေဒ နိယာမတွေဟာ ဘယ်လောက်တောင် အတိအကျ ချိန်ညှိ (Fine-tuned) ထားရမလဲဆိုတာကို စဉ်းစားကြည့်ပါ။ အဲဒါဟာ အလွန် ဉာဏ်ပညာကြီးမားတဲ့ ဖန်ဆင်းရှင်က ဒီစကြာဝဠာကြီးကို သက်ရှိတွေ ဖြစ်လာဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ အစကတည်းက တည်ဆောက်ခဲ့တယ်ဆိုတဲ့ အခိုင်မာဆုံး သက်သေပဲ ဖြစ်သွားပါလိမ့်မယ်။ နောက်တချက်က ယန္တရားဖြစ်စဉ် (Mechanism/Process) ဟာ ဖန်တီးရှင် (Agency/Creator) ကို မဖျောက်ဖျက်နိုင်ဘူးဆိုတဲ့ သဘောတရားပါ။ ကားတစ်စီးရဲ့ အင်ဂျင် ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ ယန္တရားဖြစ်စဉ်ကို ကျွန်တော်တို့ ရာနှုန်းပြည့် နားလည်သွားလို့ အဲဒီကားကို တီထွင်ခဲ့တဲ့ အင်ဂျင်နီယာ မရှိဘူးလို့ ပြောလို့မရပါဘူး။ Abiogenesis ဖြစ်ခဲ့တယ် ဆိုရင်တောင် အဲဒီ ဖြစ်စဉ်ကြီး ဖြစ်ပေါ်ဖို့ လိုအပ်တဲ့ အခြေခံ ဓာတုပစ္စည်းတွေ ဘယ်ကရောက်လာလဲ၊ ရူပဗေဒ နိယာမတွေကို ဘယ်သူ ပြဋ္ဌာန်းပေးခဲ့လဲ၊ “ဘာမှမရှိခြင်း (Nothing)” ကနေ “တစ်ခုခု (Something)” ဘယ်လို ဖြစ်လာတာလဲ ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေက ဖန်ဆင်းရှင်ဆီကိုပဲ အတိအကျ ဦးတည်နေဆဲပါပဲ။ ဒါက “တကယ်လို့များ” (What if?) ဆိုတဲ့ အခြေအနေကို စိတ်ကူးကြည့်တာပါ။ တကယ်လည်း အပြင်မှာ သက်မဲ့ကနေ သက်ရှိ အလိုလိုဖြစ်လာတယ် (Abiogenesis) ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတစုံတရာ မရှိပါဘူး။

၈။ ဒါဆို အပြစ်တရား မဝင်ခင်ကတည်းက သေခြင်းတရား ရှိနေတာလား (Is that really a Dilemma?)

ဒီသိပ္ပံနဲ့ ဒဿနိက အချက်တွေအားလုံးကို လက်ခံသွားရင်တောင် ယုံကြည်သူတွေအတွက် နောက်ဆုံးကျန်နေမယ့် ဓမ္မရေးရာ မေးခွန်းတစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ “ရောမ ၅:၁၂ အရ အာဒံ အပြစ်လုပ်မှ သေခြင်းတရား ဝင်လာတာ မဟုတ်ဘူးလား။ နှစ်သန်းပေါင်းများစွာ ဆင့်ကဲဖြစ်စဉ်တွေ ရှိခဲ့တယ်ဆိုရင် အာဒံမတိုင်ခင်ကတည်းက သေခြင်းတရား (တိရစ္ဆာန်တွေ သေတာ၊ အပင်တွေသေတာ) ရှိနေလို့ ဖန်ဆင်းရှင်ရဲ့ ‘အလွန်ကောင်းတဲ့’ ကမ္ဘာကြီး မဟုတ်တော့ဘူးပေါ့” ဆိုတဲ့ မေးခွန်းပါ။ ဒီ ဓမ္မအကျပ်အတည်း Dilemma လို့ ထင်ရတဲ့ဟာကြီးကို (တကယ်တော့ Dilemma မဟုတ်ပါ) မဖြေရှင်းခင် စာဖတ်သူကို တွေးစရာ မေးခွန်းလေးတစ်ခု အရင် ပြန်မေးကြည့်ချင်ပါတယ်။ “သေခြင်းတရား” ဆိုတာ တကယ်တော့ ဘာကို ပြောတာလဲ။ ရောမဩဝါဒစာက ပြောတဲ့ သေခြင်းဆိုတာ ဘယ်သေခြင်းတရားလဲ။ ရုပ်ခန္ဓာ သေဆုံးတာကို ပြောတာလား၊ ဒါမှမဟုတ် ဘုရားသခင်နဲ့ လူသားဝိညာဉ် အဆက်အသွယ် ပြတ်တောက်သွားတဲ့ ဝိညာဉ်ရေးရာ သေခြင်းလား၊ နှစ်ခုစလုံးလား။ နောက်ပြီး ဘယ်သူ့ရဲ့ သေခြင်းလဲ။ လူရဲ့ သေခြင်းလား၊ တိရစ္ဆာန်တွေ၊ အပင်တွေ၊ ဘက်တီရီးယားပိုးမွှားလေးတွေရဲ့ သေခြင်းလား။ ဒီလို တိတိကျကျ ခွဲခြား မစဉ်းစားကြည့်ဘဲ အကုန်လုံးကို ရောထွေးလိုက်တဲ့အခါမှသာ ကျွန်တော်တို့ ခေါင်းထဲမှာ မလိုအပ်တဲ့ သံသယတွေ ဝင်လာတာပါ။ ဒီနေရာမှာ သေချာစဉ်းစားကြည့်ဖို့ လိုတဲ့ အချက် ၃ ချက် ရှိပါတယ်။ ကမ္ဘာဦးကျမ်းမှာ ဘုရားသခင်က ဖန်ဆင်းခြင်းတွေ ပြီးသွားတဲ့အခါ “အလွန်ကောင်းတယ် (It was good or very good)” လို့ ဆိုပါတယ်။ ဒီနေရာမှာ လူတိုင်း နားလည်နိုင်မယ့် ဥပမာလေး တစ်ခုနဲ့ စဉ်းစားကြည့်ရအောင်။ နာမည်ကြီး အင်ဂျင်နီယာ တစ်ယောက်က နောက်ဆုံးပေါ် ကားတစ်စီးကို တီထွင်လိုက်ပြီး “ဒီကား အရမ်းကောင်းတယ်” လို့ ပြောလိုက်တယ်။ အဲဒါဟာ အဲဒီကားကြီးကို မှန်ခန်းထဲမှာ ထည့်ထားတဲ့ ပြတိုက်က အရုပ်လို ဘာအပြောင်းအလဲမှ မရှိဘူးလို့ ပြောတာ မဟုတ်ဘူးလေ။ ကားပြေးဖို့အတွက် အင်ဂျင်ထဲမှာ ဆီလောင်ကျွမ်း ပေါက်ကွဲရမယ်၊ ဘီးနဲ့ လမ်း ပွတ်တိုက်မှုတွေ ရှိရမယ်၊ အစိတ်အပိုင်းတွေ အလုပ်လုပ်ရမယ်။ ဒီလို လောင်ကျွမ်းမှုတွေ၊ ပွတ်တိုက်မှုတွေဟာ ကားရဲ့ ချို့ယွင်းချက် (Imperfection) မဟုတ်ဘဲ ကားတစ်စီး အသက်ဝင်လှုပ်ရှားဖို့ အစကတည်းက ရေးဆွဲထားတဲ့ “အလွန်ကောင်းတဲ့” စနစ် (Functional Design) ပါပဲ။ အဲဒီလိုပါပဲ… ဘုရားသခင် ဖန်ဆင်းခဲ့တဲ့ ကမ္ဘာကြီးဟာလည်း အသေကြီး ရပ်တန့်နေတဲ့ (Static) ပြတိုက်ကြီး မဟုတ်ပါဘူး။ တိရစ္ဆာန်တွေ သေဆုံးတာ၊ မြေကြီးထဲ ဆွေးမြည့်သွားပြီး အပင်တွေအတွက် မြေဩဇာ ပြန်ဖြစ်တာ၊ အစာကွင်းဆက် (Food chain) တွေ ရှိနေတာဟာ ဂေဟစနစ် (Ecosystem) ကြီး လည်ပတ်ဖို့အတွက် အစကတည်းက ရေးဆွဲထားတဲ့ ပြီးပြည့်စုံတဲ့ ယန္တရားကြီးပါ။ 

ဒီအချက်ကို ပိုပြီး ထင်ရှားစေတာက သမ္မာကျမ်းစာကိုယ်တိုင်ပါပဲ။ ကမ္ဘာဦးကျမ်း ၁:၂၈ မှာ ဘုရားသခင်က လူကို “များစွာမွေးဖွား၍ တိုးပွားကြလော့ ။ မြေကြီးကို ပြည့်စေ၍ ၎င်းကို နိုင်နင်းကြလော့ (Subdue)” လို့ မိန့်မှာခဲ့သလို ကမ္ဘာဦးကျမ်း ၂:၁၅ မှာလည်း ဧဒင်ဥယျာဉ်ကို “ပြုစုစောင့်ရှောက်ရန် (Tend and keep)” အတွက် လူကို ထားတယ်လို့ ဆိုပါတယ်။ သေချာ စဉ်းစားကြည့်ပါ … ကမ္ဘာကြီးက ဘာပြောင်းလဲ ယိုယွင်းမှုမှ မရှိတဲ့၊ ပေါင်းပင်တောင် နှုတ်စရာမလိုအောင် ပြီးပြည့်စုံတဲ့ (Perfect) နေရာကြီးသာဆိုရင် လူသားတွေက ဘာကို သွားပြီး “ပြုစုစောင့်ရှောက်” စရာ၊ ဘာကို “ထိန်းသိမ်း” စရာ လိုတော့မလဲ။ နောက်ပြီး မြေကို နိုင်နင်းကြလော့ (Subdue) လို့မိန့်တော်မူထားတဲ့အတွက် အကုန်ယဉ်ပါး၊ ပြေပြစ်နေရင် ဘာကို subdue ခိုင်းတာလဲ။ ကမ္ဘာကြီးဟာ အရိုင်းဆန်ဆန် ရှင်သန်လှုပ်ရှားနေတဲ့ (Dynamic) ဂေဟစနစ်ကြီး ဖြစ်နေလို့သာ လူသားတွေရဲ့ ထိန်းသိမ်းပြုစုမှု (Stewardship) ဆိုတဲ့ အခန်းကဏ္ဍက မရှိမဖြစ် လိုအပ်ခဲ့တာပဲ ဖြစ်ပါတယ်။ မမေ့ပါနဲ့ … ဒီအရာတွေကို ဘုရားသခင်မိန့်တော်မူခဲ့တာဟာ အာဒံနဲ့ ဧဝအပြစ် မလုပ်ရသေးခင် အချိန်ကတည်းကဆိုတာကို။ ဒုတိယအချက်က လူရဲ့ ဝိညာဉ်ရေးရာ သေဆုံးခြင်းနဲ့ တိရစ္ဆာန်တွေရဲ့ ရုပ်ခန္ဓာသေဆုံးခြင်း မတူဘူးဆိုတဲ့အချက်ကို မရောဖို့လိုပါတယ်။ ရောမဩဝါဒစာ အခန်းကြီး ၅ ကို တနေရာလေးပဲ ကွက်မဖတ်ဘဲ context မိမိ အကုန်ဖတ်လိုက်မယ်ဆိုရင် တမန်တော်မြတ်ကြီး ရှင်ပေါလု မိန့်တဲ့ “အာဒံကြောင့် သေခြင်းတရား ဝင်လာတယ်” ဆိုတာဟာ လူသားတွေ ဘုရားသခင်နဲ့ အဆက်အသွယ် ပြတ်တောက်သွားတဲ့ “ဝိညာဉ်ရေးရာ သေခြင်း” ကို အဓိက ပြောတာဖြစ်တယ်ဆိုတာကို သဘောပေါက်လာပါလိမ့်မယ်။ တိရစ္ဆာန်တွေ၊ အပင်တွေ ဆိုတာ ကိုယ်ကျင့်တရား (Morality) မရှိတဲ့အတွက် အပြစ်တရားနဲ့ မဆိုင်သလို၊ အဲဒီသေခြင်းတရား ပြစ်ဒဏ်နဲ့လည်း လုံးဝ မသက်ဆိုင်ပါဘူး။ 

တတိယအချက်က စိတ်ဝင်စားဖို့ကောင်းတဲ့ ဧဒင်ဥယျာဉ်ထဲက အသက်ပင် (Tree of Life) ရဲ့ အခန်းကဏ္ဍပါ။ တကယ်လို့ လူသားတွေရဲ့ ရုပ်ခန္ဓာကိုယ်ဟာ အပြစ်မလုပ်ခင်ကတည်းက သူ့ဘာသာ လုံးဝ မသေနိုင်တဲ့ ခန္ဓာကိုယ် (Immortal) မျိုး ဆိုရင် ဘုရားသခင်က ဘာလို့ ဧဒင်ဥယျာဉ်ထဲမှာ “အသက်ပင်” (Tree of life) ကို ထည့်စိုက်ထားရဦးမလဲ။ အသက်ပင် ရှိနေတယ် ဆိုကတည်းက လူသားတွေရဲ့ ရုပ်ခန္ဓာဟာ မူလကတည်းက သေတတ်တဲ့ (mortal) သဘောရှိပြီး ဘုရားသခင်ရဲ့ မျက်မှောက်တော်နဲ့ ကျေးဇူးတော် (အသက်ပင်) ရှိနေမှသာ ဆက်လက် ရှင်သန်ခွင့် ရနေတယ် ဆိုတာကို ပြသနေတာပါပဲ။ ဒီနေရာမှာ ကျွန်တော်တို့ ငယ်ငယ်က Sunday School မှာ သင်ခဲ့ရတာလေးတွေကို ပြန်တွေးမိကောင်း တွေးမိလိမ့်မယ်။ ငယ်ငယ်တုန်းကတော့ အာဒံ အပြစ်မလုပ်ခင်က အရာအားလုံးက ပြည့်စုံ (Perfect) နေတယ်၊ ဘာသေခြင်းတရားမှ မရှိဘူး၊ လူဆိုတာလည်း အပြစ်မလုပ်ခင်အထိ မသေမျိုးလို့ပဲ သိခဲ့ကြတယ်။ ဒါတွေက ဧဝံဂေလိ တရားဟောဆရာတွေနဲ့ သင်းအုပ်ဆရာတွေရဲ့ ခေါင်းထဲမှာပါ အမြစ်တွယ်နေတဲ့ ခေါက်ရိုးကျိုး အယူအဆဟောင်းတွေပါ။ ဒီနေရာမှာ Sunday School ဆရာ၊ ဆရာမတွေကို အပြစ်တင်တာ၊ စော်ကားတာ လုံးဝ မဟုတ်ပါဘူး။ ကလေးအရွယ်မှာ ကလေးနားလည်နိုင်မယ့် ပုံစံနဲ့ ရှင်းပြခဲ့ရတာမို့လို့ တကယ့်ကို ကျေးဇူးတင်စရာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အသက်တွေ ကြီးလာလို့ ပညာတွေ တိုးလာပြီး၊ သဘာဝတရားရဲ့ ဆင့်ကဲဖြစ်စဉ် ယန္တရားတွေကို သေချာ နားလည်လာတဲ့အခါမှာတော့ ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းက ကလေးဘဝမှာတင် ရပ်မနေဘဲ ပိုပြီး ရင့်ကျက်လာဖို့ လိုပါတယ်။ တကယ်တော့ “လူဟာ အစကတည်းက သူ့ဘာသာ မသေနိုင်တဲ့သူကြီး” လို့ တွေးတာထက်စာရင် “လူသားတွေရဲ့ ရုပ်ခန္ဓာဟာ မူလကတည်းက သေတတ်တဲ့ သဘော (Mortal) ရှိနေခဲ့တယ်။ ဒါပေမဲ့ အဲဒီလို အားနည်းတဲ့ လူသားတွေကိုမှ ဖန်ဆင်းရှင် ဘုရားသခင်က ဧဒင်ဥယျာဉ်ထဲ ခေါ်သွင်းပြီး အသက်ပင်ကို စားသုံးခွင့်ပေးခြင်းအားဖြင့် ကိုယ်တော်ရဲ့ မစသနားတော်မူခြင်းနဲ့ ကျေးဇူးတော်သက်သက်ကြောင့်သာ ရှင်သန်ခွင့် ပေးထားတာပါလား” လို့ နားလည်လိုက်တာက ပိုပြီး ခွန်အားရစရာ မကောင်းဘူးလား။ ဒါဟာ ကျွန်တော်တို့ လူသားတွေအနေနဲ့ ယခုဘဝ၊ နောင်ဘဝ ထာဝရအသက်ရှင်သန်ရပ်တည်နိုင်ဖို့ အဘဘုရားသခင်ရဲ့ ကျေးဇူးတော်အပေါ်မှာ ဘယ်လောက်တောင် လုံးဝဥဿုံ မှီခို (Fully dependent on God alone) နေရသလဲ ဆိုတာကို အရင်ကထက် အဆပေါင်းများစွာ ပိုပြီး ထင်ရှားပေါ်လွင်သွားစေတာပဲ ဖြစ်ပါတယ်။ ဒီ “အပြစ်တရား မဝင်ခင်ကတည်းက သေခြင်းတရား ရှိနေတာလား” ဆိုတဲ့ ဓမ္မရေးရာ တွေးတောဆင်ခြင်စရာတွေကို ပိုပြီးလေ့လာလိုပါက ThyLogos ရဲ့ စာရေးဆရာ John Wick ရဲ့ “ထာဝရဘုရား၏ မူလ ဖန်ဆင်းခြင်းသည် ပြီးပြည့်စုံပါသလား?” ဆိုတဲ့ ဆောင်းပါးကို ညွှန်းပေးချင်ပါတယ်။

၉။ စကြာဝဠာ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာကြီး

နောက်ထပ် တကယ့် အမှန်တရားတခုကို ပုံဖော်ကြည့်ရအောင်ပါ။ အလွန် ခေတ်မီဆန်းပြားတဲ့ ကားစက်ရုံကြီး တစ်ရုံထဲကို စာဖတ်သူ ဝင်သွားတယ် ဆိုပါစို့။ အဲဒီစက်ရုံထဲမှာ လူတစ်ယောက်မှ မရှိပါဘူး။ စက်ရုပ်လက်တံတွေက ကားအစိတ်အပိုင်းတွေကို သူတို့ဘာသာ တပ်ဆင်နေတယ်၊ Error တက်ရင် စနစ်က သူ့ဘာသာ Auto ပြင်သွားတယ်၊ ပတ်ဝန်းကျင် အပူချိန်ကို အလိုအလျောက် ထိန်းညှိတယ်။ အရာအားလုံးက သူ့အလိုလို လည်ပတ်နေတာပါ။ အဲဒီလို ပြီးပြည့်စုံတဲ့ Auto-system ကြီးကို တွေ့တဲ့အခါ စာဖတ်သူက “ဪ … စက်တွေက သူ့ဘာသာ အလုပ်လုပ်နေတာပဲ၊ ဒီစက်ရုံကို ဒီဇိုင်းဆွဲတဲ့ အင်ဂျင်နီယာ မရှိလောက်ဘူး” လို့ တွေးမလား။ ဒါမှမဟုတ် “ဒီလောက် အလိုအလျောက် အလုပ်လုပ်နိုင်တဲ့ စနစ်ကြီးကို ဖန်တီးခဲ့တဲ့ အင်ဂျင်နီယာဟာ တကယ့်ကို ပါရမီရှင်ပဲ” လို့ ချီးမွမ်းမလား။

ဇီဝဗေဒဆိုင်ရာ ဆင့်ကဲဖြစ်စဉ်ကို လက်ခံလိုက်ခြင်းဟာ ဖန်ဆင်းရှင်ကို ငြင်းပယ်လိုက်တာ မဟုတ်သလို ဖန်ဆင်းရှင်ကို လက်ခံလိုက်ခြင်းဟာလည်း ဇီဝဗေဒဆိုင်ရာ ဆင့်ကဲဖြစ်စဉ်ကို ငြင်းပယ်လိုက်တာ မဟုတ်ပါဘူး။

စက်ရုံတစ်ရုံ ဘယ်လို အလိုအလျောက် လည်ပတ်နေလဲဆိုတဲ့ “စနစ်” ကို နားလည်သွားတာသာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီလောက် ပြီးပြည့်စုံတဲ့ စနစ်ကြီးကို စတင်တည်ဆောက်ခဲ့တဲ့ မူလအင်ဂျင်နီယာ (Origin) နဲ့၊ အဲဒီစနစ်ကြီး လည်ပတ်ဖို့ ရေးဆွဲထားတဲ့ ပရိုဂရမ်ကုတ် (Information) တွေရဲ့ နောက်ကွယ်မှာတော့ “အလွန်မြင့်မားလွန်းတဲ့ အသိဉာဏ် (Intelligence)” တစ်ခု ရှိနေတယ် ဆိုတာကို ယုတ္တိဗေဒနဲ့ သိပ္ပံပညာရဲ့ ခိုင်လုံတဲ့အချက်အလက်တွေကနေတစ်ဆင့် အထင်အရှား မြင်တွေ့နေရပါတယ်။ ဘုရားသခင်ဟာ သက်ရှိတွေကို ရွှံ့ရုပ်လေးတွေလို စလုံးရေ စကနေ တစ်ကောင်ချင်းစီ လိုက်လုပ်နေတဲ့ ပန်းပုဆရာ မဟုတ်ပါဘူး။ အဲဒီအစား ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် အဆင့်ဆင့် ပြောင်းလဲ ရှင်သန်နိုင်တဲ့ “DNA (Master Template) ကြီးတစ်ခု” နဲ့ “သဘာဝရွေးချယ်မှု (Natural Selection)” ဆိုတဲ့ အင်မတန် ရှုပ်ထွေး သေချာလှတဲ့ နိယာမစနစ်ကြီးတွေကို အစကတည်းက ရေးဆွဲခဲ့တဲ့ “စကြာဝဠာ ဆော့ဖ်ဝဲလ် အင်ဂျင်နီယာကြီး (The Ultimate Software Engineer)” ဖြစ်တယ်လို့ တင်စားရင်လည်း မှားမယ် မထင်ပါ။

နိဂုံး

ဒီနေ့ခေတ်လို တိုးတက်နေတဲ့ AI နဲ့ သတင်းအချက်အလက် နည်းပညာခေတ်ကြီးထဲမှာ၊ ဗဟုသုတတစ်ခုရဖို့ စာကြည့်တိုက်ထဲမှာ အချိန်ကုန်ခံပြီး စာအုပ်တွေ တစ်အုပ်ချင်း လိုက်လှန်ဖတ်နေစရာ မလိုတော့ပါဘူး။ အထူးသဖြင့် ပညာတတ် လူငယ်တွေအနေနဲ့ သိပ္ပံပညာကို ပေါ့ပေါ့ပါးပါး ဆည်းပူးလေ့လာရင်းနဲ့ ဖန်ဆင်းရှင် ဘုရားသခင် တည်ရှိကြောင်းကို လက်ခံတာဟာ ဘယ်လောက်တောင် ယုတ္တိကျပြီး ဘဝအဓိပ္ပာယ် ပြည့်ဝလိုက်လဲ ဆိုတာကို ဒီဆောင်းပါးတွေကနေတစ်ဆင့် မြင်သွားစေချင်ပါတယ်။ ဖန်ဆင်းခြင်းလား၊ ဆင့်ကဲပြောင်းလဲခြင်းလား (Creation vs. Evolution) ဆိုပြီး တစ်ခုကို ရွေးရင် တခုကို သစ္စာဖောက်သလို ဖြစ်သွားမယ်လို့လည်း တွေးစရာ မလိုပါဘူး။ တကယ်တော့ ဒီနှစ်ခုစလုံးက “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်” သုံးပါးတဆူတည်းသော ဖန်ဆင်းရှင် အဘထာဝရမြတ်စွာဘုရားသခင် ဆီကိုပဲ ညွှန်ပြနေတာပါ။ သိပ္ပံပညာ (Science) နဲ့ ခရစ်ယာန်ယုံကြည်မှု (Christianity) ဟာ ရန်သူတွေ မဟုတ်ပါဘူး။ ကမ္ဘာကြီးကို ရှုထောင့်နှစ်ခုကနေ ကြည့်နေကြတာပါ။

သိပ္ပံပညာက သက်ရှိတွေ “ဘယ်လို (How)” ဖြစ်တည်လာသလဲ နဲ့ “ဘယ်အချိန် (When)” ဖြစ်တည်လာသလဲ ဆိုတဲ့ ယန္တရား (Mechanism) ကို ဖြေရှင်းပေးတယ်။

ကျမ်းစာကတော့ ဒီအရာတွေ အားလုံးကို “ဘယ်သူ (Who)” က ဖန်ဆင်းခဲ့တာလဲ၊ ကျနော်တို့ လူသားတွေ ဒီကမ္ဘာပေါ်မှာ ရှိနေရတဲ့ “ရည်ရွယ်ချက် (Why)” က ဘာလဲ ဆိုတဲ့ ဝိညာဉ်ရေးရာ အဓိပ္ပာယ်ကို အလင်းပေးတယ်။

“နာရီ တစ်လုံး ဘယ်လို အလုပ်လုပ်သလဲ” ဆိုတာကို အသေးစိတ် နားလည်သွားတာဟာ၊ နာရီလုပ်တဲ့သူ (Watchmaker) ကို ငြင်းပယ်ဖို့ အကြောင်းပြချက် မဟုတ်ဘဲ၊ နာရီလုပ်တဲ့သူရဲ့ ဉာဏ်ပညာကို ပိုပြီး ချီးမွမ်းဖို့၊ ကြည်ညိုတန်ဖိုးတတ်ဖို့ အကြောင်းပြချက်သာ ဖြစ်ပါတယ်။ ဒီနေရာမှာ ကလေးမိဘတွေကို အထူးတိုက်တွန်းချင်တာက ဒီလိုစာမျိုးတွေကို အချိန်ပေး ဖတ်ရှုလေ့လာထားစေချင်ပါတယ်။ ကလေးတွေ အရွယ်ရောက်လာလို့ စူးစမ်းသိလိုစိတ်တွေ ပြင်းပြလာတဲ့အခါ၊ ခရစ်ယာန်ယုံကြည်ခြင်းနဲ့ ပတ်သက်တဲ့ ခက်ခဲနက်နဲပြီး အငြင်းပွားစရာ မေးခွန်းတွေကို မေးလာရင် မိဘတွေအနေနဲ့ ယုံယုံကြည်ကြည် ဖြေရှင်းပေးနိုင်ဖို့ အဆင်သင့် ဖြစ်နေဖို့ လိုအပ်လို့ပါ။ ဒါ့အပြင် မြေပြင်မှာ တကယ် ဧဝံဂေလိဟောနေတဲ့ အမှုတော်ဆောင်တွေ အတွက်လည်း ဒီဆောင်းပါးတွဲက အသုံးချစရာ တန်ဆာပလာကောင်းတစ်ခု ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ သင်းအုပ်ဆရာတွေထက်စာရင် သာသနာပြုအမှုတော်ဆောင်တွေက မယုံကြည်သူ ဓမ္မမိတ်ဆွေတွေနဲ့ ပိုပြီး အနီးကပ် ထိတွေ့ဆက်ဆံနေရသူတွေ ဖြစ်လို့၊ ဆရာ/ဆရာမတို့ရဲ့ အမှုတော်မြတ်မှာ အများကြီး အထောက်အကူ ဖြစ်စေမှာပါ။ ခရစ်ယာန်ယုံကြည်မှုကို စူးစမ်းလေ့လာနေကြတဲ့ အခြားဘာသာဝင် ဓမ္မမိတ်ဆွေတွေနဲ့ ဘာသာမဲ့ ဓမ္မမိတ်ဆွေတွေအတွက်လည်း အဆွေတို့ ရှာဖွေနေတဲ့ ယုတ္တိကျတဲ့ အဖြေမှန်တွေကို ဒီဆောင်းပါးကနေ ရရှိသွားမယ်လို့ ယုံကြည်ပါတယ်။ ခရစ်ယာန်မိဘပြည်သူ၊ ညီအစ်ကိုမောင်နှမတွေအနေနဲ့လည်း သိပ္ပံပညာရဲ့ တွေ့ရှိချက်တွေကို ကြောက်ရွံ့ပြီး ငြင်းပယ်နေစရာ မလိုပါဘူး။ လန့်ဖြန့်နေစရာလည်း မလိုပါဘူး။ “၆ ရက်လား၊ နှစ်သန်းပေါင်း ၄ ထောင်လား” ဆိုတဲ့ အချိန်ကာလ ငြင်းခုန်မှုတွေကြားမှာလည်း ယုံကြည်ခြင်း တုန်လှုပ်စရာ မလိုပါဘူး။ ဆင့်ကဲပြောင်းလဲမှု (Evolution) ဆိုတဲ့ ဖြစ်စဉ်ကြီးကို နားလည်သွားတဲ့အခါ၊ ဖန်ဆင်းရှင်ဟာ ကျွန်တော်တို့ ကလေးဘဝက ထင်ထားခဲ့တာထက် အဆပေါင်းများစွာ သာ၍ ကြီးမြတ်၊ နက်နဲ၊ ဆန်းကြယ်တော်မူတဲ့အရှင်မြတ်ဖြစ်တော်မူတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။ ထာဝရဘုရားသခင်ပေးတော်မူထားတဲ့ “သဘာဝတရား” ဆိုတဲ့ စာအုပ်ကြီးနဲ့ “သမ္မာကျမ်းစာ” ဆိုတဲ့ စာအုပ်ကြီး နှစ်အုပ်စလုံးကို ဟန်ချက်ညီညီ ဖတ်ရှုရင်း၊ ဖန်ဆင်းရှင် အဘထာဝရမြတ်စွာဘုရားသခင်ရဲ့ အနန္တကြီးမြတ်တော်မူသော ဖန်ဆင်းခြင်း အနုပညာလက်ရာတော်တွေကို အတူတကွ ချီးမွမ်းနိုင်ကြပါစေ။ “ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်” သုံးပါးတဆူတည်းသော ဖန်ဆင်းရှင် အဘထာဝရမြတ်စွာဘုရားသခင်ကိုသာလျှင် ပြပ်ဝပ်ကိုးကွယ်နိုင်ပါစေကြောင်း တိုက်တွန်းရင်း … သိပ္ပံနှင့် ခရစ်ယာန်ယုံကြည်ခြင်းကို ဟန်ချက်ညီစွာ ပေါင်းကူးလိုက်ပါပြီ ခင်ဗျာ။

ကိုးကားထားသော စာပေအရင်းအမြစ်များ